အခန်း ၇၂၆
Vol. 70 Ch. 726
အခန်း (၇၂၆)။
ဟုန်ရွှန်ကျိသည် ဟုန်ယွိ၏ ‘ရှေးဦးကောင်းကင်ငှက် ကိုးမျိုးအသွင်ပြောင်းခြင်း’ အောက်ရှိ ကောင်းကင်ငှက်ကိုးမျိုး တစ်ကောင်တည်းအဖြစ် ပြောင်းလဲခြင်း တိုက်ကွက်ကြောင့် သန်း ၄၈၀ သော မှော်သင်္ကေတ အမှုန်အမွှားလေးများအဖြစ် လွင့်စင်သွားခဲ့ပြီး၊ ‘အလင်းနှင့် အမှောင်မန္တလာ အတားအဆီး’ ၏ ဟင်းလင်းပြင် အလွှာအသီးသီးတွင် ခွဲထုတ်၍ ဖိနှိပ် ချိပ်ပိတ်ခံလိုက်သည်။ ဤအခြေအနေကို အာရုံခံမိသော ဧကရာဇ်ယန်ဖန်သည် အလင်းနှင့် အမှောင် မန္တလာအတားဆီးကို တစ်ချက်တည်းဖြင့် မှုန့်မှုန့်ညက်ညက် ခြေဖျက်ရန် ဖန်ဆင်းခြင်းသင်္ဘော ကို ဆင့်ခေါ်လိုက်သည်။ သို့ရာတွင် ဟုန်ယွိအနေဖြင့် ကြိုတင် ပြင်ဆင်မှု မရှိဘဲနေမည် မဟုတ်ပေ။ သူ၏ မျက်ခုံးအလယ် (နဖူးတည့်တည့်) မှ ‘သူတော်စင်ပေါင်းစုံ ခန်းမ’ ထွက်ပေါ်လာပြီး ဖန်ဆင်းခြင်းသင်္ဘောနှင့် အရှိန်ပြင်းစွာ ထိပ်တိုက် ရင်ဆိုင်တော့သည်။
ဘုန်း… ဘုန်း…. ဘုန်း….. ဘုန်း….. ဘုန်း…..
ဤထိပ်တိုက်တွေ့မှုသည် နောက်ထပ် စွမ်းအင်လှိုင်းလုံးကြီး တစ်ခုကို ပေါက်ကွဲထွက် လာစေသည်။
ဤဘုရင်အဆင့် နတ်ဘုရားရတနာနှစ်ပါး၏ ထိပ်တိုက်ရင်ဆိုင်မှု အရှိန်အဝါမှာ တစ်ဖန် မြင့်တက်လာပြန်သည်။ ၎င်းတို့ နောက်ဆုံးအကြိမ် ထိပ်တိုက်တွေ့မှုမှာ ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းအတွင်းရှိ ‘လျှပ်တပြက်ဝင်္ကပါ’ ရှေ့တွင် ဖြစ်ပြီး ထိုအချိန်မှစ၍ ယခု ဆိုလျှင် သုံးနှစ်တာ ကာလ ကြာမြင့်ခဲ့လေပြီ။
ဤသုံးနှစ်အတွင်း ဘုရင်အဆင့် နတ်ဘုရားရတနာနှစ်ခုစလုံးမှာ အခြေခံကျကျ ပြောင်းလဲ တိုးတက်လာခဲ့ကြသည်။ ဟုန်ယွိ၏ သူတော်စင်ပေါင်းစုံခန်းမမှာ ပိုမိုကျစ်လျစ် သန့်စင်လာ ပြီး ‘ထိုက်ကျိ မိုးကြိုးရေကန်’ မှာလည်း အပြီးသတ် ပြည့်စုံသွားခဲ့ပြီ။ ထို့ကြောင့် ယခင်က ထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်လာခဲ့သည်။
ဖန်ဆင်းခြင်းသင်္ဘောမှာမူ ဧကရာဇ်ယန်ဖန်၏ အစဉ်တစိုက် ပြုပြင်မှုများအောက်တွင် ၎င်း၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ တော်ဝင်ချန် အင်ပါယာသည် ခြောက်ဆယ့်ငါးနှစ်တိုင်တိုင် အရင်းအမြစ်များ၊ မရေမတွက်နိုင်သော ရှားပါးရတနာများ ရှိနေသည်ကို သတိပြုရမည်။ ဧကရာဇ်ယန်ဖန်သည် 'အနာဂတ်သခင်' ကို ကျင့်ကြံအောင်မြင်ပြီးနောက် ၎င်း၏ တွက်ချက်နိုင်စွမ်းကို ငှားရမ်းကာ မျက်တောင် တစ်ခတ်အတွင်း ဘီလီယံနှင့်ချီသော အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သဖြင့် ဖန်ဆင်းခြင်းသင်္ဘောကို မူလအခြေအနေသို့ ပြန်လည် ရောက်ရှိအောင် ပြုလုပ်ခြင်းမှာ သူ့အတွက် မခက်ခဲတော့ပေ။
ထို့ကြောင့် ဘုရင်အဆင့် နတ်ဘုရားရတနာနှစ်ပါး ထပ်မံ ထိပ်တိုက်တွေ့သောအခါ ဖြစ်ပေါ် လာသော စွမ်းအင်အကြွင်းအကျန် ရိုက်ခတ်မှုလှိုင်းများကြောင့် ဟုန်ယွိ ခင်းကျင်းထား သော ချိပ်ပိတ်အကာအကွယ်မှာ ချက်ချင်း ပြိုကျပျက်စီးသွားတော့သည်။
ကံကောင်းထောက်မစွာဖြင့် မူလတာအိုသခင်က 'မသေမျိုးစစ်အလံ' အဖြစ် ပြောင်းလဲကာ ဟင်းလင်းပြင်ကို တစ်ဖန် တစ်ဖန် ပြန်လည် ခိုင်မာစေခဲ့သည်။
အပြင်ဘက်တွင်မူ ကော့လီနတ်ဘုရားဘုရင်မသည် ဟုန်ယွိနှင့် ဧကရာဇ်ယန်ဖန်တို့၏ တိုက်ပွဲကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ ထိုအခိုက်အတန့်တွင် သူမ၏ ပေတစ်သောင်း ရှည်သော ဆံပင်များ လွင့်ပျံလာပြီး ဟင်းလင်းပြင် စစ်မြေပြင်ကို ချိပ်ပိတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမက လက်ကို မြှောက်လိုက်ရာ သူမ၏ လောင်ကုန်းအပ်စိုက်မှတ် ထဲမှ 'တောင်နှင့်ပင်လယ် ပုလဲရတနာ' ထွက်ပေါ်လာသည်။ ထိုရတနာမှာ သူမ၏ အစွမ်းထက်ဆုံး နတ်ဘုရားရတနာဖြစ်ပြီး ‘လမ်းစဉ်ခြောက်သွယ် ဗြဟ္မာစက်ဝန်း’ နှင့်ပင် ယှဉ်နိုင်လုနီးပါး အစွမ်းထက်သည်။ နတ်ဘုရားလက်နက်ဘုရင်အဆင့်နှင့် မဟုတ်သော် လည်း အလွန် နီးကပ်နေပြီ။
တောင်နှင့်ပင်လယ် ပုလဲရတနာ ထွက်ပေါ်လာသည်နှင့် ဟင်းလင်းပြင် စစ်မြေပြင်မှာ တစ်ဖန် ပြန်လည် ခိုင်မာသွားပြီး၊ တစ်ချိန်တည်းမှာပင် ခေတ်ဦးခေတ်၏ ပုံရိပ်ယောင်များ ‘ကျောက်စိမ်းမြို့တော်’ အထက်တွင် ဝေဝါးစွာ ပေါ်လာတော့သည်။ ကျောက်စိမ်းမြို့တော် အတွင်းရှိ လူအားလုံးမှာ ကမ္ဘာကြီးတစ်ခုလုံး ခေတ်ဦးကာလသို့ ပြန်လည် ရောက်ရှိသွား သကဲ့သို့ ခံစားလိုက်ရသည်။
"တောင်နှင့်ပင်လယ် စစ်မြေပြင်"
ကော့လီ နတ်ဘုရားဘုရင်မက ငြိမ်သက်စွာ ရပ်နေသော်လည်း တောင်နှင့်ပင်လယ် ပုလဲ ရတနာမှာ အဆက်မပြတ် လည်ပတ်နေပြီး ကျယ်ပြောလှသော တောင်တန်းကြီးများ၊ မဟာပင်လယ်ကြီးများ၊ အမျိုးမျိုးသော ရှေးဦးနတ်ဘုရားသားရဲများနှင့် ရှေးဦးခေတ် နတ်ဘုရားများ၊ ရှေးဦးခေတ် လူသားမျိုးနွယ်များအဖြစ် ပြောင်းလဲ လှုပ်ရှားနေသည်။ ပုံရိပ်များမှာ အလွန်ပင် လက်တွေ့ဆန်သလို အိပ်မက်သဖွယ်လည်း ဖြစ်နေပြီး အာရုံများကို ဝေဝါးသွားစေသည်။
"ဟွန့်၊ ယန်ဖန်... ခင်ဗျားကရော သူတော်စင် ဘုရင်တစ်ပါး မဟုတ်လား။ ခုနက ခင်ဗျား ဖန်ဆင်းခြင်းသင်္ဘောနဲ့ သူတော်စင်ပေါင်းစုံခန်းမတို့ ထိပ်တိုက်တွေ့ဆုံလို့ ထွက်ပေါ်လာတဲ့ စွမ်းအင် အကြွင်းအကျန်တွေကို သုံးပြီး ကျောက်စိမ်းမြို့တော်ကို ဖျက်ဆီးပစ်ဖို့ ကြံခဲ့တာ ပဲ။ ကျုပ်ကို နောက်ဆံတင်းသွားအောင် လုပ်မယ့် ခင်ဗျားအကြံက တော်တော်ယုတ်မာ တာပဲ။ ကျုပ်သာ ကျောက်စိမ်းမြို့တော်ကို ကြိုတင်မကာကွယ်ထားရင် ခင်ဗျားရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ဘယ်လောက်တောင် သေကြေပျက်စီးသွားမလဲ”
ဖန်ဆင်းခြင်းသင်္ဘောနှင့် သူတော်စင်ပေါင်းစုံ ခန်းမတို့ ပြင်းထန်စွာ တိုက်မိကြစဉ် ထွက်ပေါ်လာသော မူလစွမ်းအင် ရိုက်ခတ်မှုလှိုင်းများက တောင်နှင့်ပင်လယ် ပုလဲရတနာ က ဖန်တီးထားသော 'တောင်နှင့်ပင်လယ် စစ်မြေပြင်' ကို အဆက်မပြတ် ရိုက်ခတ်နေ သည်။ စစ်မြေပြင်အတွင်းရှိ ပုံရိပ်အချို့ ပျက်စီးသွားသော်လည်း ရိုက်ခတ်မှုလှိုင်းများမှာမူ အပြင်သို့ စိမ့်ထွက်မသွားနိုင်ဘဲ အောက်ဘက်ရှိ ကျောက်စိမ်းမြို့တော်ကို ဖျက်ဆီးနိုင်ခြင်း မရှိခဲ့ပေ။
အမှန်စင်စစ် ဤသည်မှာ တောင်နှင့်ပင်လယ် ပုလဲရတနာ တစ်ခုတည်း၏ အစွမ်းကြောင့် မဟုတ်ဘဲ ဘုရင်အဆင့် နတ်ဘုရားရတနာနှစ်ပါး၏ အားပြိုင်မှုမှာ တစ်နေရာတည်း၌ စုစည်းနေသောကြောင့်လည်း ဖြစ်သည်။
အကယ်၍ ‘ကော့လီ နတ်ဘုရားဘုရင်မ’ ကဲ့သို့ ရှေးဦးနတ်ဘုရားဘုရင်တစ်ပါး၏ အသက် သွေးကြော ရတနာကသာ ဤရိုက်ခတ်မှုလှိုင်းများကို မတားဆီးနိုင်လျှင် သူမသည် နှစ်ပေါင်းသောင်းချီတိုင်အောင် အမည်ကျော်ကြားခဲ့သော နတ်ဘုရားဘုရင်မတစ်ပါး ဖြစ်လာစရာ အကြောင်းမရှိပေ။
ဤအခိုက်အတန့်တွင် ဘုရင်အဆင့် နတ်ဘုရားရတနာ နှစ်ခုမှာ အရှုံးအနိုင် မပေါ်ဘဲ အကြိတ်အနယ် အားပြိုင်နေကြပြီ။ မည်သည့် နတ်ဘုရားစွမ်းရည်၊ မည်သည့် အသွင် ပြောင်းလဲမှုနှင့် မည်သည့် နည်းဗျူဟာမှ အသုံးမဝင်တော့ဘဲ စွမ်းအား အစစ်အမှန်ဖြင့်သာ ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်။ ဟုန်ယွိသည်လည်း ‘သူတော်စင်ပေါင်းစုံ ခန်းမ’ အတွင်းသို့ ဝင်ရောက်သွားကာ ဟုန်ရွှန်ကျိကို ချိပ်ပိတ်ဖိနှိပ်ထားရင်း ဖန်ဆင်းခြင်းသင်္ဘော၏ လမ်းကြောင်းကို ပိတ်ဆို့ထားသည်။
‘ပျက်သုဉ်းခြင်း နတ်ဘုရား’ ဆယ့်နှစ်ပါးသည်လည်း ‘ကောင်းကင်ဆယ့်နှစ်လွှာ မဟာ ကြယ်တာရာ အစီအရင်’ ကို ဖော်ဆောင်ကာ ဖန်ဆင်းခြင်းသင်္ဘော၏ ပတ်ပတ်လည်တွင် အထက်အောက် ပျံသန်းနေကြရင်း၊ လက်သီးများဖြင့် ဗုံးကြဲသကဲ့သို့ တိုက်ခိုက်နေကြ သော်လည်း ဤဘုရင်အဆင့် နတ်ဘုရားရတနာ၏ ခုခံကာကွယ်မှုကိုမူ မချိုးဖောက်နိုင်ကြ သေးပေ။
ဧကရာဇ်ယန်ဖန်နှင့် အနာဂတ်သခင်တို့မှာ ဖန်ဆင်းခြင်းသင်္ဘော အတွင်းသို့ ဝင်ရောက် ကာ မဟာအစီအရင်များကို အစွမ်းကုန် အသက်သွင်းလိုက်ကြပြီး သူတော်စင်ပေါင်းစုံ ခန်းမ၏ အတားဆီးများကို ဖောက်ထွက်ကာ ‘အလင်းနှင့်အမှောင် မန္တလာ အတားအဆီး’ ကို ချိုးဖျက်ပြီး ဟုန်ရွှန်ကျိကို ကယ်တင်ရန် အသည်းအသန် ကြိုးစားနေကြသည်။
တိုက်ပွဲအတွင်း ဧကရာဇ်ယန်ဖန်သည် ဟုန်ယွိ၏ စကားများကို သိပ်ဂရုမစိုက်ဘဲ သူ၏ စွမ်းအားကြီးမားသော စိတ်ဝိညာဉ်စွမ်းအားကို ဖန်ဆင်းခြင်းသင်္ဘော၏ မူလစွမ်းအင်များ နှင့်အတူ ပေါက်ကွဲ ထုတ်လွှတ်လိုက်သည်။
“နိုင်တဲ့သူက ဘုရင်၊ ရှုံးတဲ့သူက သူခိုးပဲ။ ဟုန်ယွိ... မင်းက သူတော်စင် တစ်ပါးဖြစ်ပြီး ငါက ဧကရာဇ် တစ်ပါးပဲ။ ငါတို့လမ်းစဉ်တွေက မတူညီတဲ့အတွက် ဘယ်တော့မှ အတူတူ လျှောက်လှမ်းလို့မရဘူး။ မင်းက ပုန်ကန်ဖို့ ကြံစည်နေတာ၊ ငါကလည်း အတူတူ ပျက်စီး သွားမှာကို မကြောက်ဘူး။ မင်း တကယ်ပဲ ဧကရာဇ်အကြံပေးကို ချုပ်နှောင်ထားနိုင်မယ်လို့ ထင်နေတာလား။ ဧကရာဇ်အကြံပေးက မင်းရဲ့ အဖေအရင်းခေါက်ခေါက်ပဲ။ သူက မင်း လှုပ်ရှားမှုတိုင်းကို ရှင်းရှင်းလင်းလင်း သိနေတယ်။ အခု သူက မင်းရဲ့စွမ်းအားကို အသုံးချ ပြီး ‘အင်မော်တယ် ကျောက်စာတိုင်’ ကို အပြီးသတ် သန့်စင်နေတာ။ သူ့ခန္ဓာကိုယ်နဲ့ ဒီကျောက်စာတိုင်တို့ အပြန်အလှန် အာရုံခံမိပြီး တစ်သားတည်း ပေါင်းစည်းသွားခဲ့ရင် သူ့ရဲ့ အစွမ်းတွေက အဆပေါင်းများစွာ တိုးလာလိမ့်မယ်။ မင်းက သေဘေးနဲ့ ရင်ဆိုင်နေရတာ တောင် ဘာမှမသိသေးဘူး ဒီမှာ လာပြီး စကားကြီးစကားကျယ် ပြောနေတာလား။"
"မူလတာအိုသခင်၊ ပျက်သုဉ်းခြင်း နတ်ဘုရား ဆယ့်နှစ်ပါး... ပြန်လာခဲ့"
ဟုန်ယွိသည် ဧကရာဇ်ယန်ဖန်၏ စကားများကို ကြားသောအခါ အတွေးတစ်ချက်ဖြင့် မူလ တာအိုသခင်နှင့် ပျက်သုဉ်းခြင်းနတ်ဘုရား ဆယ့်နှစ်ပါးတို့ကို သူတော်စင်ပေါင်းစုံ ခန်းမ အတွင်းသို့ ပြန်လည်ဆင့်ခေါ်လိုက်သည်။ ဟုန်ရွှန်ကျိနှင့် အင်မော်တယ် ကျောက်စာတိုင် တို့ကို ချိပ်ပိတ်ထားသည့် အလင်းနှင့်အမှောင် မန္တလာ အတားအဆီးမှာ ထိုက်ကျိ မိုးကြိုး ရေကန်၏ အောက်ခြေသို့ နစ်မြုပ်သွားပြီး အလုံးစုံ ဖိနှိပ်ခြင်းကို ခံထားရလေပြီ။
သို့သော် ယခုအခါ ထိုအတားအဆီးမှာ မငြိမ်မသက် ဖြစ်နေချေပြီ။
ဤသို့ မငြိမ်မသက်ဖြစ်နေခြင်းမှာ ထူးဆန်းသည်တော့မဟုတ်။ သွေးတစ်စက်မှ ပြန်လည် မွေးဖွားခြင်း နယ်ပယ်ရှိ ကျွမ်းကျင်သူတစ်ဦးကို လွယ်လွယ်ကူကူ သတ်ဖြတ်၍ မရနိုင်ပေ။ ယခင်က စစ်ဘက်ရေးရာဝန်ကြီးကို သန့်စင်ရန်ပင် အချိန်အတော်ကြာအောင် ကြိုးစားခဲ့ရ သည်ဖြစ်ရာ၊ အင်မော်တယ် ကျောက်စာတိုင်နှင့် ဟုန်ရွှန်ကျိ ပေါင်းစည်းမှုကို သန့်စင်ရန်မှာ သာ၍ပင် ခက်ခဲပေလိမ့်မည်။ ဤအချက်ကို ဟုန်ယွိ ကောင်းစွာ နားလည်ထားသည်။
တစ်ချိန်တည်းမှာပင် ဧကရာဇ်ယန်ဖန်က သူ့ကို မတားဆီးလျှင်ပင် ဟုန်ရွှန်ကျိကို အေးအေးဆေးဆေး သန့်စင်ရန်ပင် မလွယ်ကူကြောင်း သူသိသည်။ ဟုန်ရွှန်ကျိ၏ စွမ်းအား အားလုံးကို ထုတ်ယူပြီး သူ၏အသက်ကို ကာကွယ်လျက် သာမန်လူတစ်ယောက်အဖြစ် ပြောင်းလဲရန်မှာ အနည်းဆုံး လပေါင်းများစွာ သို့မဟုတ် နှစ်ချီ၍ပင် ပြင်းပြင်းထန်ထန် အားထုတ်ရပေလိမ့်မည်။
အသက်ကို ကာကွယ်ပေးလျက် စွမ်းအားများကို ထုတ်ယူခြင်းမှာ သာမန် သန့်စင်ပြီး သတ်ဖြတ်ပစ်ခြင်းထက် အဆပေါင်း ရာချီ၍ ခက်ခဲလှသည်။
သို့သော်လည်း အလင်းနှင့်အမှောင် မန္တလာ ချိပ်ပိတ်မှုအတွင်းရှိ ဟုန်ရွှန်ကျိနှင့် အင်မော် တယ် ကျောက်စာတိုင်တို့ကြားမှ အခြေအနေမှာ အနည်းငယ် ထူးဆန်းနေကြောင်း ဟုန်ယွိ သိသိသာသာ ခံစားမိနေသည်။
လူနှင့်ရတနာ။ သူတို့သည် သန်းပေါင်း ၄၈၀ သော မှော်သင်္ကေတများအဖြစ် ပြောင်းလဲကာ သေးငယ်သော ဟင်းလင်းပြင်အတွင်း၌ ချိပ်ပိတ်ခံထားရခြင်း ဖြစ်သည်။ သို့သော် ယခုအခါ ထိုမှော်သင်္ကေတများမှာ အတွဲလိုက် အစုံလိုက် တုန်ခါနေကြပြီး တစ်သားတည်း ပေါင်းစည်းတော့မည့်အလား ဖြစ်နေသည်။
"ဟွန့်…..၊ ရတနာနဲ့ တစ်သားတည်း ဖြစ်ချင်နေတာလား။ အဲဒီလောက် မလွယ်ဘူး။ ဟုန်ရွှန်ကျိ... ခင်ဗျားရဲ့ ဒီအင်မော်တယ် ကျောက်စာတိုင်ကို ဗဟိုကမ္ဘာ ခေါင်းဆောင်ရဲ့ သခင်မဆီကနေ ရခဲ့တာကို ကျုပ်မသိဘူး ထင်နေလား။ ခင်ဗျားနဲ့ ယန်ဖန်က အနာဂတ် သခင်ရဲ့သုံးပြီး အင်မော်တယ်ကျောက်စာတိုင်အတွင်းက ကန့်သတ်ချက်တွေကို ဖယ်ရှား ပြီး လူနဲ့ရတနာ တစ်သားတည်းပေါင်းစည်းဖို့ လျှို့ဝှက်နည်းစနစ်တစ်ခုကို သုံးနေတာမ လား။ ဒါပေမဲ့ ကျုပ်က ဘယ်လိုလုပ် ခင်ဗျားတို့အလိုကျ ခွင့်ပြုမှာလဲ”
ဟုန်ယွိ၏ အစွမ်းထက်သော အတွေးစများမှာ လှုပ်ရှားသွားပြီး ထိုက်ကျိ မိုးကြိုးရေကန်၏ အနက်ရှိုင်းဆုံးနေရာ၊ အလင်းနှင့်အမှောင် မန္တလာအတွင်းရှိ အမှုန်အမွှားလေး တစ်ခုချင်းစီ တိုင်းဆီသို့ ရောက်ရှိသွားတော့သည်။
"အဲဒီလိုလား။ မိဘကျေးဇူးမသိတဲ့ သားမိုက်... မင်း ငါ့ကို အထင်သေးလွန်းနေပြီ"
အလင်းနှင့်အမှောင် မန္တလာအတွင်းမှ ဟုန်ရွှန်ကျိ၏ အစွမ်းထက်လှသော အတွေးစများမှာ လည်း အပြင်သို့ ထွက်ပေါ်လာသည်။ သို့သော် သူသည် ချိပ်ပိတ်မှုကို မချိုးဖျက်နိုင်သလို၊ လွတ်မြောက်အောင်လည်း မစွမ်းဆောင်နိုင်သေးပေ။
"မိုးကြိုးနဲ့ ရေရဲ့ စွမ်းအား၊ ဖိနှိပ်စမ်း" ဟုန်ယွိက အေးစက်စွာ လှောင်ပြုံးလိုက်သည်။ တစ်ချိန်တည်းမှာပင် မူလတာအိုသခင်နှင့် ပျက်သုဉ်းခြင်းနတ်ဘုရား ဆယ့်နှစ်ပါးတို့က မိုးကြိုးရေကန်၏ စွမ်းအားကို အသုံးချလိုက်ကြသည်။
မိုးကြိုးရေကန်အတွင်း၌ ဧရာမ လှိုင်းလုံးကြီးများ မြင့်တက်လာတော့သည်။
ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးမှ ရရှိသော မိုးကြိုးရေစင်များက အလင်းနှင့်အမှောင် မန္တလာကို အဆုံးမဲ့ စွမ်းအားများ ပေးစွမ်းလိုက်ပြီး မှော်သင်္ကေတများ၏ လှုပ်ရှားမှုကို အပြည့်အဝ ဖိနှိပ်လိုက်တော့သည်။
သို့သော် ဟုန်ယွိသည် အနည်းငယ်မျှပင် စိတ်မချရဲသေးပေ။ သူသည် သူတော်စင်ပေါင်းစုံ ခန်းမကို အသုံးပြု၍ ဖန်ဆင်းခြင်းသင်္ဘောကို ထိပ်တိုက် ရင်ဆိုင်နေရသည်။ ထို့အပြင် သူသည် သူ၏ စွမ်းအားအပြည့်ကို မသုံးရဲသေးပေ။ အကြောင်းအရင်းမှာ ဟင်းလင်းပြင်၏ တစ်နေရာမှ အစွမ်းထက်သော တည်ရှိမှု အချို့က ၎င်းတို့၏ စိတ်အာရုံများကို ဖြန့်ကျက်၍ စောင့်ကြည့်နေကြောင်း သူ ခံစားမိနေသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အချိန်မရွေး ဝင်ရောက်တိုက်ခိုက်ရန် အသင့်ပြင်နေကြသည်။
ထိုအထဲတွင် တိုင်ရှန်တာအိုဂိုဏ်းချုပ် မုန့်ရှန်းကျီ၏ အရှိန်အဝါနှင့် ရွှီဝူယွိ၏ အရှိန်အဝါတို့ ပါဝင်နေသည်။
အခြားသူများမှာမူ ၎င်းတို့ကို အာရုံခံနိုင်မည် မဟုတ်သော်လည်း ဟုန်ယွိ၏ အမြင်အာရုံနှင့် ‘ပြောင်းလဲခြင်းကျမ်း’ ၏ တွက်ချက်မှုအောက်တွင် ယန်နတ်ဘုရား သို့မဟုတ် ဟင်းလင်း ပြင် ဖျက်ဆီးခြင်းအဆင့် ပညာရှင်များမှလွဲ၍ မည်သည့်ကျွမ်းကျင်သူမျှ ပုန်းကွယ်နေ၍ မရ နိုင်ပေ။
တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် သူ၏ အတွေးစအချို့ကို ခွဲထုတ်၍ ပြောင်းလဲခြင်းကျမ်း ကို လှည့်ပတ်ကာ နည်းလမ်းအမျိုးမျိုးဖြင့် တွက်ချက်နေသည်။ သူသည် ယနေ့တွင် စစ်ပွဲ ကို အလုံးစုံ ထိန်းချုပ်နိုင်ရန်နှင့် နောက်မှ ရောက်လာမည့်သူများ၏ နှောင့်ယှက်မှုကို မခံရ စေရန် မှန်ကန်သော လမ်းစဉ်ကို ရှာဖွေနေခြင်း ဖြစ်သည်။
ဟုန်ယွိက ဟုန်ရွှန်ကျိကို ဖိနှိပ်ကာ ယန်ဖန်ကို ဟန့်တားပြီး အနာဂတ်သခင်နှင့် ဖန်ဆင်းခြင်းသင်္ဘောကို ဖမ်းဆီးရန် ကြိုးစားနေစဉ်မှာပင်၊ အောက်ဘက် မြေပြင် စစ်မြေ ပြင်မှာမူ အရှိန်အဟုန် မြင့်တက်နေပြီ ဖြစ်သည်။
အထွတ်အထိပ် လူသားအင်မော်တယ် ငါးဦး ဦးဆောင်သည့် စပ်သည် ခြောက်သိန်းသည် ကျောက်စိမ်းမြို့တော် အတွင်းသို့ တကယ်ပင် ချဉ်းနင်းဝင်ရောက်လာကြသည်။ ယခု တစ်ကြိမ်တွင် သူတို့အား တားဆီးနိုင်သူ မရှိသလောက်ပင်။ နဂါးကြေးခွံ အင်မော်တယ် ဘုရင် ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး မိုးကြိုးဧကရာဇ် နတ်ဘုရားဆေဘာကို ကိုင်စွဲထား သည့် ဆေဘာသူတော်စင် ဂွန်ယန်ယု ဦးဆောင်သော စကြဝဠာ နဂါးတပ်ဖွဲ့များပင်လျှင် ထိုအထွတ်အထိပ် လူသားအင်မော်တယ် ငါးဦး၏ စွမ်းအားကို မတောင့်ခံနိုင်ကြပေ။
ထို့အပြင် နဂါးသမီးတော်၊ ယွမ်ရှန်းရှန်းနှင့် ကျီရှန်းထျန်းတို့သည်လည်း ခြောက်ကြိမ် မြောက် မိုးကြိုးကပ်ဘေး ထိပ်တန်းပညာရှင်များ ဖြစ်ကြသည်။ မင်းသားယုသည်လည်း 'ကျောက်စိမ်းဧကရာဇ် ဝတ်ရုံ' ကို ဝတ်ဆင်ထားပြီး လူသားအင်မော်တယ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူဖြစ်ရာ ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေးအဆင့် ကျွမ်းကျင်သူနှင့် ညီမျှသည်။
သူတို့ ကျောက်စိမ်းမြို့တော်တွင်းသို့ ချီတက်လာသောအခါ တော်ဝင်ကိုယ်ရံတော် တပ်ဖွဲ့ ဝင်များမှာ ဆုတ်ခွာသွားကြရသည်။
“နန်းတွင်း အတွင်းဝန်ကြီးတွေကို ထိန်းချုပ်ထားကြ၊ သူတို့ကို ဒဏ်ရာ မရစေနဲ့”
မင်းသားယု မြို့တွင်းသို့ ရောက်လာသည်နှင့် မိုးကြိုးသံကဲ့သို့ အော်ပြောလိုက်သည်။ သူ၏ လက်ညှိုးညွှန်ရာသို့ ပညာရှင်များစွာ ပျံသန်းသွားပြီး မြို့ရိုးပေါ်ရှိ နန်းတွင်း အတွင်းဝန်ကြီး များကို ဝန်းရံလိုက်ကြသည်။
"အားလုံး နားထောင်ကြ။ ငါတို့က ကျောက်စိမ်းမြို့တော်ကို တိုက်ခိုက်နေတာ မဟုတ်ဘူး၊ ဧကရာဇ် အကျင့်ပျက် ခြစားနေတဲ့ အရာရှိတွေကို ရှင်းလင်းနေတာ ငါတို့ရဲ့ ပစ်မှတ်က နန်းတော် မဟုတ်ဘူး။ ဝူဝမ်မြို့စား ဧကရာဇ်အကြံပေးရဲ့ စံအိမ်နဲ့ ဟုန်မိသားစုပဲ"
မင်းသားယုက ထပ်မံ အော်ပြောလိုက်ပြန်သည်။ "ဟုန်မိသားစု စံအိမ်ကို ချေမှုန်းကြ။ စစ်ပွဲကို ချက်ချင်း ရပ်တန့်လိုက်"
ရှောင်ရှိူက်နှင့် အခြား အထွတ်အထိပ် လူသားအင်မော်တယ်များကလည်း ထပ်တူ အော်ပြောလိုက်ကြသည်။ "ဟုန်မိသားစု စံအိမ်ကို ချေမှုန်းကြ။ စစ်ပွဲကို ချက်ချင်း ရပ်တန့် လိုက်"
စစ်သည်တော် ခြောက်သိန်းတို့ကလည်း တစ်ချိန်တည်းမှာပင် ဟစ်ကြွေးလိုက်ကြသည်။
ကိုယ်ရံတော် တပ်ဖွဲ့များကို ဦးဆောင်ကာ တဖြည်းဖြည်း ဆုတ်ခွာနေရသော ဟုန်ရှီသည် မြေကမ္ဘာ တုန်ဟိန်းသွားသော ထိုဟစ်ကြွေးသံကို ကြားလိုက်ရသောအခါ သူ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော့သွားလေတော့သည်။