အခန်း ၇၂၀
Vol. 69 Ch. 720
အခန်း (၇၂၀)။
မိုးချုပ်စပြုပြီဖြစ်ရာ ကောင်းကင်ယံမှာ မှောင်ရိပ်သန်းစပြုနေပြီ။
ဆောင်းဦးမိုးမှာ ပို၍ သည်းထန်လာပြီး အေးစက်သော မိုးရေစက်တို့မှာ ကျောက်ခင်း လမ်းပေါ်သို့ ရိုက်ခတ်ကာ မရေမတွက်နိုင်သော ရေပေါက်ရေမွှားလေးများ ပက်ဖြန်း လွင့်စင်နေသည်။
ဤကဲ့သို့သော ဆောင်းဦးနှောင်းပိုင်း ရာသီဥတုမှာ အလွန်ပင် အေးစက်လှသည်။ ရှန်တင် သိုင်းသခင်အဆင့် ကျွမ်းကျင်သူများပင်လျှင် မိုးထဲတွင် အချိန်ကြာမြင့်စွာ မနေချင်ကြပေ၊ မဟုတ်ပါက အအေးဓာတ်မှာ အရိုးထဲထိ စိမ့်ဝင်သွားပြီး အသက်အရွယ် ကြီးရင့်လာချိန် တွင် ဂေါက်ရောဂါနှင့် နာတာရှည် နာကျင်မှုများကို လွယ်ကူစွာ ဖြစ်ပေါ်စေနိုင်ပေသည်။
ဤဆောင်းဦးမိုးနှင့် ဤဆည်းဆာအချိန်သည် ဆောင်းဦးနှောင်းပိုင်း၏ အေးစက်မှုနှင့်အတူ ဝမ်းနည်းကြေကွဲဖွယ် အရိပ်အယောင်တစ်ခုကို ပေါင်းထည့်ပေးနေသည်။ ကျောက်စိမ်း မြို့တော်၏ နေရာတိုင်းတွင် ထူးဆန်းသော လေထုတစ်ရပ် ဖုံးလွှမ်းနေပြီး ရှူရှိုက်ရသည်မှာ အသက်ရှူကျပ်မတတ် လေးလနေသည်။ အိမ်တိုင်းစေ့ တံခါးနှင့် ပြတင်းပေါက်များကို ပိတ်ထားကြပြီး အထူးသဖြင့် သူဌေးသူကြွယ်များနှင့် မင်းမျိုးမင်းနွယ်များ၏ အိမ်တော်များ မှာ ပို၍ပင် တိတ်ဆိတ်နေသည်။ ပုံမှန်အားဖြင့် ဤအချိန်တွင် အပြင်ဘက်၌ ခြံဝင်းများကို သန့်ရှင်းရေးလုပ်ကာ ဆောင်းဦးမိုးကြောင့် ကြွေကျလာသော သစ်ရွက်များကို တံမြက် စည်းလှဲနေသည့် အစေခံများစွာ ရှိနေတတ်သော်လည်း ယခုအခါတွင်မူ တစ်ယောက်မှ မတွေ့ရပေ။
အကြောင်းရင်းမှာ လမ်းမများပေါ်တွင် နန်းတွင်းကိုယ်ရံတော်တပ်များဖြင့် ပြည့်နှက်နေ သောကြောင့် ဖြစ်သည်။ ခြေလှမ်းအနည်းငယ်တိုင်းတွင် ကင်းစောင့်တစ်ယောက်၊ ကင်းစခန်းတစ်ခု ရှိနေပြီး သံချပ်ကာဝတ် မြင်းစီးတပ်ဖွဲ့များအပြင် ကျောတွင် ဧရာမ ဓားကြီးများလွယ်ထားသော 'တစ္ဆေခေါင်းဓားကိုင်စစ်သည်သား' များလည်း နေရာအနှံ့ အပြားတွင် ရှိနေကြသည်။ နန်းတွင်းကိုယ်ရံတော်တပ်၏ အဓိကတပ်ဖွဲ့ကြီး ငါးခုစလုံးနှင့် ကျောက်စိမ်းမြို့တော်၏ လုံခြုံရေးရုံး အားလုံးကို အသင့်ပြင် စုရုံးထားပြီး ဖြစ်သည်။
ဆယ်မိုင်ရှည်လျားသော လမ်းမတိုင်းကို အပြည့်အဝ ပိတ်ဆို့ထားသည်။ ရေမြောင်းများ၊ မိလ္လာမြောင်းများနှင့် ကျင်းရွှေမြစ်ကိုပင် အစောင့်အကြပ်များ ထူထပ်စွာ ချထားသည်။ ဓားနှင့်လှံများမှာ တဖျတ်ဖျတ် လင်းလက်တောက်ပနေပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်နေသည်။
တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော သွေးစွမ်းအင်များမှာလည်း တဟုန်ထိုး မြင့်တက်နေ၏။
ဤအချိန်၌ အကယ်၍ တာအိုပညာရှင်များသာ ဟင်းလင်းပြင်မှနေ၍ ကြည့်လိုင်မည် ဆိုပါက ကျောက်စိမ်းမြို့တော်၏ ကောင်းကင်ယံတစ်ခုလုံးတွင် သွေးစွမ်းအင်များ တဟုန်ထိုး လှိမ့်တက်နေသည်ကို တွေ့မြင်ရလိမ့်မည်။ ထိုအထဲတွင် သိုင်းသူတော်စင်များ နှင့် တာအိုပညာရှင်များ မည်မျှ ပါဝင်နေမည်ကို မည်သူမျှ မသိနိုင်ပေ။
မြို့တစ်ခုလုံးကို ပိတ်ဆို့ထားပြီး မိန်းမစိုးများ၏ တပ်ဖြန့်မှုနှင့် အိမ်တိုင်းစေ့ တံခါးပိတ်ထား သဖြင့် လူဦးရေ ဆယ်သန်းနီးပါးရှိသော ကျောက်စိမ်းမြို့တော်မှာ လုံးဝ တိတ်ဆိတ်သွားခဲ့ သည်။ မြို့တံခါး အားလုံးကိုလည်း ပိတ်ထားလိုက်လေပြီ။
ထို့ပြင် လမ်းမများပေါ်မှာလည်း မိန်းမစိုးအများအပြား ရှိနေသည်။ သူတို့သည် မိုးထဲတွင် အဆက်မပြတ် သွားလာနေကြပြီး အရေးမကြီးသော ကိစ္စဖြင့် အပြင်ထွက်သူမှန်သမျှကို အိမ်ထဲသို့ ပြန်ဝင်ရန် မောင်းထုတ်နေကြသည်။
ဤမျှ ကြီးမားသော လှုပ်ရှားမှုကြောင့် ကြီးမားသော ကိစ္စတစ်ခုခု ဖြစ်တော့မည်ကို လူတိုင်း သိနေကြသည်။
တကယ်တမ်းတွင် ကျောက်စိမ်းမြို့တော်၌ သတင်းအချက်အလက် ကောင်းမွန်သည့် ထင်ရှားသော မိသားစုကြီးများ၊ ဩဇာတိက္ကမကြီးမားသော မျိုးနွယ်စုကြီးများ၊ မင်းသား များ၊ မှူးမတ်များနှင့် အကယ်ဒမီအသီးသီးမှာ သတင်းပေးများ မရှားပါချေ။ ယခုအခါ သူတို့သည် သတင်းရနေကြပြီ ဖြစ်သည်။ ဧကရာဇ်က မင်းသားယုကို ဖမ်းဆီးရန်နှင့် သူ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန် အမိန့်ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း၊ သူ၏ အပြစ်မှာ ကိုယ်ကျိုးအတွက် ဂိုဏ်းဂဏဖွဲ့စည်းခြင်းနှင့် ဥပဒေကို ဆန့်ကျင်ကာ ပုန်ကန်ရန် ကြံစည် ခြင်းတို့ ဖြစ်ကြောင်း သိရှိနေကြပြီ။
လွန်ခဲ့သောလများအတွင်း နန်းတွင်းက 'မဟာကောင်စီ' ကို တည်ထောင်ခဲ့ပြီး မင်းသားယု ကို သိသိသာသာ ချန်လှပ်ထားခဲ့သည်။ ကမ္ဘာပေါ်ရှိ လူတိုင်းက နန်းတော်သည် ကျိုးယွိ အကယ်ဒမီကို ဖိအားပေးနေခြင်း ဖြစ်ကြောင်း သိရှိကြသည်။
နန်းတော်နှင့် မင်းသားယု တို့၏ အားပြိုင်မှုက ကျိုးယွိအကယ်ဒမီနှင့် ဧကရာဇ်၊ ဟုန်ရွှန်ကျိတို့၏ အားပြိုင်မှုပင် ဖြစ်သည်။
ယခုအခါ ဟုန်ယွိသည် ဤမဟာကမ္ဘာလောက၏ သူတော်စင်တစ်ပါး ဖြစ်နေလေပြီ။ အခြားတစ်ဖက်တွင်မူ ဧကရာဇ်ယန်ဖန်က ကိုး-ငါးလမ်းစဉ် အထွတ်အထိပ် အုပ်စိုးရှင် တစ်ဦးဖြစ်ပြီး ဟုန်ရွှန်ကျိက ယင်နှင့်ယန်ကို ထိန်းချုပ်သော ဧကရာဇ်အကြံပေးကြီး ဖြစ်သည်။ တစ်ဖက်မှာ ပညာရှင်လောက၏ ခေါင်းဆောင်၊ ဤလောက၏ ဖြောင့်မတ်ခြင်း လမ်းစဉ်၏ ခေါင်းဆောင်ဖြစ်ပြီး၊ အခြားတစ်ဖက်မှာမူ ဤမဟာကမ္ဘာလောကကြီးကို စည်းလုံးညီညွတ်အောင် အုပ်ချုပ်နေသူ ဖြစ်သည်။ ဤနှစ်ဖက်ကြား တိုက်ပွဲကြောင့် ရည်မှန်းချက်ကြီးသူ အများအပြားမှာလည်း တိတ်တဆိတ် အကြံထုတ်နေကြပြီ။
နန်းတော်က မင်းသားယုကို ဖယ်ရှားလိုက်သည်နှင့် ကျိုးယွိအကယ်ဒမီက မျှော်လင့်ထား သည့်အတိုင်း အမှန်ပင် တုံ့ပြန်လာခဲ့သည်။ သူတို့၏ တုံ့ပြန်မှုမှာ အလွန်ကြီးကျယ် ခမ်းနား ပြီး ဤလောကရှိ ဘုရင်ခံများ၊ အုပ်ချုပ်ရေးမှူးများအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ ပြီး နေ့စဉ်နှင့်အမျှ နန်းတော်သို့ အစီအရင်ခံစာ သောင်းနှင့်ချီ၍ ပေးပို့ကြပြီး နန်းတွင်းကို ဖိအားပေး ခြိမ်းခြောက်လာကြသည်။
ကျိုးယွိအကယ်ဒမီ၏ ဤလှုပ်ရှားမှုမှာ ဟုန်ယွိ၏ အင်အား မည်မျှ ကြီးမားကြောင်းကို လည်း ဤလောကရှိ လူတိုင်းအား မြင်တွေ့စေခဲ့သည်။ ရှောင်ရှိူက်၊ ချန်ပီယံမြို့စား၊ နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူး၊ နတ်ဘုရားစွမ်းအားရှင်၊ လေနတ်ဘုရားနိုင်ငံ၊ ပညာရှင် သူတော်စင် မိသားစုကြီး လေးခု၏ ခေါင်းဆောင်များ၊ ဘုရင်ခံ၊ အုပ်ချုပ်ရေးမှူး ရာပေါင်းများစွာကို တစ်ပြိုင်နက်တည်း စုစည်းနိုင်ခဲ့သည်။
နန်းတွင်းက တိတ်ဆိတ်နေလိမ့်မည်ဟု လူတိုင်းက ထင်မှတ်ထားခဲ့ကြသော်လည်း ချန် ဧကရာဇ် ယန်ဖန်က ဤမျှ ပြတ်သားလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ သူက ချက်ချင်းပင် လက်ဦးမှုယူကာ မင်းသားယုကို ဖမ်းဆီးပြီး ပုန်ကန်မှုဖြင့် အပြစ်ပေးရန် ကြိုးပမ်းခဲ့သည်။
ဤမျှ လျင်မြန်ပြီး ပြတ်သားလှသော လုပ်ရပ်များအားလုံးက လူများကို တွေဝေသွားစေခဲ့ သည်။
နန်းတွင်းက စစ်တပ်များ စေလွှတ်ခြင်း၊ အမိန့်တော်များ ထုတ်ပြန်ခြင်း၊ မင်းသားယုကို ဖမ်းဆီးရန်နှင့် ပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်းများ ပြုလုပ်လိုက်သည့် အခိုက်အတန့် တွင်... ကျောက်စိမ်းမြို့တော်ရှိ ထောင်နှင့်ချီသော အင်အားစု အကြီးအသေး အားလုံးမှာ ပုန်းအောင်းနေကြပြီး ဆွေးနွေးမှုများ ပြုလုပ်နေကြကာ၊ သတင်းများမှာလည်း လျှို့ဝှက် လမ်းကြောင်း အသီးသီးမှတစ်ဆင့် ပျံ့နှံ့သွားလေသည်။
နေ့တစ်ဝက်အတွင်းမှာပင် အဓိကအင်အားစု အများအပြားမှာ ကျောက်စိမ်းမြို့တော်တွင် ဘာတွေ ဖြစ်လာတော့မလဲဆိုသည်ကို သိရှိသွားကြပြီ။
လွန်ခဲ့သော နှစ်လကတည်းက စတင်ခဲ့သော ဤကိစ္စကြီးမှာ အရှိန်အဟုန်ပြင်းစွာ ဖြစ်ပေါ် နေပြီး ယခုအခါ မီးတောင်တစ်ခု ပေါက်ကွဲသကဲ့သို့ ပေါက်ကွဲထွက်လာပြီး ထိန်းချုပ်၍ မရနိုင်တော့ပေ။
...
"မင်းသားယု ဘယ်ရောက်သွားတာလဲ"
ဤအချိန်တွင် မင်းသားယု၏ အိမ်တော်အတွင်း၌ အပြင်ဘက်ကို လေးသည်တော်များနှင့် ဒူးလေးသမားများက အတွင်းသုံးထပ်၊ အပြင်သုံးထပ် တင်းကျပ်စွာ ဝန်းရံထားပြီး သံပိုက်လုံးများနှင့် ထူးဆန်းသော လက်နက်များကို ကိုင်ဆောင်ထားသည့် သံချပ်ကာ စစ်သည်များပင် ရှိနေကာ ဖောက်ထွင်းဝင်ရောက်၍ မရအောင် ဖြစ်နေသည်။ အိမ်တော်ဘေးရှိ မူလက လီနှစ်ဆယ်မှ သုံးဆယ်အထိ ရှည်လျားသော လမ်းမများမှာလည်း ယခုအခါ ကြီးမားသော စစ်တပ်ကြီးဖြင့် ပြည့်နှက်နေလေပြီ။
ကောင်းကင်ယံ၌ပင် ဝဲပျံနေသော မှိန်ပျပျ အရိပ်များ ရှိနေသည်။ ၎င်းတို့က မည်သို့သော လျှို့ဝှက်ဆန်းကြယ်သည့် တစ္ဆေသရဲများ သို့မဟုတ် နတ်ဘုရားများ ဖြစ်သည်ကို မည်သူမျှ မသိနိုင်ပေ။
ဧကရာဇ်ယန်ဖန်သည် မင်းသားယုကို ဖမ်းဆီးရန် ရုတ်တရက် အမိန့်ထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး သူ၏ အင်အားများကို ထုတ်ဖော်ပြသရန် ဝန်မလေးခဲ့ပေ။ ဥပမာအားဖြင့် သူသည် လျှို့ဝှက်ဆန်းပြားသော "မီးလျှံအမြောက်တပ်ရင်း" ကိုပင် ထုတ်သုံးခဲ့သည်။
နက်မှောင်သော သံပိုက်လုံးများကို ကိုင်ဆောင်ထားပြီး ဓား၊ လှံ၊ ရေနှင့် မီးတို့ကို ခံနိုင်ရည် ရှိသည့် မိုးကာဝတ်ရုံနက်များကို ဝတ်ဆင်ထားကာ၊ မလှုပ်မယှက် ရပ်နေကြသော အဆိုပါ စစ်သည်များအားလုံးမှာ ရှန်တင်သိုင်းသခင်အဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူတို့ အရေတွက် မည်မျှရှိသည်ကို မသိနိုင်သော်လည်း သူတို့မှာ ဒဏ္ဍာရီလာ မီးလျှံ အမြှောက်တပ်ရင်း ဖြစ်သည်။ မီးလျှံအမြောက်တပ်ရင်းသည် တော်ဝင်ချန် အင်ပါယာ၏ အထူးချွန်ဆုံး တပ်ဖွဲ့များထဲမှ တစ်ခုဖြစ်ပြီး စကြာဝဠာနဂါးကိုယ်ရံတော်များထက်ပင် ပိုမို လျှို့ဝှက်ဆန်းပြားသည်။
ထို့ပြင် အမှန်တရားတာအိုဂိုဏ်းနှင့် ဖန်ရှန်းတာအိုဂိုဏ်း၏ တာအိုဘုန်းကြီး အများအပြား လည်း ပါဝင်နေကြပြီး ဓားစွမ်းအင်များက မှိန်ပျပျ ထွက်ပေါ်နေကာ သူတို့ကြားတွင် ပညာရှင်များ မည်မျှ ပုန်းအောင်းနေသည်ကို မသိနိုင်ပေ။
ခရမ်းရွှေရောင် ဝတ်ရုံကြီးကို ဆင်မြန်းကာ တန်ဖိုးကြီး ဆေဘာတစ်လက်ကို ကိုင်ဆောင် ထားသော ဟုန်ရှီသည် မင်းသားယု၏ အိမ်တော်အလယ်တွင် ပျံသန်းနေသော ဓားပျံ နှစ်လက်ကဲ့သို့ မားမားမတ်မတ် ရပ်နေသည်။ သူ၏နောက်တွင် သံချပ်ကာဝတ် ကျွမ်းကျင် သူများ အုပ်စုလိုက် ရှိနေသည်။
ဟုန်ရှီ၏ မျက်နှာအမူအရာမှာ ပိုမို တည်ကြည်လေးနက်လာသည်။ သို့သော် သူ၏ မျက်နှာ တွင် အပြုံးဖျော့ဖျော့လေး အမြဲတမ်း ရှိနေတတ်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ ပြင်းထန် သော သွေးစွမ်းအင်များမှာ လှိုင်းထန်နေသည်။
ကောင်းကင်အပြင်ပနယ်မြေ ဗဟိုကမ္ဘာမှ ခေါင်းဆောင် ရွှီယွိထံမှ "ရွှေရောင်အင်မော်တယ် မူလဝိညာဉ်" ကို ရရှိပြီးကတည်းက၊ သူသည် ပြိုင်ဘက်ကင်း လျှို့ဝှက်ဆန်းပြားသည့် ပညာရပ်များကို သင်ယူခွင့်ရခဲ့ပြီး လူသားအင်မော်တယ် အဆင့်သို့ အတင်းကြပ် မြှင့်တင် ပေးခြင်း ခံခဲ့ရသည်။ သူက ရွှေရောင်အင်မော်တယ် ဝတ်ရုံကိုလည်း ဆင်မြန်းထားသည်။ ယခုအခါ သူသည် ကနဦးအဆင့် လူသားအင်မော်တယ် ကျွမ်းကျင်သူ တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ ဤရက်ပိုင်းအတွင်း ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ခဲ့ပြီးနောက် သူသည် ပညာရပ်အားလုံးကို ကျွမ်းကျင်သွားခဲ့ပြီး သူ၏ ကျင့်ကြံမှုမှာလည်း တဟုန်ထိုး မြင့်တက် သွားခဲ့သည်။
သူ၏ "ရွှေအင်မော်တယ် ဝတ်ရုံ"၊ လျှို့ဝှက်ပညာရပ် အမျိုးမျိုးဖြင့် အဆင့်ခြောက် မိုးကြိုး ကပ်ဘေး ကျွမ်းကျင်သူများကိုပင် ရင်ဆိုင်တိုက်ခိုက်နိုင်သည်ဟု ဆိုနိုင်သည်။ ရွှေရောင် အင်မော်တယ် ဝတ်ရုံသည် ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်နှင့် အဆင့်တူ ဖြစ်ကြောင်း သိထားရမည်။
ယခုမူ ဟုန်ရှီသည် ရင်ပြင်တွင် ရပ်နေရင်း မိုးထဲတွင် ဒူးထောက်နေရသော မင်းသားယု အိမ်တော်မှ ကျွမ်းကျင်သူများကို ကြည့်ကာ အလွန်ပင် ကျေနပ်အားရနေသည်။
ကျွမ်းကျင်သူတစ်ဦး၏ ရှေ့သို့ လျှောက်သွားကာ ဟုန်ရှီးက မေးလိုက်သည်။ "ငါ ထပ်မေးမယ်၊ မင်းသားယု ဘယ်ရောက်သွားတာလဲ။ သူ ကျိုးယွိအကယ်ဒမီကို သွားတာ လား။"
"ထွီ"
မင်းသားယု အိမ်တော်မှ ထိုကျွမ်းကျင်သူသည် ကြိုးတုပ်ခံထားရပြီး မိုးထဲတွင် အတင်း အဓမ္မ ဒူးထောက်ခိုင်းခြင်း ခံထားရသော်လည်း ခေါင်းမညိတ်၊ အလျှော့မပေးခဲ့ပေ။ သူက ဟုန်ရှီကို တံတွေးဖြင့် ထွေးလိုက်သည်။
"မင်းက သေချင်နေတာပဲ"
ဟုန်ရှီ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားသည်။ သူ၏ ရွှေအင်မော်တယ် ဝတ်ရုံပေါ်မှ အေးစက်စက် အစစ်မှန်စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး ထိုတံတွေးကို ရေခဲတုံး အဖြစ် ချက်ချင်း အေးခဲသွားစေသည်။ ထို့နောက် သူက လက်တစ်ဖက်ဖြင့် ဝှေ့ယမ်းလိုက် ရာ 'ဖြန်း' ခနဲ မြည်သံနှင့်အတူ သူ၏ လက်ချောင်းငါးချောင်းပေါ်မှ မီးတောက်ကဲ့သို့ အစစ်မှန် စွမ်းအင်များ ထွက်ပေါ်လာပြီး ထိုကျွမ်းကျင်သူ၏ ဦးခေါင်းကို ဖောက်ထွက်သွား သည်။
"အား"
မင်းသားယု အိမ်တော်မှ ပညာရှင်မှာ ကြေကွဲဖွယ် အော်ဟစ်သံ စူးစူးရှရှ ဟစ်အော်လိုက် ပြီး၊ သူ၏တစ်ကိုယ်လုံး ခရမ်း-ရွှေရောင် မီးတောက်များ လောင်ကျွမ်းသွားကာ ဝုန်းခနဲ အသံနှင့်အတူ ဟုန်ရှီ၏ မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်သွားသော သွေးစွမ်းအင် လမ်းကြောင်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ဟုန်ရှီက ဘိန်းရှူလိုက်ရသကဲ့သို့ သက်သောင့်သက်သာ ခံစားလိုက်ရပြီး သက်ပြင်းရှည် ကြီးတစ်ခု ချလိုက်ပါသည်။
“သွေးအသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်” ကိုယ့်ကိုယ်ကိုယ် စွမ်းအား ပြန်လည် ဖြည့်တင်းဖို့ လူတစ်ယောက်ရဲ့ သွေးအနှစ်သာရကို စုပ်ယူနိုင်တဲ့ ရှေးဦးခေတ် မိစ္ဆာလမ်းစဉ် ရဲ့ အမြင့်ဆုံး သိုင်းပညာပဲ။ သတ်လိုက်တဲ့ လူတစ်ယောက်တိုင်းက ကိုယ့်ရဲ့ အသက် စွမ်းအင်ကို တိုးပွားစေတယ်”
ဟုန်ရှီ၏ လုပ်ရပ်က ထိုနေရာတွင်ရှိသော ကျွမ်းကျင်သူ အများအပြား၏ အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့သည်။ အထူးသဖြင့် ဆေဘာသူတော်စင် ဂွန်ယန်ယု၊ ဝေတိုင်ကန်နှင့် စကြာဝဠာနဂါး နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့မှ အခြားကျွမ်းကျင်သူများ ဖြစ်ကြသည်။
"တပ်မှူးရှီ၊ ဧကရာဇ်က မင်းသားယုရဲ့ ပိုင်ဆိုင်မှုတွေကို စစ်ဆေးဖို့ပဲ အမိန့်ထုတ်ထားတာ။ မင်းက အစောင့်တစ်ယောက်ကို ဒီလိုပဲ သတ်ပစ်လိုက်တယ်ဆိုတော့ နည်းနည်းတော့ မရက်စက်လွန်းဘူးလား" မိန်းမစိုးချုပ် ဝမ်ထောင်က အမိန့်တော်ကို လက်တွင် ကိုင်ဆောင် ထားရင်း အိမ်အမိုးစွန်းအောက်တွင် ရပ်နေသည်။ သူ၏နောက်တွင် မိန်းမစိုးအငယ်လေး အချို့ ပါလာသည်။ ဟုန်ရှီ လူသတ်လိုက်သည်ကို မြင်သောအခါ သူ မျက်မှောင်မကြုတ်ဘဲ မနေနိုင်ခဲ့ပေ။
"အို… ဧကရာဇ်က မင်းသားယုဟာ ပုန်ကန်လိုတဲ့ဆန္ဒနဲ့ ကိုယ်ကျိုးအတွက် ဂိုဏ်းဂဏ ဖွဲ့စည်းတယ်လို့ အမိန့်ထုတ်ထားတယ်။ အခု ဒီအစောင့်က ပုန်ကန်ဖို့ ကြံစည်ပြီး ငါ့ကို အန္တရာယ်ပြုဖို့ ကြိုးစားနေတော့ ငါက သူ့ကို မေးခွန်းထုတ်စရာမလိုဘဲ သတ်ရမှာပဲ။" ဟုန်ရှီက အေးစက်စွာ ပြောလိုက်သည်။ သို့သော် သူ၏ ရင်ထဲတွင်မူ ကြိတ်မနိုင်ခဲမရ ခံစားချက်တစ်ခု ပေါ်ထွက်လာသည်။ "ဒီနေ့တော့ မင်းသားယုပေါ့၊ ဟုန်ယွိ… မင်း အလှည့် ရောက်ဖို့ သိပ်မလိုတော့ပါဘူး။ တစ်နေ့ကျရင် ငါ မင်းကို ကြိုးတုပ်ပြီး မင်းရဲ့ အနှစ်သာရ သွေးတွေကို စုပ်ယူပစ်မယ်၊ ပြီးတော့ မင်းကို သေချင်ပေမဲ့ သေလို့မရအောင် လုပ်ပစ်မယ်”
"သခင်လေးရှီ၊ ခုနလေးတင်ပဲ ကျွန်တော်တို့ နှစ်ယောက်က လျှို့ဝှက်နည်းစနစ်ကို သုံးပြီး မင်းသားယုရဲ့ အိမ်တော်ကို ရှာဖွေခဲ့ပေမဲ့ မင်းသားယုရဲ့ အရိပ်အယောင်ကို မတွေ့ခဲ့ရဘူး။ အခု မင်းသားယု အိမ်တော်တစ်ခုလုံးက အိမ်စေ ၃,၄၃၉ ယောက်၊ အစေခံမ ၁,၇၃၀ ယောက်၊ ပြီးတော့ အိမ်ထိန်းတွေ၊ သိုင်းသမားတွေ၊ စာရင်းကိုင်တွေ စုစုပေါင်း လူ ၈,၄၀၀ ကို ဖမ်းဆီးထားပြီး နောက်ဖေးမှာ ဒူးထောက်ခိုင်းထားပါတယ်"
ထိုအချိန်တွင် အနီရောင်ဝတ်ထားသော အမျိုးသားတစ်ဦးနှင့် အဖြူရောင်ဝတ်ထားသော အမျိုးသားတစ်ဦးတို့သည် ရာဇလှံတံကို ကိုင်ဆောင်ကာ လျှောက်လာကြသည်။ သူတို့က ဟုန်ရှီကို အရိုအသေပေးကာ "သခင်လေးရှီ" ဟု ခေါ်ဆိုကြသည်။ ဤလူနှစ်ယောက်မှာ အနှစ်သာရ နတ်ဘုရားကျောင်း၏ သွေးနတ်ဘုရားနှင့် မှော်နတ်ဘုရားတို့ ဖြစ်ကြသည်။ ဤနတ်ဘုရားကြီး နှစ်ပါးမှာ ဟုန်ရှီနောက်သို့ လုံးဝ လိုက်ပါသွားကြပြီ ဖြစ်ကြောင်း သိသာလှသည်။
"ဒီမဟာနတ်ဘုရားက နှစ်ပါးက တကယ်ပဲ လူသားအသွင် ပြောင်းသွားကြတာပဲ..."
ထိုက်ရှီတောင်၏ 'နဂါးဝိညာဉ်' ဖြစ်သော မင်းသားချန်သည်လည်း လူအုပ်စုတစ်စုကို ဦးဆောင်လာသည်။ သွေးနတ်ဘုရားနှင့် မှော်နတ်ဘုရားတို့၏ အသွင်အပြင်ကို မြင်သော အခါ သူ၏စိတ်မှာ တုန်လှုပ်သွားခဲ့သည်။ ဤအချိန်တွင် မင်းသားယု အိမ်တော်၌ ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေး ပညာရှင်တစ်ဦးနှင့် ညီမျှသော ချန်မင်းသား ယန်ချန် အပါအဝင် ပညာရှင်များစွာဖြင့် ပြည့်နှက်နေပေသည်။
ထို့ပြင် စကြာဝဠာနဂါး နန်းတွင်းကိုယ်ရံတော်များ၏ တပ်မှူး ဂွန်ယန်ယုလည်း ရှိနေသေး သည်။
ဤဆေဘာသူတော်စင်မှာလည်း ခန့်မှန်းရခက်လှ၏။ သူ မည်သည့် လျှို့ဝှက်ပညာရပ်ကို ကျင့်ကြံထားသည်ကို မသိရသော်လည်း သူ၏ ဖြူနေသော ဆံပင်များမှာ ပြန်လည် နက်မှောင်လာပြီး ငယ်ရွယ်နုပျိုလာသည့် လက္ခဏာများ ပြသနေကာ၊ သူဝတ်ဆင်ထား သော 'အဝါရောင်ကောင်းကင် နတ်ဘုရားချပ်ဝတ်' မှာလည်း အရောင်ပြောင်းသွားပြီး ပြင်းထန်သော စွမ်းအားများကို ပြသနေကာ ပြန်လည်သန့်စင်ထားပုံရသည်။
သူ့နောက်ရှိ သူ၏တပ်ဖွဲ့များမှာလည်း မယုံနိုင်လောက်အောင် သန်မာကြပြီး ချပ်ဝတ်များ အတွင်း၌ သိုင်းသူတော်စင်များ မည်မျှ ပုန်းအောင်းနေသည်ကို မသိနိုင်ပေ။ တော်ဝင် ချန်အင်ပါယာက အနောက်ဘက်ဒေသကို သိမ်းပိုက်စဉ်တုန်းက သိုင်းသူတော်စင် အများ အပြားကို ဖမ်းဆီးရမိခဲ့သည်။ ယခုအခါ သူတို့ကိုလည်း လက်အောက်ခံအဖြစ် ပြုလုပ်ကာ စကြာဝဠာနဂါး နန်းတွင်းကိုယ်ရံတော် တပ်ဖွဲ့ထဲသို့ ထည့်သွင်းထားပြီး ဖြစ်သည်။
ထို့အပြင် လျှို့ဝှက်ဆန်းကြယ်သော "ဖန်ဆင်းခြင်းအရိပ်ကိုယ်ရံတော်တပ်ဖွဲ့" ကိုလည်း "မီးလျှံအမြောက်" တပ်ဖွဲ့၏ ပတ်ဝန်းကျင်တွင် တပ်ဖြန့်ထားသည်။
ပို၍အံ့ဩစရာကောင်းသည်မှာ ဟုန်ရှီ၏ တပ်ဖွဲ့ဝင်များကြားတွင် လူ သုံးလေးယောက်စာ ခန့် မြင့်မားပြီး၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်အဝတ်ဖြင့် လုံးဝ ဖုံးအုပ်ထားကာ သစ်ပင်ကြီးတစ်ပင်နှင့် တူသလို ရှေးဟောင်း သတ္တဝါကြီးတစ်ကောင်နှင့်လည်း တူသော ပုံရိပ်ပင် ဖြစ်သည်။
ထိုပုံရိပ်မှာ ကောင်းကင်မိစ္ဆာဘိုးဘေးကြီး “ပါ့” ပင်။
ဤလူများမှာ အပြင်ပန်းတွင် မြင်တွေ့နေရသော ကျွမ်းကျင်သူများ ဖြစ်ကြသည်။ အမှောင် ထဲတွင် မည်သည့် ကျွမ်းကျင်သူများ ပုန်းအောင်းနေဦးမည်ကို မသိနိုင်ပေ။ အကယ်၍ လေဟာနယ်ကို ဖြတ်သန်းသွားလာနိုင်သော ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေး ပညာရှင်တစ်ဦးသာ ဤအချိန်တွင် ရှိနေမည်ဆိုပါက အနက်ရှိုင်းဆုံး ဟင်းလင်းပြင် အမျိုးမျိုးတွင် ပုန်းအောင်းနေသော မရေမတွက်နိုင်သည့် ပြင်းထန်သော အငွေ့အသက် များကို မြင်တွေ့ရလိမ့်မည်။
ဤမျှ များပြားသော ကျွမ်းကျင်သူများ ဝိုင်းရံထားသဖြင့် မင်းသားယု၏ တပည့်များ ခုခံနိုင် စွမ်း မရှိသည်မှာ မထူးဆန်းတော့ပေ။
"မင်းသားယုက ကျိုးယွိအကယ်ဒမီမှာ ရှိနေတာ သိသာနေတာပဲ။ ငါတို့ အခု ဘာလုပ်ကြ မလဲ။ စစ်တပ်ကို ဦးဆောင်ပြီး ကျိုးယွိအကယ်ဒမီကို ဝိုင်းရံရမလား" ထိုအချိန်တွင် မိစ္ဆာ မျောက်ဝံပါ့က စကားပြောလိုက်သည်။
"အရာအားလုံးကို တရားဝင် လုပ်ထုံးလုပ်နည်းအတိုင်းပဲ လုပ်ရမယ်။ မင်းသားယုက ပုန်ကန်ဖို့ ကြံစည်နေတာ။ သူက နန်းတွင်းကိုယ်ရံတော် အများအပြားကို သတ်ဖြတ်ခဲ့ပြီး အခု ကျိုးယွိအကယ်ဒမီမှာ ပုန်းအောင်းနေတယ်။ ကျိုးယွိအကယ်ဒမီဆိုတာ သူတော်စင် တွေရဲ့ ကျောင်းတော်ဖြစ်ပေမဲ့ အညစ်အကြေးတွေကို ဖုံးကွယ်ထားတဲ့ နေရာဖြစ်နေပြီ။ အခု အကယ်ဒမီကို ဝင်ရောက်စီးနင်းဖို့ ဧကရာဇ်ဆီကနေ အမိန့်တော် တောင်းခံမယ်"
ဟုန်ရှီ၏ မျက်နှာပေါ်တွင် ဆိုးယုတ်သော အပြုံးတစ်ခု ပေါ်လာပြီး သူက ကောက်ကျစ် သော စွပ်စွဲချက်များကို သွန်ချလိုက်သည်။
"အဲဒီ ဟုန်ယွိက သူ့ကိုယ်သူ သူတော်စင်လို့ ထင်နေတာ။ သူလုပ်သမျှက ယဉ်ကျေးမှုနဲ့ ကျင့်ဝတ်ပေါ်မှာ အခြေခံတာလေ။ ဒီတစ်ခါတော့ သူ သေချာပေါက် ခုခံကာကွယ်လိမ့်မယ် လို့ ငါ ထင်တယ်၊ ဟုတ်တယ်မလား။ သူ ဘယ်လို ခုခံကာကွယ်မလဲဆိုတာ ကြည့်ကြသေး တာပေါ့။ ဟေ့ လာကြစမ်း၊ ပြစ်မှုအားလုံးကို စာရင်းပြုစုကြ။ အားလုံးကို စာရင်းပြုစုလိုက်၊ မနက်ဖြန်ကျရင် ကြေညာစာတမ်းက ကမ္ဘာအနှံ့ ပျံ့နှံ့သွားပြီး အဲဒီသူတော်စင် ဟုန်ယွိ ဆိုကောင် နံစော်နေတဲ့ ခွေးချေးပုံကြီး ဖြစ်သွားစေရမယ်"
...
ထိုအချိန်တွင် ကျောက်စိမ်းမြို့တော် အပြင်ဘက် နေဝင်ဆည်းဆာ အချိန်၏ မှောင်မိုက်နေ သော ဆောင်းဦးမိုးထဲတွင် အနောက်တောင်ကုန်း အပေါ်၌ ဥမင်လှိုဏ်ခေါင်းများ တစ်ခုပြီး တစ်ခု အဆက်မပြတ် ပွင့်လာခဲ့သည်။ သောင်းနှင့်ချီသော လေဟာနယ်တံခါးများနှင့် ပုံရိပ်ယောင်တံခါးများမှဦ အနောက်ဘက် တောင်ကုန်းတွင် ထွက်ပေါ်လာခဲ့သည်။
ထိုလေဟာနယ် တံခါးပေါက်များထဲမှ ရဲရင့်သော စစ်သည်တပ်ဖွဲ့များ ထွက်ပေါ်လာကြ သည်။ မြင်းစီးစစ်သည်များနှင့် စစ်ရထားများပင် ပါဝင်နေသည်။
တစ်သောင်း၊ နှစ်သောင်း၊ သုံးသောင်း... ငါးသောင်း... တစ်သိန်း... နှစ်သိန်း... သုံးသိန်း... ခြောက်သိန်း... စစ်တပ်ကြီးမှာ အဆက်မပြတ် စုစည်းနေသည်။
ဤသည်မှာ ထိုအချိန်က အနောက်ဘက်ဒေသစစ်ပွဲတွင် ကြီးမားသော စစ်တပ်ကြီးကို ပို့ဆောင်ပေးခဲ့သည့် ရှေးဟောင်း ရာရှိုမွန်တံခါး၏ မြင်ကွင်းကို အပြည့်အဝ ပြသနေခြင်းပင် ဖြစ်သည်။ မဟုတ်သေးဘူး... ယခုမြင်ကွင်းက ကြီးမားသော စစ်တပ်ကြီးကို ပို့ဆောင်ပေးခဲ့ သည့် ရှေးဟောင်း ရာရှိုမွန်ထက်ပင် ပို၍ ခမ်းနားကြီးကျယ်နေပေသည်။
ရှေးဟောင်း ရာရှိုမွန်ကို သန့်စင်ပြီးနောက် ၎င်း၏စွမ်းအားက ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။ အထွတ်အထိပ် ထိုက်ကျိမိုးကြိုးရေကန်နှင့် 'သူတော်စင်ပေါင်းစုံ ခန်းမ' ၏ စွမ်းအားကို အမှီပြု၍ ရှေးဟောင်းရာရှိူမွန်တံခါးသည် လူဦးရေ ဆယ်သန်းကို သယ်ယူပို့ဆောင်ပေးနိုင်သည်။ ဤသည်မှာ နတ်ဘုရားဘိုးဘေးတောင်က မူလနဝမ ချောက်နက် နတ်ဘုရားနယ်မြေမှ လူသန်းပေါင်းများစွာကို လွှဲပြောင်းပေးသကဲ့သို့ လူဆယ် သန်းကျော်ကို ပို့ဆောင်ပေးနိုင်သည်။
အင်မော်တယ်ကျောက်စာတိုင် ငါးခုကို စုစည်းနိုင်ပါက ဗဟိုကမ္ဘာမှ လူပေါင်း ဘီလီယံ ဆယ်ဂဏန်းကို မဟာကမ္ဘာလောကကြီးသို့ ပို့ဆောင်ပေးနိုင်သည်။ လက်ရှိ သူတော်စင် ပေါင်းစုံခန်းမသည် အင်မော်တယ်ကျောက်စာတိုင် ငါးခုနှင့် သိပ်မကွာခြားတော့ပေ။ ဤသည်က ၎င်း၏ ပို့ဆောင်နိုင်စွမ်းကို ပြသနေခြင်းပင်။
နှစ်နာရီအတွင်းမှာပင် စစ်တပ်ကြီးမှာ အဆက်မပြတ် စုစည်းနေခဲ့သည်။ ထို့နောက် ဟုန်ယွိ၊ မင်းသားယု၊ ကော့လီနတ်ဘုရားဘုရင်မ၊ ရှောင်ရှိူက်၊ ကြယ်သခင်များဖြစ်ကြ သည့် လီဖူ၊ ဝူကျွင်း၊ ရန်ယန်၊ ပေချန်၊ ပျက်သုဉ်းခြင်းနတ်ဘုရား ဆယ့်နှစ်ပါး၊ ယွမ်ရှန်းရှန်း၊ နဂါးသမီးတော်၊ ချန်ယင်းရှာ၊ လော်ယွန်၊ နင်ဂျာဘုန်းတော်ကြီး၊ ပိုင်ဇိယွဲ့၊ ကြင်ယာတော် ယွမ်၊ မုမိသားစုဝင်များ၊ ချီဇီယန်၊ ကျီရှန်းထျန်း၊ ရွှေပင့်ကူနှင့် အခြားသူများစွာ ထွက်လာကြ သည်။
"စတင်ချီတက်ကြမယ်၊ ကျောက်စိမ်းမြို့တော်ကို ဝိုင်းရံကြ"
အဝေးမှ ကျောက်စိမ်းမြို့တော်ကို ကြည့်ရင်း ဟုန်ယွိက အမိန့်ပေးလိုက်သည်။
စာစဉ် (၆၉) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။