အခန်း ၇၂၇
Vol. 70 Ch. 727
အခန်း (၇၂၇)။
"ဟုန်မိသားစု စံအိမ်ကို ချေမှုန်းပြီး စစ်ပွဲကို ချက်ချင်း ရပ်တန့်လိုက်"
ဤစကားသံများကို စစ်သည်ခြောက်သိန်း၊ အထွတ်အထိပ် လူသားအင်မော်တယ် ငါးဦးနှင့် မိုးကြိုးကပ်ဘေးအဆင့် ကျွမ်းကျင်သူ အများအပြားက ဟစ်အော်လိုက်ကြခြင်း ဖြစ်သည်။ ထိုဧရာမ အသံလှိုင်းကြီးများက ကျောက်စိမ်းမြို့တော် တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်လု မတတ် တုန်ဟိန်းသွားစေသည်။
သို့သော် ဤအသံက စစ်ပွဲတစ်ခုလုံး၏ အရှိန်အဟုန်ကို နှေးကွေးသွားစေခဲ့သည်။
မြို့စောင့်တပ်သားများ၊ တော်ဝင်ကိုယ်ရံတော်များ၊ ဝန်ကြီးများ၊ မှူးမတ်တို့၏ ကိုယ်ပိုင် စစ်သည်များ၊ သိုင်းပညာရှင်များ၊ အစောင့်များနှင့် တာအိုဘုန်းတော်ကြီးများ အပါအဝင် တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်းအသီးသီးမှ လူအများအပြားမှာ လက်နက်ချ ရပ်တန့်သွား ကြသည်။ ဟုန်ယွိ၏ မြို့သိမ်းတိုက်ပွဲမှာ အာဏာလုယူရန် မဟုတ်ဘဲ ဧကရာဇ်၏ ဘေးနား ရှိ အကျင့်ပျက် ခြစားသူများကို ရှင်းလင်းရန်၊ ဟုန်ရွှန်ကျိကို သတ်ဖြတ်ရန်နှင့် ဧရာမ ဝူဝမ် မြို့စားစံအိမ်ကြီးကို ဖျက်ဆီးရန်သာ ဖြစ်ကြောင်း သူတို့အားလုံး ခံစားသိရှိသွားကြသည်။
"စစ်သည်တို့... အဓမ္မကျင့်တာ၊ လုယက်တာ၊ မီးရှို့တာနဲ့ ဖျက်ဆီးတာတွေ လုံးဝ မလုပ်ရဘူး။ အမိန့်မနာခံသူကို ကွပ်မျက်မယ်"
မင်းသားယုက တစ်ဖန် ပြင်းထန်စွာ ဟစ်အော်လိုက်ပြန်သည်။
တစ်ချိန်တည်းမှာပင် အထွတ်အထိပ် လူသားအင်မော်တယ် ငါးဦး၏ အသံများသည်လည်း မိုးကြိုးသံကဲ့သို့ တလိမ့်လိမ့် ထွက်ပေါ်လာပြီး အခြားအသံအားလုံးကို ဖုံးလွှမ်းသွားသည်။
"စစ်ပွဲကို ရပ်ကြ။ စစ်ပွဲကို ရပ်ကြ"
ကျောက်စိမ်းမြို့တော် ပဉ္စမမြောက် စက်ဝိုင်းလမ်း အပြင်ဘက်ရှိ မှူးမတ်စံအိမ်အချို့တွင် မိမိတို့အိမ်အတွင်းသို့ တပ်များ ဝင်ရောက်ကာ လုယက်ဖျက်ဆီးမည်ကို ခုခံရန် အစောင့် များကို ဦးဆောင်နေကြသည်။ သို့သော် ထိုအသံကို ကြားလိုက်ရသောအခါ သူတို့သည် ချက်ချင်းပင် ဟစ်အော်တားမြစ်လိုက်ကြသည်။
အမှန်တကယ်ပင် ထိုဟစ်အော်သံကြောင့် အစောင့်များ ရပ်တန့်သွားသကဲ့သို့ မြို့တွင်းသို့ ချီတက်လာသော တပ်မတော်ကြီးမှာလည်း လမ်းမများပေါ်သို့ စနစ်တကျ ပြန်လည် ဆုတ်ခွာသွားကြသည်။ သူတို့သည် ပြန်လည်စုဖွဲ့ကာ လမ်းဆုံလမ်းခွများမှတစ်ဆင့် ဝူဝမ်မြို့စားစံအိမ်၏ ဗဟိုချက်ဆီသို့သာ စနစ်တကျ ရွေ့လျားသွားကြသည်။
ခဏအတွင်းမှာပင် မြို့တွင်းရှိ လမ်းပေါ်မှ တိုက်ပွဲများနှင့် သွေးထွက်သံယိုမှုများမှာ သိသိ သာသာ လျော့နည်းသွားခဲ့သည်။
ယခင်မင်းဆက်များတွင် မြို့တစ်မြို့ ကျဆုံးပါက ထိုကဲ့သို့သော တိုက်ပွဲများ၌ သေကျေ ဒဏ်ရာရမှုမှာ ရှောင်လွှဲ၍မရပေ။ အထူးသဖြင့် ကမ္ဘာပေါ်တွင် နံပါတ်တစ် မြို့တော် ဖြစ်သော ကျောက်စိမ်းမြို့တော်ကဲ့သို့ မြို့တွင်း လမ်းမပေါ်တိုက်ပွဲ ဖြစ်ပွားပါက စစ်သည် နှင့် အရပ်သား သန်းပေါင်းများစွာ သေဆုံးနိုင်ပေသည်။ သို့သော် ယနေ့စစ်ပွဲတွင်မူ လွှမ်းမိုး နိုင်သော အင်အားကြောင့် သေဆုံးမှုမှာ အလွန်နည်းပါးနေပြီး အဓမ္မကျင့်ခြင်း သို့မဟုတ် လုယက်ခြင်း လက္ခဏာများ လုံးဝမရှိပေ။
သမိုင်းမှတ်တမ်းများတွင် ရေးထိုးရမည်ဆိုပါက ဤသည်မှာ တကယ့် 'သူတော်စင်တို့၏ စစ်ပွဲ' တစ်ခု ဖြစ်ပေလိမ့်မည်။
အချို့သော တော်ဝင်မိသားစုများ၊ မှူးမတ်များနှင့် ကိုယ်ပိုင်စစ်သည်များသည် သက်ပြင်းချ လိုက်ပြီး မိမိတို့နယ်မြေကိုသာ ကာကွယ်ထားကြသည်။ တပ်မတော်ကြီး စနစ်တကျ မြို့တွင်းသို့ ဝင်ရောက်လာသည်ကို ကြည့်ရင်း သူတို့၏ စိတ်အာရုံမှာ ဝူဝမ်မြို့စားစံအိမ် ဆီသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားကြသည်။
"ဝူဝမ်မြို့စားစံအိမ်တော့ ဒီတစ်ခါ တကယ်အဆုံးသတ်ပြီ"
"ဒီနှစ်တွေတစ်လျှောက်လုံး မဒမ်ကျောက်ရဲ့ အာဏာက နန်းတွင်းတစ်ခုလုံးကို လွှမ်းမိုး ထားခဲ့တာ။ ဆယ်မိုင်အရှည်ရှိတဲ့ လမ်းမကြီးတစ်လျှောက်မှာ နန်းတော်နဲ့အပြိုင် ခမ်းနား တဲ့ အိမ်တော်တွေ ပြည့်နေတာပဲ။ ဆွေမျိုးပေါက်ဖော်တွေ အကုန်လုံးကလည်း ဗိုလ်ကျနေ ကြတာ။ အခုတော့ အားလုံး ပြီးဆုံးသွားပြီ"
"ဧကရာဇ်အကြံပေးရဲ့ စံအိမ်မှာ ရတနာတွေ ဘယ်လောက်တောင် ရှိနေမလဲ မသိဘူး။ ဒီတစ်ခါတော့ ဟုန်ရွှန်ကျိ တကယ်ကျဆုံးသွားပြီး မင်းသားယုတော့ ဗိုက်ဝသွားမယ် ထင်ပါရဲ့..."
"ဟုန်မိသားစုက လူတွေ ဒီနှစ်တွေမှာ မောက်မာခဲ့တာ လုံလောက်သင့်ပြီ။ ကျောက် မိသားစုရဲ့ လူတွေဆိုရင် ပိုတောင် ဆိုးသေးတယ်။ အခု သူတို့ ဘာလုပ်နိုင်မလဲ ကြည့်ကြ သေးတာပေါ့။ ဟုန်ရွှန်ကျိက ဝန်ကြီးအဖွဲ့မှာ အာဏာအကုန်လုံးကို လက်ဝါးကြီးအုပ်ပြီး တဦးတည်း မင်းမူနေတာ။ ငါတို့လိုလူတွေ တက်လမ်းရှိဖို့ (နေရာရဖို့) အတွက်ဆိုရင် သူ့ကို တကယ်ပဲ ဖယ်ရှားပစ်ဖို့ လိုနေတာပဲ။”
အခြေအနေများ ငြိမ်သက်သွားပြီးနောက် မှူးမတ်အချို့က စိတ်အားထက်သန်စွာ ဆွေးနွေး လာကြသည်။
"မင်းသားယုရဲ့ တပ်တွေက ဘယ်သူ့ကိုမှ မစော်ကားဘူး။ တကယ်ကို စည်းကမ်းရှိကြ တာပဲ။ ဒါဟာ သူတော်စင် ဟုန်ယွိရဲ့ ပံ့ပိုးကူညီမှုကြောင့် ဖြစ်ရမယ်။" အစောပိုင်းနှစ်များက နန်းတွင်းအတွင်းဝန်ချုပ်ဟောင်း ဖြစ်ခဲ့ဖူးသော ကွန်ဖြူးရှပ် ပညာရှင် အဖိုးအိုတစ်ဦးသည် သူ၏တောင်ဝှေးကို အမှီပြုကာ အိမ်တော်အတွင်းမှ ထွက်လာသည်။ သူက သူအိမ်ရှေ့ တံခါးဝမှ စနစ်တကျ ချီတက်သွားသော စစ်သည်တော် အဖွဲ့များကို ကြည့်နေသည်။ ထိုစစ်သည်များထံမှ ပြင်းထန်သော သတ်ဖြတ်လိုသည့် အရှိန်အဝါများ လွှမ်းခြုံနေသော် လည်း အိမ်တော်အတွင်းရှိ အစေခံမိန်းကလေးများ၊ အဖိုးတန် အလှဆင်မှုများနှင့် ရွှေကျောက်မျက်များ စီခြယ်ထားသော ကမ္ပည်းပြားများကို တစ်ချက်ပင် မကြည့်ဘဲ ကျော်ဖြတ်သွားကြသည်။ ထိုမြင်ကွင်းကို မြင်ရသောအခါ အဖိုးအိုမှာ မချီးကျူးဘဲ မနေနိုင် ဖြစ်သွားရသည်။
ထို့နောက် သူက အစေခံကို ခေါ်၍ စုတ်တံ၊ မှင်နှင့် စက္ကူတို့ကို ယူဆောင်လာစေကာ ဤအရာအားလုံးကို မှတ်တမ်းတင်လိုက်သည်။ "တော်ဝင်ချန်မင်းဆက် ၅၅ နှစ်မြောက်၊ ဆယ့်တစ်လပိုင်း ဆောင်းနှောင်းရာသီတွင် မင်းသားယုသည် စစ်သည်ခြောက်သိန်းကို ဦးဆောင်၍ မြို့တွင်းသို့ ဝင်ရောက်လာသည်။ သူတို့သည် မြက်တစ်ပင်ကိုမျှ မထိခိုက် စေဘဲ စည်းကမ်း တင်းကျပ်လှသည်၊ အရှိန်အဝါမှာလည်း တည်ကြည် လေးနက်လှကာ မေတ္တာတရား ရှေ့ထားသော မင်းကောင်းမင်းမြတ်၏ အရှိန်အဝါမျိုး ပိုင်ဆိုင်ထားကြသည်။ ဤသည်မှာ ကျိုးယွိအကယ်ဒမီ၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။ ကျိုးယွိ အကယ်ဒမီသည် ဤတိုက်ပွဲဖြင့် ကောင်းကင်နှင့် မြေကြီး၏ ဖြောင့်မတ်ခြင်း လမ်းစဉ်ကို ထူထောင်လိုက်ပြီး ခန့်ညားထည်ဝါသော တရားမျှတမှုဖြင့် တုံ့ပြန်လိုက်ပြီ ဖြစ်ရာ မဟာကမ္ဘာလောက၏ ခေတ်ရေစီးကြောင်းမှာလည်း အတည်ဖြစ်သွားလေပြီ။”
ဤပညာရှင်အိုကြီးသည် အဖြစ်အပျက်ကို သစ္စာရှိရှိ မှတ်တမ်းတင်ခဲ့သည်။
မြို့ထဲတွင် တိုက်ပွဲများ ငြိမ်သက်သွားသော်လည်း ဝူဝမ်မြို့စားစံအိမ် အနီးရှိ လမ်းမများ တွင်မူ ပိုမိုပြင်းထန်လာခဲ့သည်။
"တပ်မှူး၊ ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ"
နတ်ဘုရားသခင် ဗျူဟာတပ်ရင်းမှ ကျန်ရှိနေသော လူတစ်သောင်းကျော်မှာ ချပ်ဝတ်များ ကို ချွတ်ပစ်ကာ ဝူဝမ်မြို့စားစံအိမ်အတွင်းသို့ အမြန်ဆုတ်ခွာနေကြသည်။ ဟုန်ရှီသည် လက်ထဲတွင် “အကျဉ်းထောင်နှိမ်နှင်းခြင်း” ဆေဘာကို ကိုင်ဆောင်ထားပြီး ရွှေရောင် အင်မော်တယ်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူက ဝံပုလွေတစ်ကောင်လို ပြေးလွှားပြီး တောဝက်တစ်ကောင်လို အလောတကြီး ဝင်တိုက်နေသည်။ ယခုအချိန်တွင် သူ၏ ပထမဆုံးအတွေးမှာ သူ့တပ်များကို အိမ်သို့ အမြန်ခေါ်ဆောင်ရန်၊ မဒမ်ကျောက်နှင့် တိုင်ပင်ရန်နှင့် ထို့နောက် လွတ်ရာသို့ ထွက်ပြေးရန် ဖြစ်သည်။
"ရေစီးကြောင်းကြီး ပြီးဆုံးသွားပြီ"
'ဟုန်မိသားစု စံအိမ်ကို ချေမှုန်းကြ၊ စစ်ပွဲကို ချက်ချင်း ရပ်တန့်လိုက်' ဟူသော အသံများကို ကြားလိုက်ရသောအခါ ဟုန်ရှီသည်လည်း အခြေအနေမှာ မျှော်လင့်ချက်မဲ့နေပြီ ဖြစ်ကြောင်း ခံစားလိုက်ရသည်။ သို့သော် သူသည် အရှုံးမပေးခဲ့ပေ။ သူ၏ စိတ်ထဲတွင် 'အသက်ရှင်နေသမျှ မျှော်လင့်ချက်ရှိသေးတယ်' ဟူသော အတွေးရှိနေဆဲ ဖြစ်သည်။
"သွားကြစို့..၊ ငါတို့မြို့စားစံအိမ်ထဲမှာ လျှို့ဝှက်ဥမင်တွေ ရှိတယ်။ ငါတို့ ကျောက်စိမ်း မြို့တော်ကနေ ထွက်ပြေးလို့ရတယ်။ ဒီနေ့မှာ တစ်ဖက်လူက အင်အားကြီးပြီး အခြေအနေ ကို ထိန်းချုပ်ထားနိုင်တယ် ဆိုပေမဲ့ ဒါက ဘာမှမဟုတ်ပါဘူး။ ငါတို့ လွတ်မြောက်သွား သရွေ့ ငါတို့ ချက်ချင်း ပြန်တိုက်ခိုက်ပြီး လောကကြီးထဲက ကျွမ်းကျင်သူတွေ အားလုံးကို စုစည်းနိုင်တယ်။ မမေ့ကြနဲ့၊ နန်ကျိုး(တောင်ပိုင်းပြည်နယ်)ကလည်း ငါတို့ရဲ့ နယ်မြေပဲ။ နောက်ပြီး ဘုရင်ခံ တော်တော်များများကလည်း ဟုန်မိသားစုက လူတွေပဲ။ ဒီနေ့သတင်း ပျံ့သွားတာနဲ့ အဲဒီဘုရင်ခံတွေက ဧကရာဇ်ကို ကယ်တင်ဖို့ သူတို့ရဲ့ တပ်တွေကို သေချာ ပေါက် စည်းရုံးလိမ့်မယ်။ ကမ္ဘာကြီးတစ်ခုလုံး ကမောက်ကမ ဖြစ်သွားလိမ့်မယ်။ အဲဒီအချိန် ကျရင် မင်းသားယုလည်း အခြေအနေကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ဧကရာဇ် ကလည်း မသေသေးဘူး။ ဧကရာဇ်က ဟုန်ယွိကို အနိုင်ယူလိုက်တာနဲ့ အရာအားလုံးက ငါတို့လက်ထဲ ပြန်ရောက်လာမှာပဲ"
ဟုန်ရှီသည် ထွက်ပြေးနေရင်း သူ၏ ယုံကြည်ရသော လက်ထောက်များကို ပြင်းထန်စွာ အော်ဟစ်ပြောဆိုလိုက်သည်။ သူ၏ လေသံမှာ အခြားသူများကို နှစ်သိမ့်ပေးနိုင်သလို မိမိကိုယ်ကို ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။
ဟုန်ရှီသည် နတ်ဘုရားသခင် ဗျူဟာတပ်ရင်း၏ တပ်မှူးအဖြစ် နှစ်ပေါင်းများစွာ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ရာ လူတို့၏ စိတ်ကို ဆွဲဆောင်နိုင်သော နည်းလမ်းကို သူသိထား သည်။
တကယ်တမ်းတွင် ဟုန်ယွိက ဟုန်ရှီကို လွှမ်းမိုးသွားခဲ့ခြင်း ဖြစ်သည်။ ထိုသို့မဟုတ်လျှင် ဟုန်ရှီသည်လည်း ကောင်းကင်ဘုံ၏ ဂုဏ်ယူဖွယ် သားတစ်ယောက် ဖြစ်လာပေလိမ့်မည်။
သို့သော် ဟုန်ရှီက လူများကို စည်းရုံးနေစဉ်မှာပင်၊ ကောင်းကင်မှ အလင်းတန်းများစွာ ရုတ်တရက် ကျဆင်းလာသည်။ အရှိန်အဝါ ပြင်းထန်သော ဓားအလင်းတန်းများ၏ တစ်ချက်တည်းသော တိုက်ခိုက်မှုကြောင့် ဟုန်ရှီ၏ ပတ်လည်ရှိ စစ်သည်များစွာ သွေးအိုင် ထဲတွင် သေဆုံးသွားကြသည်။
"ဟုန်ရှီ၊ မင်း ထွက်ပြေးချင်နေတုန်းပဲလား။ မင်း အဆုံးသတ်သွားပြီ။ ဝူဝမ်မြို့စားစံအိမ် လည်း အဆုံးသတ်ပြီ"
နင်ဂျာဘုန်းတော်ကြီးက ကမ္ဘာဖန်ဆင်းခြင်း ချပ်ဝတ်ကို ဝတ်ဆင်၍ ဆေးမီးလျှံ နတ်ဘုရား ဓားကို ကိုင်ဆောင်ထားသည်။ သူသည် မြေပြင်သို့ ဆင်းသက်လာသည်နှင့် 'ဝေထော် မိစ္ဆာနှိမ်' တိုက်ကွက်ကို အသုံးပြုလိုက်ရာ ဓားအလင်းတန်းများ ဖြာထွက်ပေါက်ကွဲသွားပြီး နတ်ဘုရားသခင် ဗျူဟာတပ်ရင်းမှ ကျွမ်းကျင်သူ သုံးလေးဆယ်ခန့် ချက်ချင်း သေဆုံး သွားကြသည်။ (ဝေထော်သည် ဗုဒ္ဓဘာသာတွင် သာသနာတော်နှင့် ကျောင်းကန် ဇရပ်များ ကို စောင့်ရှောက်ရသော နတ်စစ်သူကြီး (Dharmapala) ဖြစ်သည်။ သူ၏ ပုံသဏ္ဌာန်မှာ သံချပ်ကာဝတ်စုံ အပြည့်အစုံဖြင့် လက်ထဲတွင် နတ်နဂါးဆေဘာ သို့မဟုတ် ဝရဇိကျည်ပွေ့ ကို ကိုင်ဆောင်ကာ မတ်တတ်ရပ်နေသော သို့မဟုတ် ထိုင်နေသော စစ်သူကြီးပုံစံ ဖြစ်သည်။ သူသည် မိစ္ဆာအပေါင်းကို နှိမ်နင်းရာတွင် အလွန် လျင်မြန်ဖြတ်လတ်ပြီး တရားမျှတမှုကို ကာကွယ်သူဟု လူသိများသည်။)။
တစ်ချိန်တည်းမှာပင် ချီဇီယန်နှင့် ရှန်ထိုက်ဇူတို့သည် မိုးပြာနဂါး၊ ကျားဖြူ၊ ဗာမီလီယံငှက် နှင့် လိပ်နက် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်၍ လက်နက်မျိုးစုံဖြင့် ဟုန်ရှီကို ဝန်းရံ လိုက်ကြသည်။
ဤသည်မှာ ဟုန်ယွိ အမိန့်ပေးထားခြင်း ဖြစ်သည်။ ဟုန်မိသားစုဝင် မည်သူ့ကိုမျှ လွတ်မြောက်ခွင့် မပြုရပေ။ သူတို့အားလုံးကို ဖမ်းဆီးပြီးမှ မင်းသားယု အာဏာရလာလျှင် ဥပဒေအရ အပြစ်ပေးမည် ဖြစ်သည်။
"ရှစ်မျက်နှာ မုန်တိုင်း"
ဟုန်ရှီက အော်ဟစ်လိုက်ပြီး လက်ထဲမှ “အကျဉ်းထောင်နှိမ်နှင်းခြင်း” ဆေဘာကို ဝှေ့ယမ်းလိုက်သည်။ ၎င်းသည် ပြင်းထန်သော မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူတစ်ယောက်တည်းက နင်ဂျာဘုန်းတော်ကြီး၊ ချီဇီယန်နှင့် ရှန်ထိုက်ဇူတို့ကို တိုက်ခိုက် လိုက်သည်။
ဟုန်ရှီသည် အလယ်အလတ် လူသားအင်မော်တယ် အဆင့်အထိ ကျင့်ကြံထားပြီး သူ၏ ရွှေရောင်အင်မော်တယ်ဝတ်ရုံနှင့် ဆေဘာမှာလည်း အလွန်အစွမ်းထက်သည်။
"ဒေါင်"
နင်ဂျာဘုန်းတော်ကြီးမှာ ဆေဘာဖြင့် ခုတ်ပိုင်းခံရသဖြင့် နောက်သို့ ဆုတ်သွားရသည်။ ချီဇီယန်၏ ဆေဘာမှာ ကောင်းကင်သို့ လွင့်စင်သွားပြီး သူ၏ ခန္ဓာကိုယ်မှာလည်း နံရံတစ်ခု နှင့် ဝင်တိုက်မိသွားသည်။ ရှန်ထိုက်ဇူ၏လက်ထဲရှိ ပျက်သုန်းခြင်းရှစ်မျိုး လှံပုဆိန်မှာလည်း လွင့်စင်သွားပြီး သွေးများ အန်ချလိုက်ရသည်။
ချီဇီယန်နှင့် ရှန်ထိုက်ဇူတို့မှာ အထွတ်အထိပ် သိုင်းသူတော်စင်အဆင့်သာ ရှိသဖြင့် လူသား အင်မော်တယ်ဖြစ်သော ဟုန်ရှီကို မယှဉ်နိုင်ဘဲ အရေးနိမ့်နေရခြင်း ဖြစ်သည်။
"ဟား ဟား ဟား ဟား၊ အသုံးမကျတဲ့ ကြက်တွေ၊ ခွေးတွေက ငါ့ကို လာစိန်ခေါ်ရဲတယ်ပေါ့။ မင်းတို့ အားလုံးကို ငါ သတ်ပစ်မယ်။ အဲဒီကောင်စုတ် ဟုန်ယွိကို ဝမ်းနည်းသွားစေရမယ်။ ကောင်းကင်နဲ့မြေကြီး ပျက်သုဉ်းခြင်း"
ဟုန်ရှီ၏ မျက်နှာပေါ်တွင် ကြောက်မက်ဖွယ် အပြုံးတစ်ခု ပေါ်လာပြီး သူ၏ ဆေဘာမှ မိုးကြိုးနှင့် မီးတောက်များ ပေါက်ကွဲထွက်လာသည်။ တစ်ချိန်တည်းမှာပင် ဧရာမ ဆေဘာ အလင်းတန်းကြီး တစ်ခုက ချီဇီယန်၊ ရှန်ထိုက်ဇူနှင့် နင်ဂျာဘုန်းတော်ကြီးတို့ဆီသို့ ခုတ်ပိုင်းလာသည်။
"သူ့ကို ဘာလို့ စကားပြောပြီး အချိန်ဖြုန်းနေတာလဲ။ ဖမ်းလိုက်ရုံပဲလေ"
ရုတ်တရက် ကြီးမားသော လက်ဝါးကြီးတစ်ဖက် ပေါ်လာပြီး ဟုန်ရှီ၏ ဆေဘာ အလင်းတန်းကို ဖမ်းဆုပ်လိုက်သည်။ ၎င်းမှာ ရှောင်ရှိူက်ပင် ဖြစ်သည်။
"ဟုန်ရွှန်ကျိက ငါ့ကို တစ်ခါ အနိုင်ယူဖူးတယ်။ သူ့ဆီက ငါ ပြန်ကလဲ့စားချေရမှာပဲ။ မင်းက သူ့သားဖြစ်ပြီး ငါ့ရှေ့မှာ လာကြွားနေတာလား။ မင်း သေချင်နေတာပဲ"
ရှောင်ရှိူက်က 'လေနတ်ဘုရား ခြေကန်ချက်' ဖြင့် ကန်ကျောက်လိုက်ရာ ဟုန်ရှီ၏ ခန္ဓာကိုယ်ပေါ်သို့ ခြေကန်ချက်များစွာ ကျရောက်သွားပြီး သွေးအန်ကာ လဲကျသွားတော့ သည်။ ရှောင်ရှိူက်က ဟုန်ရှီကို လေထဲမှနေ၍ သိုင်းဆန္ဒဖြင့် ဟုန်ရှီကို ဖုံးလွှမ်းပြီး ဖမ်းဆုပ် လိုက်သည်။
ဝှီး… ဝှီး.. ဝှီး…
ထိုစဉ်မှာပင် ပေ့ချန်၊ လီဖူ၊ ဝူကျွမ်းနှင့် ရန်ယန်တို့လည်း ဆင်းသက်လာကြသည်။
“ရှောင်ရှိူက်... နှောင့်နှေးမနေနဲ့။ ဟုန်အိမ်တော်ထဲကို အမြန်ဝင်ရအောင်။ မဒမ်ကျောက်နဲ့ တာလော် ကောင်းကင်သခင်အကြွင်းမဲ့တို့ကို ထွက်ပြေးခွင့် ပေးလို့မဖြစ်ဘူး။ မဟုတ်ရင် ဟုန်ယွိက ငါတို့ကို အပြစ်တင်လိမ့်မယ်၊ အဲဒီဒဏ်ကို ငါတို့ မခံနိုင်ဘူး။”
"ဒါအမှန်ပဲ။ ဟုန်ယွိက အခု တောင်နှင့်ပင်လယ် စစ်မြေပြင်မှာ ဟုန်ရွှန်ကျိ၊ ယန်ဖန်တို့ကို တစ်ယောက်တည်းနဲ့ အသာစီးရအောင် တိုက်ခိုက်နေတာ။ ငါတို့က ဒီလောက်ကိစ္စလေးကို တောင် ဖြစ်မြောက်အောင် လုပ်နိုင်ဘူးဆိုရင် ငါတို့က ကြယ်သခင်တွေလို့ ခေါ်ဖို့ မထိုက် တန်တော့ဘူး”
ရှောင်ရှိူက်က ခေါင်းညိတ်လိုက်ပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်၏။ အထက် ကောင်းကင်ယံတွင် ဟုန်ယွိသည် သူတော်စင်ပေါင်းစုံခန်းမကို ထိန်းချုပ်ကာ ဖန်ဆင်းခြင်း သင်္ဘောနှင့် ပြင်းထန်စွာ တိုက်ခိုက်နေသည်။ ထိုတိုက်ပွဲမှ ထွက်ပေါ်လာသော လှိုင်းလုံးများ က အောက်သို့ လွင့်ပျံလာရာ လူတိုင်း ကြီးမားသော ဖိအားကို ခံစားနေရသည်။
အထွတ်အထိပ် လူသားအင်မော်တယ် ငါးဦး သဘောတူညီသွားကြသည်နှင့် တစ်ပြိုင်နက် ဟုန်မိသားစုစံအိမ်အတွင်းသို့ ချက်ချင်း ဝင်ရောက်သွားကြသည်။ … …
"သတင်းပို့ပါတယ်... သခင်မ၊ ဟုန်ယွိရဲ့တပ်တွေ ကျောက်စိမ်းမြို့တော်ကို ထိုးဖောက်ဝင် ရောက်လာပါပြီ။ ကျွန်တော်တို့ ဆက်စောင့်နေလို့ မရတော့ပါဘူး။"
ဝူဝမ်မြို့စားစံအိမ်အတွင်း၌ မဒမ်ကျောက်သည် ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး စံအိမ် အတွင်းရှိ မရေမတွက်နိုင်သော ကျွမ်းကျင်သူများကို လိုအပ်သည့် ပြင်ဆင်မှုများပြုလုပ်ရန် အမိန့်ပေးနေသည်။ တစ်ချိန်တည်းမှာပင် မဒမ်ရုံ၊ ကိုယ်လုပ်တော် ဆယ်ဂဏန်းကျော်နှင့် ကျောက်မိသားစု၊ ဟုန်မိသားစုတို့မှ ကျွမ်းကျင်သူများစွာသည် သူမ၏ ပတ်လည်တွင် စုဝေး နေကြသည်။ အထွဋ်ထိပ်ကောင်းကင်နယ်မြေ၏ နတ်ဘုရား ကောင်းကင်သခင် အကြွင်းမဲ့ သည်လည်း သူမ၏ ဘေးနားတွင် ရှိနေသည်။
သွေးနတ်ဘုရား၊ မှော်နတ်ဘုရားနှင့် သိုင်းသူတော်စင်အချို့သည်လည်း သူမအမိန့်ကို စောင့်ဆိုင်းနေကြသည်။
သတင်းပို့းများက တစ်ယောက်ပြီးတစ်ယောက် ပြန်လည်ရောက်ရှိလာကာ သတင်းပို့နေ ကြသည်။
"ဟွန့် ဒါက ဘာဆန်းလို့လဲ" ထိုအချိန်တွင် မဒမ်ကျောက်သည်လည်း ဟုန်မိသားစုစံအိမ်ကို ချေမှုန်းရန် အော်ဟစ်သံများကို ကြားလိုက်ရသည်။ သူမမျက်နှာ ဖြူလျော်သွားသော်လည်း သူမစိတ်နှလုံးထဲမှ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာ သည်။ "ကျွမ်းကျင်သူတွေ အားလုံး နားထောင်စမ်း။ မြို့စားစံအိမ်ရဲ့ တံခါးတွေကို ပိတ်လိုက်ကြ။ လာနှောင့်ယှက်သူမှန်သမျှ အညှာတာမရှိ သတ်ပစ်။ အဆိပ်လက်ဝါး ကျောက်ဖုန်း။ အမှောင်လက်ဝါး ကျောက်လော့။ နတ်ဆိုးလက်ဝါး ကျောက်ဟူ။ တစ္ဆေ လက်ဝါး ကျောက်ခါး။ သံမဏိလက်ဝါး ကျောက်ရှား။ ထွက်လာခဲ့”
"အမိန့်တိုင်းပါ"
အစေခံ ထောင်ပေါင်းများစွာထဲမှ ကျွမ်းကျင်သူ ငါးဦး ထွက်လာပြီး မဒမ်ကျောက်ရှေ့တွင် ဒူးထောက်လိုက်ကြသည်။ ဤကျွမ်းကျင်သူ ငါးဦးစလုံးမှာ ချပ်ဝတ်များကို ဝတ်ဆင်ထားပြီး အားလုံးမှာ သိုင်းသူတော်စင်များ ဖြစ်ကြသည်။
သူတို့မှာ ကျောက်မိသားစု၏ လက်ငါးချောင်း အသေခံသိုင်းငါးဖော်တို့ ဖြစ်ကြသည်။ ပြီးခဲ့ သည့် နှစ်အနည်းငယ်အတွင်း မဒမ်ကျောက်၏ အာဏာမှာ မိုးထိအောင် ထိုးတက်သွားခဲ့ ပြီး၊ သူမသည် မရေမတွက်နိုင်သော ဆေးလုံးများနှင့် လျှို့ဝှက်သိုင်းကျမ်းများကို အသုံးပြု ၍ သူတို့ကို ပြုစုပျိုးထောင်ပေးခဲ့ခြင်း ဖြစ်သည်။
"မင်းတို့အားလုံး သွားပြီး ရှီအာကို စံအိမ်ထဲ အမြန်ပြန်ခေါ်လာခဲ့။ ပြီးရင် ငါတို့ နန်းတော်ကို သွားကြမယ်။ မှတ်ထား၊ မင်းတို့အသက်တွေ ရင်းပြီးတော့ သွေးနတ်ဘုရား ခန္ဓာကိုယ် ပေါက်ကွဲခြင်းအစွမ်းကို သုံးရရင်တောင် ရှီအာကို အိမ်တော်ထဲ ဘေးကင်းကင်းနဲ့ ပြန်ရောက်အောင် လုပ်ရမယ်” မဒမ်ကျောက်က ရက်စက်စွာ ပြောလိုက်သည်။
"မဒမ်ကျောက်... ခင်ဗျား ထွက်ပြေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"
ဘုန်း…
ရုတ်တရက် မြို့စားစံအိမ် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ ဧကရာပေါင်းများစွာ ကျယ်ဝန်းသော မြေပြင်ကြီးတစ်ခု ရုတ်တရက် လိပ်တက်လာပြီး မရေမတွက်နိုင်သော အဆောက်အအုံများနှင့် အိမ်များ တစ်လုံးပြီးတစ်လုံး ပြိုကျကုန်သည်။
ချက်ချင်းဆိုသလိုပင် အစွမ်းထက်ဆုံး အမတ်ကြီး၏ အိမ်တော်ဖြစ်သော ခမ်းနားထည် ဝါ လှသည့် ဝူဝမ်မြို့စားစံအိမ်ကြီးမှာ ဖရိုဖရဲ အခြေအနေသို့ ကျရောက်သွားတော့သည်။
အထွတ်အထိပ် လူသားအင်မော်တယ် ငါးဦး၊ ယွင်ရှန်ရှန်၊ ချန်ယင်းရှာ၊ နဂါးသမီးတော်၊ ကျီရှန်ထျန်း၊ ကောင်းကင်မြွေဘုရင်မ၊ ပိုင်ဇီယွဲ့၊ ကြင်ယာတော်ယွမ်နှင့် အခြားသော ကျွမ်းကျင်သူများ အားလုံး မဒမ်ကျောက်၏ ရှေ့တွင် ပေါ်လာကြသည်။
"အကြွင်းမဲ့ကောင်းကင်အရှင်ရဲ့ ပန်းရွှေ့သစ်ဆက်"
ကောင်းကင်သခင်အကြွင်းမဲ့သည် ဤမြင်ကွင်းကို မြင်သည်နှင့် ချက်ချင်းပင် သူ၏ အစွမ်း များကို ထုတ်ဖော်လိုက်ပြီး ရှေ့သို့ လက်ဝါးရိုက်ချက် တစ်ချက် ထုတ်လိုက်သည်။ ထို့နောက် သူသည် ငွေရောင်အလင်းတန်းတစ်ခုအဖြစ် ကောင်းကင်သို့ ပျံတက်သွားပြီး ပန်းရွှေ့သစ်ဆက်ပညာရပ်ကို အသုံးပြု၍ ထွက်ပြေးရန် ကြိုးစားလေသည်။
သို့သော် အထွတ်အထိပ် လူသားအင်မော်တယ် ငါးဦးက သူ့ကို မည်သို့လုပ် ထွက်ပြေးခွင့် ပြုမည်နည်း။ သာမန်ကာလျှံကာ ပစ်လွှတ်လိုက်သော လက်ဝါးရိုက်ချက် တစ်ချက်က လေထဲသို့ ဖြတ်သန်းသွားသည်။
ဘန်း ကောင်းကင်သခင်အကြွင်းမဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ခြောက်သွေ့နေသော ဖားပြုတ်တစ်ကောင်ကဲ့သို့ ကောင်းကင်မှ ကျဆင်းလာသည်။ သူ၏ နတ်ဘုရားစွမ်းအား များ နီးပါးအားလုံးမှာ ဖျက်ဆီးခံလိုက်ရလေပြီ။
"ဟွန့်" ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မဒမ်ကျောက်သည် တွေဝေမနေဘဲ ချက်ချင်းပင် လှုပ်ရှားလိုက်ရာ သူမ၏ ကိုယ်မှာ အရိပ်အယောင်မရှိ ပျောက်ကွယ်သွား သလို ထင်ရသည်။ သို့သော် ခဏအကြာတွင် သူမ၏ ခန္ဓာကိုယ်မှာ အိမ်တော်၏ အစွန်း တွင် ပြန်လည် ပေါ်လာပြီး အထပ်ထပ်သော မှော်သင်္ကေတများ၏ ရိုက်ဟပ်မှုကြောင့် နောက်သို့ ပြန်လွင့်စင်လာခဲ့သည်။
"အင်မော်တယ် ကျောက်စာတိုင်" မဒမ်ကျောက် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
"ဟုတ်တယ်၊ ဒါ အင်မော်တယ် ကျောက်စာတိုင်ပဲ။ မြို့စားစံအိမ် တစ်ခုလုံးကို အင်မော် တယ် ကျောက်စာတိုင်နဲ့ ချိပ်ပိတ်ထားပြီးပြီ။ ရှင် ထွက်ပြေးချင်တယ် ဆိုရင်တောင် ပြေးလို့ ရမှာ မဟုတ်ဘူး။" ချန်ယင်းရှာက လှောင်ပြောင်လိုက်သည်။ "ဟုန်ယွိက ရှင့်ကို နာမည် တပ်ပြီး ဖမ်းခိုင်းထားတာ၊ ရှင့်ကို သူက မသတ်ပါဘူး။ ရှင်က လူတွေကို ရောင်းစားပြီး ပြည့်တန်ဆာရုံပို့ရတာ ဝါသနာပါတာဆိုတော့... ရှင်ကိုယ်တိုင် အဲဒီ အရသာကို မြည်းစမ်း ကြည့်ရမှာပေါ့။ အားလုံးပဲ... ဖမ်းကြစမ်း။”
"ကောင်းပါပြီ"
ရှောင်ရှိူက်၊ ဝူကျွမ်းနှင့် ရန်ယန်တို့သည် မဒမ်ကျောက်ဆီသို့ ဝံပုလွေများနှင့် ကျားများသ ဖွယ် ခုန်အုပ်သွားကြသည်။
ထို့နောက် ကျွမ်းကျင်သူ အများအပြားသည် ဟုန်မိသားစုစံအိမ်ပေါ်သို့ ဆင်းသက်လာကြ သည်။ ဟုန်မိသားစု၊ ကျောက်မိသားစု၊ သူတို့၏ ယုံကြည်ရသော လက်ထောက်များနှင့် တပည့်များ အားလုံး တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီးကြိုးတုပ် ခံလိုက်ရသည်။
ဟုန်မိသားစုသည် ယနေ့တွင် လုံးဝဥဿုံ ပျက်သုဉ်းသွားလေပြီ။