← Chapters

အခန်း ၇၂၂

Vol. 70 Ch. 722

အခန်း ၇၂၂

Vol. 70 Ch. 722

အခန်း (၇၂၂)။

"ထာဝရ ဂုဏ်ရောင်ထွန်းတောက်ပါစေ... ထာဝရ ဂုဏ်ရောင်ထွန်းတောက်ပါစေ..."

ဟုန်ယွိ၏အသံက ပျံ့လွင့်သွားပြီး ကောင်းကင်ယံမှ ဆောင်းဦးမိုးစက်များကိုပင် လှိမ့်တက် လွင့်စင်သွားစေသည်။ ကျောက်စိမ်းမြို့တော်ကို ဝန်းရံထားသော စစ်တပ်ကြီးဖြစ်စေ၊ မြို့တွင်းရှိ သာမန်ပြည်သူများဖြစ်စေ၊ မြို့ပြင်ရှိ မှူးမတ်အိမ်တော်များနှင့် သာမန်လူနေအိမ် များမှ လူများဖြစ်စေ အားလုံးက ရှင်းလင်းစွာ ကြားလိုက်ရသည်။

ဤစစ်သည် ၆၀၀,၀၀၀ သည် မြို့ကို ဝန်းရံထားသော်လည်း ပြည်သူများကို အနည်းငယ် မျှပင် အနှောင့်ယှက်မပေးဘဲ ကွင်းပြင်ရှိ လွတ်လပ်သော နေရာများတွင်သာ စခန်းချကြ သည်။ သူတို့သည် ကိုယ်ပိုင်ရိက္ခာနှင့် အသုံးအဆောင်များကိုပါ ယူဆောင်လာခဲ့ကြသည်။

ဤအချက်နှင့် ပတ်သက်၍ ဟုန်ယွိက အကယ်၍ စစ်သည်တစ်ဦးဦးက ပြည်သူများကို နှောင့်ယှက်ပါက ငဲ့ညှာခြင်းမရှိ ကွပ်မျက်ရမည်ဟု တင်းကျပ်စွာ စည်းကမ်းထုတ်ထား သည်။

ထို့ကြောင့် မြို့ပြင်ရှိ မှူးမတ်အိမ်တော်များ၊ လယ်တောအိမ်များနှင့် ကုန်ဆိုင်များသည် ဆိုင်ပိတ်ထားရုံသာ ရှိပြီး စစ်တပ်၏ လုယက်ခြင်း သို့မဟုတ် မီးရှို့ဖျက်ဆီးခြင်းတို့ကို မခံစားရပေ။

ဟုန်ယွိ၏ အဆင့်အတန်းအရ သူတော်စင်ပေါင်းစုံခန်းမကို လက်ဝယ်ပိုင်ဆိုင်ထားသဖြင့် အရင်းအမြစ်များအတွက် လုယက်နေစရာ မလိုပေ။ သူက ပေးကမ်းရုံသာ ရှိသည်။ ထို့ပြင် ဟုန်ယွိ၌ အခြားသော အတွေးတစ်ခုရှိသေးသည်။ သူသည် ဤမြို့ဝန်းရံမှုကို အသုံးချကာ ကျောက်စိမ်းမြို့တော် ပတ်ဝန်းကျင်ရှိ စီးပွားရေးကို တိုးတက်စေချင်ပြီး အချို့အရာများကို ရောင်းချကာ အချို့ကို ဝယ်ယူရန် စိတ်ကူးရှိသည်။

သို့သော် ဤအရာများမှာ ဒုတိယဦးစားပေးသာ ဖြစ်သည်။ အရေးအကြီးဆုံးမှာ မြို့ရိုးကို ဖောက်ထွင်းဝင်ရောက်ရန်၊ ဧကရာဇ်အကြံပေး ဟုန်ရွှန်ကျိကို ဖမ်းဆီးကာ နန်းတော်သို့ အတင်းအဓမ္မ ခေါ်ဆောင်သွားရန်ပင် ဖြစ်သည်။ ထို့နောက် ဧကရာဇ်၏ ဘေးနားမှ အကျင့်ပျက် အရာရှိများကို ဖယ်ရှားကာ ချန်ဧကရာဇ် ယန်ဖန်ကို လက်အောက်ခံ ဖြစ်စေ ရန် ဖြစ်သည်။

ဟုန်ရွှန်ကျိကို ဖမ်းဆီးပြီး ချန်ဧကရာဇ်၏ ဘေးနားရှိ လူယုတ်မာများကို ရှင်းလင်းသည့် ဤကိစ္စသာ အောင်မြင်သွားပါက ယန်ဖန်သည် နန်းစွန့်ခြင်း မပြုလျှင်ပင် ရုပ်သေးဧကရာဇ် တစ်ပါးနှင့် မခြား ဖြစ်သွားပေလိမ့်မည်။ ထိုအခါ ဘုရင်ခံများ၊ ပြည်နယ်အုပ်ချုပ်ရေး မှူးများမှာလည်း သူ့ဘက်သို့ အမှန်တကယ် သစ္စာခံလာကြမည်ဖြစ်ပြီး ကြီးမားသော အရှိန်အဝါသည်လည်း ချက်ချင်း တည်ဆောက်ပြီးသား ဖြစ်သွားပေလိမ့်မည်။

သို့သော် ဟုန်ရွှန်ကျိ၏ စွပ်စွဲချက်များအရ စစ်တပ်ဦးဆောင်ကာ မြို့ကို ဝန်းရံခြင်းမှာ တရားမျှတမှုပိုင်းတွင် အားနည်းချက် အနည်းငယ် ရှိနေသေးသည်။ ထို့ကြောင့် ဟုန်ယွိက ဤတစ်ကြိမ်တွင် ပိုမိုပွင့်လင်းမြင်သာစွာ လုပ်ဆောင်ခဲ့သည်။ သူသည် ပင်လယ်ရပ်ခြား နိုင်ငံများ၏ အရှင်သခင်များဖြစ်သော ယွမ်တူးနိုင်ငံ၊ နတ်ဘုရားလေနိုင်ငံနှင့် ဟွာလျှိုနိုင်ငံမှ ဘုရင်အသောကတို့ကိုပါ ခေါ်ဆောင်လာခဲ့သည်။

နတ်ဘုရားလေနိုင်ငံ၏ ဘုရင်မှာလည်း ယခုအခါ သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီ ဖြစ်သည်။ အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင် ထွက်ပြေးသွားကတည်းက ဟုန်ယွိသည် "နေနတ်ဘုရားသင်္ဘော" များကို တည်ဆောက်ကာ ပင်လယ်လေးစင်းတွင် စိုးမိုးခဲ့ပြီး ပင်လယ်ရပ်ခြား နိုင်ငံများကို စည်းလုံးနိုင်ခဲ့သည်မှာ ကြာပြီဖြစ်သည်။

ဟွာလျှိုနိုင်ငံဘုရင် အသောကမှာမူ ကြယ်သခင်လေးပါး ဖြစ်သော ရှောင်ရှိူက်၊ ဝူစွမ်း၊ လီလူ၊ ပေချန်၊ ရန်ယန်နှင့်တို့ကြောင့် အညံ့ခံရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။ အကယ်၍ သူ အညံ့မခံပါက သူ၏နိုင်ငံမှာ ပျက်စီးသွားပေလိမ့်မည်။

အကယ်၍ မူလဝိညာဉ်နတ်ဘုရားမှာ ပြန်လည်မွေးဖွားနိုင်သည်ဆိုဦးတော့၊ အထွက်အထိပ် လူသားအင်မော်တယ် ငါးဦးကို ရင်ဆိုင်ရန်မှာ မဖြစ်နိုင်ပေ။ အမှုန့်ဖြစ်သွားရုံသာ ရှိမည်။

ထို့ကြောင့် ဟုန်ယွိသည် ဤအခွင့်အရေးကို အသုံးချကာ ထိုနိုင်ငံများမှ ဘုရင်အားလုံးကို မြို့ရိုးရှေ့သို့ ခေါ်ဆောင်လာပြီး အလယ်ပိုင်း ကောင်းကင်နိုင်ငံအပေါ် သစ္စာစောင့်သိမည့် ကြောင်း ကြေညာခိုင်းလိုက်ခြင်း ဖြစ်သည်။ သူတို့၏ နယ်မြေများကို တော်ဝင်ချန်အတွင်း ပေါင်းထည့်ခြင်းမှာ ခေတ်အဆက်ဆက်တွင် မကြုံစဖူးသော ကြီးကျယ်ခမ်းနားသည့် အဖြစ်အပျက်ကြီးပင်။

ဤသည်မှာ အလယ်ခေတ် ပညာရှင် သူတော်စင်များပင် မလုပ်ဆောင်နိုင်ခဲ့သော အရာ ဖြစ်သည်။ ရှေးဟောင်း သူတော်စင် ဧကရာဇ်ယွိပင်လျှင် မိုရာမဟာဧကရာဇ်ကို အနိုင်ယူခဲ့ သော်လည်း အနောက်ဘက်ဒေသကို လုံးဝဥဿုံ မသိမ်းပိုက်နိုင်ခဲ့ပေ။ ယခုမူ ထိုမဖြစ်နိုင် သောအရာကို ဟုန်ယွိက လုပ်ဆောင်လိုက်ပြီ။

ပင်လယ်ရပ်ခြား ကျွန်းနိုင်ငံပေါင်းတစ်ရာ၊ နတ်ဘုရားလေနိုင်ငံ၊ ယွမ်တူးနိုင်ငံနှင့် ဟွာလျှို နိုင်ငံတို့မှ ဘုရင်အသောကသည် ကျောက်စိမ်းမြို့တော်သို့ ကိုယ်တိုင်ကြွရောက်လာကာ တော်ဝင်ချန်အပေါ် သစ္စာခံကြခြင်းကြောင့် ဟုန်ရွှန်ကျိ၏ စွပ်စွဲချက်အားလုံးမှာ လပြည့် ဝန်းကြီးကို ယှဉ်ပြိုင်နေသည့် ပိုးစုန်းကြူးလေးများနှယ် အလွန်အားနည်း သေးသိမ်သွားခဲ့ သည်။

ဤသည်မှာ ဟုန်ယွိ၏ အပိုင်ကွက်ဖြစ်သလို ဤမြို့ဝန်းရံမှု၏ အကြောင်းပြချက်လည်း ဖြစ်သည်။ တော်ဝင်ချန် အလယ်ပိုင်း ကောင်းကင်နိုင်ငံသည် မဟာကမ္ဘာလောကကြီးကို အမှန်တကယ် စည်းလုံးစေတော့မည်။ ဤကဲ့သို့ လုပ်ဆောင်ချက်ကို "ထာဝရ ကျော်စော ခြင်း" ဟူသော စကားလုံးတစ်ခုတည်းဖြင့်ပင် ဖော်ပြရန် မလုံလောက်ပေ။

ထို့ကြောင့် ဟုန်ယွိ၏အသံ ထွက်ပေါ်လာသည်နှင့် မြို့ရိုးအောက်ရှိ စစ်သည်များနှင့် သာမန် ပြည်သူများသာမက မြို့ထဲရှိ ပညာရှင်အရာရှိများ၏ စိတ်ထဲတွင်ပါ ဆန့်ကျင်ဘက် အတွေး တစ်ခု ဖြစ်ပေါ်လာကြသည်။

ဟုန်ယွိ ဝန်းရံထားသော စစ်သည် ၆၀၀,၀၀၀ မှာ အားမာန်တက်ကြွစိတ်များ အဆပေါင်း များစွာ တိုးတက်လာသော်လည်း မြို့ရိုးပေါ်ရှိ တော်ဝင်ချန်တပ်များ၏ စိတ်ဓာတ်မှာမူ သိသိသာသာ ကျဆင်းသွားသည်။ ပထမအချက်မှာ ဟုန်ယွိသည် သူတော်စင် တစ်ဦး ဖြစ်သည်။ ချီလင်နတ်ဘုရားသားရဲက သူ့ဘေးတွင် ရှိနေခြင်းမှာ သူသည် ဖြောင့်မတ်သော လမ်းစဉ်ကို ကိုယ်စားပြုကြောင်း ပြသနေသည်။ ဒုတိယအချက်မှာ မျိုးဆက်အဆက်ဆက် ပြောစမှတ်တွင်မည့် တရားမျှတသော လုပ်ရပ် ဖြစ်သည်။ ဤမျှများပြားသော နိုင်ငံများက သစ္စာခံလာခြင်းကြောင့် ဟုန်ယွိသည် ကံကြမ္မာအရ ရွေးချယ်ခံရသူဖြစ်ကြောင်း ထင်ရှား နေသည်။

"တကယ်ပဲ ဟွာလျှိုနိုင်ငံဘုရင် အသောက၊ နတ်ဘုရားလေနိုင်ငံဘုရင်နဲ့ ယွမ်တူးနိုင်ငံ ဘုရင် ယွမ်ရှိကျူတို့ပါလား" ထိုအချိန်တွင် မြို့ရိုးပေါ်သို့ ရောက်ရှိလာပြီး ဟုန်ရွှန်ကျိနှင့် အတူ ဟုန်ယွိကို ဝိုင်းဝန်းကဲ့ရဲ့ရန် ပြင်ဆင်နေသော နန်းတွင်းအရာရှိအုပ်စုမှာ ဟုန်ယွိ၏ စကားများကို ကြားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ အကြည့်များက မြို့ရိုး အောက်ရှိ နိုင်ငံပေါင်းတစ်ရာမှ ဘုရင်များနှင့် နိုင်ငံကြီး သုံးနိုင်ငံမှ ဘုရင်များအပေါ်သို့ ကျရောက်သွားပါသည်။

ချက်ချင်းပင် သူတို့၏ အသံများ အားနည်းသွားပြီး အချို့မှာမူ သူတို့၏ စိတ်ထဲတွင် ဘာ တွေးနေကြသည်ကို မသိနိုင်ပေ။

"ဟွန်း... တော်ဝင်ချန်ကို နိုင်ငံပေါင်းတစ်ရာက သစ္စာခံတယ် ဟုတ်လား။ သားမိုက်….. ဒါဟာ မင်းနဲ့ အဲဒီနိုင်ငံတွေ ပေါင်းပြီး ပုန်ကန်ဖို့ ကြံစည်နေတာ ရှင်းနေတာပဲ။ သားမိုက်... မင်းက ဒီလောကကြီးရဲ့ မျက်စိနဲ့ နားကို ဖုံးကွယ်ထားနိုင်မယ် ထင်နေတာလား။ သစ္စာဖောက် အကြီးစားတွေဟာ သစ္စာရှိသယောင် ဟန်ဆောင်တတ်ကြတယ်၊ မင်းက သစ္စာဖောက် အကြီးစားပဲ” ဟုန်ရွှန်ကျိက ဟုန်ယွိ၏ စကားကို နှာခေါင်းရှုံ့ကာ အေးစက်စွာ တုံ့ပြန်လိုက်သည်။

"ဟုန်ရွှန်ကျိ… မင်းကမှ ဧကရာဇ်ကို လှည့်ဖြားနေတဲ့ သစ္စာဖောက်အရာရှိပဲ" နတ်ဘုရား လေနိုင်ငံ ဘုရင်က ရုတ်တရက် အော်ပြောလိုက်သည်။ သူ၏ ဟစ်အော်သံက ကောင်းကင် နှင့် မြေကြီးကို တုန်ခါသွားစေသည်။ "အရင်တုန်းက ငါ့ရဲ့ နတ်ဘုရားလေနိုင်ငံဟာ တော်ဝင်ချန်အတွက် ယွန်မင်နိုင်ငံကို ခုခံတိုက်ခိုက်ပေးခဲ့တယ်။ ငါတို့ မက်မွန်နတ်ဘုရား ဂိုဏ်းရဲ့ ဂိုဏ်းချုပ် လျှိုထျန်းယွဲ့ဟာ အဲဒီအတွက်ကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့တယ်။ ဒါပေမဲ့ မင်းက ငါတို့ဂိုဏ်းချုပ်ကို ချောင်းမြောင်းတိုက်ခိုက်ပြီး သတ်ပစ်ခဲ့တယ်၊ ပြီးတော့ သူ့ရဲ့ 'မက်မွန်နတ်ဘုရားရတနာ' ခုနစ်ပါးကို အထွဋ်အထိပ်ကောင်းကင်နယ်မြေအတွက် သိမ်းပိုက်ခဲ့တယ်။ ဒါက ကမ္ဘာပေါ်မှာ လူတိုင်းသိတဲ့ ကိစ္စပဲ။ ဟုန်ရွှန်ကျိ... မင်းက ကိုယ့်အကျိုးစီးပွားအတွက် တရားမျှတမှုကို ဖျက်ဆီးခဲ့တယ်။ ဒါဟာ ကြီးမားတဲ့ သစ္စာ ဖောက်မှုနဲ့ ယုတ်မာကောက်ကျစ်မူကြီး မဟုတ်ဘူးလား”

နတ်ဘုရားလေနိုင်ငံ ဘုရင်က ထိုသို့ပြောလိုက်သည်နှင့် လူတိုင်း တိတ်ဆိတ်သွားကြသည်။ နန်းတွင်းအရာရှိများပင် ဘာမှမပြောရဲတော့ပေ။ အကြောင်းမှာ လျှိုထျန်းယွဲ့ သေဆုံးမှုနှင့် မက်မွန်နတ်ဘုရား ရတနာ ခုနစ်ပါးမှာ အထွဋ်အထိပ်ကောင်းကင်နယ်မြေ လက်ထဲတွင် ရှိနေခြင်းက ငြင်းမရသော အချက်ဖြစ်သောကြောင့်ပင်။

"ဟုန်ရွှန်ကျိ... မင်းလို သစ္စာဖောက်အမတ်ကြောင့် တော်ဝင်ချန် နန်းတွင်းမှာ မကျေနပ်မှု တွေ တိုင်တန်းသံတွေ ပြည့်နှက်နေတာ။ လီရှန်ကွမ်တောင်မှ မင်းရဲ့ ပြစ်မှုကြီး ဆယ်ခုကို ရှုတ်ချကြေငြာခဲ့သေးတယ်။ မင်းကြောင့် နန်းတွင်းမှာ အကွဲအပြဲတွေ ဖြစ်ခဲ့ရပြီး ပင်လယ်ရပ်ခြား နိုင်ငံတွေလည်း ကွဲပြဲသွားခဲ့ရတယ်။ ကံကောင်းလို့ တော်ဝင်ချန်မှာ သူတော်စင်ယွိ ပေါ်ထွန်းလာခဲ့တာ၊ ဒါကြောင့် ငါတို့က သူ့ကို အညံ့ခံတာ။ ဒါပေမဲ့ ငါတို့က ဧကရာဇ် ဘေးနားက လူယုတ်မာတွေကို ရှင်းလင်းပြီး မင်းလို သစ္စာဖောက် အမတ်ကို တရားစီရင်မှပဲ တော်ဝင်ချန်ရဲ့ နယ်မြေအားလုံးနဲ့ နိုင်ငံပေါင်းတစ်ရာ စည်းလုံးတဲ့ ရွှေရောင် ခေတ်ကို ရောက်ရှိနိုင်မှာ။ မင်းလို သစ္စာဖောက်အမတ်မျိုး ရှိနေသရွေ့ ငါတို့နိုင်ငံတွေက တော်ဝင်ချန်ကို ဘယ်တော့မှ လာရောက်အညံ့ခံမှာ မဟုတ်ဘူး" ယွန်နိုင်ငံ၏ အရှင်သခင် ချန်ယင်းရှာ၏ အဖေချန်ဟွေ့ချန်ကလည်း အော်ပြောလိုက်သည်။

"မှန်တယ်၊ ဟုန်ရွှန်ကျိ… မင်းလို သစ္စာဖောက်အမတ် တရားစီရင်ခြင်း မခံရသရွေ့ ငါတို့ ယွမ်တူးနိုင်ငံလည်း ငြိမ်းချမ်းမှု ရမှာမဟုတ်ဘူး" ယွမ်တူးနိုင်ငံဘုရင် ယွမ်ရှိကျူက ပြောလိုက်သည် "မင်းလို သစ္စာဖောက်အမတ်က တရားစီရင်မှုကို ခံယူမယ်ဆိုရင် ငါတို့ နိုင်ငံပေါင်းတစ်ရာဟာ တော်ဝင်ချန်ရဲ့ ဘိုးဘေးနန်းဆောင်ကို လာရောက်ကိုးကွယ်ပြီး၊ အလယ်ပိုင်း ကောင်းကင်နိုင်ငံကို ထာဝရ သစ္စာခံသွားမယ်"

"ဟုတ်တယ်…၊ ဟုန်ရွှန်ကျိ... မင်းသာ တရားစီရင်မှုကို ခံယူမယ်ဆိုရင် ငါဘုရင် အသောက ဟာ သုံးကြိမ်တိုင်တိုင် ဦးချပြီး နန်းတွင်းကို အညံ့ခံဖို့ အသင့်ပဲ" ထိုအချိန်တွင် ဟွာလျှိုနိုင်ငံ ဘုရင် အသောကက အလယ်ပိုင်းကောင်းကင်နိုင်ငံ၏ ဘာသာစကားဖြင့် ပြောလိုက်သည်။

ဤစကားများ ထွက်လာသည်နှင့် လူများအကြား ဆွေးနွေးငြင်းခုံမှုများ ချက်ချင်း ဖြစ်ပေါ် လာတော့သည်။

အမှန်အတိုင်းပြောရလျှင် အနောက်ဘက်ဒေသနှင့် အလယ်ပိုင်း ကောင်းကင်နိုင်ငံသည် အစဉ်အမြဲ ရန်သူတော်များ ဖြစ်ခဲ့ကြသည်။ အလယ်ခေတ် စကားအရ အနောက်ဘက် ဒေသမှ လူများသည် ရှေးဟောင်း နတ်ဆိုးနတ်ဘုရားများ၏ သွေးမျိုးဆက် အနွယ်အဖွား များဖြစ်ပြီး ယဉ်ကျေးမှု မရှိသော လူရိုင်းများ ဖြစ်ကြသည်။ အကယ်၍ သူတို့ကို အနိုင်ယူပြီး အလယ်ပိုင်း ကောင်းကင်နိုင်ငံကို သစ္စာခံခိုင်းနိုင်လျှင် ၎င်းမှာ အမြင့်ဆုံးသော အောင်မြင်မှု ဖြစ်ပေလိမ့်မည်။ တစ်ချိန်တည်းမှာပင် "လူရိုင်းများ သစ္စာခံသောအခါ၊ သူတော်စင် မင်းဆက် ပေါ်ထွန်းလာသည်" ဟူ၍ ရှေးဟောင်း ပညာရှင်ကြီးများ၏ ထင်ရှား ကျော်ကြား သော တဘောင်တစ်ခု ရှိခဲ့ဖူးသည်။

ဆိုလိုသည်မှာ အကယ်၍ လူရိုင်းများကို အညံ့ခံအောင် လုပ်နိုင်သော မင်းဆက်တစ်ခု ရှိခဲ့ လျှင် ထိုမင်းဆက်မှာ "သူတော်စင် မင်းဆက်" ဖြစ်ပြီး၊ တော်ဝင်ချန် အလယ်ပိုင်း ကောင်းကင်နိုင်ငံ၏ ရွှေရောင်ခေတ် အစစ်အမှန် ဖြစ်ပေလိမ့်မည်။

ဤစာသား ခြောက်လုံးသည် နန်းတွင်းစာမေးပွဲ၏ အစိတ်အပိုင်း တစ်ခုဖြစ်သလို အင်ပါ ယာ မင်းဆက်များစွာ၏ တစ်သက်တာ ရည်မှန်းချက်လည်း ဖြစ်သည်။

မင်းဆက်တိုင်း၏ ဧကရာဇ်များသည် မိမိ၏ မင်းဆက်ကို "သူတော်စင်မင်းဆက်" တစ်ခု ဖြစ်စေရန် မျှော်လင့်ကြသည်။

"ဟုန်ရွှန်ကျိ... ခင်ဗျားဟာ ကျုပ်ခမည်းတော်ကို လှည့်ဖြားပြီး ဒီတစ်ခါ ကျုပ်ကို ဖမ်းဆီး ခိုင်းတယ်၊ ပြီးတော့ သစ္စာရှိတဲ့ ကျုပ်နောက်လိုက်တွေကို နှိပ်စက်တယ်။ ခင်ဗျားကို ကျုပ် ဘယ်လိုလုပ် အောင်မြင်ခွင့် ပေးနိုင်မှာလဲ။ အခု ကျုပ်မှာ ကမ္ဘာကြီးရဲ့ ဖြောင့်မတ်ခြင်း လမ်းစဉ်ကို ဦးဆောင်နေတဲ့ ကျိုးယွိအကယ်ဒမီရဲ့ ထောက်ခံမှု ရှိနေပြီ၊ ကျုပ်နာမည်ကို သန့်စင်ဖို့အတွက် ခင်ဗျားလို သစ္စာဖောက် အမတ်ကို ကျုပ် ဘယ်လိုလုပ် လွှတ်ပေးနိုင်မှာ လဲ” မင်းသားယုကလည်း ယခင်ကထက် ပိုမိုကျယ်လောင်သော အသံဖြင့် ပြောလိုက် သည်။

သူသည် မူလကတည်းက လူသားအင်မော်တယ်တစ်ဦး ဖြစ်ရာ၊ ဟိန်းဟောက်သံ တစ်ချက် တည်းဖြင့် မိုင်ပေါင်းရာချီပတ်လည်ကို တုန်ခါစေသည်။ ယခု သူ စကားပြောသောအခါတွင် သူ၏ ခွန်အားအားလုံးကို အသုံးပြုလိုက်သည် "ဒီကိစ္စက ကျုပ်တို့ တော်ဝင်ချန် ယန် မျိုးနွယ်စုရဲ့ ကိစ္စပဲ။ ခင်ဗျားလို အပြင်လူက ဝင်ရောက် စွက်ဖက်နေတာဟာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေလို့ပဲ။ ဒီနေ့ ခင်ဗျားကို တရားစီရင်မှု အပြည့်အဝ ခံယူစေရမယ်”

"ဟုန်ရွှန်ကျိ... မင်းက သစ္စာဖောက် အမတ်ပဲ။ မင်း ဘာလို့ အခုထိ အသေမခံသေးတာလဲ။ ငါကိုယ်တိုင် လုပ်ပေးရမှာလား" ထိုအချိန်တွင် ဟုန်ယွိ၏ဘေးမှ ချီလင်က စကားပြော လိုက်သည်။ "လွန်ခဲ့တဲ့ နှစ်ပေါင်း ၅,၀၀၀ တုန်းက ငါဟာ သူတော်စင်ဧကရာဇ်ကျိ နောက် ကို လိုက်ခဲ့ဖူးတယ်။ သူက တခါ မိန့်ခဲ့ဖူးတယ်၊ နောင်နှစ်ပေါင်း ၅,၀၀၀ ကြာရင် အလယ်ပိုင်း ကောင်းကင်နိုင်ငံမှာ သူတော်စင်တစ်ဦး ပေါ်လာလိမ့်မယ်တဲ့၊ အဲဒီလိုပဲ သစ္စာဖောက်အကြီးစားနဲ့ လူယုတ်မာ တစ်ယောက်လည်း ပေါ်လာလိမ့်မယ်တဲ့။ သူက ငါ့ကို တောရိုင်းကန္တာရနယ်မြေမှာ နေထိုင်ခိုင်းပြီး အဲဒီသူတော်စင် ပေါ်ထွန်းလာတာကို စောင့်ဖို့ နဲ့ အဲဒီသစ္စာဖောက်အကြီးစား လူယုတ်မာကို သတ်ဖို့ ပြောခဲ့တယ်။ အခုတော့ ငါသိပြီ၊ အဲဒီ သူတော်စင်က ဟုန်ယွိပဲ၊ လူယုတ်မာကတော့ မင်းပဲ ဟုန်ရွှန်ကျိ"

"အိုသက်ရှိ သတ္တဝါ အပေါင်းတို့။ မင်းတို့ လက်ထဲက လက်နက်တွေကို ချလိုက်ကြပြီး သူတော်စင်လမ်းစဉ်မှာ အညံ့ခံကြစမ်း။ လူယုတ်မာတွေနဲ့ သစ္စာဖောက် အရာရှိတွေကို သတ်ဖြတ်ကြစမ်း"

ဝုန်း….၊ ဝုန်း….

ချီလင်၏ စကားလုံးများမှာ ရှေးဟောင်းဒဏ္ဍာရီများ၏ ငြင်းဆို၍မရသော စွမ်းအားများ ကိန်းဝပ်နေသည်။ တစ်ခဏချင်းမှာပင် အဝေးရှိ မြို့ရိုးပေါ်မှ အစောင့်အချို့မှာ သူတို့၏ လက်နက်များကို လွှတ်ချလုနီးပါး ဖြစ်သွားကြသည်။

အမှန်စင်စစ် ဟုန်ယွိ၏ လုပ်ဆောင်ချက်များမှာ အလွန်ပင် လှုပ်လှုပ်ခတ်ခတ် ဖြစ်စေနိုင် သည်။ ပထမဦးစွာ နိုင်ငံပေါင်းတစ်ရာ၏ အရှင်ဘုရင်များက ဟုန်ရွှန်ကျိအား သစ္စာဖောက် အမတ်အဖြစ် စွပ်စွဲခဲ့ကြသည်။ ထို့နောက် မင်းသားယုက သူ့ကို ပြင်းထန်စွာ ကြိမ်းမောင်းခဲ့ သည်။ ထို့နောက်တွင် ချီလင်နတ်ဘုရားသားရဲကပင် အရှိန်အဝါ အပြည့်ဖြင့် မိန့်ကြားခဲ့ပြန် သည်။ သူ၏ ဤလုပ်ဆောင်ချက်များက တစ်ဖက်လူ၏ တိုက်ပွဲဝင်လိုစိတ်ကို အမှန်ပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေသည်။ သူသည် တရားမျှတမှုဟူသော အမည်နာမကို အစွန်းကုန် အသုံးချခဲ့ပြီး မျိုးဆက်အဆက်ဆက် ပြောစမှတ်ပြုရမည့် အရာများကို လုပ်ဆောင်နေခြင်း ဖြစ်သည်။

ယခုအခါ သူသည် တရားမျှတမှု၏ အမည်နာမကို ရရှိသွားပြီဖြစ်ရာ ကျန်သောအရာ အားလုံးမှာ လွယ်ကူသွားတော့သည်။ အနည်းဆုံးတော့ နန်းတွင်း အတွင်းဝန်ကြီးများမှာ ဘာမှမပြောရဲဘဲ နှုတ်ဆိတ်သွားကြလေပြီ။

“အဖေ... ကျွန်တော်တို့ ဘာလုပ်ကြမလဲ" ဟုန်ရှီက ဟုန်ရွှန်ကျိ၏ နောက်တွင် ရပ်နေ၏။ သူသည် ရွှေရောင်အင်မော်တယ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခရမ်းရောင် သွေးငွေ့အလွှာ များက သူ့ကို ဖုံးလွှမ်းနေသည်။ သူသည် ခန့်ညားထည်ဝါသော ပုံစံရှိသော်လည်း ဟုန်ယွိ၏ စစ်တပ်ကြီးနှင့် ဟုန်ယွိ၏ အစီအစဉ်များကို ရင်ဆိုင်ရသောအခါတွင် "လူပေါင်း တစ်ထောင်က လက်ညှိုးထိုး ကဲ့ရဲ့ခံရသူ" ကဲ့သို့ ရုတ်တရက် ကြောက်ရွံ့မှုများ ဖြစ်ပေါ် လာသည်။

အမှန်တကယ်လည်း ဤအချိန်တွင် ဟုန်ရှီသည် "လူပေါင်းတစ်ထောင် လက်ညှိုးထိုးခြင်း" ဟူသော အဓိပ္ပာယ်ကို ရုတ်တရက် နားလည်သွားခဲ့သည်။

ဤအချိန်တွင် လှံဦးမှာ သူ့ဘက်သို့ ဦးတည်နေခြင်း မဟုတ်သော်လည်း သူသည် ထိုဒဏ် ကို ခံစားနေရသည်။ သို့သော် သူ၏ မျက်လုံးထဲတွင် လှံဦး၏ တိုက်ရိုက် ပစ်မှတ်ဖြစ်နေ သော ဟုန်ရွှန်ကျိမှာမူ တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်နေဆဲဖြစ်ရာ ယင်းက သူ့ကို အဆုံးမဲ့ ယုံကြည်မှုများ ပေးစွမ်းနေသည်။

"အဖေတောင် မကြောက်မှတော့ ငါက ဘာလို့ အဲဒီကောင်စုတ် ဟုန်ယွိကို ကြောက်နေရ မှာလဲ။ အကြွင်းမဲ့ စွမ်းအားရှေ့မှာတော့ အဲဒီတရားမျှတမူ စကားလုံးတွေက အလကားပဲ။ လာစမ်းပါ။ ကောင်စုတ်လေး" ဟုန်ရှီက စိတ်ထဲမှ ဟစ်ကြွေးလိုက်သည်။ သူ၏ ကိုယ်ထဲရှိ သွေးစွမ်းအင်များမှာ အရှိန်အဟုန်ဖြင့် လည်ပတ်လာပြီး အပ်စိုက်မှတ်များ တစ်ခုပြီးတစ်ခု ပွင့်လာသည်။ သူ၏ သူ၏ သိုင်းပညာကျင့်စဉ်တွင် နောက်ထပ် တိုးတက်မှု တစ်ခု၏ အရိပ်အယောင်များ ပြသနေသည်။

မှန်ပေသည်။ ဤအကျပ်အတည်း အခြေအနေတွင် ဟုန်ရှီသည်လည်း သူ၏ အရည်အချင်း ကို ပြသနိုင်ခဲ့သည်။ သူ၏ စိတ်စွမ်းအား ပွင့်ထွက်လာပြီး စိတ်နှလုံး၏ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့ကာ အလယ်အလတ်အဆင့် လူသားအင်မော်တယ် နယ်ပယ်သို့ တဖြည်းဖြည်း ချဉ်းကပ်လာနေပြီ။

"ဟုန်ရွှန်ကျိ... ခင်ဗျား ဘာပြောဦးမလဲ" ဟုန်ယွိက မတ်တပ်ထရပ်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ သူ၏အသံမှာ ပြင်းထန်ခြင်း မရှိသော်လည်း သာယာနာပျော်ဖွယ်ရှိကာ လူများကို ယုံကြည်မှု ပေးစွမ်းနိုင်သည်။ "ခင်ဗျားမှာ ပြစ်မှုတွေ အများကြီး ရှိနေတယ်။ အရင်တုန်းက မဒမ်ကျောက်နဲ့ အထွဋ်အထိပ်ကောင်းကင်နယ်မြေက လူမှောင်ခို ကူးနေ တာကို မတားဆီးခဲ့တဲ့အပြင် ခင်ဗျားရဲ့ အာဏာကို အသုံးချပြီး ဖုံးကွယ်ဖို့တောင် ကူညီပေး ခဲ့တယ်၊ ခင်ဗျားက လူတစ်ယောက်ရဲ့ အောက်မှာရှိပြီး လူသောင်းပေါင်းများစွာရဲ့ အထက် မှာ ရှိနေတဲ့ ခင်ဗျားရဲ့ရာထူးကို အသုံးချပြီး မကောင်းမှုတွေကို စိတ်တိုင်းကျ လုပ်ခဲ့တယ်။ ဒါပေမဲ့ ခင်ဗျား ဒီနေ့ လူအများရှေ့မှာ တရားစီရင်မှုကို လက်ခံမယ်ဆိုရင် ကျုပ် ခင်ဗျားကို အခက်အခဲဖြစ်အောင် မလုပ်ပါဘူး။ အရာအားလုံးကို ပညာရှင်သူတော်စင်ကြီးတွေရဲ့ ဆိုရိုး စကားတွေနဲ့ လူသားမျိုးနွယ်ရဲ့ အခြေခံမူတွေအတိုင်းပဲ ဆုံးဖြတ်သွားမှာပါ”

ထိုသို့ပြောလိုက်သောအခါ လူအုပ်ကြီးမှာ ပြန်လည် တိတ်ဆိတ်သွားပြန်သည်။

"ဘယ်သူက ဧကရာဇ်အကြံပေးကို တရားစီရင်ရဲတာလဲ။ ဧကရာဇ်အကြံပေးက ငါကိုယ်တော်အပေါ် အမြဲတမ်း သစ္စာရှိခဲ့တယ်၊ နန်းတွင်းအပေါ်မှာလည်း သစ္စာရှိတယ်။ မင်းတို့လို ပုန်ကန်တဲ့ သစ္စာဖောက်တွေက ဧကရာဇ်အကြံပေးကို စွပ်စွဲရဲတယ်ပေါ့"

ဟုန်ယွိ၏ စကားအဆုံးတွင်ပင် ခန့်ညားထည်ဝါသော အသံတစ်ခု ထွက်ပေါ်လာပြီး ခြေသည်းငါးခုပါ ရွှေနဂါးဝတ်ရုံကို ဝတ်ဆင်ထားကာ ဉီးထိပ်တွင် ထိပ်ပြားသော သရဖူကို ဆင်မြန်းထားသည့် ဧကရာဇ်တစ်ပါး ပေါ်လာသည်။

တော်ဝင်ချန်ဧကရာဇ် ယန်ဖန်သည် နောက်ဆုံးတွင် မြို့ရိုးမျှော်စင်ပေါ်သို့ ကိုယ်တိုင် ကိုယ်ကျ ကြွရောက်ရှိလာခဲ့လေပြီ။

"အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။ သက်တော်ရာကျော် ရှည်ပါစေ"

ထိုအချိန်တွင် ကမ်းခြေသို့ ရိုက်ခတ်လာသော လှိုင်းလုံးကြီးများကဲ့သို့ ကြွေးကြော်သံများ ပြင်းထန်စွာ ထွက်ပေါ်လာသည်။ မြို့ကို ကာကွယ်နေသည့် စစ်တပ်၏ ယခင်က မှေးမှိန် နေသော စိတ်ဓာတ်များမှာ ချက်ချင်းပင် လွင့်ပျောက်သွားပြီး အနှိုင်းမဲ့သော တက်ကြွသော စိတ်အားထက်သန်မှုများ ဝင်ရောက်လာတော့သည်။

ဤစိတ်အားထက်သန်မှုမှာ မဟာကမ္ဘာလောကကြီးတွင် နှစ်သန်းပေါင်းများစွာ လက်ဆင့် ကမ်းလာခဲ့သော အမြင့်မြတ်ဆုံး သွေးမျိုးဆက်နှင့် အမြင့်မြတ်ဆုံးသော ဧကရာဇ်တစ်ပါး ၏ ဂုဏ်သိက္ခာကို ကိုယ်စားပြုနေသည်။

"ဟုန်ယွိ... မင်းဟာ သူတော်စင်တစ်ပါး ကောင်းချီးပေးခံရတဲ့ သူတော်စင်ငယ် တစ်ဦး ဖြစ်ပါလျက်နဲ့ ဘာလို့ နန်းလုချင်ရတာလဲ။ မင်းရဲ့ ဒီလိုလုပ်ရပ်တွေကြောင့် ငါတို့က မင်းကို အညံ့ခံမယ်လို့ ထင်နေတာလား။ ဒါမှမဟုတ် မင်းကို အောင်မြင်ခွင့် ပေးမယ်လို့ ထင်နေ တာလား" တော်ဝင်ချန်ဧကရာဇ် ယန်ဖန်က ဟုန်ယွိကို စိုက်ကြည့်ကာ မေးလိုက်သည်။

"အရှင်မင်းကြီး... ကျွန်တော် ဒီကို ရောက်နေတာဟာ မင်းသားယုကို ကူညီပြီး ဧကရာဇ်ရဲ့ ဘေးနားက လူယုတ်မာတွေကို ရှင်းလင်းဖို့ပါ၊ နန်းလုဖို့ မဟုတ်ပါဘူး။ အရှင်မင်းကြီးက သစ္စာဖောက်အမတ် ဟုန်ရွှန်ကျိကိုသာ ဖယ်ရှားပေးမယ်ဆိုရင် ကျွန်တော်မျိုး ချက်ချင်း ဆုတ်ခွာသွားမယ့်အပြင် နိုင်ငံပေါင်းတစ်ရာက ရှင်ဘုရင်တွေကလည်း ဘိုးဘေးနန်းဆောင် နဲ့ ပူဇော်ရာနေရာတွေမှာ ဦးညွှတ်ကိုးကွယ်ကြပြီး အရှင်မင်းကြီးရဲ့ တော်ဝင်ချန်ကို ထာဝရ သူတော်စင် မင်းဆက်အဖြစ် ထောက်ပံ့ပေးသွားမှာပါ၊ ထာဝရ ကျော်စောမှုကိုလည်း ရရှိစေ မှာပါ။ အရှင်မင်းကြီးအနေနဲ့ ဒီလို ထာဝရ တည်တံ့မယ့် ကြီးမြတ်မှုကို မရယူချင်ဘူးလား။ ဒါမှမဟုတ် သစ္စာဖောက် အမတ်တစ်ယောက်ကိုပဲ ဆက်ပြီး အကာအကွယ် ပေးနေမှာ လား။ အရှင်မင်းကြီးဟာ သစ္စာဖောက် အမတ်ရဲ့ လှည့်ဖြားမှုကို ခံနေရတယ်၊ လူယုတ်မာ တွေကို မျက်နှာသာပေးပြီး လူကြီးလူကောင်းတွေကို ဝေးကွာအောင် လုပ်နေတယ်။ သူတော်စင်တစ်ဦးအနေနဲ့ ကျွန်တော်ဟာ အလယ်ခေတ် ပညာရှင် သူတော်စင်တွေရဲ့ တရားဝင် လမ်းစဉ်ကို ဆက်ခံထားသူပါ။ အရှင်မင်းကြီးကို ကျွန်တော် တိုက်ရိုက် အကြံပေး ပါရစေ။ အရှင်မင်းကြီးက နားမထောင်ဘူးဆိုရင်တော့ ကျေးဇူးပြုပြီး နန်းစွန့်ပေးပါ၊ ပြီးတော့ ပညာရှိတဲ့ ဧကရာဇ်တစ်ပါးနဲ့ အစားထိုးပါရစေ။ ကောင်းကင်ဘုံရဲ့ အလိုဆန္ဒဆို တာ ပြည်သူတွေရဲ့ အလိုဆန္ဒပါပဲ။ အခု မင်းသားယုနဲ့ ကမ္ဘာလောကက ပြည်သူတွေဟာ စည်းလုံးနေပါပြီ၊ အရှင်မင်းကြီးက ဒီလောကက ပြည်သူတွေကို ဆန့်ကျင်ချင်တာလား။ မင်းသားယုရဲ့ စစ်တပ်က မြို့ကို ဝိုင်းရံပြီး စစ်ရေးအရ အကြံပြုလာတာဟာ ပထမ အချက်က အရှင်မင်းကြီးအနေနဲ့ ဟုန်ရွှန်ကျိနဲ့ ဝေးဝေးနေပြီး နိုင်ငံပေါင်းတစ်ရာက ဘုရင်တွေရဲ့ သစ္စာခံမှုကို လက်ခံဖို့ တောင်းဆိုတာပါ။ အဲဒါမှသာ ကျွန်တော်တို့ တော်ဝင် ချန်ရဲ့ သူတော်စင်မင်းဆက်ဟာ မပျက်စီးနိုင်တဲ့ ကျော်စောမှုနဲ့အတူ ထာဝရ တည်တံ့မှာ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ အရှင်မင်းကြီး နန်းစွန့်ပြီး ပညာရှိတဲ့ အုပ်ချုပ်သူကို လွှဲပြောင်းပေးဖို့ပါပဲ။ ဒီရွေးချယ်စရာ နှစ်ခု ရှိပါတယ်၊ အရှင်မင်းကြီး ဆုံးဖြတ်ပါ”

ဟုန်ယွိက လက်နှစ်ဖက်ယှက်ကာ ရှင်းလင်းသော အသံဖြင့် ပြောလိုက်သည်။ သူပြောနေ သည်မှာ စာအုပ်ဖတ်နေသကဲ့သို့ ရှိသော်လည်း စစ်မှန်သော ကိုယ်ကျင့်တရားဆိုင်ရာ ဆောင်းပါးတစ်ပုဒ်ကို ရွတ်ဆိုနေသကဲ့သို့လည်း ခံစားရစေသည်။

"ယွိ…. ယွိ…. သူတော်စင် လမ်းစဉ်…. သူတော်စင် လမ်းစဉ်"

ထိုအချိန်တွင် ဟုန်ယွိ၏ စကားသံ ဆုံးသည်နှင့် ရှောက်ရှိူက်က လက်ဝှေ့ယမ်းပြလိုက် သည်။ ရုတ်တရက် စစ်တပ်တစ်ခုလုံး ပြင်းထန်စွာ ဟစ်ကြွေးလိုက်ကြသည်။ ထိုအသံက ကောင်းကင်ယံကို ဖုံးလွှမ်းသွားပြီး ခုနက "အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ" ဟူသော ကြွေးကြော်သံနှင့် တစ်သားတည်း အပြိုင် ဖြစ်နေတော့သည်။

ရုတ်တရက် အခြေအနေ၏ သိမ်မွေ့မှုကို ခံစားလိုက်ရပြီး အတွင်းဝန်ကြီးချုပ် အချို့၏ မျက်နှာများ ပြောင်းလဲသွားသည်။ ယခုအခါ ဟုန်ယွိ၏ အဆင့်အတန်းမှာ ကိုး-ငါးလမ်းစဉ် အထွက်အထိပ် ဧကရာဇ်ကိုပင် ထိပ်တိုက် ရင်ဆိုင်နိုင်နေပြီဖြစ်ကြောင်း သူတို့ သိလိုက်ကြ သည်။ သူသည် စစ်မှန်သော "သူတော်စင်" တစ်ဦး ဖြစ်နေလေပြီ။

“ပုန်ကန်တဲ့ သစ္စာဖောက်တွေ၊ လူတိုင်းမှာ သူတို့ကို အပြစ်ပေးပိုင်ခွင့် ရှိတယ်" ဟုန်ရွှန်ကျိ က ရုတ်တရက် ပြောလိုက်သည်။ "အရှင်မင်းကြီး... သူတို့နဲ့ စကားအရှည်ကြီး ပြောနေစရာ မလိုပါဘူး"

"ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါး၊ သစ္စာဖောက်အရာရှိ ဟုန်ရွှန်ကျိကို ဖမ်းဆီးပြီး ဧကရာဇ်ရဲ့ ဘေးနားက လူယုတ်မာတွေကို ရှင်းလင်းကြစို့” ဟုန်ယွိက သူ၏ မျက်လုံးများ ကို မှေးကျဉ်းလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။

ဝုန်း…. ဝုန်း…. ဝုန်း…

ရုတ်တရက် ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါးသည် လေထုထဲမှ ရုတ်တရက် ပျံတက်လာပြီး ဟုန်ရွှန်ကျိကို ဝိုင်းရံလိုက်ကြသည်။

"မြို့ကို တိုက်ခိုက်ကြ" ထိုအချိန်တွင် မင်းသားယုက အမိန့်ပေးလိုက်သည်။ သံချပ်ကာ ဝတ်ဆင်ထားသော စစ်သည်တပ်ကြီးသည် ကျောက်စိမ်းမြို့တော်ဆီသို့ လှိုင်းလုံးကြီးများ သဖွယ် စတင် တိုက်ခိုက်ကြတော့သည်။

စစ်ပွဲကြီးမှာ အမှန်တကယ် စတင်ခဲ့လေပြီ။

All Chapters