အခန်း ၃၆၅
Vol. 37 Ch. 365
အခန်း(365)
“အဖေ အမေ၊ သမီးတို့ ပြန်ရောက်ပါပြီ”
စုဝေ့ချင်းတစ်ယောက် သေသေချာချာ မတွေးတောရသေးမီမှာပင် အပြင်ဘက်မှ စုရှောင်လော်၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံကို ကြားလိုက်ရသည်။
သူ မသိစိတ်ဖြင့် ကြည့်လိုက်သည့်အချိန်တွင် ရန်ရှောင်၏ လည်ပင်းပေါ်တွင် ခွစီးထားပြီး သူမ၏ ဖောင်းကစ်နေသော လက်ကလေးနှစ်ဖက်ဖြင့် ရန်ရှောင်၏ နားရွက်များကို ဆွဲကိုင်ထားသော စုရှောင်လော်ကို မြင်တွေ့လိုက်ရသည်။
ရန်ရှောင်အနေဖြင့် နာကျင်မှုကို လုံးဝ ဂရုမစိုက်သည့်အတိုင်း တစ်လမ်းလုံး ခပ်သွက်သွက် ပြေးလွှားလာခဲ့လေ၏။
သူတို့၏ အနောက်တွင်တော့ လက်နှစ်ဖက်ကို အနောက်သို့ ပစ်လျက် ဖြည်းညှင်းစွာ လျှောက်လှမ်းလာသော ရန်ကျိမင် ရှိနေလေသည်။
သူက အဖြူရောင် ဂျာကင်အင်္ကျီကို ဝတ်ဆင်ထားဆဲဖြစ်ပြီး ပြင်ပလူနာဌာနမှ ပြန်လာခဲ့ပုံရ၏။
“ဝါး..အရမ်းမွှေးတာပဲ”
စုရှောင်လော်က မွှေးပျံ့လွန်းသော အနံ့ကြောင့် စိတ်လှုပ်ရှားသွားရသည်။
သူမက ရန်ရှောင်၏ ခေါင်းကို ကိုင်ကာ အောက်သို့ဆင်းရန် ရုန်းကန်လေတော့၏။
ရန်ရှောင်က ထိတ်လန့်သွားရပြီး အမြန်ပင် ဆောင့်ကြောင့်ထိုင်ပေးလိုက်လေသည်
စုဝေ့ချင်းက စုရှောင်လော်၏ လက်မောင်းကို ကိုင်လိုက်ပြီး အောက်သို့ ပွေ့ချပေးလိုက်လေ၏။
ထို့နောက် သူမ၏ တင်ပါးကို ခပ်ဖွဖွ ပုတ်လိုက်လေသည်။
“ဘာလို့ ဒီလောက်တောင် လှုပ်ရှားနေရတာလဲ၊ ပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ”
“ဦးလေးရန်က သမီးကို ပြုတ်ကျအောင်မလုပ်ပါဘူး”
စုရှောင်လော်က သူမ၏ ဖခင်ဖြစ်သူကို ဂရုမစိုက်သည့်အမူအရာဖြင့် လက်ယမ်းပြလိုက်ပြီးနောက် မီးဖိုချောင်ဆီသို့ အပြေးအလွှား သွားရောက်လေသည်။
“အမေ၊ ဝက်သားနှပ် ချက်ပြီးပြီလား”
“ချက်နေပြီ.. ချက်နေပြီ၊ သမီးရဲ့ အဘိုးရန် ပြန်ရောက်ပြီလား”
“ရောက်ပါပြီ၊ အဘိုးက လမ်းလျှောက်တာ နှေးတယ်၊ သမီးနဲ့ ဦးလေးရန်ကပဲ လမ်းလျှောက်တာ မြန်တာ”
သူမက ရန်ရှောင်၏ ပုခုံးပေါ်တွင် ခွစီး၍ ပြန်လာခဲ့သည့် အချက်ကို လုံးဝ ထည့်သွင်းပြောဆိုခြင်း မပြုပေ။
“သူ ပြောတာကို မယုံနဲ့၊ အစ်ကိုရန်ကပဲ သူမကို ပွေ့ချီပြီး ပြန်လာတာ”
စုဝေ့ချင်းက အပြင်ခန်းမှနေ၍ သူ၏သမီးဖြစ်သူကို အော်ဟစ်ပြောဆိုလိုက်လေသည်။
မီးဖိုချောင်ထဲရှိ စုရှောင်လော်က အလွန်ပင် ဒေါသထွက်သွားရလေတော့၏။
သူမက တံခါးဘောင်ကို ကိုင်ဆွဲပြီး အပြင်ဘက်သို့ အော်ဟစ်လိုက်လေသည်။
“အဖေ၊ တိတ်တိတ်လေးနေပါ .. သမီးကို အဲဒီလို လျှောက်မပြောနဲ့”
“လူဆိုးမလေး၊ ငါကတော့ ပြောမှာပဲ၊ ပြောမှာပဲ”
ရန်ရှောင်ကလည်း စုရှောင်လော်ကို ကလေးငယ်တစ်ဦးကဲ့သို့ ဝင်ရောက်စနောက်လာသည်။
ကံမကောင်းစွာဖြင့် စုရှောင်လော်က ပါရမီရှင်မလေးဖြစ်သော်လည်း ကလေးတစ်ဦးသာ ဖြစ်နေဆဲ ဖြစ်လေ၏။
သူမက ဒေါသအလွန်ထွက်သွားရသောကြောင့် ခြေဆောင့်ပြီး ရန်ရှောင်၏ အနောက်သို့ လိုက်လံ ထုရိုက်လေတော့သည်။
အဆုံးတွင် ရန်ရှောင်က သူမကို လမ်းတစ်ဝက်တွင်ပင် တားဆီးလိုက်ပြီး သူ၏ပုခုံးပေါ်သို့ ကန့်လန့်ဖြတ် ပွေ့တင်လိုက်လေ၏။
စုရှောင်လော်၏ ဗိုက်လေးက သူ၏ပုခုံးနှင့် ဖိမိသွားသောကြောင့် သူမက မသက်မသာဖြင့် အော်ဟစ်လိုက်လေတော့သည်။
“သမီးကို လွှတ်ပါဦး၊ ဦးလေးရန်.. သမီးကို အောက်ချပေးပါဦး”
ရန်ကျိမင်က သူ၏မြေးဖြစ်သူ၏ နောက်ကျောကို ရိုက်နှက်လိုက်ပြီး ဆူပူကြိမ်းမောင်းလိုက်လေသည်။
“မင်းကတော့ ကလေးတစ်ယောက်လိုပဲ ပြုမူနေပြန်ပြီ”
ထို့နောက် သူက စုရှောင်လော်ဘက်ကို ပြောဆိုလိုက်သည်။
“သူ့ကို ဦးလေးရန်လို့ မခေါ်နဲ့၊ အစ်ကိုလို့ပဲ ခေါ်လိုက်”
ရန်ရှောင်ကို ဦးလေးဟု ခေါ်ဆိုပြီး သူ့ကို အဘိုးဟု ခေါ်ဆိုခြင်းက မျိုးဆက်တစ်ခု ကွာဟသွားစေသည် မဟုတ်ပါလား။
“ သူမ အဆင်ပြေသလိုပဲ ခေါ်ပါစေ”
ရန်ရှောင်က အမြန်ပင် တားဆီးလိုက်ရလေသည်။
သူ၏အဘိုးဖြစ်သူက သူ့အား နောက်တစ်စက္ကန့်တွင် လီရှန်းကို ဒေါ်လေးဟု ခေါ်ခိုင်းတော့မည်ကို စိုးရိမ်သောကြောင့်ပင်။
ရန်ကျိမင်က ဤကိစ္စနှင့် ပတ်သက်၍ အတော်လေး ရှေးရိုးစွဲဆန်သူ ဖြစ်လေ၏။
ထမင်းဝိုင်းတွင် ဟင်းလျာလေးပွဲ ပါဝင်ပြီး အရေအတွက်မများသော်လည်း စုံလင်လွန်းသည့်အပြင် အသားဟင်းများသာ ဖြစ်ကြ၏။
အရွယ်ရောက်ပြီးသည့် အမျိုးသားနှစ်ဦးက အားရပါးရ စားသောက်ကြလေသည်။
ရန်ကျိမင်ကတော့ ကြက်စွပ်ပြုတ်ကို ဖြည်းညှင်းစွာ သောက်သုံးရင်း ပြောဆိုနေသည်။
“ထမင်းစားပြီးရင် ဆေးပေးခန်းကို သွားပြီးတော့ အစာကြေစေမဲ့ ဟော်သွန်းသီးဆေးလုံး နှစ်လုံးလောက် သွားယူပြီး ဝါးစားလိုက်ကြဦး၊
ဗိုက်ပွလာရင် သူတပါးရဲ့ လှောင်ပြောင်တာကို ခံရလိမ့်မယ်၊
ဒီလောက် အရွယ်ရောက်နေတဲ့ လူကြီးတွေ ဖြစ်နေပြီကို အစားအသောက်ရဲ့အတိုင်းအဆကို မသိကြသေးဘူး”
စုဝေ့ချင်းနှင့် ရန်ရှောင်တို့က အမြန်ပင် ခေါင်းညိတ်ပြလိုက်ကြသည်။
သူတို့က အနည်း အစားများသွားခဲ့ကြ၏။
သို့သော် မတတ်နိုင်ပေ။
မကြာသေးမီက လူတိုင်းက စိုးရိမ်ပူပန်မှုများဖြင့် တင်းမာနေခဲ့ကြရသောကြောင့် ကောင်းမွန်သော အစားအစာများပင် အရသာပေါ့ပျက်နေခဲ့ရသည်။
အထူးသဖြင့် ရန်ရှောင်က ဟဲထန်ကို အမြဲစောင့်ကြည့်နေခဲ့ရသောကြောင့် သူ့ကိုယ်သူ ဗိုက်ပြည့်စေရုံသာ အာရုံစိုက်ခဲ့ပြီး အရသာ ရှိမရှိကိုပင် ဂရုမစိုက်နိုင်ခဲ့ပေ။
ယခုအချိန်တွင် ဟဲထန်၏ ကိစ္စက ပြီးဆုံးသွားခဲ့ပြီဖြစ်၍ သူ၏အစာအိမ်ကလည်း အစားအသောက်များကို တောင့်တလာခဲ့၏။
စားကောင်းသောက်ဖွယ်ကြီးတစ်ခုက သူ၏ရှေ့သို့ ရောက်ရှိလာသည့်အချိန်တွင် သူက ဗိုက်ပြည့်လွန်းသည်အထိ စားသောက်မိသွားသည်။
သူတို့က အမှန်တကယ်ပင် ဆေးပေးခန်းသို့ သွားကာ ဟော်သွန်းသီးဆေးလုံးများကို ယူဆောင်ခဲ့ကြရ၏။
ထို့နောက် ရန်ကျိမင်က လီရှန်းထံသို့ စာအုပ်အကြီးတချို့ကို ပေးခဲ့လေ၏။
“ဒါတွေက ဒီကာလအတွင်း ပြင်ပလူနာဌာနက ရရှိခဲ့တဲ့ ရောဂါမှတ်တမ်းတွေပဲ၊ အားလုံးက အခြေခံရောဂါတွေနဲ့ ပတ်သက်တယ်၊
မင်းက အခြေခံရောဂါတွေနဲ့ ပတ်သက်ပြီး သုတေသနအများကြီး ပြုလုပ်ခဲ့ဖူးပေမဲ့ ဆန်းပြားတဲ့ နည်းလမ်းတွေကိုလည်း အများကြီး အသုံးပြုခဲ့တယ်၊
ဒီစာအုပ်တွေထဲက ကုသမှုနည်းလမ်းတွေကတော့ ပိုပြီးပုံမှန်ဖြစ်လိမ့်မယ်၊ မင်း ဒါတွေကို သေချာလေ့လာကြည့်ဦး”
ထိုစာအုပ်များကို မြင်တွေ့လိုက်ရသည့်အချိန်တွင် လီရှန်းအနေဖြင့် ထိုစာအုပ်က သာမန်ရောဂါမှတ်တမ်း မဟုတ်ဘဲ ရန်ကျိမင်၏ နေ့စဉ်အလုပ်ခွင်မှ ထွက်ပေါ်လာခဲ့သော အကျဉ်းချုပ် မှတ်စုများ ဖြစ်ကြောင်းကို သိရှိသွား၏။
သူမ၏ အမူအရာက ချက်ချင်းပင် လေးနက်သွားပြီး စာအုပ်များကို လက်နှစ်ဖက်ဖြင့် သေသေချာချာ လှမ်းယူလိုက်လေသည်။
“အခု ပြဿနာတွေ အားလုံး ရှင်းလင်းသွားပြီဆိုတော့ ငါတို့တွေ လေ့လာသင်ယူမှုကိုပဲ အာရုံစိုက်ကြတာပေါ့၊
ဆေးပညာကိုလေ့လာတာက တခြားဘာသာရပ်တွေကို လေ့လာတာနဲ့ မတူဘူး၊
တခြားဘာသာရပ်တွေမှာ အမှတ်အပြည့်မရရင် မအောင်ရုံပဲ ရှိပေမယ့် ဆေးပညာမှာ မအောင်မြင်တဲ့ ဆရာဝန်တစ်ဦးကို လက်မခံနိုင်ဘူး”
“ ကျွန်မ နားလည်ပါတယ် ဆရာ၊ ကျွန်မ သေချာပေါက်ကြိုးကြိုးစားစား လေ့လာပါ့မယ်”
လီရှန်းက လျင်မြန်စွာပင် ခေါင်းကို ညိတ်ပြလျက် ကတိပြုလိုက်လေတော့၏။
ထို့နောက် ရန်ကျိမင်က လက်ကိုဝှေ့ယမ်းပြလိုက်ပြီး ပြောလိုက်လေသည်။
“အမြန်ပြန်ကြတော့၊ ဒီနေ့က နောက်ဆုံးအနားယူရမယ့်ရက်ပဲ၊ မနက်ဖြန်ဆိုရင် စာသင်ချိန်တွေ စပြီ”
“ကောင်းပါပြီ”
ထမင်းစားသောက်ပြီးနောက် ဇနီးမောင်နှံနှစ်ဦးက စုရှောင်လော်ကို ခေါ်ဆောင်ကာ သူတို့၏ အိမ်သို့ ပြန်လာခဲ့ကြသည်။
ထိုနေရာတွင် မနေထိုင်ခဲ့သည်မှာ ခေတ္တမျှ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အိမ်တွင်းအပြင်က သန့်ရှင်းသပ်ရပ်နေဆဲပင်။
အထူးသဖြင့် ပန်းခြံငယ်လေးထဲတွင် ပန်းပင်များက ဝေဆာစွာပွင့်လန်းနေကြပြီး လှပလွန်းသည်။
ဤအချိန်အတွင်းဝမ်တုန်တစ်ယောက် သေသေချာချာ ဂရုစိုက် စောင့်ရှောက်ပေးထားခဲ့ပုံရသည်။
“အမေ၊ ငှက်လေးတွေ ရှိနေတယ်”
အိမ်နောက်ဖေးဆီမှ စုရှောင်လော်၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံ ထွက်ပေါ်လာလေသည်။
လီရှန်းလည်း လျင်မြန်စွာကြည့်ရှုလိုက်လေ၏။
ထို့နောက်တွင် သူမက အမိုးအောက်တွင် ဆွဲထားသော ငှက်လှောင်အိမ်တစ်ခုကို မြင်တွေ့လိုက်ရလေသည်။
အထဲတွင် ရွှေငှက်လေးတစ်ကောင်က သာယာသည့်အသံဖြင့် တေးဆိုနေပြီး မူလက တိတ်ဆိတ်နေခဲ့သော ဝင်းခြံငယ်လေးကို သက်ဝင်လှုပ်ရှားမှုများ တိုးပွားစေခဲ့၏။
“ဒီငှက်က ဘယ်က ရောက်လာတာလဲ”
လီရှန်းက စုဝေ့ချင်းကို မေးမြန်းလိုက်လေသည်။
“တုန်ဇီက ပန်းနဲ့ငှက်ဈေးကို သွားပြီးတော့ ဝယ်ပေးခဲ့တာလေ”
ဝမ်တုန်က သူ၏အဖိုးဖြစ်သူထံမှ ပန်းမန်နှင့် ငှက်မွေးမြူခြင်း အတတ်ပညာများကို သင်ယူခဲ့ဖူးသည်။
သူက စုရှောင်လော်ကို ကျောင်းကြိုသည့် အချိန်တိုင်း ထိုအကြောင်းအရာတို့ကို ပုံပြင်များအဖြစ် ပြောပြလေ့ရှိ၏။
စုရှောင်လော်ကလည်း ပါရမီရှင်လေးဖြစ်ပြီး မှတ်ဉာဏ်ကောင်းလွန်းသောကြောင့် ဝမ်တုန်အနေဖြင့် အံ့ဩရသည်။
ထို့ကြောင့် သူက စုရှောင်လော် ဆော့ကစားနိုင်ရန်အတွက် ရွှေငှက်လေးတစ်ကောင် ဝယ်ယူပေးခဲ့လေ၏။
ရှောင်လော်က လေ့ကျင့်ရေးစခန်းသို့ ပြောင်းရွှေ့သွားခဲ့သော်လည်း ဝမ်တုန်က သူမကို အမြဲသတိရနေခဲ့သည်။
ထို့ကြောင့် သူ၏ အားလပ်ရက်ကို အသုံးပြု၍ ဈေးသို့သွားပြီး ငှက်လေးတစ်ကောင် ဝယ်ယူပေးခဲ့ခြင်း ဖြစ်လေ၏။
“ရှောင်တုန်က တကယ်ကိုကောင်းတဲ့ ကလေးလေးပဲ၊ သူ အတတ်ပညာတွေကို ဘယ်လောက်အထိ သင်ယူပြီးပြီလဲ”
လီရှန်းအနေဖြင့် ဝမ်တုန်ကို အနည်းငယ် ထူးဆန်းသူတစ်ဦးဟု ယူဆမိ၏။
သူ၏ အလေ့အထများကို ကြည့်မည်ဆိုလျှင် သူက အလွန်ရိုးသားဖြောင့်မတ်သူတစ်ဦး ဖြစ်သည်။
သို့သော် သူ၏အဖိုးထံမှ အနုပညာဆန်သော အရည်အချင်းများကို အများစွာ သင်ယူထားခဲ့၏။
ပန်းမန်စိုက်ပျိုးခြင်း၊ ငှက်မွေးမြူခြင်းဆိုသည်က ရှေးခေတ်ပေကျင်းမြို့ရှိ အလိုလိုက်ခံထားရသော သခင်လေးများ၏ အလေ့အထမျိုး ဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူက အတော်လေးပင် ယဉ်ကျေးသိမ်မွေ့သူတစ်ဦး ဖြစ်လာခဲ့၏။
“သူက သင်ယူတာ အတော်လေး မြန်ပါတယ်”
စုဝေ့ချင်းအနေဖြင့် သူက မည်မျှအထိ တတ်မြောက်သည်ကို အတိအကျ မပြောသော်လည်း သူ၏မျက်နှာတွင် ကျေနပ်ရိပ်များက ယှက်သန်းနေလေသည်။
ဝင်းခြံတစ်ခုလုံးက သန့်ရှင်းနေသော်လည်း အိမ်ထဲတွင်တော့ ဖုန်မှုန့်များက ဖုံးလွှမ်းနေဆဲ ဖြစ်သည့်အပြင် ဧည့်ခန်းမကြီးထဲတွင်လည်း ပစ္စည်းများဖြင့် ပုံနေလေ၏။
ဇနီးမောင်နှံနှစ်ဦးက တစ်မွန်းလွဲလုံး အချိန်ပေး၍ သန့်ရှင်းရေးပြုလုပ်ခဲ့ကြရပြီး အဆုံးတွင် အိမ်တစ်ခုလုံးက သပ်ရပ်သွားလေတော့သည်။
သူတို့က ညစာကို ချက်ပြုတ်ရန်အတွက် အလွန် မောပန်းနေကြပြီဖြစ်လေ၏။
ထို့ကြောင့် သူတို့က စုရှောင်လော်ကို ခေါ်ဆောင်၍ နိုင်ငံပိုင် စားသောက်ဆိုင်သို့သာ ရိုးရှင်းစွာ သွားရောက်စားသောက်ခဲ့ကြသည်။
ဟဲထန်၏ နှောင့်ယှက်မှုများ မရှိတော့သောကြောင့် သူတို့၏ ဘဝက တဖြည်းဖြည်းနှင့် ပြန်လည်ငြိမ်းချမ်းလာခဲ့လေ၏။
လဝက်ကျော် ကြာမြင့်ပြီးနောက် ပိုင်မားခရိုင်မှ ဖုန်းတစ်ကော ဝင်ရောက်လာခဲ့သည်။
စုဝေ့မင်က ရထားပေါ်သို့ တက်ရောက်နေပြီဖြစ်၍ စုဝေ့ချင်းကို အချိန်ရလျှင် သွားရောက်ကြိုဆိုခိုင်းခြင်းဖြစ်ပေ၏။
*