အခန်း ၇၁၆
Vol. 69 Ch. 716
အခန်း (၇၁၆)။
လူသူကင်းမဲ့ပြီး ခြောက်သွေ့နေသော သဲကန္တာရကြီးထဲတွင်...။
အနောက်ဘက်ဒေသ၏ ဟန်ပန်အပြည့်အဝ ရှိနေသော ရဲတိုက်ကြီးများနှင့် မြို့ပြကြီးများ က မားမားမတ်မတ် ရပ်တည်နေကြ၏။ အိုအေစစ်များ၊ ရေကန်များ၊ စီးဆင်းနေသော ရေချောင်းများ၊ စွန်ပလွံပင်များနှင့် ကုလားအုတ်များက ပြီးပြည့်စုံသော ရှုခင်းတစ်ရပ်ကို ဖန်တီးပေးထားသည်။
ယခုအချိန်သည် ညနေစောင်းအချိန် ဖြစ်သည်။ မီးခိုးငွေ့များမှာ ကောင်းကင်ယံသို့ တည့်မတ်စွာ လွင့်တက်နေ၏။ ဤမြင်ကွင်းမှာ သဲကန္တာရထဲတွင် လွင့်တက်နေသော အထီးကျန် မီးခိုးငွေ့တစ်ခုနှင့်တူပြီး ရှည်လျားသော မြစ်ပြင်ထက်တွင် အနောက်ဘက်သို့ အိပ်စက်နားခိုရန် ဝင်ရောက်သွားသော နေဝန်းနီနီကြီးနှင့်လည်း တူလှပေသည်။
“မာဂဲမြို့” သည် အနောက်ဘက်ဒေသရှိ မြို့ကြီးတစ်မြို့ ဖြစ်သည်။ လူဦးရေ သန်းနှင့်ချီ၍ ရှိပြီး ပေပေါင်းများစွာ မြင့်မားသော မြို့ရိုးကြီးနှင့်အတူ စစ်သည်အင်အား တစ်သိန်းခန့် ရှိသည်။ မြို့စားမှာ အနောက်ဘက်ဒေသ မီးလျှံနိုင်ငံမှ မြင့်မြတ်သော မင်းသားတစ်ပါး ဖြစ်သူ “ဟာဒါမီ” ဖြစ်သည်။ တော်ဝင်ချန်မင်းဆက်၏ ဘာသာစကားဖြင့် ပြန်ဆိုရလျှင် “ချိုမြိန်ခြင်း” ဟု အဓိပ္ပာယ်ရသည်။
တကယ်တမ်းလည်း ဤမြို့သည် တော်ဝင်ချန်မင်းဆက်၏ အရေးပါသော မြို့ကြီးများ ထက်ပင် မနိမ့်ကျလှသည့် ‘ချိုမြိန်သော’ မြို့တစ်မြို့ ဖြစ်ပေသည်။ မြေဆီသြဇာ အလွန် ကောင်းမွန်သော အိုအေစစ်တစ်ခုရှိပြီး မြို့၏အနောက်ဘက်တွင် မြင့်မားလှသော နှင်းတောင်ကြီးတစ်ခု ရှိသည်။ တစ်နှစ်ပတ်လုံး နှင်းရေများ စီးဆင်းကျဆင်းနေပြီး ခြောက်သွေ့နေသော သဲကန္တာရကို စိုစွတ်စေသည်။ လူသားများ အနားယူ အမောဖြေရန် အတွက် လုံလောက်သော နေရာတစ်ခုပင် ဖြစ်သည်။
ဤ “မာဂဲမြို့” သည် ဖန်ပြည်နယ်၏ “ဖန်မြို့”၊ ရွှီပြည်နယ်၏ “ရွှီရီမြို့” (နေထွက်မြို့) နှင့် အလယ်ပိုင်း ကောင်းကင်ပြည်နယ်၏ “ထိုက်ခန်းမြို့” တို့ကဲ့သို့ပင် အရေးပါလှသည်။ ဤမြို့ကြီးနှင့် ပတ်ဝန်းကျင်ရှိ နယ်မြေများကို သိမ်းပိုက်နိုင်လိုက်သည်နှင့် နိုင်ငံတစ်ခု တည်ထောင်ခြင်းနှင့် အလားတူဖြစ်သွားလိမ့်မည်။ သူတို့သည် လောကကြီးကို စိုးမိုးနိုင်ပြီး လောကကြီးကို လှောင်ပြောင်ရယ်မောနိုင်သည့် ဩဇာအာဏာကို ရရှိလာမည် ဖြစ်သည်။
သို့သော် ယခုအချိန်တွင်မူ ဤမြို့ကြီးကို ‘ရှောင်ရှိူက်’ က သိမ်းပိုက်ထားပြီး ဖြစ်သည်။
ရှောင်ရှိူက်၏ လက်ရှိ နတ်ဘုရားစွမ်းရည်မှာ မူလဝိညာဉ်နတ်ဘုရားနှင့် ရင်ပေါင်တန်းနိုင် ပေသည်။ သူသည် သိုင်းလမ်းစဉ်တွင် သိုင်းပညာ၏ အထွတ်အထိပ် လူသားအင်မော်တယ် တစ်ဦးနှင့်ပင် နှိုင်းယှဉ်နိုင်နေပြီ ဖြစ်သည်။ သူသည် ခန္ဓာကိုယ်၏ ကန့်သတ်ချက်များကို ချိုးဖြတ်ကာ ကောင်းကင်သို့ ပျံတက်နိုင်သလို မြေအောက်သို့လည်း ငုပ်လျှိုးနိုင်စွမ်း ရှိသည်။ သူ့တွင် လျှို့ဝှက်နယ်မြေများကို ပိုင်ဆိုင်ထားပြီး သူ၏ အပ်စိုက်မှတ်များမှာလည်း အသက်စွမ်းအင်များနှင့် ပြည့်လျှံနေသည်။ ထို့အပြင် သူ၏ တပည့်များမှာလည်း ကျားရိုင်း၊ ဝံပုလွေရိုင်းများကဲ့သို့ သန်စွမ်းကြသည်။ သူတို့သည် သိုင်းသူတော်စင် အထွတ်အထိပ် အဆင့် မရှိလျှင်တောင်မှ သာမန် သိုင်းသူတော်စင်အဆင့်များ ဖြစ်ကြသည်။ သူတို့တွင် လျှို့ဝှက်သံချပ်ကာများလည်း ရှိကြသည်။ ထိုသံချပ်ကာများမှာ နဂါးကြေးခွံ သံချပ်ကာ သို့မဟုတ် အရုဏ်ဦးသံချပ်ကာများလောက် မကောင်းမွန်သော်လည်း အနည်းဆုံးတော့ ပျံသန်းနိုင်စွမ်း ရှိကြသည်။
ထို့ကြောင့် မြို့များကို တိုက်ခိုက်သိမ်းပိုက်ခြင်းနှင့် နယ်မြေများကို လုယက်ခြင်းတို့တွင် အမြဲတမ်း အောင်မြင်မှု ရရှိနေခြင်း ဖြစ်သည်။
ယခုအချိန်တွင် ရှောင်ရှိူက်သည် ခမ်းနားထည်ဝါသော ရှေးဟောင်းရဲတိုက်ကြီးတစ်ခု၏ ထိပ်တွင် ရပ်နေသည်။ ထိုနေရာကို လှပသော ကော်ဇောများ၊ တန်ဖိုးကြီး ဆီဆေးပန်းချီ ကားများ၊ ရွှေငွေ အသုံးအဆောင်များနှင့် အဖိုးတန် ကျောက်မျက်ရတနာများ ဆင်မြန်း ထားသော အလှမယ်များက ဝန်းရံထားသည်။ ဤနေရာသည် မာဂဲမြို့၏ အဓိက ခံတပ်ကြီး ဖြစ်သည်။ ယခုအခါ ရှောင်ရှိူက်၏ စစ်တပ်က သိမ်းပိုက်လိုက်ပြီဖြစ်သဖြင့် သဘာဝတိုင်း ပင် ‘ရှောင်ရှိူက်၏ စံအိမ်’ ဖြစ်လာခဲ့သည်။
“ဆရာ... ကျွန်တော်နဲ့ စီနီယာအစ်ကိုတချို့က မြို့ထဲက အရာရှိတွေအားလုံးကို ထိန်းချုပ်ဖို့ တပ်တွေကို ခေါ်ဆောင်သွားပြီးပါပြီ။ ဆရာ့အပေါ် သစ္စာခံမယ့် အခမ်းအနားကိုလည်း စတင်နေပါပြီ။ လက်နက်ချ အညံ့ခံခဲ့တဲ့ စစ်သူကြီးတွေအားလုံးက ဆရာ့ကို ‘ကောင်းကင် နတ်ဘုရားဘုရင်’ အဖြစ် ရိုသေလေးစားနေကြပါပြီ။ အခု ကျွန်တော်တို့တပ်က မာဂဲမြို့ကို သိမ်းပိုက်လိုက်နိုင်ပြီဆိုတော့ ကျွန်တော်တို့ရဲ့ အုတ်မြစ်ကို အမှန်တကယ် ခိုင်မာအောင် တည်ဆောက်နိုင်ပြီလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ဆီမှာ စစ်သည်အင်အား ခြောက်သိန်းနဲ့ စပါးကျီ အများအပြား ရှိနေပါပြီ။ နှစ်သုံးဆယ်စာလောက် ကောင်းကောင်း စားသောက်နိုင်ပြီး လူဦးရေ ခြောက်သန်းကို အုပ်ချုပ်နိုင်ပါပြီ။”
ရှောင်ရှိူက်သည် သူ၏ အပြည့်အဝ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေပြီဖြစ်သော ခမ်းနားထည်ဝါလှသည့် မြို့ကြီးကို ရှေးဟောင်းရဲတိုက်ထိပ်မှနေ၍ ငုံ့ကြည့်နေစဉ် အဝါရောင်သံချပ်ကာ ဝတ်ဆင်ထားသော တပည့်ရှစ်ယောက် ရောက်ရှိလာပြီး ဒူးတစ်ဖက် ထောက်၍ အရိုအသေပေးလိုက်ကြသည်။
ဤတပည့်များအားလုံးသည် သိုင်းသူတော်စင်အဆင့်၏ အထွတ်အထိပ်တွင် ရှိနေကြ သည်။ သူတို့ထဲမှ မည်သူမျှ လူသားအင်မော်တယ် အဆင့်သို့ မရောက်သေးသော်လည်း အလွန်ထိတ်လန့်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ ၅ ကြိမ်မြောက် မိုးကြိုးကပ်ဘေး ကျွမ်းကျင်သူ တစ်ဦးကို သတ်ဖြတ်ရန်ဆိုသည်မှာ သူတို့ အတွက် မဖြစ်နိုင်သော ကိစ္စမဟုတ်ပေ။
သူတို့မှာ ရှောင်ရှိူက်၏ အမာခံတပည့်များ ဖြစ်ကြသော “မဟာစစ်ဘုရင်ရှစ်ပါး”ပင်။
“ဆရာ... ကျွန်တော်တို့ အခု ဆက်ပြီး တိုက်ခိုက်သင့်သလား။” ဟု အခြားတပည့်တစ်ဦးက မေးလိုက်သည်။
“မလိုတော့ဘူး။ ငါတို့ မြို့ ၁၃ မြို့ကို သိမ်းပိုက်ပြီးပြီ။ ငါတို့ရထားတဲ့ အရာတွေကို သေချာပြန်လည်ဖွဲ့စည်းပြီး ခိုင်မာအောင် လုပ်ဖို့ လိုတယ်။” ရှောင်ရှိူက်က ခေါင်းယမ်း လိုက်သည်။ “ဒီအနောက်ဘက်ဒေသက လူတွေက ငါ့အပေါ် အမှန်တကယ် သစ္စာရှိတာ မဟုတ်ဘူး။ ဒီရက်ပိုင်းတွေအတွင်းမှာ ငါတို့သိမ်းပိုက်ထားတဲ့ မြို့တွေမှာ ဟိုတစ်စု ဒီတစ်စု ပုန်ကန်မှုတွေ ရှိနေတုန်းပဲ မဟုတ်လား။ ငါ အမြဲတမ်း အုပ်ချုပ်နိုင်ဖို့အတွက် သံမဏိ လက်သီးကိုသုံးပြီး တစ်သုတ်လောက်ကို သတ်ဖြတ်၊ ထောင်ချရဦးမယ်။ ဒါပေမဲ့ ဒါက ဒုတိယအရေးကြီးတဲ့ ကိစ္စပါ။ အရေးအကြီးဆုံးက မင်းတို့တွေ လူသားအင်မော်တယ် အဆင့်ကို ရောက်အောင် ကျင့်ကြံရမယ်။ မင်းတို့ လူသားအင်မော်တယ် ဖြစ်လာမှပဲ ‘အပ်စိုက်မှတ်တစ်ခုမှ အပ်စိုက်မှတ်ငယ်တစ်ရာ ပွင့်ခြင်း’ ဆိုတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နတ်ဘုရားစွမ်းရည် နယ်ပယ်ကို တက်လှမ်းနိုင်မှာ။ အဲဒီအခါကျရင် ငါ့လိုပဲ အထွတ်အထိပ် လူသားအင်မော်တယ်တွေ ဖြစ်လာပြီး ဘဝရဲ့ အချုပ်အနှောင်တွေကနေ ရုန်းထွက်နိုင်သ လို သက်တမ်းကိုလည်း ရှည်ကြာအောင် ဆွဲဆန့်နိုင်လိမ့်မယ်။”
“ဟုတ်ကဲ့ပါ ဆရာ” တပည့်ရှစ်ယောက်က ပြိုင်တူ ဖြေကြားလိုက်သည်။
“မင်းတို့ သွားလို့ရပြီ၊ ဒီရက်ပိုင်းအတွင်း သတ်ဖြတ်မှုတွေကြောင့် မင်းတို့ တော်တော်လေး ပင်ပန်းနေလောက်ပြီ။ ရက်အနည်းငယ်လောက် ကောင်းကောင်း အနားယူပြီး မင်းတို့ရဲ့ ခွန်အားတွေကို မြှင့်တင်ကြ။” ရှောင်ရှိူက်က တည်ငြိမ်စွာ ပြောလိုက်သည်။ ထို့နောက် တပည့်ရှစ်ယောက်သည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။
“မကြာသေးခင်က သတ်ဖြတ်မှုတွေကြောင့် ငါ့ရဲ့ကျင့်ကြံမှုလည်း အတော်လေး တိုးတက် လာခဲ့တယ်။ ဒါဟာ ဗဟိုကမ္ဘာဆီကလာတဲ့ ဖိအားတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ငါ့ရဲ့ သိုင်းဆန္ဒကို အထည်ကိုယ်ဒြဗ်အသွင် စုစည်းခြင်းအဆင့်အဆင့်ကို ရောက်ဖို့ သိပ်မကြာ တော့ဘူး။ ငါ ‘သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်းအဆင့်’ ဆိုတဲ့ အမြင့်ဆုံး လျှို့ဝှက် နယ်ပယ်ကိုတောင် တက်လှမ်းနိုင်ကောင်း တက်လှမ်းနိုင်လိမ့်မယ်။ ဒီမှော်ရတနာကို ငါ သိမ်းထားတာ တော်တော်ကြာပြီ။ အခုတော့ ငါ့ခန္ဓာကိုယ်နဲ့ အပြီးတိုင် ပေါင်းစပ်ဖို့ အချိန်တန်ပြီပဲ။”
သူ၏လက်ချောင်းကို တစ်ချက် ခေါက်လိုက်သည်နှင့် ရှောင်ရှိူက်၏ လက်ထဲတွင် ထူးဆန်းသော လက်နက်တစ်ခု ပေါ်လာသည်။
ထိုလက်နက်သည် ကြာပွတ်နှင့်လည်း တူသလို၊ သံမဏိတုတ်နှင့်လည်း ဆင်တူကာ တိုတောင်းသော တုတ်ကောက်တစ်ခုနှင့်လည်း တူနေပြန်သည်။ လက်နက်၏ မျက်နှာပြင် ပေါ်တွင် မှော်ဂါထာမန္တာန်ပေါင်းများစွာကို ထွင်းထုထားပြီး အပ်စိုက်မှတ်များနှင့် ဆင်တူ သော ဟင်းလင်းပြင် အစက်အပြောက်များလည်း ပါဝင်သည်။
“အထီးကျန်ဘုရင် သံမဏိကြာပွတ်... အို အထီးကျန်ဘုရင်ရဲ့ သံမဏိကြာပွတ်ရေ...” ရှောင်ရှိူက်က ထိုသံမဏိကြာပွတ်ကို ဖွဖွလေး ပွတ်သပ်လိုက်သည်။ “ဗဟိုကမ္ဘာက နောက်နှစ်အနည်းငယ်အတွင်း ‘မဟာကမ္ဘာလောက မသေမျိုးနယ်မြေ’ ကို တကယ်ပဲ စတင်ကျူးကျော်တော့မယ်။ ရွှီယွိ၊ ဝန်ကြီးရှစ်ပါး၊ ဟုန်ရွှန်ကျိ၊ ဟုန်ယွိနဲ့ ယန်ဖန်တို့က အသေလဲ တိုက်ခိုက်ကြလိမ့်မယ်။ ငါသာ ဒီနေရာမှာ အင်အားကြီးထွားလာရင် အနာဂတ် မှာ ‘မဟာကမ္ဘာလောက မသေမျိုးနယ်မြေ’ ရဲ့ အရှင်သခင် ဖြစ်လာကောင်း ဖြစ်လာနိုင် တယ်။”
“ဟီးဟီးဟီး... ဟီးဟီးဟီး၊ ရှောင်ရှိူက်ရဲ့ အကြံအစည်က သေးသေးလေး မဟုတ်ဘူးပဲ” အမျိုးသမီးတစ်ဦး၏ အသံသည် ထွက်ပေါ်လာပြီး ရှောင်ရှိူက်၏ အသိစိတ်ဆီသို့ ပျံ့လွင့်လာသည်။
မှန်ပေသည်။ ထိုအရာသည် သာမန်အသံတစ်ခု မဟုတ်ဘဲ သိုင်းဆန္ဒသာ ဖြစ်ပေသည်။
“ဘယ်သူလဲ”
ရှောင်ရှိူက်သည် အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် ထိတ်လန့်သွားခြင်း မရှိပေ။ သူသည် လက်ထဲရှိ အထီးကျန်ဘုရင်၏ သံမဏိကြာပွတ်ကို ဝှေ့ယမ်းကာ သိုင်းဆန္ဒ ထွက်ပေါ်လာ ရာ အရင်းအမြစ်ဆီသို့ ရူးသွပ်စွာ တိုက်ခိုက်လိုက်သည်။ အလွန်ချွန်ထက်သော သိုင်းဆန္ဒ တစ်ခုသည် အဆုံးအစမဲ့သော ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ အသံရှင်၏ စိတ်ဝိညာဉ် ခန္ဓာကိုယ်ဆီသို့ တည့်မတ်စွာ ပြေးဝင်သွားတော့သည်။
“အထီးကျန်ဘုရင်ရဲ့ တိုက်ကွက်က တကယ်ကို မဆိုးပါလား။” သိုင်းဆန္ဒမှာ ထပ်မံ ထွက်ပေါ်လာပြန်သည်။ “ရှောင်ရှိူက်... ငါတို့က မိတ်ဆွေဟောင်းတွေလေ၊ တွေ့တွေ့ချင်း မှာကို ဒီလောက် ရက်ရက်စက်စက် တိုက်ခိုက်ရသလား။ တော်သေးတာပေါ့... ငါ့ရဲ့ လီဖူကြယ် သိုင်းကွက်ခုနစ်ကွက်က သံချေးမတက်သေးလို့။”
“လီဖူကြယ်သခင်... မင်းလည်း ဒီကို ရောက်နေတာလား။ ဟုန်ရွှန်ကျိက မင်းကို ဒီကို ဆွဲခေါ်လာတာ မဟုတ်လား။ စစ်ဘက်ရေးရာ ဝန်ကြီးက မင်းရဲ့ လီဖူကြယ်ကို သိမ်းပိုက် လိုက်ပြီလား။ ဒါပေမဲ့ သူက အမျိုးသမီး လူသားအင်မော်တယ်တွေကို တော်တော်လေး စိတ်ဝင်စားပုံရတယ်။ သတိထားဦး၊ သူက မင်းကို ဖမ်းသွားလိမ့်မယ်။” ဟု ဆိုကာ ရှောင်ရှိူက်က ရပ်တန့်လိုက်သည်။
“ရှောင်ရှိူက်... အဆင်ပြေရဲ့လား။”
ဝုန်း
ထိုအချိန်မှာပင် ရဲတိုက် ပင်မခန်းမဆောင်ကြီးရှိ ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပွင့်ဟသွားသည်။ လီဖူကြယ်သခင်မ၊ နေမီးလျှံကြယ်သခင်၊ စန်းလန် ကြယ်သခင်၊ မြောက်မြန်ကြယ်သခင်မတို့သည် တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာကြသည်။
“ပေချန်၊ ရန်ယန်၊ ဝူကျွမ်း၊ မင်းတို့အားလုံး ‘သေမင်း တိတ်ဆိတ်ခြင်း ကောင်းကင် အကျဉ်း ထောင်’ ထဲမှာ အကျဉ်းချခံထားရတာ မဟုတ်ဘူးလား။” ထိုမြင်ကွင်းကို ကြည့်ကာ ရှောင်ရှိူက်သည် အလွန်အမင်း အံ့သြသွားသည်။
“သေမင်းတိတ်ဆိတ်ခြင်း ကောင်းကင်အကျဉ်းထောင်ကြီး ပွင့်ထွက်သွားပြီလေ၊ ဒါကြောင့် ငါတို့လည်း သဘာဝအတိုင်း အပြင်ကို ရောက်လာတာပေါ့။” နေမီးလျှံကြယ်သခင်က ရှောင်ရှိူက်ကို ကြည့်ကာ ပြောလိုက်သည်။
“ပွင့်ထွက်သွားတယ်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘယ်သူက ချိုးဖျက်လိုက်တာလဲ။ ယန်ဖန်လား၊ ဟုန်ရွှန်ကျိလား၊ မဖြစ်နိုင်ဘူး။ ဖန်ဆင်းခြင်းသင်္ဘောက အစွမ်းထက်တယ်ဆို ပေမယ့်လည်း ဝန်ကြီးရှစ်ပါး၊ ရွှီယွိနဲ့ ရွှီဝူယွိတို့နဲ့ ရင်ဆိုင်ရရင် ဖျက်ဆီးခံရမှာပဲ။” ရှောင်ရှိူက်က လက်ထဲမှ အထီးကျန်ဘုရင်၏ သံမဏိကြာပွတ်ကို ကိုင်ဆောင်ထားရင်း မတ်မတ်ရပ်ကာ ပြောလိုက်သည်။ “ဒါပေမဲ့ မင်းတို့အားလုံး ထွက်လာနိုင်ခဲ့ပြီဆိုတော့ ငါ့ဆီက ဘာလိုချင်လို့လဲ။”
“သိပ်အများကြီး မဟုတ်ပါဘူး၊ မင်းကို တစ်ယောက်ယောက်ဆီမှာ ခိုလှုံစေချင်ရုံလေးပါ။” လီဖူကြယ်သခင်မက ရယ်မောလိုက်သည်။
“ဟားဟားဟား... မင်းတို့လေးယောက်က အစွမ်းထက်တယ်ဆိုပေမယ့် ငါ ရှောင်ရှိူက်ကို ဖိနှိပ်ဖို့အတွက် နည်းနည်းလေး လိုနေသေးတယ်။ ငါ ထွက်သွားချင်တယ်ဆိုရင် မင်းတို့ထဲ က ဘယ်သူက ငါ့ကို တားဆီးနိုင်မှာလဲ။” ရှောင်ရှိူက်က အေးစက်စက် ပြုံးလိုက်သည်။
“ငါတို့အားလုံးက ကြယ်သခင်တွေ ဖြစ်ကြသလို ငါတို့မှာ ဘုံရန်သူတစ်ခုပဲ ရှိနေတယ်။ ငါတို့အချင်းချင်း တိုက်ခိုက်နေကြရင် ခင်မင်မှုကို ထိခိုက်စေမှာ မဟုတ်ဘူးလား။ ဒါပေမဲ့ မင်းက တစ်ချိန်တုန်းက လူတစ်ယောက်ကို ဝိုင်းဝန်းလုပ်ကြံခဲ့ဖူးတယ်လေ၊ ဒါကြောင့် အဲဒီကိစ္စကို ငါတို့က ဒီအတိုင်း ခွင့်လွှတ်ပေးလိုက်လို့ မဖြစ်ဘူးလေ။” နေမီးလျှံကြယ်သခင် က ဆိုသည်။
ဝုန်း
ရုတ်တရက်ဆိုသလို ဟင်းလင်းပြင်ထဲမှ ကြီးမားလှသော စွမ်းအားဆယ့်နှစ်ခု ကျဆင်းလာ သည်။ အရိပ်ဆယ့်နှစ်ခုသည် မြေပြင်ပေါ်သို့ တစ်ပြိုင်နက်တည်း ကျရောက်လာခဲ့သည်။ ရဲတိုက်ကြီးတစ်ခုလုံးမှာ ငလျင်လှုပ်ခတ်သွားသကဲ့သို့ တုန်ခါသွားပြီး ပြိုကျလုမတတ် ဖြစ်သွားတော့သည်။
ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါး ၏ စွမ်းအားကို ခံစားလိုက်ရပြီးနောက် ရှောင်ရှိူက်၏ မျက်နှာအမူအရာမှာ တစ်ခဏချင်းမှာပင် ထပ်မံ ပြောင်းလဲသွားတော့သည်။
“ရှောင်ရှိူက်... အဆင်ပြေရဲ့လား။”
ပျက်သုဉ်းခြင်း နတ်ဘုရား ၁၂ ပါးနှင့်အတူ ဟုန်ယွိ၏ ပုံရိပ်သည် ထွက်ပေါ်လာသည်။ သူ၏ ဘေးတွင် အပြာရောင်ဝတ်စုံကို ဆင်မြန်းထားသော အမျိုးသမီးတစ်ဦး ရှိနေပြီး သူမသည် ရှေးဟောင်း နတ်ဘုရားဘုရင် ငါးပါးထဲမှ တစ်ပါးဖြစ်သော ‘ကော့လီနတ်ဘုရားဘုရင်မ’ ပင် ဖြစ်ပေသည်။
“ဟုန်ယွိ၊ မင်းပဲကိုး” ရှောင်ရှိူက်က အံကြိတ်ကာ ပြောလိုက်သည်။
“ဟုတ်တယ်၊ ငါပဲ” ဟုန်ယွိက ရှောင်ရှိူက်ကို ကြည့်ကာ လက်ဝှေ့ယမ်းလိုက်သည်။ “ဒီတစ်ခေါက် ကောင်းကင်အပြင်ပနယ်မြေကို အလည်အပတ်သွားရင်းနဲ့ သေမင်း တိတ်ဆိတ်ခြင်း ကောင်းကင်အကျဉ်းထောင်ကို ဖောက်ခဲ့တယ်လေ။ ပေချန်၊ လီဖူ၊ ရန်ယန် ဝူကျွမ်းတို့ကို ငါ ကယ်တင်ခဲ့တာပဲ။ ပြီးတော့ ဒီကော့လီနတ်ဘုရားဘုရင်မကလည်း အဲဒီ အခွင့်အရေးကို ယူပြီး အကျဉ်းထောင်ထဲကနေ လွတ်မြောက်လာခဲ့တာ။”
“အထီးကျန်ဘုရင်ရဲ့ ခန္ဓာကိုယ်လား။” ကော့လီနတ်ဘုရားဘုရင်မသည် ရှောင်ရှိူက်၏ လက်ထဲရှိ အထီးကျန်ဘုရင်၏ သံမဏိကြာပွတ်ကို မြင်သောအခါ အံ့အားသင့်သွားသည်။ ထို့နောက် သူမက ထိုအရာကို လှမ်းဖမ်းဆုပ်ယူလိုက်သည်၊ ရွှစ်..စုပ်ယူအားတစ်ခု ထွက်ပေါ်လာပြီး ရှောင်ရှိူက်ကို ခေါင်းမှ ခြေဖျားအထိ ဖုံးလွှမ်းသွားကာ သူ၏ အထီးကျန် ဘုရင်၏ သံမဏိကြာပွတ်ကို လုယူရန် ကြိုးစားလိုက်သည်။
“ပျက်စီးစမ်း”
ရှောင်ရှိူက် မျက်မှောင်ကြုတ်သွားသည်။ သူ၏ တစ်ကိုယ်လုံးမှ အံ့မခန်း စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး အပ်စိုက်မှတ် ၈၀၀ မှာ တစ်ပြိုင်နက်တည်း လည်ပတ်သွားကာ လေးတစ်စင်း၏ ပုံသဏ္ဌာန် ဖြစ်ပေါ်လာသည်။
“တိမ်တိုက် ထိုးဖောက်မြား”
သူက လက်ခလယ်နှင့် လက်ညှိုးကို ပူးကပ်ကာ ကော့လီနတ်ဘုရားဘုရင်မထံသို့ ညွှန်ပြ လိုက်သည်။
“အင်း”
ရှောင်ရှိူက် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါးကလည်း ရှေ့သို့ တစ်လှမ်း တိုးလာကြသည်။ ကြီးမားလှသော ဖိအားကြီးတစ်ခုက ရှောင်ရှိူက် အပေါ်သို့ ဖိကျလာတော့သည်။
ဖြောက်… ဖျစ်…
ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါး၏ ဖိအားအောက်တွင် ရှောင်ရှိူက်မှာ အသက်ရှူ ကျပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ မည်မျှပင် အစွမ်းထက်နေပါစေ နတ်ဘုရား ၁၂ ပါး၏ စွမ်းအားကို တစ်ယောက်တည်း ရင်ဆိုင်နိုင်စွမ်း မရှိပေ။ ကိုးကြိမ်မြောက် မိုးကြိုး ကပ်ဘေး ကျွမ်းကျင်သူတစ်ဦးပင်လျှင် ထိုသို့ လုပ်နိုင်မည် မဟုတ်ပေ။
ရွှီး… ရွှီး… ရွှီး… ရွှီး…
ဤဖိအားကြီးအောက်တွင် ရှောင်ရှိူက်၏ မျက်နှာမှာ ဖြူလျော့သွားတော့သည်။ တစ်ချိန် တည်းမှာပင် သူ၏ လက်ထဲရှိ အထီးကျန်ဘုရင်၏ သံမဏိကြာပွတ်မှာလည်း ကော့လီ နတ်ဘုရားဘုရင်မ၏ လုယက်ခြင်းကို ခံလိုက်ရတော့သည်။
“ဒူဝမ် (အထီးကျန်ဘုရင်) ဟာ အင်မော်တယ်နတ်ဘုရားဘုရင်ရဲ့ လက်အောက်က မိစ္ဆာ နတ်ဘုရား စစ်သူကြီးတစ်ပါး ဖြစ်ခဲ့တာ။ သူက အင်မော်တယ် နတ်ဘုရားဘုရင်ရဲ့ သံမဏိ ကြာပွတ်တစ်ခုအဖြစ် ပြောင်းလဲခံလိုက်ရလိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ။ ဒီကြာပွတ်က ပြိုင်ဘက်ကင်း နတ်ဘုရားတန်ခိုးစွမ်းအားတွေ ပိုင်ဆိုင်ထားတာ အံ့သြစရာ မဟုတ်တော့ပါဘူး။ ရှောင်ရှိူက်... မင်း ဒီရတနာကို တိုက်ဆိုင်မှုတစ်ခုနဲ့ ရခဲ့တာ မဟုတ် လား။” ကော့လီနတ်ဘုရားဘုရင်မသည် ရှေးဟောင်းခေတ်ကာလများကို လွမ်းဆွတ် တမ်းတနေသကဲ့သို့ တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။
“မင်း... မင်းက တကယ်ပဲ ကော့လီနတ်ဘုရား ဘုရင်မလား။” ရှောင်ရှိူက်၏ အစစ်မှန် စွမ်းအင်များမှာ ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါး၏ ဖိအားကို တွန်းလှန်ရန်အတွက် ဆူပွက် နေသည်။ သူ၏ မျက်လုံးများမှာ ပြူးကျယ်နေသည်။ သူသည် လုံးဝ အရေးနိမ့်နေသော် လည်း သူ၏ ကျင့်ကြံမှုအဆင့်အရ အသက်နှင့် သေခြင်းတရားကို လျစ်လျူရှုနိုင်စွမ်း ရှိနေသေးသည်။
သို့ရာတွင် ကော့လီနတ်ဘုရားဘုရင်မကို မြင်တွေ့လိုက်ရခြင်းက သူ၏ အာရုံကို အလွန်ပင် တုန်လှုပ်သွားစေခဲ့သည်။ သူ မခံစားရဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရသည်။
“ဟုတ်တယ်၊ ငါက မဟာနတ်ဘုရားဘုရင် ငါးပါးထဲက တစ်ပါးဖြစ်တဲ့ ကော့လီနတ်ဘုရား ဘုရင်မပဲ။” ကော့လီနတ်ဘုရားဘုရင်မက နူးညံ့စွာ ပြောလိုက်သည်။ “ဒီအထီးကျန် ဘုရင်ရဲ့ သံမဏိကြာပွတ်ကို ငါ မလိုချင်ပါဘူး။ ဒါက ငါ့ကို ခဏတာလောက် ဝမ်းနည်းသွား စေရုံလေးပါ။” သူမက ထိုသို့ပြောရင်း အထီးကျန်ဘုရင်၏ သံမဏိကြာပွတ်ကို ရှောင်ရှိူက် ၏ လက်ထဲသို့ ပြန်လည် ပစ်ပေးလိုက်သည်။
“ဒါဆိုရင် ဟုန်ယွိ... အရင်တစ်ခေါက်က ငါ မင်းကို ဝိုင်းဝန်းလုပ်ကြံခဲ့လို့ အခု မင်းက ငါ့ကို ပြန်ပြီး ဝိုင်းဝန်းလုပ်ကြံချင်တာလား။” ရှောင်ရှိူက်သည် အထီးကျန်ဘုရင်၏ သံမဏိ ကြာပွတ်ကို လှမ်းယူရင်း ဟုန်ယွိကို စိုက်ကြည့်လိုက်သည်။
“ရှောင်ရှိူက်... ငါ မင်းကို ဝိုင်းဝန်းလုပ်ကြံနေစရာ မလိုပါဘူး။ မင်း သူတို့ကို မေးကြည့်လို့ ရပါတယ်။ ငါ စစ်ဘက်ရေးရာ ဝန်ကြီးကိုတောင် သတ်ပြီး သန့်စင်ပစ်ခဲ့တာ။ သေမင်း တိတ်ဆိတ်ခြင်း ကောင်းကင်အကျဉ်းထောင်ကိုလည်း ငါပဲ ဖောက်ခဲ့တာ။ ဒီမှာရှိတဲ့ သူတွေ ကတော့ အကျဉ်းထောင်ကို ဖိနှိပ်စောင့်ကြပ်နေတဲ့ ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါးလေ။ သူတို့ကိုလည်း ငါပဲ ဖမ်းဆီးပြီး သူတို့ရဲ့ စိတ်ဝိညာဉ်အမှတ်အသားတွေကို ဖျက်ဆီးပစ်ခဲ့ တာ။ မင်းက ငါ့ပြိုင်ဘက် ဟုတ်လို့လား။” ဟုန်ယွိက ပြုံးလိုက်သည်။ ထို့နောက် သူ၏ မျက်နှာအမူအရာမှာ အေးစက်သွားပြီး... “ရိုးရိုးသားသား ပြောရရင် ငါ အခု မင်းကို သတ်ချင်တယ်ဆိုရင် လက်ဖဝါးတစ်ချက် လှန်လိုက်သလိုပဲ အလွန်လွယ်ကူတယ်။”
“စစ်ဘက်ရေးရာ ဝန်ကြီးက မင်း သတ်လို့ သေသွားတာလား။ ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါးလား။ ဒီအရာတွေက သေမင်းတိတ်ဆိတ်ခြင်း ကောင်းကင်အကျဉ်းထောင်ကို ဖိနှိပ်ထား တဲ့ ဒဏ္ဍာရီလာ ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါးလား။ ဒါကြောင့် သူတို့က ဒီလောက် တောင် အစွမ်းထက်နေကြတာကိုး။ ကောလာဟလတွေအရ ဗဟိုကမ္ဘာက လူတွေဟာ ဒီအစွမ်းထက် သတ်ဖြတ်ခြင်းစက်ရုပ်ကြီး ဆယ့်နှစ်ခုကို ဖန်တီးဖို့အတွက် နှစ်ပေါင်း ငါးထောင်လောက် အချိန်ယူခဲ့ရတယ်လို့ ကြားဖူးတယ်။ လူသားအင်မော်တယ်တွေရဲ့ ရုပ်အလောင်း ဘယ်လောက်တောင် အသုံးပြုခဲ့ရမလဲ မသိဘူး...” ရှောင်ရှိူက်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။ တစ်စုံတစ်ခုကို စဉ်းစားနေသကဲ့သို့ အချိန်အတော်ကြာပြီးနောက်မှ သူ ပြန်လည် တည်ငြိမ်သွားတော့သည်။
“ဟုန်ယွိ... မင်းက ဒီလောက် ကြီးမားတဲ့ အင်အားကို ပိုင်ဆိုင်ထားရက်နဲ့တောင် ငါ့ကို လာရှာခဲ့တယ်။ ဒါပေမဲ့ ငါ့ကို သတ်ဖို့တော့ မဟုတ်ဘူးမလား။” ရှောင်ရှိူက်က ဆိုသည်။ “အခု ငါက ချန်ဧကရာဇ်ယန်ဖန် ကိုယ်တိုင် ခန့်အပ်ထားတဲ့ အနောက်ဘက်ဒေသ အောင်နိုင်သူ စစ်သူကြီးချုပ် ဖြစ်နေပြီ။ နန်းတွင်းမှာလည်း ငါက နာမည်အကြီးဆုံးသူပဲ။ ကောလာဟလတွေအရ မနေ့ညက နန်းတော်မှာ မဟာကောင်စီကို ဖွဲ့စည်းလိုက်တယ်၊ ဒါပေမဲ့ မင်း ထောက်ခံနေတဲ့ မင်းသားယုကိုတော့ အဲဒီထဲမှာ ထည့်မထားဘူးလို့ ကြားတယ်။ ငါ့ကို နန်းတော်ဆီ လျှောက်လွှာတစ်စောင် တင်ခိုင်းပြီး မဟာကောင်စီထဲမှာ မင်းသားယုကို ထည့်သွင်းဖို့ ဖိအားပေးခိုင်းချင်တာလား။”
“ဟားဟား... ရှောင်ရှိူက်က တကယ့် ရှောင်ရှိူက်ပဲ။ တစ်ချိန်တုန်းက ကြယ်တစ်ပွင့်ကို အုပ်ချုပ်ခဲ့ဖူးသူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို တန်ပါပေတယ်။” ဟုန်ယွိသည် ရှောင်ရှိူက် ဤမျှ ထက်မြက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ ဘာလုပ်ချင်သည်ကို ရှောင်ရှိူက်က ချက်ချင်းပင် ခန့်မှန်းမိသွားခဲ့သည်။
“ဒါဆို မင်း လုပ်မှာလား မလုပ်ဘူးလား။ ဒါပေမဲ့ ငါ မင်းကို လုပ်ခိုင်းချင်တာ ဒီတစ်ချက် တည်းတော့ မဟုတ်ဘူး။ မင်းရဲ့ တပည့်တွေအားလုံး မင်းသားယုအပေါ် သစ္စာခံရမယ်။ အနာဂတ်မှာ မင်းသားယုကို မင်းရဲ့ အစွမ်းကုန် အင်အားတွေနဲ့ ထောက်ခံပေးရမယ်။” ဟုန်ယွိက ဖြည်းညင်းစွာ ပြောလိုက်သည်။ “ဒါ့အပြင် ကြယ်သခင် လေးပါးဖြစ်တဲ့ လီဖူ၊ ဝူကျွမ်း၊ ပေချန်နဲ့ ရန်ယန်တို့ကလည်း မင်းရဲ့စစ်တပ်နဲ့အတူ လိုက်ပါပြီး အနောက်ဘက် ဒေသကို ငြိမ်းချမ်းအောင် လုပ်ပြီး ‘ဟွာလျှိုတစ်နိုင်လုံးကို သိမ်းပိုက်ပေးလိမ့်မယ်။ မင်း ဘယ်လိုထင်လဲ... ရှောင်ရှိူက်။”
ဟုန်ယွိက ရှောင်ရှိူက်ကို လုံးဝ ဖိနှိပ်ထားနိုင်ရန်အတွက် ကြယ်သခင် လေးပါးကို ရှောင်ရှိူက်နှင့်အတူ အနောက်ဘက်ဒေသကို ငြိမ်းချမ်းစေရန် ‘ကူညီ’ စေချင်ခြင်း ဖြစ်သည်။
တကယ်တော့ ရှောင်ရှိူက် သူ့ကို သတ်ရန် ကြိုးစားခဲ့စဉ်ကတည်းက သူ ရှောင်ရှိူက်ကို ပြန်လည် သတ်ဖြတ်နိုင်ပါသည်။ သူသည် ရှောင်ရှိူက်၏ မူလစွမ်းအင် အနှစ်သာရများကို ‘ဉသျှောင်နဂါး’ အဖြစ် သန့်စင်ပြီး မူလဘိုးဘေးနဂါးနှင့် တစ်သားတည်း ဖြစ်စေကာ သူ၏ ခန္ဓာကိုယ်ကို ပိုမို တိုးတက်အောင် ပြုလုပ်နိုင်ခဲ့သည်။ သို့သော်လည်း ရှောင်ရှိူက်သည် နန်းတော်တွင် အလွန်မြင့်မားသော သြဇာတိက္ကမ ရှိနေသည်။ အကယ်၍ သူသာ နန်းတော် ကို အတင်းအကျပ် ဆန့်ကျင်ပြီး မင်းသားယုကို ထောက်ခံရန် လျှောက်လွှာတစ်စောင် တင်လိုက်မည်ဆိုပါက သူသည် မြို့စားနယ်စားကြီး ဆယ်ဦးထက်မကသော ကြီးမားလှ သည့် အင်အားတစ်ခု ဖြစ်လာလိမ့်မည်။
“ငါ ‘ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့်’ အထိ ကျင့်ကြံနိုင်ခဲ့ရင်တောင် ဒီလောက်ကြီးမား တဲ့ အင်အားစုရှေ့မှာ ခေါင်းငုံ့ရလိမ့်မယ်လို့ ထင်ပါတယ်လေ။” ရှောင်ရှိူက်က ဆိုသည်။
“ကြယ်သခင်လေးပါး... မင်းတို့အပေါ်မှာ ပုံရိပ်ယောင် တံခါးတစ်ပေါက်စီ ငါ ချန်ထားခဲ့ တယ်။ တစ်ခုခုဖြစ်ခဲ့ရင် ငါ ချက်ချင်း ပြေးလာခဲ့မယ်။” ဟုန်ယွိက ဆိုသည်။ “ကော့လီ နတ်ဘုရားဘုရင်မ... ဖန်းပြည်နယ်ရဲ့နယ်စားနဲ့ နံပါတ်တစ် ဖန်းမျိုးနွယ်စုဖြစ်တဲ့ ပညာရှင် သူတော်စင်တွေရဲ့ မိသားစုဆီကို ငါတို့ အလည်အပတ် သွားကြရအောင်။”