အခန်း ၇၂၃
Vol. 70 Ch. 723
အခန်း (၇၂၃)။
"ဧကရာဇ် ဘေးနားက လူယုတ်မာတွေကို ရှင်းလင်းကြ။ ဧကရာဇ် ဘေးနားက လူယုတ်မာ တွေကို ရှင်းလင်းကြ။ ဟုန်ရွှန်ကျိကို သတ်! ဟုန်ရွှန်ကျိကို သတ်" "သူတော်စင်လမ်းစဉ်... သူတော်စင်လမ်းစဉ်" "သခင်လေးယွိ... သခင်လေးယွိ"
ထိုကြွေးကြော်သံများအကြားတွင် စစ်တပ်ကြီးသည် ကျောက်စိမ်းမြို့တော်ကို အစွမ်းကုန် စတင်တိုက်ခိုက်တော့သည်။ တစ်ချိန်တည်းမှာပင် မြို့သိမ်းလက်နက်မျိုးစုံဖြင့် အပြင်း အထန် ထိုးစစ်ဆင်ကြသည်။ မြှားများနှင့် ဒူးလေးမြှားတံများက နေရာအနှံ့ ပျံသန်းနေကာ၊ သံမဏိအမြောက်ကြီးများကလည်း တစ်ပြိုင်နက်တည်း မြည်ဟီးနေကြသည်။
ကျောက်စိမ်းမြို့တော် မြို့ရိုးများပေါ်ရှိ လက်နက်တိုက်စခန်း၏ ပုန်းကွယ်နေသော နေရာများမှ ဝုန်းဒိုင်းကျဲသံများနှင့်အတူ "မီးလျှံအမြောက်"တပ်ဖွဲ့၏ လူသုံးလေးဦးခန့် အမြင့်ရှိသော ဧရာမသံမဏိအမြောက်ကြီးများ ထွက်ပေါ်လာပြီး၊ အရေအတွက်အားဖြင့် အစင်းရေ သုံးထောင်ကျော် ရှိသည်။ ထို့နောက် မီးပွားများ လက်သွားပြီး ဝုန်း ဝုန်း ဝုန်း... ဝုန်း ဝုန်း ဝုန်း.. အသံနှင့်အတူ လူတစ်ရပ်စာကျော် ရှည်လျားပြီး ခါးတစ်လောက် တုတ်ခိုင် သော သံမဏိ အမြောက်ဆံ သုံးထောင်ကျော် ပစ်ခတ်လိုက်ရာ ကောင်းကင်တစ်ခွင်လုံး ခရမ်းရောင် မိုးကြိုးယမ်းမှုန့် အနံ့များဖြင့် ပြည့်နှက်သွားလေသည်။
ထိုသံမဏိ အမြောက်ဆံ တစ်ခုစီတိုင်းတွင် ဖျက်ဆီးနိုင်စွမ်းများ ပါဝင်ပြီး၊ ၎င်းတို့ထဲတွင် ပါဝင်သော ပြင်းထန်လှသည့် ယမ်းငွေ့အရှိန်မှာ "ပေါက်ကွဲမီးလျှံနတ်ဘုရား အဆောင်ဓား" ထက် အဆပေါင်း ဆယ်ဆမက၊ အဆတစ်ရာမက ပိုမိုပြင်းထန်လှသည်။
အကယ်၍ ဤသံမဏိ အမြောက်ဆံများသာ ပေါက်ကွဲသွားပါက စံအိမ်ကြီးတစ်လုံးလုံးကို မြေလှန်ပစ်နိုင်စွမ်း ရှိသည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။
ယခုအခါတွင်မူ ဤသံမဏိအမြောက်ဆံ သုံးထောင်ကျော်သည် ကျိုင်းကောင်အုပ်ကြီး ကဲ့သို့ ကောင်းကင်ယံမှ ဆင်းသက်လာခဲ့ပြီ။ မြင်ကွင်းက အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှပေသည်။
“ရှေးဦးခေတ် ကောင်းကင်မိုးကြိုး ၃၆ မျိုးထဲက... ဝမ်းယွမ်ကောင်းကင်ဖြိုခွဲ မိုးကြိုးတွေပါ လား"
ထိုမြင်ကွင်းကို မြင်သောအခါ ကော့လီနတ်ဘုရားဘုရင်မက ရုတ်တရက် ခုန်တက်လိုက်ပြီး သူမ၏ကျောပြင်မှ ပေသုံးထောင်ရှည်သော ဆံနွယ်စိမ်းများသည် အရိုင်းဆန်စွာ ရှည်ထွက် လာကာ ကောင်းကင်ကို ချက်ချင်း ဖုံးလွှမ်းသွားကာ ကျိုင်းကောင်အုပ်သဖွယ် ကျဆင်းလာ သော ဝမ်းယွမ်ကောင်းကင်ဖြိုခွဲ မိုးကြိုး သုံးထောင်လုံးကို ကြားဖြတ် တားဆီးလိုက်သည်။ ထိုသံမဏိအမြောက်ဆံများ အားလုံးမှာ လေထဲတွင် ရုတ်တရက် အေးခဲသွားပြီးနောက် ပုံရိပ်ယောင် လေဟာနယ်နယ်မြေတစ်ခုအတွင်းသို့ ဆွဲသွင်းခံလိုက်ရကာ ပျောက်ကွယ် သွားတော့သည်။
“ဘယ်လောက်တောင် အစွမ်းထက်လိုက်လဲ။ တကယ်လို့ အဲဒီ အမြောက်ဆံ သုံးထောင် သာ ကျလာမယ်ဆိုရင် ငါတို့စစ်တပ်ရဲ့ တစ်ဝက်လောက် သေကုန်လောက်တယ်။ ငါကိုယ်တိုင်တောင် လွတ်အောင် ပြေးနိုင်ပါ့မလား မသိဘူး"
ရှောင်ရှိူက်မှာ ရုတ်တရက် ဖြစ်ပျက်သွားသော အခြေအနေကို ကြည့်ပြီး ချွေးစေးများ ပြန်လာသည်။ ထိုဝမ်းယွမ်ကောင်းကင်ဖြိုခွဲမိုးကြိုး အမြောက်ဆံ သုံးထောင်သာ သူ့အပေါ် သို့ ကျရောက်ခဲ့လျှင် သူ၏ရုပ်ခန္ဓာမှာ ပျက်စီးသွားပေလိမ့်မည်။ ဝမ်းယွမ်ကောင်းကင်ဖြိုခွဲ မိုးကြိုးဆိုသည်မှာ ရှေးဦး (ကမ္ဘာဦး)ခေတ်က မှော်ရတနာ တစ်မျိုးဖြစ်သည်။ သို့သော် ထိုခေတ်ကပင် သုံးထောင်အထိ မရှိခဲ့ပေ။ ဤအမြောက်ဆံ သုံးထောင်သာ မြေပြင်ပေါ်သို့ ကျရောက်ခဲ့ပါက မည်သို့ဖြစ်သွားမည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။
အကယ်၍ ကော့လီနတ်ဘုရားဘုရင်မသာ မရှိပါက ဤတိုက်ပွဲ၏ ရလဒ်မှာ ချက်ချင်းပင် ဆုံးဖြတ်ပြီး ဖြစ်သွားလိမ့်မည်။ ကျောက်စိမ်းမြို့တော် ပြင်ပရှိ အရာအားလုံးမှာ ပြာအတိ ဖြစ်သွားရုံသာမက စစ်သည် ၆၀၀,၀၀၀ ထဲမှ အနည်းဆုံး ၃၀၀,၀၀၀ မှာ သေဆုံးသွားပေ လိမ့်မည်။ ကျောက်စိမ်းမြို့တော် တစ်ဝိုက်မှာလည်း သွေးပင်လယ် ဝေသွားပေလိမ့်မည်။
"ဘယ်လောက်တောင် ကောက်ကျစ်ယုတ်မာလိုက်လဲ။"
ဟုန်ယွိ၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး၊ သူ့စိတ်ထဲတွင် အေးစက်စွာ လှောင်ပြောင်လိုက်သည်၊ “ဒါပေမဲ့ ဒီအချိန်မှာက အသေအကြေ တိုက်ရမယ့် အခြေအနေ ပဲ၊ ဒီလိုကိစ္စတွေကို စိတ်ပူနေဖို့ အချိန်မရှိဘူး။ ဝမ်းယွမ်ကောင်းကင်ဖြိုခွဲမိုးကြိုး ၃၆၀၀ တဲ့ လား၊ တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ လုပ်ရပ်ပဲ။ ဆန်းကြယ်ကောင်းကင်ဘုံခန်းမက ဖျက်ဆီးခြင်း အဆောင်တွေထက် အများကြီး ပိုစွမ်းထက်တယ်။"
ဝမ်းယွမ်ကောင်းကင်ဖြိုခွဲမိုးကြိုး သံမဏိအမြောက်ဆံများ ပေါ်လာသဖြင့် ရှောင်ရှိူက်နှင့် အခြားသူများ တုန်လှုပ်သွားကြသလို၊ ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါး ပေါ်လာ ခြင်းကြောင့် ဟုန်ရွှန်ကျိနှင့် ယန်ဖန်တို့လည်း ထိတ်လန့်သွားကြသည်။
ရှေးဦး ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါးလုံးမှာ လူသားအင်မော်တယ် အထွတ် အထိပ်အဆင့်သို့ ရောက်ရှိနေသော တည်ရှိမှုများ ဖြစ်သည်။ ပို၍ အံ့ဩစရာကောင်းသည် မှာ သူတို့၏ ရုပ်ခန္ဓာများမှာ သာမန် လူသားအင်မော်တယ် အထွတ်အထိပ်များထက် ပိုမို သန်မာပြီး ပိုမိုဖျတ်လတ်ခြင်းပင် ဖြစ်သည်။ သူတို့သည် သိုင်းဆန္ဒကို အထည်ကိုယ်ဒြဗ် အသွင်စုစည်းခြင်းအဆင့်သို့ ရောက်ရှိနေသည့် သိုင်းပညာရှင်များနှင့် အဆင့်တူဖြစ်နေ သည်။
ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါး ပျံတက်လာသောအခါ သူတို့၏ အရှိန်အဝါများ က ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။ သူတို့၏ ဟစ်ကြွေးသံများမှာလည်း ကောင်းကင်ယံမှ နေမင်းကြီး ပေါက်ကွဲပြီး၊ လမင်းကြီး ပျက်စီးသွားသည့်အလားပင်။ ဟုန်ရွှန်ကျိနှင့် ယန်ဖန်တို့ပင် မျက်နှာများ ပျက်သွားကြသည်။
တချိန်တည်းမှာပင် သူတို့ကို ပို၍ မျက်နှာပျက်သွားစေသည်မှာ ကော့လီနတ်ဘုရားဘုရင်မ ထွက်ပေါ်လာခြင်းအပြင် ရှောင်ရှိူက်၊ ဝူကျွမ်း၊ လီဖူ၊ ပေချန်နှင့် ရန်ယန် ဟူသည့် အထွတ်အထိပ် လူသားအင်မော်တယ် ငါးဦး၏ ပေါ်ထွက်လာမှုပင် ဖြစ်သည်။
ဟုန်ယွိသည် ဤမျှတိုတောင်းသော အချိန်အတွင်း ဤမျှ အစွမ်းထက်သော အင်အားစုများ ကို စုစည်းနိုင်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါးမှာ ဖန်ဆင်းရှင်အဆင့် ပညာရှင် ၁၂ ဦးနှင့် ညီမျှပြီး၊ အထွတ်အထိပ် လူသားအင်မော်တယ် ငါးဦးမှာလည်း ဖန်ဆင်းရှင် ၅ ဦးနှင့် ညီမျှ သည်။ ကော့လီနတ်ဘုရားဘုရင်မဆိုလျှင် အနည်းဆုံး ဖန်ဆင်းရှင် ၁၀ ဦး၏ စွမ်းအားနှင့် ညီမျှပေသည်။ ပို၍ အံ့ဩစရာကောင်းသည်မှာ သူတော်စင်ပေါင်းစုံခန်းမကို ပိုင်ဆိုင်ထား သော ဟုန်ယွိကိုယ်တိုင်မှာမူ ဖန်ဆင်းရှင် ၁၅ ဦး သို့မဟုတ် ၁၆ ဦးထက်မကသော စွမ်းအား နှင့် ညီမျှနေခြင်းပင်။
ဤအင်အားအားလုံး ပေါင်းလိုက်လျှင် ဖန်ဆင်းရှင်အဆင့် ပညာရှင် ၄၀ ကျော်၏ အင်အားနှင့် ညီမျှနေသည်။
ဖန်ဆင်းရှင် ၄၀ ကျော်၏ အင်အားမှာ မည်မျှ အစွမ်းထက်မည်နည်း။ ဤအင်အားကို စုစည်းလိုက်လျှင် ဤမဟာကမ္ဘာလောကရှိ တည်ရှိမှုအားလုံးကို မြေလှန်ပစ်နိုင်ပေသည်။ ဤအင်အားစုနှင့် ရင်ဆိုင်ရပါက ယန်နတ်ဘုရား တစ်ပါး သို့မဟုတ် ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့် ပညာရှင်တစ်ဦးပင်လျှင် အသာစီးရရန် ခဲယဉ်းပေလိမ့်မည်။
ဤအခိုက်အတန့်တွင် ဧကရာဇ်ယန်ဖန်နှင့် ဟုန်ရွှန်ကျိတို့သည် တစ်ထပ်တည်းတူညီသော အတွေးကိုယ်စီ ဝင်လာကြသည် "ဒီဟုန်ယွိတစ်ယောက် မြို့ကို ဝိုင်းပြီး ပုန်ကန်ရဲတာ မဆန်းတော့ဘူး။ သူ့မှာ ဒီလောက်အစွမ်းထက်တဲ့ အင်အားစုတွေ ရှိနေတာကိုး။ အနာဂတ် အရှင်သခင်က သူ့အင်အားကို လျှော့တွက်ခဲ့မိတာပဲ"
အမှန်စင်စစ် ဧကရာဇ်ယန်ဖန်နှင့် ဟုန်ရွှန်ကျိတို့သည် ဟုန်ယွိ၏ အင်အားကို လျှော့တွက်ခဲ့ မိကြခြင်း ဖြစ်သည်။ အကယ်၍ ဟုန်ယွိ၏ အင်အားမှာ ဖန်ဆင်းရှင် ၄၀ နှင့် ညီမျှကြောင်း ကြိုသိခဲ့ပါက သူတို့သည် မင်းသားယုကို ဖမ်းဆီးရန်နှင့် ဟုန်ယွိ ဆန့်ကျင်လာစေရန် အမိန့်မျိုး ထုတ်ခဲ့ကြမည် မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် ဘုရင်ခံများ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးများ၊ အထက်တန်းလွှာ မိသားစုများနှင့် ဖန်းမျိုးနွယ်စုကြီးပင်လျှင် ဟုန်ယွိထံ သစ္စာခံကြပြီး၊ သူ့အတွက် နန်းတွင်း ကို ဆန့်ကျင်တိုက်ခိုက်ရန် ဆန္ဒရှိနေရခြင်း၏ အကြောင်းအရင်းကို သူတို့ နားလည်သွားကြ သည်။
ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါးက ဟုန်ရွှန်ကျိထံသို့ ပြေးဝင်သွားသောအခါ သူ၏ဘဝတွင် အကြီးမားဆုံး အကျပ်အတည်း ရင်ဆိုင်ရပြီဖြစ်ကြောင်း ဟုန်ရွှန်ကျိ သိလိုက်သည်။ တစ်နေ့တွင် ဟုန်ယွိက သူ့ကို ဤမျှအထိ ဖိအားပေးနိုင်လိမ့်မည်ဟု သူ တစ်ခါမျှ မထင်ထားခဲ့ပေ။
ယနေ့ ဟုန်ယွိက စစ်တပ်ကြီးကို ဦးဆောင်ကာ ကျောက်စိမ်းမြို့တော်ကို ဝန်းရံထားခြင်း ကိစ္စမှာ လုံးဝကို အသေအလဲ တိုက်ပွဲဝင်ရမည့်ကိစ္စ ဖြစ်သွားခဲ့ပြီ။
အကယ်၍ ယနေ့တိုက်ပွဲတွင် ဟုန်ရွှန်ကျိသာ ရှုံးနိမ့်သွားပါက သူသည် နာမည်ပျက်ရုံသာမ က ဧကရာဇ်အကြံပေးဟူသော ရာထူးဂုဏ်သိက္ခာမှာလည်း ပျက်စီးသွားပေလိမ့်မည်။ တစ်ချိန်တည်းမှာပင် ဧကရာဇ်ယန်ဖန်၏ ရာဇပလ္လင်မှာလည်း အန္တရာယ်ရှိလာလိမ့်မည်။ သူ၏ ဘဝတစ်သက်တာလုံး ခက်ခဲပင်ပန်းစွာ တည်ဆောက်ခဲ့သမျှ အရာအားလုံးမှာ အိမ်မက်တစ်ခုလို ပျောက်ကွယ်သွားပေလိမ့်မည်။
"ဟုန်ရွှန်ကျိ... ဟုန်ရွှန်ကျိ... မင်းရဲ့ ဒီသားမိုက်ကြောင့် မင်း ဒီလောက်အထိ အကျပ်ရိုက်ရ လိမ့်မယ်လို့ မင်း တစ်ခါမှ မတွေးခဲ့ဖူးဘူး မဟုတ်လား"
ဟုန်ရွှန်ကျိ၏ စိတ်ထဲတွင် မိမိကိုယ်ကိုယ် ပြန်လည်မေးခွန်းထုတ်နေသည့် ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်လာသည်။ ထိုခဏ၌ သူသည် ကြာမြင့်စွာကတည်းက မကျော်ဖြတ် နိုင်ခဲ့သော ထူးဆန်းသည့် သိုင်းတာအိုနယ်ပယ်တစ်ခုအတွင်းသို့ ဝင်ရောက်သွားသလို ခံစားလိုက်ရသည်။
"ဟားဟား... ဟားဟားဟား…၊ အရှင်မင်းကြီး... ဒီနေ့ဟာ အရှင်မင်းကြီးနဲ့ ကျွန်တော်မျိုး တို့အတွက် အခက်ခဲဆုံး တိုက်ပွဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကမ္ဘာကြီးရဲ့ ကြီးမြတ်တဲ့ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းဖို့နဲ့ ပုန်ကန်တဲ့ သစ္စာဖောက်တွေက ထီးနန်းလုတာကို တားဆီးဖို့အတွက် ကျွန်တော်မျိုး အသက်ပေးဖို့ အသင့်ပါပဲ"
ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်မှ ရှည်လျားသော ဟစ်ကြွေးသံကြီး ထွက်ပေါ်လာပြီး ကောင်းကင် နှင့် မြေကြီးကို တုန်ခါသွားစေသည်။ ဤရှည်လျားသော ဟစ်ကြွေးသံကြားတွင် သူ၏ ခန္ဓာကိုယ်ကို ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါးက အပြည့်အဝ ဝန်းရံထားလိုက် ပြီ။
"ဒီကျန်း…၊ ဒီကျန်း"
"ထျန်းကူ… ထျန်းကူ"
"မန်တီ… မန်တီ"
...
ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါးသည် သူတို့၏ ကိုယ်ပိုင် စွမ်းရည်အသီးသီးကို ထုတ်ဖော်လိုက်ကြပြီး၊ သူတို့၏ ပြင်းထန်သော လက်သီးချက်များမှာ ဟုန်ရွှန်ကျိထံသို့ ဦးတည်နေကြသည်။ ထိုပြင်းထန်သော အင်အားများကြောင့် ပတ်ဝန်းကျင် ဟင်းလင်းပြင် တစ်ခုလုံးမှာ အေးခဲသွားသလို ဖြစ်သွားပြီး မည်သည့် နတ်ဘုရားတန်ခိုးစွမ်းအားမျှ ထိုနေရာကို ဖောက်ထွက်၍ မရနိုင်တော့ပေ။
ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါး၏ အရှိန်ဟုန်နှင့် ခွန်အားမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ဟုန်ရွှန်ကျိကို လုံးဝ ချေမှုန်းပစ်ရန် ဆုံးဖြတ်ထားကြသည်။ ၎င်းမှာ ဟုန်ယွိ၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။
ဟုန်ရွှန်ကျိသည် အနည်းဆုံး သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်းအဆင့်အထိ လေ့ကျင့် ထားသူ ဖြစ်သဖြင့် သူ့ကို သတ်ဖြတ်နိုင်ရန်မှာ အလွန်ပင် ခက်ခဲပေလိမ့်မည်။ သူ့ကို ဖမ်းဆီးပြီး သန့်စင်မည် ဆိုလျှင်ပင် နှစ်ပေါင်းများစွာ၊ သို့မဟုတ် ဆယ်စုနှစ်များစွာ၊ သို့မဟုတ် ရာစုနှစ်တစ်ခုစာခန့် အားထုတ်ရပေလိမ့်မည်။
သို့သော် ဟုန်ယွိသည် ဟုန်ရွှန်ကျိကို သတ်ဖြတ်ရန် တစ်ခါမျှ မတွေးခဲ့ဖူးပေ။ သူသည် ဟုန်ရွှန်ကျိ၏ သိုင်းပညာကိုသာ ဖျက်ဆီးပစ်ချင်ပြီး သာမန်လူတစ်ဦးအဖြစ် ပြောင်းလဲကာ၊ သူ့အမေ၏ အုတ်ဂူရှေ့တွင် ကျန်ရှိသော တစ်သက်တာလုံး နောင်တရနေစေရန်သာ ရည်ရွယ်သည်။ အကယ်၍ ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါးက စုပေါင်း တိုက်ခိုက်လျှင် လက်နက်မဲ့ဖြစ်သော ဟုန်ရွှန်ကျိကို အသာစီးရရန် လုံလောက်သည်ထက် ပင် ပိုနေပေသည်။
အမှန်စင်စစ် ဟုန်ယွိသည် ဤပျက်သုဉ်းခြင်းနတ်ဘုရားများကို နှိမ်နင်းခဲ့စဉ်က မူလတာအို သခင်၊ လီဖူ ကြယ်သခင်မ၊ သူတော်စင်ပေါင်းစုံခန်းမ၊ သူ၏အသွင်မျိုးစုံပြောင်းလဲခြင်း ခန္ဓာကိုယ်နှင့် ထိုက်ကျိမူလစိတ်ဝိညာဉ်တို့ကို အသုံးပြုခဲ့ရခြင်း ဖြစ်သည်။ ဟုန်ရွှန်ကျိအနေ ဖြင့် သူကဲ့သို့ အစွမ်းထက်သော အင်အားများကို ပိုင်ဆိုင်ထားနိုင်စရာ အကြောင်းမရှိပေ။
ထို့ကြောင့် ဧကရာဇ်ယန်ဖန်သာ ဝင်မပါပါက ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါး သည် ဟုန်ရွှန်ကျိကို ကိုင်တွယ်ရန် ပြဿနာ မရှိပေ။
သို့သော် ထိုအခိုက်အတန့်တွင် ဧကရာဇ်ယန်ဖန် ဘာမှမလှုပ်ရှားနိုင်ကြောင်း ဟုန်ယွိ သိသည်။ အကြောင်းရင်းမှာ သူက ဧကရာဇ်ယန်ဖန်ကို မျက်ခြေမပြတ် စိုက်ကြည့်နေ သောကြောင့်ပင်။ သူ၏ အတွေးအားလုံးမှာ မဟာကမ္ဘာလောကကြီး၏ ခန့်မှန်းရခက်ဆုံး နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်သည့် ကိုး-ငါး အထွက်အထိပ်အရှင်သခင် ဧကရာဇ်ယန်ဖန် အပေါ်တွင်သာ အာရုံစိုက်ထားသည်။
တစ်ချိန်တည်းမှာပင် ကော့လီနတ်ဘုရား ဘုရင်မကလည်း ဧကရာဇ်ယန်ဖန်ကို စောင့်ကြည့်နေသည်။
ရှောင်ရှိူက်၊ လီဖူ၊ ဝူကျွမ်း၊ ပေချန်နှင့် ရန်ယန် ဟူသော အထွတ်အထိပ် လူသား အင်မော်တယ် ငါးဦးမှာမူ ဤတိုက်ပွဲတွင် မပါဝင်ဘဲ မြို့ကို တိုက်ခိုက်ရန် ထွက်ခွာသွား ကြသည်။ နင်ဂျာဘုန်းတော်ကြီး၊ မုကလေး၊ ပိုင်ဇိယွဲ့၊ ယွမ်ရှန်းရှန်း၊ နဂါးသမီးတော်၊ လော်ယွန်စသည့် အစွမ်းထက်သော အင်အားစုများသည်လည်း သူတို့၏ အစွမ်းများကို စတင် ထုတ်ဖော်လိုက်ကြသည်။
အထွတ်အထိပ်အဆင့် လူသားအင်မော်တယ်ငါးဦး၊ မိုးကြိုးကပ်ဘေး ပညာရှင်များစွာ၊ သိုင်းသူတော်စင်များ၊ စစ်သည်တော် ၆၀၀,၀၀၀ နှင့် လက်နက်မျိုးစုံတို့ ပေါင်းစပ်လိုက်ပါ က ကျောက်စိမ်းမြို့တော်ကို တိုက်ခိုက်ရာတွင် မည်သည့် အမှားအယွင်းမျှ ရှိမည် မဟုတ်ပေ။
အထွတ်အထိပ်အဆင့် လူသားအင်မော်တယ်သည် အလွန်အစွမ်းထက်ပြီး၊ ကျောက်စိမ်း မြို့တော်တွင် ဧကရာဇ်ယန်ဖန်နှင့် ဟုန်ရွှန်ကျိမှလွဲလျှင် တတိယမြောက် ဖန်ဆင်းရှင် တစ်ပါး မရှိတော့ပေ။
တစ်ဦးတည်းသော တတိယမြောက် ဖန်ဆင်းရှင် ဖြစ်သည့် ကောင်းကင်ဖြိုခွဲ ဧကရာဇ်မှာ လည်း ဟုန်ရွှန်ကျိနှင့် ယန်ဖန်တို့၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
"ဝုန်း..."
ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါးက ဟုန်ရွှန်ကျိကို တိုက်ခိုက်နေပြီး၊ ဟုန်ယွိနှင့် ကော့လီနတ်ဘုရားဘုရင်မတို့က ယန်ဖန်ကို စောင့်ကြည့်နေစဉ်တွင် အထွတ်အထိပ် လူသားအင်မော်တယ် ငါးဦးက အင်အားချင်း ပေါင်းစပ်၍ ကျောက်စိမ်းမြို့တော်၏ ချန်ယန် တံခါးဆီသို့ လက်ဝါးတစ်ချက် ရိုက်လွှတ်လိုက်သည်။
"ဝိန်း... ဝိန်း... ဝိန်း..."
သန့်စင်သော ယန်သံမဏိများဖြင့် ပြုလုပ်ထားပြီး အလေးချိန် ပိဿာပေါင်း သောင်းချီရှိ သော ချန်ယန်တံခါးကြီးမှာ လုံးဝ ပွင့်ထွက်သွားတော့သည်။ တံခါးချပ်ကြီးမှာ ကောင်းကင် သို့ ပျံတက်သွားပြီး အပိုင်းပိုင်း ပြတ်ထွက်ကာ မြို့ထဲသို့ ကျရောက်သွားရာ လူပေါင်း မည်မျှ ပိမိ၍ သေဆုံးသွားသည်ကိုပင် မသိနိုင်ပေ။
ချန်ယန်တံခါးကြီး ပွင့်ထွက်သွားသည်ကို မြင်သောအခါ လူပေါင်းများစွာ၏ မျက်နှာများမှာ သိသိသာသာ ပျက်ယွင်းသွားတော့သည်။
ချက်ချင်းပင် စစ်သည် ၆၀၀,၀၀၀ မှာ လှိုင်းလုံးကြီးများကဲ့သို့ မြို့တွင်းသို့ တိုးဝင်သွားကြပြီး ကျောက်စိမ်းမြို့တော်၏ တော်ဝင်စစ်တပ်၊ စကြာဝဠာနဂါး အစောင့်တပ်၊ မီးလျှံအမြောက် တပ်စသည်တို့နှင့် အမှန်တကယ် အနီးကပ် တိုက်ပွဲဝင်ကြလေတော့သည်။
"၃၃ ဘုံ ကောင်းကင်နန်းတော်၊ ကောင်းကင်ဘုံရှိ နတ်ဘုရားများ၊ ကြယ်တာရာများ... ကျဆင်းစမ်း"
ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါး၏ စွမ်းအားများက သူ၏ ခန္ဓာကိုယ်ကို ဝန်းရံ လာသောအခါ ဟုန်ရွှန်ကျိက ဘာကိုမျှ မချန်ထားတော့ဘဲ သူ၏ အပြင်းထန်ဆုံး စွမ်းအား များကို ထုတ်ဖော်လိုက်တော့သည်။ ၃၃ ဘုံ ကောင်းကင်နန်းတော် သိုင်းဆန္ဒများက ဟင်းလင်းပြင်တွင် ပေါ်ထွက်လာပြီး၊ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ကွဲထွက်သွားကာ မရေမတွက်နိုင်သော ကြယ်တာရာများအဖြစ် ပြောင်းလဲသွားသည်။ ဤကြယ်တာရာများမှာ တဖြည်းဖြည်း ပြောင်းလဲသွားကာ ကောင်းကင်နတ်ဘုရားများ၏ အသွင်အပြင်ကို ဖန်တီးလိုက်ပြီး ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါးကို ပြန်လည် ဝန်းရံလိုက်ကြသည်။
တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်ထဲရှိ မှော်သင်္ကေတ သန်းပေါင်း ၄၈၀ လုံး အပြည့် အဝ ထွက်ပေါ်လာပြီး ကျောက်တိုင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
"အင်မော်တယ် ကျောက်စာတိုင်"
ဟုန်ရွှန်ကျိ ထုတ်ဖော်လိုက်သော နည်းလမ်းကို မြင်သောအခါ ဟုန်ယွိ၏ စိတ်ဆန္ဒမှာ ပို၍ အေးစက်ပြီး ပို၍ ပြတ်သားလာသည်။ သူက ဟုန်ရွှန်ကျိကို လုံးဝ ဂရုမစိုက်တော့ဘဲ ဧကရာဇ်ယန်ဖန်ထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
ဟုန်ယွိ၏ ထိုလက်သီးချက်တွင် မည်သည့် သိုင်းကွက်ကိုမျှ အသုံးမပြုထားသော်လည်း ဖော်ပြ၍မရနိုင်သော စွမ်းအားကြီးတစ်ခုက ဧကရာဇ်ယန်ဖန်ကို အပြည့်အဝ လွှမ်းခြုံသွား တော့သည်။