← Chapters

အခန်း ၃၆၉

Vol. 37 Ch. 369

အခန်း ၃၆၉

Vol. 37 Ch. 369

အခန်း(369)

စုဝေ့မင်က စုဝေ့ချင်း၏အကြောင်းကို ပြောဆိုမိသည့်အချိန်တွင် သက်ပြင်းချလိုက်မိသည်။

သူ့အနေဖြင့် သူ၏ တတိယသားက အရည်အချင်းရှိသူတစ်ဦး ဖြစ်လာသည့်အတွက် ဝမ်းမြောက်မိသည်။

သို့သော် ဤလူမှုဆက်ဆံရေးက..

စုဝေ့မင်တစ်ယောက် ထပ်မံ၍ သက်ပြင်းချလိုက်မိပြန်သည်။

“သူ အလုပ်ခွင်ထဲကိုရောက်တဲ့အချိန်ကျရင် တခြားလူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေမလားဆိုတာ မသိတော့ဘူး”

“ရှင် ဘာတွေ လျှောက်တွေးပြီး ပူပန်နေတာလဲ၊ သူက အခုဆိုရင် အဖေတစ်ယောက် ဖြစ်နေပြီလေ၊

စကားကို ဒီတိုင်း လျှောက်ပြောလို့မရဘူးဆိုတာ သူ မသိဘဲ နေမလား၊

သူက ရှင့်အပေါ်မှာသာ ဆိုးသွမ်းချင်တာ၊ ကြည့်လေ .. ကျန်းမိသားစုက သူ့ရဲ့ ယောက်ဖတွေအပေါ်မှာ ဘယ်လောက်တောင် ဂရုတစိုက်ရှိလဲ၊

သူတို့အားလုံးက ဝေ့ချင်းကို ချီးမွမ်းနေကြတာပဲ၊ ပြီးတော့ သူက အားလပ်ရက်တိုင်းမှာ သူတို့ဆီကို မပျက်မကွက် သွားလည်ပတ်သေးတယ်၊

သူတို့ ဘယ်လောက်ပဲ လာလည်ကြပါစေ၊ ဒါတွေအားလုံးက စေတနာကြောင့် မဟုတ်ဘူးလား၊ ကျွန်မအမြင်ကို ပြောရရင်တော့ သားသုံးယောက်ထဲမှာ တတိယသားက ဥာဏ်အကောင်းဆုံးပဲ၊

သူက သူ့ရဲ့ ယောက်ဖတွေကို စိတ်ချမ်းသာအောင် ထားနိုင်တယ်၊ ကျန်တဲ့ သားနှစ်ယောက်ကိုပဲ ကြည့်ဦး၊

ဝေ့ဟိုင်နဲ့ ဝေ့ယန်တို့ရဲ့ ဇနီးသည်ဘက်က မိသားစုတွေက သူတို့အပေါ်မှာ ဒီလို ပြုမူတာမျိုး ရှိလို့လား”

လော်ယွီရှို့က စုဝေ့မင်၏ စိုးရိမ်ပူပန်မှုများကို နှာမှုတ်၍ ပယ်ချလိုက်လေသည်။

သူမ၏ စိတ်နှလုံးထဲတွင် တတိယသား၏ မိသားစုက အကောင်းဆုံး ဖြစ်သည်။

ယခင်က လူတိုင်းမှ စုဝေ့ချင်းကို အလုပ်မလုပ်ဘဲ အလကားနေ အလကားစားသူတစ်ဦးဟု ပြောဆိုခဲ့ကြလေ၏။

သို့သော် သူက အိမ်ထောင်ကျပြီးကတည်းက အတွင်းရေးမှူးအလုပ်၊ စာမူရေးသားခြင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခြင်း အပါအဝင် အလုပ်မျိုးစုံဖြင့် အလုပ်ရှုပ်နေခဲ့သည်။

ဤအရာများအားလုံးက သူ၏ ကောင်းမွန်လွန်းသော ဇနီးသည်ကြောင့် ဖြစ်လေသည်။

သူမက သူ့ကို လမ်းမှန်သို့ ပြန်ပို့ဆောင်ပေးခဲ့ရုံမျှမက သူမကိုယ်တိုင်ကလည်း အလွန်ပင် အရည်အချင်းရှိသူ ဖြစ်၏။

သူမက တက္ကသိုလ်သို့ တက်ရောက်နိုင်ခဲ့ရုံမျှမက ပါရမီရှင် မြေးမလေးကိုပါ မွေးဖွားပေးခဲ့သည်။

ထို့ကြောင့် လော်ယွီရှို့က စုဝေ့မင်မှ စုဝေ့ချင်းအကြောင်း မကောင်းပြောဆိုသည့်အချိန်တွင် အလွန်ပင် မကျေမနပ် ဖြစ်သွားရလေ၏။

“ ငါတို့ရဲ့သားက ချွေးမကို လက်ထပ်ယူခဲ့တာလေ၊ သူမရဲ့ မိသားစုကို ယူခဲ့တာမှ မဟုတ်တာ၊ မင်းက ဘာလို့ ဒီလောက်တောင် စိတ်ဆိုးနေရတာလဲ”

စုဝေ့မင်အနေဖြင့် လော်ယွီရှို့က ဒုတိယချွေးမ၏ မိသားစုကိစ္စကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရကြောင်းကို သိရှိသည်။

ကျန်းဝမ်ကျန့်၏ အဖေတူအမေကွဲ မောင်လေးက အမျိုးသမီးတစ်ဦးကို နှောင့်ယှက်ခဲ့သောကြောင့် ရဲစခန်းသို့ တိုင်ကြားခြင်း ခံခဲ့ရ၏။

သူမ၏ မိထွေးဖြစ်သူကလည်း စုမိသားစု၏ တံခါးဝသို့ လာရောက်ပြီး သူတို့၏ အဆက်အသွယ်များကို အသုံးပြုပေးရန် တောင်းဆိုခဲ့သည်။

ထိုအချိန်က စုဝေ့မင်က အိမ်တွင်မရှိဘဲ ပေကျင်းသို့ သွားရောက်နေချိန် ဖြစ်လေ၏။

လော်ယွီရှို့က သူတို့ကို အိမ်ထဲမှ နှင်ထုတ်ခဲ့သည့်အပြင် သူမ၏ ခမည်းခမက်ထံသို့ပါ ဖုန်းခေါ်ဆိုခဲ့သည်။

ထို့ကြောင့် သူတို့က ဆေးဝါးစက်ရုံတွင် အကြီးအကျယ် ရန်ပွဲဖြစ်ပွားခဲ့ကြရ၏။

စုဝေ့ယန်၏ ယောက္ခထီးဖြစ်သူက ကွယ်လွန်သူဇနီး၏ ကလေးများကို အမြဲ အလိုလိုက်ခဲ့သူဖြစ်သည်။

မိထွေးဖြစ်သူက သူတို့ကို အနိုင်ကျင့်မည်ကို အမြဲ သတိထားစောင့်ကြည့်နေခဲ့တတ်သည်။

ယခုတစ်ကြိမ်တွင် ထိုအရာက ပျားအုံကို တုတ်နှင့်ထိုးလိုက်သကဲ့သို့ ဖြစ်သွားခဲ့ရသောကြောင့် ကိစ္စရပ်များက အလွန်ပင်ကြည့်ရဆိုးခဲ့သည်။

စုဝေ့မင်မှာ ပေကျင်းမှ အိမ်ထဲသို့ပင် မဝင်ရသေးမီမှာပင် ဆူပူကြိမ်းမောင်းခြင်းကို အကြိမ်အနည်းငယ်မျှ ခံလိုက်ရလေ၏။

“ကျွန်မ ထင်တာကတော့ သူမရဲ့ အဖေက ဂရုမစိုက်နိုင်တာပဲ၊

တကယ်လို့ သူ့အနေမဲ့ အရင်ကလေးတွေကို မစွန့်လွှတ်နိုင်ဘူးဆိုရင် ဒီကလေးကို ဒီလောက်စောစော မမွေးဖွားခဲ့သင့်ဘူး၊

သူတို့ အသက်အရွယ်ချင်း နီးကပ်နေတဲ့အချိန်ကျတော့ မိထွေးဖြစ်သူက သူမရဲ့ သားအတွက်ပဲ အကျိုးအမြတ်တွေကို လုယူဖို့ ကြိုးစားမှာပဲ”

“ဒါဆိုရင် မင်းက ဘာလို့ ရှောင်ဝူကို ကလေးအမြန်မွေးဖို့ ခဏခဏ တိုက်တွန်းနေရတာလဲ”

လော်ယွီရှို့နှင့် ဝူလီတို့အကြားရှိ တခြားသော ပွတ်တိုက်မှုတစ်ခုမှာ ဝူလီက ကလေးမွေးဖွားရန်အတွက် ငြင်းပယ်နေခြင်းကြောင့်ပင် ဖြစ်သည်။

သူမက သူ့ကို စိုက်ကြည့်ပြီး ပြောလိုက်လေ၏။

“ဒါက ကျွန်မကိုယ်တိုင်အတွက်လို့ ထင်နေတာလား၊ သူမအတွက် စဉ်းစားပေးလို့ပေါ့”

ယခုအချိန်တွင် စုချန်နှင့် စုကျွင့်တို့က အသက်ဆယ်နှစ်နီးပါး ရှိနေကြလေပြီ။

အကယ်၍ သူတို့က အသက်ကွာခြားမှု ကြီးမားလွန်းသော ကလေးတစ်ဦးကို ထပ်မံ၍ မွေးဖွားမည်ဆိုပါက ထိုညီအစ်ကိုနှစ်ဦး အိမ်ထောင်ကျချိန်တွင် ဤကလေး၏ အသက်က ယခုလက်ရှိ စုကျွင့်၏ အသက်အရွယ်ခန့်သာ ရှိပေလိမ့်မည်။

လူတို့၏ စိတ်နှလုံးကို အကဲဖြတ်ရန် ခက်ခဲလွန်းသည်။

ယခုလက်ရှိတွင် သူတို့နှစ်ဦးက ကျေးဇူးသိတတ်သော ကောင်းမွန်သည့် ကလေးနှစ်ဦး ဖြစ်ပုံရသော်လည်း နောင်အနာဂတ်တွင် မည်သို့ဖြစ်လာမည်ကို မည်သူက သိနိုင်ပါမည်နည်း။

သူမအနေဖြင့် မည်မျှပင် ယုံကြည်မှုရှိပါစေ ၊ ဤကလေးနှစ်ဦးက ကျေးဇူးကန်းသူများ ဖြစ်မလာနိုင်ပါဘူးဟု ရဲရဲဝံ့ဝံ့ အာမမခံနိုင်ပေ။

“သားသမီးတွေနဲ့ မြေးတွေမှာ သူတို့ရဲ့ ကိုယ်ပိုင်ကံတရား ရှိကြတာပဲ၊ ငါတို့တွေ ငါတို့ရဲ့ ကိစ္စကိုပဲ အာရုံစိုက်ကြရအောင်၊

တတိယမိသားစုရဲ့ ကိစ္စတွေကိုတော့ မင်း ဝင်ရောက်ပတ်သက်မနေပါနဲ့တော့”

လော်ယွီရှို့က သက်ပြင်းချလိုက်မိသည်။

“ ကျွန်မက အမျိုးသမီးသမဂ္ဂရဲ့ ဒါရိုက်တာတစ်ဦး ဖြစ်ပေမဲ့ ကျွန်မရဲ့ ကိုယ်ပိုင်မိသားစု ကိစ္စတွေကိုတောင် သေသေချာချာ မစီမံနိုင်ဘူး ဖြစ်နေရတယ်၊

ဒါနဲ့ လောင်စု .. အထက်လူကြီးတွေက သားဆက်ခြားခြင်းကို အကောင်အထည်ဖော်ဖို့ စီစဉ်နေကြတယ်၊

နောက်ပိုင်းကျရင် ကလေးတွေကို ကိုယ်အလိုရှိသလို လျှောက်မမွေးရတော့ဘူးလို့ ကောလာဟလတွေ ကြားနေရတယ်၊ အဲဒါ တကယ်ပဲလား”

စုဝေ့မင်က အံ့အားသင့်သွားရပြီး မေးလိုက်လေသည်။

“တကယ်ကြီးလား”

ကလေးမွေးဖွားခြင်းဆိုင်ရာ ကိစ္စရပ်များကို မည်သို့လျှင် စီမံခန့်ခွဲကြပါမည်နည်း။

“ဦးလေးယန်ပြောတာပဲ”

ယန်မိသားစုမှာ တစ်ချိန်က ကြီးမားပြီး အာဏာရှိသော မိသားစုတစ်ခု ဖြစ်ခဲ့ဖူးသည်။

ယခုအချိန်တွင် ပျက်စီးဆုံးရှုံးခဲ့ပြီ ဖြစ်သော်လည်း ပျက်စီးနေသော သင်္ဘောကြီးတွင်ပင် သံမှိုသုံးချောင်း ရှိနေသေးသည် မဟုတ်ပါလား။

ထို့အပြင် ယန်အန်းကော်ကိုယ်တိုင်ကလည်း အစိုးရအဖွဲ့အစည်းထဲတွင် ရှိနေသူဖြစ်ပြီး သူက ဤကဲ့သို့သော ကောလာဟလများကို ကြားသိရခြင်းက သဘာဝကျလွန်းသည်။

“လျှောက်ပြီး မမေးမြန်းနေနဲ့တော့၊ ဒါတွေအားလုံးက အခြေအမြစ်မရှိတဲ့ အရာတွေပဲ”

“တကယ်လို့ ဒီကိစ္စက အမှန်တကယ်သာ ဖြစ်လာမယ်ဆိုရင် ကျွန်မတော့ စောစောစီးစီး အငြိမ်းစားယူဖို့ စီစဉ်ရမယ်”

လော်ယွီရှို့က ဤသည်က စိတ်ကူးယဉ်သက်သက်မျှသာ မဟုတ်ဟု ယူဆနေသည်။

“ဒါမှ တံခါးဝမှာ ပိတ်ဆို့ပြီး ဆူပူကြိမ်းမောင်းတာကို မခံရမှာ”

ဤမူဝါဒကိုသာ အမှန်တကယ် အကောင်အထည်ဖော်ခဲ့မည်ဆိုပါက အမျိုးသမီးများ၏ ကလေးမွေးဖွားခြင်းကို စီမံခန့်ခွဲရမည့် တာဝန်က အမျိုးသမီးသမဂ္ဂထံသို့ သေချာပေါက် ကျရောက်လာပေလိမ့်မည်။

မည်သူက ကလေးများပြားသည်ကို မကျေမနပ် ဖြစ်ပါမည်နည်း။

အကယ်၍ တစ်စုံတစ်ဦးက ကိုယ်ဝန်ရှိလာပြီး သူမက ကလေးဖျက်ချခိုင်းရမည်ဆိုပါက သူမက လူသတ်သမားတစ်ဦး ဖြစ်သွားမည် မဟုတ်ပါလား။

မလုပ်နိုင်ပေ။

သူမက သက်ရှိများကို သတ်ဖြတ်ခြင်းနှင့် ထိခိုက်စေခြင်းဆိုင်ရာကိစ္စရပ်များကို လုံးဝ ပြုလုပ်လိမ့်မည် မဟုတ်ပေ။

“ဒါနဲ့ တတိယသားနဲ့ ချွေးမကရော တကယ်ပဲ နောက်ထပ် ကလေးတစ်ယောက် ထပ်မယူတော့ဘူးလား၊

ရှောင်လော်က အခုဆိုရင် ကျောင်းတက်နေပြီပဲ၊ နောက်ထပ် တစ်ယောက်လောက် ယူရင် အဆင်ပြေတာပဲ”

“သူတို့က မလိုချင်ကြဘူး၊ ပြီးတော့ ရှောင်လော်ကလည်း တကယ့်ကို ဥာဏ်ကောင်းတဲ့ ပါရမီရှင်မလေးပဲဟာ၊

သူတို့နှစ်ယောက်လုံးက အရည်အချင်းရှိကြတာပဲ၊ မင်းအနေနဲ့ ရှေးရိုးစွဲဆန်တဲ့ ပဒေသရာဇ် အတွေးအခေါ်ဟောင်းတွေကိုသာ စွန့်လွှတ်နိုင်မယ်ဆိုရင် သူတို့ရဲ့ အနာဂတ်က ဆိုးရွားမှာ မဟုတ်ပါဘူး”

စုမိသားစု၏ မျိုးဆက်သစ်တွင် သမီးငယ်ဟူ၍ စုရှောင်လော်တစ်ဦးတည်းသာ ရှိနေခြင်းဖြစ်သည်။

စုမိသားစုတွင် မြေးယောက်ျားလေးများ နည်းပါးနေခြင်းမျိုး မဟုတ်သောကြောင့် စုဝေ့မင်က ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ ဂရုမစိုက်ပေ။

“မင်း အငြိမ်းစားယူချင်ရင်လည်း ယူနိုင်တယ်၊ မင်းရဲ့ အသက်အရွယ်ကလည်း အငြိမ်းစားယူဖို့ လုံလောက်နေပြီပဲလေ”

စုဝေ့ချင်း၏ ကြီးမားလွန်းသော ခြံကြီးအကြောင်းကို တွေးတောမိသည့်အချိန်တွင် စုဝေ့မင်လည်း စိတ်လှုပ်ရှားမှုကို အနည်းငယ် မထိန်းချုပ်နိုင်တော့ပေ။

“ငါကိုယ်တိုင်လည်း စောစောစီးစီး အငြိမ်းစားယူလိုက်ရင် ကောင်းမလား မသိဘူး”

လော်ယွီရှို့အနေဖြင့် ခေတ္တမျှ ကြောင်အသွားရပြီး သူမ စကားမပြောနိုင်သေးမီမှာပင် စုဝေ့မင်က သူ၏ခေါင်းကို ထပ်မံ၍ ခါယမ်းပြလိုက်လေသည်။

“ထားလိုက်ပါတော့၊ နောက်ထပ် နှစ်နည်းနည်းလောက် ထပ်ပြီး စောင့်ဆိုင်းလိုက်ပါဦးမယ်”

ဆေးဝါးစက်ရုံက လက်ရှိတွင် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသော ကာလ ဖြစ်သည်။

သူက သူ၏ရာထူးကို ဆက်ခံမည့်သူကို သေသေချာချာ ရွေးချယ်ရန် လိုအပ်သည်။

အကယ်၍ သူအနေဖြင့် သေသေချာချာ မရွေးချယ်ခဲ့ပါက သူက စက်ရုံအပေါ်တွင် အပြစ်ရှိသူတစ်ဦး ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် သူက သူ၏ရာထူးဆက်ခံမည့်သူကို စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန်အတွက် နောက်ထပ် နှစ်အနည်းငယ်မျှ ဆက်လက်၍ ကြိုးစားအားထုတ်ရပေဦးမည်။

“ဒါနဲ့ စကားမစပ်၊ အဲဒီအိတ်ထဲမှာ ငါ့ရဲ့ချွေးမက မင်းအတွက် ဝယ်ပေးလိုက်တဲ့ အဝတ်အစားတွေ ရှိသေးတယ်”

“တကယ်လား”

လော်ယွီရှို့က အိတ်ကို မွှေနှောက်ရှာဖွေလိုက်ချိန်တွင် နွေရာသီဝတ် အဝတ်အစားများကိုတွေ့လိုက်ရသည်။

ထိုအဝတ်အစားတို့မှာ ခရမ်းရောင်နှင့် အဖြူရောင် ပန်းပွင့်လေးများပါသော ပိတ်ချောအင်္ကျီနှင့် ဘောင်းဘီ တစ်စုံ၊ မြေဝါရောင် ဂါဝန်တစ်ထည်နှင့် အဖြူရောင် ဇာနားကွပ်ထားသော အနီရောင်ဂါဝန်တစ်ထည်တို့ ဖြစ်ကြသည်။

“ဒါတွေက.. သေချာပေါက် အဝတ်အစားတွေ မှားယူလာတာ ဖြစ်ရမယ်”

သူမက ထိုဂါဝန်ကို မြှောက်ကိုင်ရင်း ပြောလိုက်လေသည်။

“မှားတာမဟုတ်ပါဘူး၊ ရှောင်လီက ပြောတယ်၊ ဒီအရောင်က မင်းရဲ့ အသက်အရွယ်နဲ့ အရမ်း လိုက်ဖက်တယ်တဲ့၊

ပေကျင်းမြို့က မင်းအရွယ် အမျိုးသမီးတွေအားလုံး ဒီလိုတောက်ပတဲ့ အရောင်မျိုးတွေကိုပဲ ဝတ်ဆင်ကြတာလို့ပြောတယ်”

စုဝေ့မင်က လက်ဖက်ရည်ကို နောက်တစ်ငုံသောက်လိုက်ရင်း ခေါင်းကို ခါပြလိုက်လေသည်။

“အထည်စကလည်း အဆင့်မြင့်တယ်လေ၊ တွန့်ကြေတာမျိုးမရှိတဲ့ တက်ခရွန်အသားလို့ ပြောတာပဲ”

လော်ယွီရှို့က ပိတ်စကို ပွတ်သပ်ကြည့်လိုက်သည်။ သေချာပေ၏။ တွန့်ကြေခြင်း မရှိပေ။

*

All Chapters