အခန်း ၃၆၄
Vol. 37 Ch. 364
အခန်း(364)
ဟင်းအမယ်စုံ အဆင်သင့် ဖြစ်သွားပြီဖြစ်၍ လီရှန်းတစ်ယောက် ချက်ပြုတ်လေတော့၏။
အသားနှပ်သည်ဖြစ်စေ၊ စွပ်ပြုတ်ချက်သည်ဖြစ်စေ မီးဖိုက အဆင်ပြေလွန်းသော်လည်း ဟင်းအရှိန်ပြင်းပြင်း ကြော်လှော်ရန်အတွက်တော့ အပူရှိန်မှာ အနည်းငယ် အားနည်းလေသည်။
ကံကောင်းမစွာဖြင့် ငါးအသားလွှာများက ကျက်လွယ်ပြီး အရောင်ပြောင်းလဲသွား၏။
ဟင်းသုံးပွဲလုံးက အဆင်သင့်ဖြစ်သွားသည့်အချိန်တွင် လီရှန်းတစ်ယောက် ဟင်းလျာများက မစုံလင်သေးဟု ယူဆမိသောကြောင့် ဘဲဥငန် သုံးလုံးကို လှီးဖြတ်ကာ နှမ်းဆီနှင့် ရှာလကာရည် တို့ကို ဆမ်း၍ အအေးသုတ်ဟင်းတစ်ပွဲအဖြစ် ပြင်ဆင်လိုက်လေသည်။
“ဒီဟင်းလျာတွေက တရုတ်နှစ်သစ်ကူးပွဲတော်က ဟင်းတွေနဲ့တောင် နှိုင်းယှဉ်လို့ရနေပြီနော်”
ထွက်ပေါ်လာသော မွှေးပျံ့လွန်းသည့် အနံ့အသက်ကြောင့် ရန်ရှောင်အနေဖြင့် သွားရည်ကျမိမတတ်ဖြစ်သွားရ၏။
သူက သာမန်အားဖြင့် အစားအသောက်ကို များများစားစား စားတတ်သူမဟုတ်ပေ။
သို့သော် လီရှန်း ချက်ပြုတ်သည့် အနံ့ကိုရသည့်အချိန်တိုင်းတွင် တံတွေးမျိုချမိသည်။
သူမ ထည့်သွင်းထားသော အမွှေးအကြိုင်များကြောင့် အနံ့က အမှန်ပင် မွှေးပျံ့လွန်း၏။
“နှစ်သစ်ကူးပွဲတော်တုန်းက ဟင်းတွေက အခုထက် အများကြီးပိုပြီးတော့ ခမ်းနားတာပေါ့”
လီရှန်းက ကြော်လှော်ထားသော ငါးရံ့အသားလွှာများကို ပန်းကန်ထဲသို့ ထည့်ရင်း ပြတင်းပေါက်၏ အပြင်ဘက်သို့ တစ်ချက်လှည့်ကြည့်ပြီး ပြောဆိုလိုက်လေသည်။
“ဝေ့ချင်း ဘာဖြစ်နေတာလဲမသိဘူးနော်၊ ဘာလို့ အခုထိ ပြန်မလာသေးတာလဲ”
“တစ်ခုခုကြောင့် နှောင့်နှေးနေတာ ဖြစ်မှာပါ၊ ကျွန်တော်ပဲ ရှောင်လော့်ကို ခေါ်ပြီး သွားကြည့်လိုက်မယ်၊
စာသင်ချိန်ပြီးဖို့လည်း နီးနေပြီဆိုတော့ အဘိုးကိုပါ သွားကြိုလိုက်မယ်”
သူက ပြောပြီးနောက် စုရှောင်လော်ကို ပွေ့ချီ၍ ထွက်ခွာသွားလေတော့၏။
စုရှောင်လော်တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်လေသည်။
သူမက သာမန်အားဖြင့် တည်ငြိမ်ရင့်ကျက်သောအမူအရာရှိသော်လည်း လူကြီးများနှင့် ဤသို့ ဆော့ကစားရသည်ကို နှစ်သက်လွန်း၏။
ရန်ရှောင် ထွက်ခွာသွားသည်နှင့် စုဝေ့ချင်းက ပြန်ရောက်ရှိလာခဲ့သည်။
သူ၏မျက်လုံးများက တောက်ပနေပြီး မျက်နှာတစ်ခုလုံးတွင်လည်း စိတ်လှုပ်ရှားမှုများဖြင့် ဖုံးလွှမ်းနေလေ၏။
“ရဲဘော် လီရှန်း၊ မင်းအတွက် အရမ်းကို ကောင်းတဲ့ သတင်းကောင်းတစ်ခု ရှိတယ်”
စုဝေ့ချင်းက အခန်းထဲသို့ ဝင်လာသည်နှင့် လီရှန်းကို နောက်ကျောဘက်မှနေ၍ တင်းကျပ်စွာ ပွေ့ဖက်လိုက်လေတော့၏။
လီရှန်းက အံ့အားသင့်သွားရပြီးပြောလိုက်လေသည်။
“ဘာသတင်းကောင်းလဲ”
“ကိုယ့်ရဲ့ စာအုပ်လေ..”
စုဝေ့ချင်းက ဖက်ထားခြင်းကို လွှတ်ပေးလိုက်ပြီးနောက် စိတ်လှုပ်ရှားနေသော လေသံဖြင့် အော်ဟစ်လိုက်လေ၏။
“အဲဒါကို ပုံနှိပ်ထုတ်ဝေတော့မယ် တဲ့”
“တကယ်ကြီးလား”
လီရှန်းကလည်း ထိတ်လန့်သွားရပြီး စုဝေ့ချင်းကို မယုံကြည်နိုင်သောအမူအရာဖြင့် စိုက်ကြည့်မိသည်။
သူတို့က မျှော်လင့်ချက်မရှိတော့ဘူးဟု ပြောခဲ့ကြသည် မဟုတ်ပါလား။
အဘယ်ကြောင့် ရုတ်တရက်ကြီး ပုံနှိပ်ထုတ်ဝေဖို့ ဖြစ်သွားရသနည်း။
ထိုစာမူက စာအုပ်တစ်အုပ်ဖြစ်ပြီး စာမူခကလည်း နည်းပါးလိမ့်မည် မဟုတ်ပေ။
“တကယ်ပေါ့၊ ကိုယ့်ရဲ့ ဒုတိယအစ်ကိုက အခုပဲ ဖုန်းခေါ်လာတာ၊ ပြည်နယ်ပုံနှိပ်တိုက်က စာမူကို အတည်ပြုလိုက်ပြီလို့ ပြောတယ်”
ထို့နောက် သူက လီရှန်း၏ နားရွက်၏ အနီးသို့ တိုးကပ်ပြီး ခပ်တိုးတိုး ပြောဆိုလိုက်လေသည်။
“စာမူခက ယွမ်ရှစ်ထောင်ရမှာ၊ ကိုယ်တို့တွေ ပါတီကြေးပေးဆောင်ပြီးရင် ကျန်တဲ့ငွေရဲ့ သုံးပုံတစ်ပုံကို ဦးလေးကျန်းကို ပေးလို့ရပြီ”
ယွမ်ရှစ်ထောင်တန် စာမူခ...
အကယ်၍ သူတို့က ကျန်းရိကော်၏ အိမ်အားလုံးကို ရယူရန်အတွက် ဤမျှအထိ လောဘမကြီးခဲ့ကြပါက ဤစာအုပ်တစ်အုပ်တည်းဖြင့်ပင် သူတို့၏ မိသားစုတစ်ခုလုံး ပေကျင်းမြို့တွင် သက်တောင့်သက်သာ နေထိုင်နိုင်ရန်အတွက် လုံလောက်လေ၏။
“အရမ်းကောင်းတာပဲ၊ ကျွန်မတို့တွေ ကျွန်မရဲ့ အစ်ကိုတွေဆီကရော၊
ဦးလေးတွေဆီကရော ငွေတချို့ ထပ်ချေးပြီးတော့ တစ်သောင်းပြည့်ဖြစ်အောင် လုပ်ကြတာပေါ့”
လွန်ခဲ့သော နှစ်အနည်းငယ်က ခက်ခဲခဲ့သော်လည်း ယနေ့ခေတ်၏ ဆင်းရဲဒုက္ခက နောင်အနာဂတ်၏ ပျော်ရွှင်မှုအတွက် ဖြစ်သည်။
လီရှန်းက ဤဆင်းရဲဒုက္ခကို ခံယူရန်အတွက် အလွန်ပင်လိုလား၏။
“အိုး.. ဒါနဲ့ အမေက ပြောသေးတယ်၊ အဖေက နောက်လကျရင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစည်းအဝေးကို တက်ရောက်ဖို့ ပေကျင်းကို လာလိမ့်မယ်တဲ့၊
သူ ပေကျင်းမှာ အနည်းဆုံး လဝက်လောက် ကြာအောင် နေလိမ့်မယ် ထင်တယ်၊ ကိုယ်တို့တွေ သူ့အတွက် အခန်းတစ်ခန်း အဆင်သင့် ပြင်ထားပေးရမယ်”
ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစည်းအဝေး ဟုတ်လား။
“အရင်က အဲဒီအစည်းအဝေးတွေကို ဒါရိုက်တာလျို့ပဲ အမြဲတမ်း တက်ရတာမဟုတ်ဘူးလား”
ဒါရိုက်တာလျို့က အလုပ်ကိစ္စများကို စီမံခန့်ခွဲခြင်းမရှိတော့လျှင်ပင် သူက စက်ရုံမှူးတစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။
သူ ရှိနေဆဲ ဖြစ်ပါလျှက်နှင့် အဘယ်ကြောင့် စုဝေ့မင်၏ အလှည့် ဖြစ်သွားရသနည်း။
“အဖေက ရာထူးတိုးသွားတာလေ၊ ပြီးတော့ ဦးလေးလျို့က ပြည်နယ်ကျန်းမာရေးဌာနကို ပြောင်းရွှေ့သွားပြီ”
အံ့ဩစရာကောင်းလွန်းပေ၏။
စုဝေ့မင်၏ ရာထူးတိုးခြင်းက သာမန်အလုပ်သမားတစ်ဦး၏ ရာထူးတိုးခြင်းနှင့် မတူပေ။ ဤရာထူးတိုးခြင်းက သူ့ကို အမြင့်ဆုံးခေါင်းဆောင်တစ်ဦး ဖြစ်လာစေခဲ့သည်။
“ကိုယ့်အဖေက ဦးလေးလျို့ထက် ပိုပြီးတော့ ငယ်သေးတာဆိုတော့ နောက်ပိုင်းမှာ သူ ထပ်ပြီး ရာထူးတိုးလာနိုင်သေးတယ်”
စုဝေ့မင်က အရည်အချင်း အလွန်မြင့်မားသူဖြစ်လေ၏။
သူက ယခုအချိန်တွင် အသက်အရွယ် အနည်းငယ်ရနေပြီ ဖြစ်သော်လည်း အားအင်အပြည့် ရှိနေဆဲဖြစ်ပြီး အငြိမ်းစားယူရန် အလွန်ဝေးကွာသေးသည်။
ထို့အပြင် ဆေးဝါးစက်ရုံ၏ အခြေအနေက အထူးကိစ္စရပ်တစ်ခု ဖြစ်လေ၏။
စုဝေ့မင်အနေဖြင့် အငြိမ်းစားယူခဲ့လျှင်ပင် သူက ထပ်မံ၍ခန့်အပ်ခြင်း ခံရနိုင်ချေရှိသည်။
နည်းပညာဌာနနှင့် သုတေသနဌာနရှိ လူများနှင့် အခြေအနေကို စေ့စပ်ညှိနှိုင်းပေးရန်အတွက် စုဝေ့မင်ရှိနေမှသာ ဖြစ်လိမ့်မည်။
တခြားမည်သူကမျှ ဤကိစ္စကို မကိုင်တွယ်နိုင်ကြပေ။
“ ဦးလေးလျို့က အငြိမ်းစားယူဖို့အတွက် ကျန်းမာရေးဌာနကို ပြောင်းသွားတာ ဖြစ်နိုင်တယ်”
ဤအကြောင်းကို ပြောဆိုရင်း စုဝေ့ချင်းတစ်ယောက် သက်ပြင်းချလိုက်မိ၏။
ဒါရိုက်တာလျို့က စစ်ပွဲခေတ်ကာလမှ ထွက်ပေါ်လာခဲ့သော အကြီးပိုင်းမျိုးဆက်တစ်ဦး ဖြစ်သည်။
သူက ကျန်းမာရေးဌာနသို့ သွားရောက်ပြီးမှ အငြိမ်းစားယူမည်ဆိုပါက ဇိမ်ခံဘဝကို ခံစားရသကဲ့သို့ ဖြစ်ပေလိမ့်မည်။
သူ့အနေဖြင့် ပို၍မြင့်မားသော အဆင့်အတန်းကို ရရှိမည်ဖြစ်သည်။
သူ၏ အငြိမ်းစားပင်စင်လစာကလည်း ပိုမိုများပြားပေလိမ့်မည်။
တခြားလူများအတွက် ထိုအရာက အလွန်ကောင်းမွန်သော အရာတစ်ခုဟု ထင်ရလေသည်။
သို့သော် ဒါရိုက်တာလျို့အတွက်တော့ ထိုအရာက အလွန်ပင် နာကျင်စရာကောင်းလွန်းပေလိမ့်မည်။
စစ်သားတစ်ဦးကို သူ၏ ကိုယ်ပိုင်စစ်မြေပြင်မှ ခေါ်ထုတ်သွားခြင်းမှာ ရက်စက်လွန်းသော အရာတစ်ခုသာဖြစ်ပေ၏။
အကယ်၍ စုဝေ့မင်သာ ကျန်းမာသန်စွမ်းနေဆဲအချိန်တွင် အငြိမ်းစားယူခဲ့ပါက အလုပ်မရှိဘဲ နေရသောကြောင့် ဖျားနာသွားနိုင်သည်။
“အဖေကတော့ နောက်ထပ်နှစ်နည်းမည်းလောက် ဆက်ပြီး အလုပ်လုပ်ချင်လောက်မယ်”
လီရှန်းအနေဖြင့် ဟင်းချက်နေချိန်အတွင်း မီးဖိုကို သန့်ရှင်းကာ သက်ပြင်းချလိုက်မိ၏။
ရန်ကျိမင်တစ်ယောက် ပြန်မရောက်သေးသောကြောင့် သူမက အလျင်စလို ထိုင်၍ စားသောက်ခြင်း မပြုသေးပေ။
“ဒါပေါ့”
စုဝေ့ချင်းကလည်း သက်ပြင်းချလိုက်မိသည်။
သူ၏ဖခင်က သူ့ကိုယ်သူ အိုမင်းရင့်ရော်သွားပြီဟူသောအချက်ကို မည်သို့ လက်ခံနိုင်ပါမည်နည်း။
“နောက်နှစ်နည်းနည်းကြာလို့ အဖေ အငြိမ်းစားယူပြီးရင် ကိုယ်တို့တွေ သူ့အတွက် အလုပ်တစ်ခုခုကို ရှာပေးရဦးမယ်”
“အဖေနဲ့အမေကို ပေကျင်းကိုခေါ်ပြီး တက္ကသိုလ်တက်ခိုင်းရင်ရော ဘယ်လိုလဲ၊
အဖေရဲ့ တစ်သက်တာလုံး လေ့လာသင်ယူချင်တဲ့ စိတ်ဓာတ်နဲ့ဆိုရင် ပေကျင်းတက္ကသိုလ်ကိုတောင် အေးအေးဆေးဆေး တက်နိုင်လိမ့်မယ်လို့ ကျွန်မထင်တယ်”
စုဝေ့ချင်းက ဤသည်က အလွန်ကောင်းမွန်သော အကြံဉာဏ်တစ်ခု ဖြစ်သည်ဟု တွေးတောမိလိုက်လေသည်။
“ကိုယ်တို့အဖေက အသက်ကြီးလွန်းနေပြီ မဟုတ်ဘူးလား”
“ဒါဆိုရင် ရှင်က ကျောင်းမှာ ဆရာအဖြစ် ကျန်ရစ်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားရမှာပေါ့၊
အဲဒီကျမှ ကျောင်းအုပ်ကြီးကို အကြံဉာဏ်တချို့ပေးပြီး သက်ကြီးရွယ်အိုတက္ကသိုလ်တစ်ခုကို ဖွင့်လှစ်ဖို့ အကြံပြုလိုက်လေ၊
ဘာပဲဖြစ်ဖြစ် ပေကျင်းမှာ အငြိမ်းစားယူထားတဲ့ အရာရှိတွေ အများကြီးရှိတာပဲ၊
အိမ်မှာပဲ အမြဲတမ်းနေရတာ ပျင်းစရာကောင်းလွန်းတယ်၊
သူတစ်ပါးရဲ့ အငြိုအငြင်ကို ခံပြီး အိမ်မှာပုန်းနေမယ့်အစား လူတိုင်းစုပေါင်းပြီး စာလုံးအလှရေးနည်း ဒါမှမဟုတ် ပန်းချီဆွဲနည်းတွေကို လေ့လာကြတာက ပိုပြီးတော့ ကောင်းတာပေါ့”
စုဝေ့ချင်းအနေဖြင့် မူလက ငြင်းခုံရန် ပြင်လိုက်သော်လည်း ထပ်မံ၍ သေသေချာချာ တွေးတောကြည့်သည့်အချိန်တွင် ဤကိစ္စက အမှန်တကယ်ပင် ဖြစ်နိုင်ချေရှိကြောင်းကို ခံစားလိုက်ရသည်။
သူက သူ၏စိတ်ထဲတွင် ချက်ချင်းပင် စီမံကိန်းများကို စတင်ရေးဆွဲလေတော့၏။
သူက စာပေကို မြတ်နိုးသူဖြစ်သော်လည်း စာပေဖြင့် အသက်မွေးဝမ်းကျောင်းပြုရန် တစ်ခေါက်မျှ မတွေးဖူးခဲ့ပေ။
ထို့အပြင် သူက ရည်မှန်းချက် အလွန်ကြီးမားသူလည်း မဟုတ်ပေ။
တက္ကသိုလ်တွင် ဆရာအဖြစ် ကျန်ရစ်နေထိုင်ခြင်းက သူ့အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။
သို့သော် ပညာရပ်ဆိုင်ရာ အလုပ်များကို မလုပ်ဆောင်လိုပေ။
သို့သော် အကယ်၍ သူက ခေါင်းဆောင်များကို သက်ကြီးရွယ်အို တက္ကသိုလ်တစ်ခု ဖွင့်လှစ်ရန်အတွက် အမှန်တကယ် စည်းရုံးနိုင်ခဲ့လျှင်တော့ သူက ထိုနေရာကို သေချာပေါက် တာဝန်ယူနိုင်ပေလိမ့်မည်။
ထို့အပြင်…
သက်ကြီးရွယ်အို တက္ကသိုလ်သို့ တက်ရောက်နိုင်သူ အများစုက အငြိမ်းစား အရာရှိများသာ ဖြစ်ကြ၏။
သူတို့က ရာထူးအာဏာမှ ဆင်းသက်ခဲ့ကြပြီဖြစ်သော်လည်း ထိုလောက၏ အတက်အကျ အနိမ့်အမြင့်များကို ကောင်းမွန်စွာ သိရှိနေကြဆဲ ဖြစ်သည်။
အကယ်၍ သူတို့ထံမှ လမ်းညွှန်မှု အနည်းငယ်မျှ ရရှိခဲ့လျှင်ပင် သူတို့မိသားစုသုံးနှစ်တာမျှ ကောင်းမွန်စွာ ရှင်သန်ရန် လုံလောက်၏။
သူတို့၏ ပါရမီရှင် သမီးငယ်လေးကလည်း နောက်ပိုင်းတွင် နိုင်ငံတော်၏ ဒေါက်တိုင်တစ်ခု ဖြစ်လာရန်အတွက် ကံပါလာသူ ဖြစ်သည်။
သူတို့က သူတို့၏ သမီးငယ်လေးကို ကာကွယ်စောင့်ရှောက်ရန်အတွက် လေးစားဖွယ်ကောင်းသော ပုံရိပ်တစ်ခုကို ထိန်းသိမ်းထားရန် လိုအပ်သည် မဟုတ်ပါလား။
ထိုအချိန်တွင် စုဝေ့ချင်းက အရာများစွာကို တွေးတောမိသွားသည်။
သူ၏ စိတ်ကူးစိတ်သန်းများက အတိုင်းအဆမရှိ ကျယ်ပြန့်သွား
လေ၏။
နောက််ပိုင်းတွင် ထိုဝါရင့်အရာရှိများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ရမည်ကိုပင် ထည့်သွင်းစဉ်းစားနေမိသည်။
လီရှန်းကလည်း သူ့ကို တားဆီးခြင်း မပြုသကဲ့သို့ သူ၏စိတ်ကူးယဉ်မှုများကိုလည်း ဖော်ထုတ်ခြင်း မပြုခဲ့ပေ။
နောင်ပိုင်းတွင် သက်ကြီးရွယ်အို တက္ကသိုလ်များရှိ ကျောင်းသားအများစုက သာမန်အငြိမ်းစား အလုပ်သမားများသာ ဖြစ်ကြပေလိမ့်မည်။
ထိုလူများက ငယ်ရွယ်စဉ်အချိန်က စက်ရုံအလုပ်ရုံများတွင် သူတို့၏ ဘဝကို ပေးဆပ်ခဲ့ကြသူများ ဖြစ်ကြလေ၏။
အသက်ကြီးရင့်လာချိန်တွင် သူတို့ကိုယ်သူတို့ ပြည့်စုံစေရန်အတွက် အရာများကို လေ့လာသင်ယူရန် လိုလားကြသည်။
အသက်ကြီးသည်အထိ လေ့လာသင်ယူခြင်းဆိုသည်က သူတို့၏ ရိုးတွင်းခြင်ဆီအထိ စွဲမြဲနေသော အလေ့အထတစ်ခု ဖြစ်လေ၏။
*