အခန်း ၃၆၆
Vol. 37 Ch. 366
အခန်း(366)
စုဝေ့မင် ပေကျင်းသို့ ရောက်ရှိချိန်သည်ကား တိုက်ဆိုင်စွာဖြင့် စုဝေ့ချင်း၏အားလပ်ရက် ဖြစ်နေသောကြောင့် ဝမ်တုန်ကိုဒုက္ခပေးရန် မလိုတော့ပေ။
သို့သော် စုဝေ့ချင်း၏ အားလပ်ရက်ဖြစ်နေချိန်တွင် လီရှန်းကတော့ ဆရာများနှင့်အတူ ပတ်ဝန်းကျင်ရှိ မြို့ရွာများသို့ သွားရောက်၍ အခြေခံကျန်းမာရေးဝန်ထမ်း သင်တန်းများကို သွားရောက်ပို့ချပေးနေရသည်။
သူမက စုဝေ့မင်ကို ကြိုဆိုရန်အတွက် အချိန်မရှိရုံမျှမက အိမ်သို့ပင် ပြန်မလာနိုင်သေးပေ။
စုဝေ့မင်က စုဝေ့ချင်း၏ အနောက်မှ လိုက်ပါလျက် ဝင်းခြံငယ်လေးသို့ ရောက်ရှိလာခဲ့သည်။
ဤမျှကြီးမားသော ဝင်းခြံကြီးကို မြင်တွေ့လိုက်ရသည့်အချိန်တွင် သူက အာမေဍိတ်သံထွက်သွားရသည်။
“မင်းတို့အိမ်က တကယ့်ကို ကြီးမားလွန်းတာပဲ”
“ဒါပေါ့အဖေ၊ ကျွန်တော်တို့တွေ ဒါကို သန့်ရှင်းရေးလုပ်ဖို့အတွက် အင်အားအများကြီး စိုက်ထုတ်ခဲ့ရတာ”
စုဝေ့ချင်းတစ်ယောက် ဂုဏ်ယူစွာဖြင့် မေးစေ့ကိုပင့်၍ ပြောဆိုလိုက်
လေသည်။
စုဝေ့မင်မှ ဝင်းခြံ၏ ရွေးချယ်မှုကို ချီးမွမ်းခြင်းက သူ့ကို ချီးမွမ်းခြင်းထက်ပင် ပို၍ဝမ်းသာစရာ ကောင်းပေသည်။
မည်သို့ပင်ဖြစ်စေ ဤအိမ်က ဈေးမပေါပေ။
“ကျွန်တော်တို့တွေ ပိုင်ဆိုင်တာ ဒီဝင်းခြံတစ်ခုတည်း မဟုတ်ဘူး”
သူတို့က ဝင်းခြံ အမြောက်အမြားကို ပိုင်ဆိုင်ထားကြခြင်း ဖြစ်သည်။
“ဒါက အဆင်ပြေပါ့မလား”
စုဝေ့မင်က အနည်းငယ်စိုးရိမ်ပူပန်နေဆဲပင်။
“နောက်ပိုင်းကျရင် သူတို့က မင်းတို့ကို အရင်းရှင်လူတန်းစားတွေလို့ သတ်မှတ်ပြီး အပြစ်ပေးရင် ဘယ်လိုလုပ်မလဲ”
“သေချာပေါက် မဖြစ်နိုင်ပါဘူး ၊ ကျွန်တော်တို့ရဲ့ ဆရာက ပြောတယ်၊ နိုင်ငံတော်က ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်နေတာတဲ့၊
ကျွန်တော်တို့တွေ အတိတ်က ဆင်းရဲဒုက္ခတွေကို နောင်အနာဂတ်ရဲ့ လမ်းကြောင်းအဖြစ် သတ်မှတ်လို့ မရဘူး၊ အဖေက ဝါရင့်အရာရှိတစ်ဦးပဲလေ၊ စိတ်ကို ပိုပြီးတော့ ရဲရဲဝံ့ဝံ့ ထားလိုက်စမ်းပါ”
စိတ်ကို ပိုပြီးတော့ ရဲရဲဝံ့ဝံ့ ထားရမယ် ဟုတ်လား။
သူကတော့ တတိယသားတို့ဇနီးမောင်နှံနှစ်ဦးလုံးက အတိုင်းထက်အလွန် ရဲတင်းလွန်းသည်ဟု ထင်မြင်မိ၏။
စုဝေ့မင်က အိမ်၏ အရှေ့နှင့် အနောက်ဘက်သို့ နှစ်ကြိမ်မျှ လှည့်ပတ်ကြည့်ရှုလိုက်သည်။ ပန်းခင်းကိုပင် ချန်လှပ်မထားခဲ့ပေ။
အဆုံးတွင် သူက ငှက်လှောင်အိမ်၏ အရှေ့တွင် မတ်တတ်ရပ်လိုက်လေသည်။
သူက ပြောဆိုလိုက်လေတော့၏။
“မင်းတို့တွေကတော့ တကယ့်ကို အားယားနေကြတာပဲ၊ အခုခေတ်မှာ လူအများကြီးက ငတ်မွတ်နေကြတုန်းပဲရှိသေးတာ၊ မင်းတို့က ငှက်မွေးနေတယ်ပေါ့ ဟုတ်လား”
သို့သော် သူ၏ ခန္ဓာကိုယ်က ရိုးသားစွာဖြင့် ခွက်ငယ်လေးထဲသို့ ပြောင်းဖူးစေ့တချို့ကို ထည့်ပေးလိုက်လေသည်။
ရွှေငှက်လေးက လုံးဝ ကြောက်ရွံ့ခြင်းမရှိဘဲ ချက်ချင်းပင် တိုးကပ်လာပြီး နှစ်ချက်မျှ ဆိတ်ဆွစားသောက်လေ၏။
ထို့နောက် သူက စုဝေ့မင်ကို သာယာလွန်းသော တေးသံများကို ဆက်တိုက် သီဆိုပြလေတော့သည်။
စုဝေ့မင်လည်း ပြုံးလိုက်မိပြီး ပြောလိုက်လေ၏။
“ဒီကောင်လေးက တကယ့်ကို လည်တာပဲ”
“အဖေ့ရဲ့ မြေးမလေးက နေ့တိုင်း ပြန်လာပြီးတော့ သူနဲ့ ဆော့ကစားပေးနေတာလေ၊
မလည်ဘဲ နေမလား၊ ကျွန်တော် ထင်တာကတော့ သူ ဉာဏ်အလင်းတွေတောင် ပွင့်နေပြီထင်တယ်”
စုဝေ့ချင်းက သူ၏ ညည်းတွားစကားများကို ပြောဆိုရန် ဟန်ပြင်လိုက်လေသည်။
သို့သော် သူ၏စကားမဆုံးမီမှာပင် သူ၏ဖခင်ဖြစ်သူက သူ၏မျက်နှာကို လက်ဝါးဖြင့် ပုတ်လိုက်လေသည်။
“မင်းကတော့ စကားပြောရင် အတိုင်းအဆကို မသိဘူး”
စုဝေ့ချင်း : “...”
ကောင်းပါပြီ။ ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ပြီးတဲ့နောက်မှာ ထူးဆန်းတဲ့ အရာတွေ ဖြစ်ခွင့်မရှိတော့ဘူးပဲ။
“ရှောင်လီက ဒီနေ့ ပြန်မလာဘူးလား”
စုဝေ့မင်တစ်ယောက် ငှက်လေးနှင့် ခေတ္တမျှ ဆော့ကစားပြီးနောက် စုဝေ့ချင်းကို မေးမြန်းလိုက်လေသည်။
“ကျွန်တော် ခန့်မှန်းတာတော့ မိုးချုပ်မှပဲ အိမ်ပြန်ရောက်လိမ့်မယ် ထင်တယ်၊
စိုးရိမ်မနေပါနဲ့ အဖေ၊ အဖေ့ရဲ့ သားက အဖေ့ကို ငတ်မထားပါဘူး၊ ခဏကျရင် အဖေ့ကို ဘဲကင်လိုက်ကျွေးပါ့မယ်”
စုဝေ့မင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် စုဝေ့ချင်းကို ကြည့်၍ မေးလိုက်လေသည်။
“ရှောင်လော်က ဒီနေ့မွန်းလွဲပိုင်း ကျောင်းမတက်ရဘူးမလား”
“ဟုတ်တယ်၊ ခဏနေကျရင် ကျွန်တော် သွားကြိုလိုက်ပါ့မယ်၊ ဒီနေ့မွန်းလွဲပိုင်းနဲ့ မနက်ဖြန်က စာသင်ချိန် မရှိဘူး”
စုဝေ့မင်က ခပ်တိုးတိုးရေရွတ်လိုက်လေသည်။
“မူလတန်းကျောင်းသားကတောင် တက္ကသိုလ်ကျောင်းသားဖြစ်တဲ့ မင်းထက် ပိုပြီးတော့ အလုပ်ရှုပ်နေသေးတယ်”
သူကတော့ ရောက်ရောက်ချင်းမှာပင် သူ၏မြေးမလေးကို မြင်တွေ့ရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော် အားလပ်ရက်ကိုသာ တွက်ချက်ခဲ့မိ၏။
မူလတန်းကျောင်းသားများက စနေနေ့ မနက်ပိုင်းတွင် စာသင်ချိန်ဝက် တက်ရောက်ရမည်ဟူသောအချက်ကို ထည့်သွင်းစဉ်းစားရန် မေ့လျော့ခဲ့မိသည်။
“ခဏကျရင် ငါလည်း မင်းနဲ့အတူ ကလေးသွားကြိုဖို့ လိုက်ခဲ့မယ်”
သူသည်လည်း သူ၏မြေးမလေး၏ စာသင်ကြားသည့် ပတ်ဝန်းကျင်ကို သွားရောက်ကြည့်ရှုလို၏။
အကယ်၍ ထိုနေရာက ဆေးဝါးစက်ရုံရှိ ဝန်ထမ်း သားသမီးများ၏ မူလတန်းကျောင်းလောက် မကောင်းမွန်ပါက သူက သူ၏မြေးမလေးကို ပိုင်မားခရိုင်သို့ ပြန်လည်၍ ခေါ်ဆောင်သွားပေလိမ့်မည်။
စုဝေ့ချင်းကလည်း ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်လေ၏။
“ဒါဆို ရှောင်လော်ကို ကြိုပြီးတာနဲ့ ကျွန်တော်တို့တွေ ချွမ်ကျူသယ် ဘဲကင်ဆိုင်ကို တိုက်ရိုက်သွားကြတာပေါ့”
ဤစကားကို ကြားရသည့်အချိန်တွင် စုဝေ့မင်က လှည့်လည်ကြည့်ရှုခြင်းကို ရပ်တန့်လိုက်ပြီး ဧည့်ခန်းမကြီးထဲရှိ သူ၏အထုပ်အပိုးများကို လိုက်လံရှာဖွေလေတော့သည်။
သို့သော် သူက လှည့်ကြည့်လိုက်သည့်အချိန်တွင် အခန်းက အလွတ်သာ ဖြစ်နေလေ၏။
ထို့ကြောင့် သူက အော်ဟစ်မေးမြန်းလိုက်လေသည်။
“ဝေ့ချင်း၊ ငါ့ရဲ့ အိတ်ရော ဘယ်ရောက်သွားလဲ”
“အဖေ့ရဲ့ အခန်းထဲမှာ ထည့်ထားပြီးပါပြီ”
စုဝေ့ချင်းက သူ့ကို အိမ်နောက်ဖေးရှိ အခန်းတစ်ခန်းဆီသို့ လျင်မြန်စွာ ဦးဆောင်ခေါ်သွားလေတော့၏။
ဘေးခန်းတွင် လာရောက်တည်းခိုခဲ့ကြသော ကျန်းရိကော်တို့ မိသားစုနှင့်မတူဘဲ စုဝေ့မင်တို့ ဇနီးမောင်နှံအတွက် ပြင်ဆင်ထားသော အခန်းက ပရိဘောဂများပင် အဆင်သင့် ရှိနေလေသည်။
စုဝေ့မင် ဖုန်းခေါ်ဆိုပြီးနောက်တွင် သူတို့နှစ်ဦးက အခန်းတွင်းအပြင်ကို သန့်ရှင်းရေးပြုလုပ်ပြီး အိပ်ရာခင်းများကို ခင်းကျင်းထားခဲ့ကြ၏။
မျက်နှာသုတ်ပုဝါ၊ သွားတိုက်တံ၊ မျက်နှာသစ်ဇလုံနှင့် တခြားလိုအပ်သော ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ဆင်ထားခဲ့ကြသည်။
စုဝေ့မင်တို့ ဇနီးမောင်နှံနှစ်ဦးက အထုပ်အပိုးများကို ယူဆောင်၍ ဝင်ရောက်နေထိုင်ရုံသာ ရှိလေတော့၏။
အခန်းကို လှည့်ပတ်ကြည့်ရှုရင်း စုဝေ့မင်က သက်ပြင်းချလိုက်မိချေသည်။
“ဒါက ရှေးတုန်းက အရင်းရှင်တွေ နေခဲ့တဲ့ လူနေမှုဘဝမျိုးပဲ”
ဤအခန်းတစ်ခန်းတည်းကပင် သူတို့အိမ်၏ အကျယ်အဝန်း၏ ထက်ဝက်နီးပါး ရှိနေလေ၏။
ဤအိမ်ကြီးတွင် အခန်းလေးခန်းနီးပါး ရှိနေသေးသည်။
“ကောင်းပြီ အဖေ.. ညည်းမနေပါနဲ့တော့”
စုဝေ့မင် ရောက်ရှိလာခဲ့သည်က နာရီအနည်းငယ်မျှသာရှိသေးသော်လည်း စုဝေ့ချင်းအနေဖြင့် သူ၏နားထဲတွင် အသားမာတက်တော့မည့်အတိုင်း ခံစားနေရ၏။
သူ၏ဖခင်က သာမန်အားဖြင့် တိတ်ဆိတ်နေတတ်သူ မဟုတ်ပါလား။
ယနေ့တွင် အဘယ်ကြောင့်မျှအထိ စကားများပြောနေရသမည်း။
သူ မသိသည့်အချက်မှာ စုဝေ့မင်
က စကားအလွန်ပြောတတ်သူဖြစ်ပြီး သာမန်အချိန်တွင်သာ တည်ငြိမ်အေးဆေးဟန်ဆောင်နေခြင်း ဖြစ်သည်။
သူက သူ၏တစ်သက်တာလုံးတွင် လော်ယွီရှို့၏ အရှေ့၌သာ စိတ်လွတ်ကိုယ်လွတ် စကားပြောဆိုရဲခဲ့၏။
ယနေ့တွင် သူ ဤမျှအထိ စကားများနေရခြင်းမီည ဤဝင်းခြံငယ်လေး၏ ခမ်းနားမှုကြောင့် စိတ်လှုပ်ရှားအံ့ဩနေရခြင်းကြောင့်သာ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူက စက်ရုံမှူးတစ်ဦးဖြစ်နေသော်လည်း ယခုထက်ထိ ဝင်းခြံကြီးနှင့် မနေရသေးပေ။
“အဖေ ဘာရှာနေတာလဲ”
စုဝေ့မင်က သူ၏အိတ်ကို မွှေနှောက်ရှာဖွေနေသည်ကို စုဝေ့ချင်းက မြင်တွေ့ရသည့်အချိန်တွင် သူ၏ အနားသို့ အပြေးအလွှား သွားရောက်ကူညီပေး၏။
သို့သော် သူက အဝတ်အစားများကို သပ်ရပ်အောင် သိမ်းဆည်းနေခြင်းမဟုတ်ဘဲ အိတ်ထဲမှ တစ်စုံတစ်ခုကို အသည်းအသန် ရှာဖွေနေခြင်း ဖြစ်သည်။
“တွေ့ပြီ”
စုဝေ့မင်က အိတ်၏ အလယ်တည့်တည့်မှ စက္ကူထုပ်တစ်ခုကို ဆွဲထုတ်လိုက်ပြီး ပြောလိုက်လေ၏။
“ဒီမှာ ဒါက မင်းရဲ့ စာမူခပဲ”
ထိုစက္ကူထုပ်က အတော်လေးပင် ထူထဲလွန်းသည်။
စုဝေ့ချင်းက ထိုအိတ်ကို လှမ်းယူ၍ ကြည့်လိုက်လေ၏။
အထဲတွင် သေသေချာချာ ထုပ်ပိုးထားသော ဆယ်ယွမ်တန် ငွေစက္ကူ အမြောက်အမြားကို မြင်တွေ့လိုက်ရသည်။
“ကျွန်တော် အဖေ့ကို ဦးလေးကျန်းဆီ တိုက်ရိုက် ပေးလိုက်ပါလို့ ပြောထားတယ် မဟုတ်ဘူးလား”
“မင်းပြောတဲ့ ယွမ်ရှစ်ထောင်ကို ငါတို့ ပေးလိုက်ပါပြီ၊
ကျန်တဲ့ငွေတွေကတော့ မင်း အရင်က ရေးခဲ့တဲ့ ဆောင်းပါးတွေရဲ့ စာမူခ အစုတ်အပွား အသေးအဖွဲတွေမို့လို့ ငါ မယူခဲ့ဘူး၊
ငါက မင်းရဲ့ အကြီးဆုံးအစ်ကိုနဲ့ ဒုတိယအစ်ကိုဆီကနေ တစ်ယောက်ကို ယွမ်တစ်ထောင်စီ ချေးပြီးတော့ လောင်ကျန်းအတွက် တစ်သောင်းပြည့် အောင် ဖြည့်ပေးလိုက်တယ်၊
လောင်ကျန်းကတော့ အရမ်းကိုကျေနပ်နေတယ်လေ၊ ရှောင်ကျိ ပေကျင်းကို ရောက်ကတည်းက သူ ပြန်လာတဲ့အချိန်မှာ ရောဂါထဖောက်တဲ့ အကြိမ်အရေအတွက်က သိသိသာသာ လျော့နည်းသွားတယ်၊
အဲဒီ သမားတော်ကတော့ တကယ်ကို စွမ်းတာပဲ”
“ဒါပေါ့ အဖေ၊ ဝါရင့်ဆရာဝန်ကြီးတွေ အပြည့်ရှိတဲ့ အခန်းထဲမှာ အတူ တိုင်ပင်ကုသကြတာပဲလေ၊ ရလဒ်က မကောင်းဘဲ နေမလား”
ထိုကဲ့သို့သော အခြေအနေမျိုးတွင် စုဝေ့ချင်းက ယမမင်းထံမှလူကို ပြန်လုယူရန်ပင် လုံလောက်သည်ဟု ခံစားမိသည်။
“သူ့ကိုလည်း အပြစ်တင်လို့ မရပါဘူး၊ ရှောင်ကျိက တကယ်ကို သနားကရုဏာ သက်စရာကောင်းတဲ့ ကလေးလေးပါ”
စုဝေ့မင်တွင် ကျန်းမာသန်စွမ်းသော မြေးအမြောက်အမြား ရှိနေသော်လည်း ကျန်းရိကော်၏ တစ်ဦးတည်းသော မြေးဖြစ်သူကို ကြည့်ရှုမိသည့်အချိန်တွင် သူ၏ စိတ်ထဲတွင် သက်ပြင်းချမိရသည်။
သူက တစ်ချိန်က ကောင်းကင်ဘုံ၏ မျက်နှာသာပေးခြင်းကို ခံခဲ့ရသော ပါရမီရှင်တစ်ဦး ဖြစ်ခဲ့ပါလျှက်နှင့် အဘယ်ကြောင့် ယခုကဲ့သို့သော ဘဝမျိုးဖြင့် ရှင်သန်နေရရသနည်း။
သူက အထက်လူကြီးများ၏ ဆုံးဖြတ်ချက်များကို သေချာပေါက် ဝေဖန်ပြောဆိုလိမ့်မည် မဟုတ်ပေ။
သို့သော် ရံဖန်ရံခါတွင် ဤလောကကြီးက မတရားလွန်းသည်ဟု သူ ခံစားမိရ၏။
ကြိုးက အမြဲတစေအပါးဆုံးနေရာမှ ပြတ်တောက်တတ်ပြီး ဘေးအန္တရာယ်ကလည်း ကံဆိုးသူများထံသို့သာ အမြဲ ကျရောက်တတ်သည်။
“နောက်ပိုင်းကျရင် ဝက်ရူးပြန်ရောဂါကို ပျောက်ကင်းစေမယ့် ဆေးဝါးတစ်ခုခုကို တီထွင်နိုင်ရင် အရမ်းကောင်းမှာပဲ”
ဆေးဝါးစက်ရုံ၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် စုဝေ့မင်က ဤအရာကို စိတ်ရင်းမှန်ဖြင့် မျှော်လင့်မိ၏။
သူက ကျန်းကျိကို မြင်တွေ့နိုင်သော်လည်း သူ မမြင်တွေ့နိုင်သော နေရာများတွင် ဤဆေးဝါးကို မျှော်လင့်စောင့်စားနေကြသော ဝက်ရူးပြန်ရောဂါဝေဒနာရှင် သန်းပေါင်းများစွာ ရှိနေကြသေးသည်။
စုဝေ့ချင်းက ဆေးပညာကို စိတ်ဝင်စားခြင်းမရှိသကဲ့သို့ ဝက်ရူးပြန်ရောဂါ ကုသရန် မည်မျှအထိ ခက်ခဲကြောင်းကိုလည်း မသိရှိပေ။
သို့သော် သူက သူ၏အကြီးဆုံးအစ်ကိုအပေါ်တွင် အပြည့်အဝ ယုံကြည်မှု ရှိနေ၏။
“ကျွန်တော့်ရဲ့အကြီးဆုံးအစ်ကိုကိုပဲ သုတေသနမှာ အစွမ်းကုန် ကြိုးစားခိုင်းလိုက်တာပေါ့”
ထိုအချိန်တွင် စုဝေ့မင်က သူ၏မျက်နှာကို လက်ဝါးဖြင့် ဖြတ်ခနဲ ရိုက်ပုတ်လိုက်ပြန်သည်။
မင်းက သုတေသနပြုလုပ်တာကို မုန်လာဥ စိုက်သလိုမျိုး မင်းလုပ်ချင်တဲ့အချိန်တိုင်း လုပ်လို့ရတယ်လို့ ထင်နေတာလား။
ထိုအရာက နိုင်ငံတော်၏ လိုအပ်ချက်အပေါ်တွင်လည်း မူတည်သေးသည် မဟုတ်ပါလား။
*