← Chapters

အခန်း ၃၆၇

Vol. 37 Ch. 367

အခန်း ၃၆၇

Vol. 37 Ch. 367

အခန်း(367)

အခန်းကို သန့်ရှင်းသပ်ရပ်အောင် ပြင်ဆင်ပြီးနောက် စုဝေ့မင်က ကြီးမားလွန်းသောအိမ်ကြီးကို ကြည့်ပြီး ပြောဆိုလိုက်လေသည်။

“ငါနဲ့ မင်းအမေ အငြိမ်းစားယူပြီးရင် ပေကျင်းကို ရက်အးနည်းနည်းလောက် လာပြီးလည်ပတ်ရမယ်”

လော်ယွီရှို့က ဤမျှကောင်းမွန်သော အိမ်မျိုးတွင် မနေထိုင်ခဲ့ဖူးပေ။

“ရက်နည်းနည်းလောက် လာလည်နေရုံနဲ့ ဘာလုပ်မှာလဲ၊ ကျွန်တော်တို့တွေနဲ့အတူ ဒီမှာပဲ အငြိမ်းစားယူပြီး လာနေလိုက်ပါတော့”

“အသက်ကြီးတဲ့အထိနေဖို့က ဘာအဓိပ္ပာယ် ရှိမှာလဲ၊ ဒီနေရာက ငါတို့အတွက် စိမ်းသက်လွန်းတယ်”

စုဝေ့မင်က ဝါရင့်ခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း ဤအသက်အရွယ်သို့ ရောက်ရှိလာချိန်တွင် အသစ်အဆန်းများအပေါ် အနည်းငယ် ငြင်းပယ်လိုသော စိတ်ဓာတ်များ ရှိလာတတ်ကာ ယခင်ကဲ့သို့ တက်ကြွမှုများ မရှိတော့ပေ။

“ဒါဆိုရင်လည်း အဖေ ဒီရက်ပိုင်းအတွင်း အပြင်ကို အများကြီး လှည့်လည်သွားလာကြည့်ပေါ့၊ ဒါဆိုရင် အသိမိတ်ဆွေတချို့နဲ့ တွေ့နိုင်တယ်”

စုဝေ့ချင်းက စုဝေ့မင်၏ ပုခုံးကို တွန်းကာ အပြင်သို့ ထွက်ခွာလာချိန်မှာပင် သက်ကြီးရွယ်အို တက္ကသိုလ်အကြောင်းကိုတွေးတောမိလိုက်လေသည်။

သက်ကြီးရွယ်အို တက္ကသိုလ်က သက်ကြီးရွယ်အိုများ၏ အားလပ်ချိန် ဘဝများကို ပြည့်စုံစေရုံမျှမက သူတို့အချင်းချင်း ဆက်သွယ်ပြောဆိုနိုင်မည့် နေရာတစ်ခုကိုလည်း ပေးစွမ်းနိုင်ပေလိမ့်မည်။

သူ့အနေဖျင့် တက္ကသိုလ်မှ ဘွဲ့ရပြီးနောက်တွင် အလုပ်တစ်ခုခုကို ရှိနေရန် လိုအပ်သည်။

သို့မဟုတ်ပါက လူအများက သူ့ကို အလုပ်အကိုင်မရှိ လျှောက်သွားနေသူဟု ပြောဆိုကြပေလိမ့်မည်။

စုဝေ့မင်က စုဝေ့ချင်း၏ အကြံပြုချက်ကို ငြင်းပယ်ခြင်း မပြုခဲ့ပေ။

သူ၏စိတ်နှလုံးထဲတွင် သူသည်လည်း သူ၏တတိယသားနှင့် ချွေးမတို့နှင့်အတူ နေထိုင်လိုသည်။

သူ၏အကြီးဆုံးသားက တစ်နေကုန် သုတေသနလုပ်ငန်းများဖြင့်သာ အလုပ်ရှုပ်နေသူဖြစ်သည်။

ဝူလီကလည်း သူမ၏သားအရင်းမဟုတ်သော သားနှစ်ဦးကို ပြုစုစောင့်ရှောက်ရသောကြောင့် အလွန် မောပန်းနွမ်းနယ်နေခဲ့၏။

အကယ်၍ သူတို့က ထိုအိမ်သို့ သွားရောက်နေထိုင်ပါက ဝူလီက စိတ်မသက်မသာ ဖြစ်ရပေလိမ့်မည်။

ထို့အပြင် လော်ယွီရှို့နှင့် ဝူလီတို့၏ ဆက်ဆံရေးကလည်း အနေတော်မျှသာ ဖြစ်သည်။

ယခင်က သူတို့က ဝေးကွာသောနေရာများတွင် နေထိုင်ခဲ့ကြသောကြောင့် တစ်ဦးအပေါ်တစ်ဦး ကောင်းစွာဆက်ဆံနိုင်ခဲ့ကြသည်။

သို့သော် ယခုအချိန်တွင် နီးကပ်စွာ နေထိုင်လာကြရသောကြောင့် အနည်းငယ်မျှသော ပွတ်တိုက်မှုများ ရှိလာခဲ့၏။

သူ၏ဒုတိယသားကို ထည့်ပြောနေရန်ပင် မလိုတော့ပေ။

ထိုနေရာသို့ သွားရောက်ခြင်းက ကျွန်းပေါ်သို့ သွားရောက်ရခြင်း ဖြစ်သည်။

သူ၏ဇနီးသည်ကို ပေကျင်းမြို့သို့ ခေါ်ဆောင်လာခြင်းကသာ ထိုအရာထက် ကောင်းမွန်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ဤနေရာက မြို့တော်ဖြစ်သည် မဟုတ်ပါလား။

ထို့အပြင် တတိယသားနှင့် ချွေးမတို့ကလည်း နောင်အနာဂတ်တွင် သေချာပေါက် အလုပ်ရှုပ်ကြပေလိမ့်မည်။

သူတို့အနေဖြင့် စုရှောင်လော်ကို ကူညီစောင့်ရှောက်ပေးနိုင်ပေလိမ့်မည်။

ဤသို့ တွေးတောကြည့်မည်ဆိုလျှင် ပေကျင်းမြို့သို့ လာခြင်းက အမှန်စင်စစ် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်လေ၏။

သို့သော် ယခုအချိန်တွင် တွေဝေပူပန်နေရန်အတွက် အနည်းငယ် စောလွန်းသေးသည်။

ယခု အရေးကြီးဆုံးအရာက မြေးမလေးကို သွားရောက်ကြိုဆိုရန် ဖြစ်၏။

သားအဖနှစ်ဦးက အေးဆေးစွာပင် အပြင်သို့ထွက်ခွာလာခဲ့ကြပြီး မူလတန်းကျောင်း၏ တံခါးဝတွင် စောင့်ဆိုင်းနေခဲ့ကြသည်။

ယခုအချိန်တွင် ကလေးများကို လာရောက်ကြိုဆိုသော မိဘအရေအတွက်က နည်းပါးလွန်း၏။

ကလေးအများစုက အိမ်သို့ ကိုယ်တိုင် လမ်းလျှောက်ပြန်ကြသူများ ဖြစ်ကြပြီး လာရောက်ကြိုဆိုခြင်း ခံရသူများက အနည်းစုသာ ဖြစ်သည်။

“အဖေ “

စုရှောင်လော်က သူမ၏ အစ်ကို၊ အစ်မနှစ်ဦး၏ ဦးဆောင်မှုဖြင့် စာသင်ခန်းထဲမှ ထွက်လာခဲ့လေသည်။

သူမက စုဝေ့ချင်းတစ်ယောက် တံခါးဝတွင် မတ်တတ်ရပ်၍ စောင့်ဆိုင်းနေသည်ကို မြင်တွေ့လိုက်ရသည့်အချိန်တွင် ချက်ချင်းပင် ပြေးလာလေတော့သည်။

သို့သော် သူမက ခြေလှမ်းနှစ်လှမ်းမျှသာ လှမ်းပြီးနောက် ချက်ချင်းပင် ရပ်တန့်သွားရသည်။

သူမက စုဝေ့မင်ကိုကြည့်ကာ တစ်ဖက်လူကို အတည်ပြုရန်အတွက် ကြိုးစားသကဲ့သို့ စိုက်ကြည့်နေလေ၏။

ထိုလူက စုဝေ့မင် ဖြစ်ကြောင်းကို သဘောပေါက်သွားသည့်အချိန်တွင် သူမက ပိုမိုကျယ်လောင်သော အသံဖြင့် အော်ဟစ်လိုက်လေတော့သည်။

“အဖိုးပဲ.. အား..အဖိုး! “

“ မြေးလေး”

စုဝေ့မင်ကလည်း စုရှောင်လော်ထံသို့ ပြေးသွားခဲ့လေသည်။

စုဝေ့ချင်း : “...”

သူတို့ မတွေ့ဖြစ်တာ မကြာသေးဘူးလေ။ ဒီလောက်ထိ ဖြစ်နေဖို့ လိုအပ်လို့လား။

ကံကောင်းစွာဖြင့် သူက ဤမေးခွန်းကို ထုတ်ဖော်မမေးမိခဲ့ပေ။

စုဝေ့မင်က ယခုအချိန်တွင် အလွန် ပျော်ရွှင်နေပြီး စုရှောင်လော်၏ လက်လေးကိုဆွဲကိုင်၍ ပြောလိုက်လေသည်။

“ဒီနေ့ အဘိုးတို့တွေ အိမ်မှာထမင်းမစားတော့ဘူး၊ အဘိုးက ရှောင်လော်ကို ဘဲကင်အကြီးကြီး လိုက်ကျွေးမယ်”

“ဝါး.. ဘဲကင်လား၊ သမီး ဘဲကင်ကိုအရမ်းကြိုက်တယ်”

ပေကျင်းမြို့သို့ ရောက်ရှိလာပြီးနောက် စုရှောင်လော်က ရန်ရှောင်နှင့်အတူ ပီကင်းဘဲကင်ကို အကြိမ်အနည်းငယ်မျှ စားသောက်ဖူးခဲ့သည်။

ထိုဘဲကင်၏ မွှေးပျံ့လွန်းသော အရသာကို သူမက အလွန်နှစ်သက်နေခဲ့၏။

“သမီး သဘောကျလို့လား၊ ဒီနေ့ အဖိုး ကျွေးတာဆိုတော့ ကြိုက်သလောက်စားလို့ရတယ်”

စုဝေ့မင်က ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် သူ၏ရင်ဘတ်ကို ပုတ်လိုက်လေသည်။

စုရှောင်လော်က ချက်ချင်းပင် မျက်နှာချိုသွေးပြလိုက်လေ၏။

“ရှောင်လော်က အဖိုးကို အချစ်ဆုံးပဲ”

“ဟားဟားဟား”

စုဝေ့ချင်းအနေဖြင့် သူတို့၏ အနောက်မှ လိုက်ပါလာရင်း အရှေ့မှ အဘိုးနှင့်မြေးတို့၏ သဟဇာတဖြစ်လွန်းသည့် ပုံရိပ်ကို ကြည့်ပြီး သူ့ကိုယ်သူ အစွန့်ပစ်ခံ လူပိုတစ်ဦးကဲ့သို့ ခံစားလိုက်ရသည်။

မိသားစု သုံးဆက်လုံးက

ဘဲကင်ဆိုင်သို့ ရောက်ရှိလာခဲ့ကြလေ၏။

ဆိုင်ထဲတွင် လူများဖြင့် စည်ကားနေခဲ့သည်။

စုဝေ့ချင်းက စားပွဲတစ်ဝိုင်းကို ရရှိရန်အတွက် သူ၏ငွေနှင့် ကူပွန်များကို အမြန်ထုတ်ယူလိုက်လေသည်။

ကံကောင်းစွာဖြင့် သူတို့ လာရောက်ချိန်က စောသေးသောကြောင့် ဘဲကင်များစွာ ကျန်ရှိနေသေး၏။

သူတို့က ဘဲတစ်ကောင်လုံးကို မှာယူလိုက်ကြသည်။

စားဖိုမှူးက ဘဲသားများကို အလွှာလိုက် လှီးဖြတ်ပေးပြီး ဟင်းသီးဟင်းရွက်များ၊ ဆော့စ်များနှင့်အတူ တည်ခင်းပေးလေသည်။

ကျန်ရှိနေသော ဘဲအရိုးအကောင်လိုက်ကိုတော့ ဘဲစွပ်ပြုတ် ချက်ပြုတ်ရန်အတွက် အသုံးပြုလိုက်၏။

သူတို့က ဘဲတစ်ကောင်တည်းဖြင့် ဟင်းလျာတစ်ပွဲ ပြင်ဆင်ခဲ့သော်လည်း စားသောက်သည့် နည်းလမ်း သုံးမျိုးဖြင့် တည်ခင်းလာခဲ့ခြင်း ဖြစ်သည်။

“ဒီမှာ တကယ်ကို စည်ကားလွန်းတာပဲ”

စုဝေ့မင်က ဆိုင်ထဲရှိ စည်ကားနေသော ပုံရိပ်ကို ကြည့်ကာ ပြောလိုက်လေသည်။

“ဒါပေါ၊ ဒီကို လာတဲ့သူတွေထဲမှာ ငွေကြေးတတ်နိုင်တဲ့သူမှန်သမျှ ဒီလို ထမင်းတစ်နပ်ကို စားသောက်ကြတယ်”

မည်သို့ပင်ဖြစ်စေ ဤသည်က ပေကျင်းမြို့၏ ထူးခြားသော အမှတ်အသားတစ်ခုဖြစ်သည်။

ထို့အပြင် ဤနေရာက မြို့တော်ဖြစ်ပြီး စီးပွားရေး အခြေအနေက အနည်းငယ် ပိုမို၍ ကောင်းမွန်လွန်းသည်။

ဇနီးမောင်နှံနှစ်ဦးလုံး အလုပ်လုပ်ကြသော မိသားစုများနှင့် အရာရှိ မိသားစုများစွာ ရှိနေကြသောကြောင့် လူတိုင်းက ငွေမနှမြောကြပေ။

စုဝေ့မင်က အရသာရှိလွန်းသော ဘဲကင်ကို စားသောက်ရင်း အိမ်တွင် ကျန်ရစ်ခဲ့သော လော်ယွီရှို့ကို သတိရသွားမိသည်။

“နောက်ပိုင်းကျရင် မင်းအမေကိုလည်း ဒီမှာ လာစားဖို့ ခေါ်လာရမယ်”

“နောက်ပိုင်းကျရင် အဖေတို့နှစ်ယောက်လုံး မြို့တော်ကို လာပြီး နေထိုင်တဲ့အချိန်ကျရင် ဒီနေရာမှာ နေ့တိုင်း လာစားရင်တောင် ဘာပြဿနာမျှ မရှိပါဘူး”

“အဲဒီလိုတော့ မဖြစ်သေးပါဘူး၊ မဟုတ်ရင် ငါတို့မိသားစု စီးပွားပျက်သွားလိမ့်မယ်”

မည်မျှပင် ကြွယ်ဝချမ်းသာသူ ဖြစ်ပါစေဦးတော့ ဤသို့ နေ့တိုင်းလာရောက်စားသောက်ရန် မတတ်နိုင်ပေ။

သူတို့ သုံးဦးလုံးက စိတ်တိုင်းကျ စားသောက်ခဲ့ကြသည်။

မထွက်ခွာမီတွင် စုဝေ့ချင်းတစ်ယောက် လီရှန်းစားရန်အတွက် ဘဲကင်တစ်ဝက်ခန့်ကို ပါဆယ်ထုတ်ရန် စီစဉ်ခဲ့သည်။

သို့သော် ဆိုင်တွင် အရောင်းအဝယ် အလွန်ကောင်းမွန်လွန်းသောကြောင့် ဘဲများအားလုံး ကုန်စင်သွားခဲ့ပြီ ဖြစ်ပြီး သူ၏အကြံကို လက်လျှော့လိုက်ရလေတော့သည်။

သူတို့က အဝစားသောက်ပြီးကြပြီးနောက် အိမ်သို့ ပြန်လာခဲ့ကြ၏။

သူတို့ အိမ်သို့ ပြန်ရောက်ရှိချိန်တွင် အိမ်၌ လူတစ်ဦး ရောက်ရှိနေပြီဖြစ်ကြောင်းကို တွေ့ရှိလိုက်ရသည်။

လီရှန်းက ရေဆေးခုံ၏ ဘေးတွင် အဝတ်လျှော်ပျဉ်ပြားကို ကိုင်ဆောင်ပြီး အဝတ်များ လျှော်ဖွပ်နေလေ၏။

“အမေ ..ပြန်ရောက်ပြီလား”

စုရှောင်လော်၏ ပျော်ရွှင်နေသော အော်ဟစ်သံလေးက ထပ်မံ၍ ထွက်ပေါ်လာပြန်သည်။

လီရှန်းက လှည့်ကြည့်လိုက်ကာ သားအဖနှစ်ဦးကို ပြုံးပြလိုက်လေ၏။

“အင်း အမေ ပြန်ရောက်ပြီ”

စုဝေ့မင်က လီရှန်း၏ အရှေ့သို့ ရောက်ရှိသွားသည်နှင့် သူ၏ ထုံးစံအတိုင်း တည်ငြိမ်အေးဆေးပြီး တိတ်ဆိတ်နေသော အမူအရာသို့ ချက်ချင်းပင် ပြန်ပြောင်းလဲသွားသည်။

သို့သော် သူက လီရှန်း လျှော်ဖွပ်နေသော အဝတ်အစားများကို မြင်တွေ့လိုက်ရသည့်အချိန်တွင် ထိတ်လန့်သွားရ၏။

သူက လက်လှမ်း၍ လီရှန်း၏ အလုပ်ကို လွှဲပြောင်းယူရန်အတွက် ဟန်ပြင်လိုက်လေသည်။

“ငါပဲ လျှော်ပါ့မယ်၊ ငါပဲ လျှော်ပါ့မယ်၊ မင်းကို ဘယ်လိုလုပ်ပြီး ငါ့အဝတ်တွေ လျှော်ခိုင်းနိုင်မှာလဲ”

လီရှန်းက ခေတ္တမျှ ကြောင်အသွားရချိန်တွင် စုဝေ့မင်က သူမကို ဘေးသို့ အသာတွန်းထုတ်လိုက်လေ၏။

လီရှန်းတစ်ယောက် အနည်းငယ်လောကာ ရယ်ချင်စိတ်ကို အောင့်ထားရင်း ပြောဆိုလိုက်လေသည်။

“အဖေ ဘာတွေ လုပ်နေတာ၊ ကျွန်မက အဝတ် နှစ်ထည်သုံးထည်လောက်ပဲ လျှော်နေတာပါ၊

ပြီးတော့ အဖေလည်း ဒီရက်ပိုင်းအတွင်း ခရီးဝေးနှင်လာရလို့ မောပန်းနေမှာပေါ့၊ သွားပြီး နားလိုက်ပါဦး၊ ကျွန်မပဲ ဆက်လျှော်လိုက်ပါ့မယ်”

“မလိုပါဘူး မလိုပါဘူး၊ ငါက အဆင့်မြင့်အရာရှိတွဲထဲမှာ စီးလာတာလေ၊ ပေကျင်းကို ရောက်တဲ့အထိ တစ်လမ်းလုံး အိပ်လာခဲ့တာ၊ လုံးဝ မပင်ပန်းဘူး၊ မင်းကသာ အခုမှ နယ်က ပြန်ရောက်တာ မဟုတ်ဘူးလား၊

ခရီးပန်းလာမှာ သေချာတယ်၊ သွားပြီး ခဏလောက် လဲပြီး နားလိုက်ဦး”

စုဝေ့မင်က နေရာမှ မဖယ်ပေးသည့်အပြင် သူ၏အဝတ်များကို ယူ၍ အားပြင်းပြင်းဖြင့် ပွတ်တိုက် လျှော်ဖွပ်လေတော့၏။

စုဝေ့ချင်းမှာ သူ၏ ဖခင်ဖြစ်သူက ရောက်ရှိလာသည်နှင့် အဝတ်လျှော်ရန် အလုပ်ရှုပ်နေသည်ကို ကြည့်ကာ စိတ်မသက်မသာ ဖြစ်ရသည်။

“ကောင်းပြီ၊ ကောင်းပြီ၊ ကျွန်တော်ပဲ လျှော်လိုက်ပါ့မယ်”

သူ ပြောလိုက်သည်နှင့် ယောက္ခမနှင့် ချွေးမ နှစ်ဦးလုံးက တိတ်ဆိတ်သွားကြသည်။

စုဝေ့မင်က လက်ကိုပင် ယမ်းပြလိုက်ပြီး စုဝေ့ချင်း အဝတ်လျှော်နိုင်စေရန်အတွက် နေရာဖယ်ပေးလိုက်လေ၏။

သူကိုယ်တိုင်ကတော့ လက်မောင်းပေါ်ရှိ ဆပ်ပြာမြှုပ်များကို ရေဘုံဘိုင်ခေါင်းအောက်တွင် ဆေးကြောလိုက်လေသည်။

လီရှန်းကလည်း စုဝေ့မင် လက်သုတ်နိုင်ရန်အတွက် မျက်နှာသုတ်ပုဝါတစ်ထည်ကို အမြန်လှမ်းပေးလိုက်လေ၏။

စုဝေ့ချင်း : “...”

သူတစ်ဦးတည်းသာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ခံလိုက်ရလေသည်။

*

All Chapters