← Chapters

အခန်း ၇၃၀

Vol. 70 Ch. 730

အခန်း ၇၃၀

Vol. 70 Ch. 730

အခန်း (၇၃၀)။

အကယ်၍ သူသာ အသက်ရှူအကြိမ်အနည်းငယ်မျှ နောက်ကျသွားခဲ့ပါက အင်မော်တယ် ကျောက်စာတိုင်မှာ ဟုန်ရွှန်ကျိ၏ခန္ဓာကိုယ်နှင့် အပြည့်အဝ ပေါင်းစပ်သွားမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် သူတော်စင်ပေါင်းစုံခန်းမကပင် သူ့ကို ပိတ်လှောင် ဖမ်းဆီးနိုင်တော့မည် မဟုတ်ပေ။

သူ၏ အချိန်ခန့်မှန်းချက်မှာ စိတ်ကူးမယဉ်နိုင်လောက်အောင် တိကျလွန်းလှသည်။

ဤအခိုက်အတန့်တွင် ဟုန်ယွိ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ဟုန်ရွှန်ကျိလည်း ခံစားလိုက်ရသည်။

ဟုန်ယွိသည် သူ၏ အစစ်မှန် ခန္ဓာကိုယ်ကို သူ့မျက်စိရှေ့မှာတင် တစ်စစီ ဖျက်ဆီးပစ်ခဲ့ သည်။ ဤသည်မှာ တာအိုဝါဒ၏ ခန္ဓာစွန့်၍ ပြန်လည်မွေးဖွားခြင်း ဖြစ်ပြီး၊ သွေးသား ပတ်သက်မှု နှောင်ကြိုးအားလုံးကို အပြီးအပိုင် ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။

အလယ်ခေတ်၏ သူတော်စင်များအပါအဝင် မည်သည့် သူတော်စင်များ၏ အမြင်တွင်မဆို တာအိုဝါဒ၏ ခန္ဓာစွန့်၍ ပြန်လည်မွေးဖွားခြင်းသည် သွေးသားတော်စပ်မူ နှောင်ကြိုးများမှ လုံးဝ ဖြတ်တောက်ခြင်း ဖြစ်သည်။ ဤသဘောတရားသည် ကွန်ဖြူးရှပ်ဝါဒီဂိုဏ်းများ၏ အသိပညာနှင့် တာအိုဝါဒီပုဂ္ဂိုလ်များ၏ စံနှုန်းများကြား အပေးအယူလုပ်ခြင်း ဖြစ်သလို၊ လူသားမျိုးနွယ်၏ ထာဝရအမှန်တရားလည်း ဖြစ်သည်။

ခန္ဓာစွန့်၍ ပြန်လည်မွေးဖွားခြင်းဆိုသည်မှာ မိမိ၏ အတိတ်ဘဝနှင့် ပတ်သက်မှုအားလုံးကို ဖြတ်တောက်ပြီး အသစ်တဖန် ပြန်လည်စတင်ခြင်း ဖြစ်သည်။

"မသေမျိုး အထွက်အထိပ် ဧကရာဇ်လက်သီး"

သွေးယဇ်ပူဇော်ခြင်း မဟာအစီအရင်အတွင်း၌ ပိတ်မိနေသော်လည်း ဟုန်ရွှန်ကျိ၏ အစစ်မှန် စွမ်းအင်များမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်။ သူသည် နောက်ထပ် အသက်ရှူချိန် အနည်းငယ်အတွင်း သူ၏စွမ်းအားများ ကြီးမားစွာ တိုးတက်လာမည်ကို သိထားသော်လည်း ဟုန်ယွိက သူ့ကို ထိုအချိန်ကို ပေးမည်မဟုတ်ကြောင်းကိုပါ သိထား သည်။

သို့သော် သူသည် အလွယ်တကူ အရှုံးပေးမည့်သူ မဟုတ်ပေ။

သူ၏ခန္ဓာကိုယ်အတွင်းရှိ အစစ်မှန်စွမ်းအင်များကို နိုးဆွကာ လူသားဦးခေါင်းနှင့် နဂါး-မြွေ ခန္ဓာကိုယ်ပုံစံရှိသော လက်သီးပုံရိပ်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုလက်သီးပုံရိပ် သည် မြွေနှင့်တူသော်လည်း မြွေမဟုတ်၊ လူနှင့်တူသော်လည်း လူမဟုတ်၊ နဂါးနှင့်တူသော် လည်း နဂါးမဟုတ်ပေ။

ထိုပုံရိပ်မှာ ရှေးဟောင်းအက္ခရာတစ်ခုနှင့်တူပြီး အခြားမဟုတ်၊ "တာအို" ဟူသော စာလုံး ပင် ဖြစ်သည်။ ထိုတာအိုစာလုံး၏ အထက်ပိုင်းတွင် "ဦးခေါင်း" ပါရှိပြီး အောက်ဘက်ရှိ စာလုံးမှာ နဂါး-မြွေ ပုံသဏ္ဌာန် ရှိသည်။ အပေါ်ပိုင်းက ဦးခေါင်း၊ အောက်ပိုင်းက နဂါး-မြွေ ပုံသဏ္ဌာန် ဤသည်မှာ "တာအို" ပင် ဖြစ်သည်။ (ရှေးဟောင်းဒဏ္ဍာရီများတွင် နွီဝါ၊ ဖူရှီနှင့် အခြားသော မဟာနတ်ဘုရားများ အားလုံးသည် လူသားဦးခေါင်းနှင့် နဂါး-မြွေ ခန္ဓာကိုယ် များ ရှိကြသည်။ ယင်းမှာ "တာအို" ဟူသော စာလုံးကို ကိုယ်စားပြုသည်။)

ဟုန်ရွှန်ကျိ၏ လက်သီးပုံရိပ်တွင် လူဦးခေါင်းနှင့် နဂါး-မြွေခန္ဓာကိုယ် ပုံရိပ်သည် အခြား မဟုတ်ဘဲ "တာအို" ဟူသော စာလုံးပင် ဖြစ်သည်။ တစ်နည်းအားဖြင့် ထိုပုံရိပ်သည် ရှေးဦးခေတ်ကာလအတွင်း ကောင်းကင်နှင့် မြေကြီးကြားတွင် အစွမ်းထက်ဆုံးသော အင်မော်တယ် နတ်ဘုရားဘုရင်ကို ကိုယ်စားပြုသည်။ မူလဝိညာဉ်နတ်ဘုရားသည်ပင် လူသားအဖြစ် အပြည့်အဝ မပြောင်းလဲမီက ဤပုံရိပ်ယောင်အသွင်ဖြင့် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

မူလဝိညာဉ်နတ်ဘုရားသည် အင်မော်တယ် နတ်ဘုရားဘုရင်နှင့် သေချာပေါက် ဆက်စပ် နေသည်။ မည်သို့ပင်ဆိုစေကာမူ သူ၏ ဘုံသုံးပါးမူလစွမ်းအင်ရေကန်သည် အင်မော်တယ် နတ်ဘုရားဘုရင်၏ မှင်အိုးဖြစ်လေသည်။

ဟုန်ရွှန်ကျိ၏ ဖျက်ဆီးနိုင်စွမ်းရှိသော လက်သီးချက်သည် အင်မော်တယ် နတ်ဘုရားဘုရင် ၏ ပုံရိပ်ကို ဖြစ်ပေါ်စေခဲ့သည်။ ထိုပုံရိပ်သည် သူ အင်မော်တယ် နတ်ဘုရားဘုရင်၏ သွေးသားစများကို မျိုချခြင်းဖြင့် သူတီထွင်ထားသော ပြီးပြည့်စုံသည့် နတ်ဘုရား စွမ်းရည် တစ်ခုဖြစ်သည်။

သွေးယဇ်ပူဇော်ခြင်း အစီအရင်မှာ ထိုလက်သီးချက်ဖြင့် ပြင်းထန်စွာ ထိမှန်သွားပြီး တခဏ တာ ရပ်တန့်သွားခဲ့သည်။

သူတော်စင်ပေါင်းစုံခန်းမမှာလည်း အပြင်ဘက်မှ ဖန်ဆင်းခြင်းသင်္ဘော၏ ဝင်တိုက်မှုကို ခံခဲ့ရပြီး ၎င်း၏ အစစ်မှန် စွမ်းအင်များ ဖရိုဖရဲဖြစ်နေချိန်တွင် ယခုအခါ ဟုန်ရွှန်ကျိက အတွင်းမှနေ၍ ထိုသို့အစွမ်းထက်သည့် တိုက်ခိုက်မှုကို ထုတ်လွှတ်လိုက်သောကြောင့် ခန်းမ၏ စွမ်းအားများမှာ ပိုမို လျော့နည်းသွားရသည်။

"အင်မော်တယ် ကျောက်စာတိုင်"

သူတော်စင်ပေါင်းစုံခန်းမအတွင်းမှ ဟုန်ယွိ၏အသံ ပဲ့တင်ထပ်သွားသည်။ အောက်ဘက်ရှိ ချန်ယင်းရှာ၏ လက်ထဲမှ အင်မော်တယ် ကျောက်စာတိုင်မှာ တုန်ခါသွားပြီး ကောင်းကင် သို့ ပျံတက်သွားကာ တောင်နှင့်ပင်လယ် စစ်မြေပြင်ထဲသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက် သည်။

ဟုန်ယွိသည် အခြားတစ်ဦးကို ထိန်းချုပ်ရန် အင်မော်တယ် ကျောက်စာတိုင်ကို အသုံးပြုလို ပြီး ထို့နောက် ဟုန်ရွှန်ကျိ၏ ကျောက်စာတိုင်ကို အပြည့်အဝ ရယူလိုခြင်း ဖြစ်သည်။

သို့သော် အန္တရာယ်ကြီးကြီးမားမား ကျရောက်နေသည့် ထိုအခိုက်အတန့်တွင် အင်မော် တယ် ကျောက်စာတိုင်မှာ အထက်သို့ ပစ်တက်သွားစဉ် လမ်းခုလတ်၌ အမျိုးသမီးတစ်ဦး ၏ ပုံရိပ် ရုတ်တရက်ပေါ်လာပြီး အင်မော်တယ် ကျောက်စာတိုင်ကို လှမ်းဖမ်းလိုက်သည်။

"ကောင်းကင်အပြင်ပနယ်မြေက ခေါင်းဆောင်ကတော်"

အထွတ်အထိပ် လူသားအင်မော်တယ် ငါးဦးသည် ဤအခြေအနေကို ကြိုတင်သိရှိထား သဖြင့် လက်သီးတစ်ချက်နှင့်ပင် သူမကို ဟင်းလင်းပြင်ထဲသို့ ပြန်လည် မောင်းထုတ်လိုက် ကြသည်။

ခေါင်းဆောင်ကတော်၏ တာအိုကျင့်စဉ်များသည် အစွမ်းထက်ပြီး ရှောင်ရှိူက်နှင့် လီဖူ အပါအဝင် မည်သည့် အထွတ်အထိပ် လူသားအင်မော်တယ်ကိုမဆို တစ်ဦးချင်းတိုက်ပွဲ တွင် အနိုင်ယူနိုင်စွမ်းရှိသော်လည်း၊ သူမသည် အထွတ်အထိပ် လူသားအင်မော်တယ် ငါးဦး ၏ ပူးပေါင်းတိုက်ခိုက်မှုကိုတော့ အံတုနိုင်စွမ်းမရှိပေ။ သူမသည် ချက်ချင်းပင် ဟင်းလင်း ပြင်ထဲသို့ လွင့်စင်သွားခဲ့သည်။

"သခင်လေးရှူ၊ ပျက်သုဉ်းခြင်းနတ်ဘုရား၊ ဧကရာဇ်ဖန်ခေတ်၊ ကျောက်စာတိုင်ကို ကြားဖြတ်လုယူစမ်း"

အထွတ်အထိပ် လူသားအင်မော်တယ် ငါးဦး၏ တိုက်ခိုက်မှုကြောင့် ဟင်းလင်းပြင်ထဲသို့ လွင့်စင်သွားစဉ် ခေါင်းဆောင်ကတော်က အော်ဟစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သခင်လေးရှူ၏ ခန္ဓာကိုယ်သည် တောင်နှင့်ပင်လယ် စစ်မြေပြင်အပြင်ဘက်တွင် ပေါ်လာ သည်။

သူ၏ဘေးတွင် ပျက်သုဉ်းခြင်းနတ်ဘုရားတစ်ပါး ရှိနေသည်။ သို့သော် ဤပျက်သုဉ်းခြင်း နတ်ဘုရား၏ စွမ်းအားမှာ ရှေးဦး ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါးထက် အနည်းငယ် အားနည်းနေ၏။ မည်သို့ပင်ဆိုစေကာမူ ထိုပျက်သုဉ်းခြင်းနတ်ဘုရားသည်လည်း အထွတ် အထိပ် လူသားအင်မော်တယ် အဆင့်တွင် ရှိနေဆဲ ဖြစ်ပြီး၊ ထူးခြားသော စွမ်းရည်များနှင့် အတိုင်းအဆမဲ့ ခွန်အားများကို ပိုင်ဆိုင်ထားသည်။ သူ၏ သိုင်းဆန္ဒသည် အလွန်ပင် ပြင်းထန်လှသဖြင့် လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို သတ်ဖြတ်ပစ်နိုင်သည်။

ပို၍အထင်ကြီးစရာကောင်းသည်မှာ ဖန်ဟွမ်အချိန်ဓားကို ကိုင်ဆောင်ထားသော သခင်လေးရှူသည် အထွတ်အထိပ် လူသားအင်မော်တယ် ငါးဦးက ခေါင်းဆောင်ကတော် ကို နောက်သို့ လွင့်စင်သွားစေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ တောင်နှင့် ပင်လယ် စစ်မြေပြင်ထဲသို့ ဝင်ရောက်သွားခြင်းဖြစ်သည်။

သူ၏ ဆုပ်ကိုင်မှုသည်လည်း ပြီးပြည့်စုံပြီး ယှဉ်နိုင်စွမ်းမရှိလောက်အောင် ထူးချွန်လှသည်။

တိုက်ပွဲသည် အရေးကြီးသော အလှည့်အပြောင်းတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။

ချိပ်တံဆိပ်ကိုချိုးဖျက်လာသော ဟုန်ရွှန်ကျိကို အပြည့်အဝ ဖိနှိပ်ရန် ဟုန်ယွိသည် အင်မော် တယ် ကျောက်စာတိုင်ကို ခေါ်ယူခဲ့သည်။ သို့သော် ကျောက်စာတိုင်ကို ကြားဖြတ်ယူရန် ကြိုးစားချိန်တွင် ခေါင်းဆောင်ကတော်သည် အထွတ်အထိပ် လူသားအင်မော်တယ် ငါးဦး ၏ တိုက်ခိုက်မှုကြောင့် နောက်သို့ လွင့်စင်သွားခဲ့သည်။ ဤအချိန်၌ သခင်လေးရှူသည် ပျက်သုဉ်းခြင်းနတ်ဘုရား၊ ဖန်ဟွမ်အချိန်ဓားတို့နှင့်အတူ ရုတ်တရက် ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ဟာကွက်တစ်ခုကိုရှာဖွေတွေ့ရှိပြီး တောင်နှင့်ပင်လယ် စစ်မြေပြင် ထဲသို့ ဝင်ရောက်လာကြသည်။

"ပျက်သုဉ်းခြင်းနတ်ဘုရား ပေါက်ကွဲစမ်း။ အနှစ်သာရမူလစွမ်းအင်၊ အချိန်နောက်ပြန် ဆုတ်ခြင်းနဲ့ ဖန်ဟွမ်အချိန်ဓား။ ကျောက်စာတိုင်ကို ငါ့ဆီပေးစမ်း"

သခင်လေးရှူသည် တောင်နှင့်ပင်လယ် စစ်မြေပြင်ထဲသို့ ဝင်ရောက်လာသည်နှင့် တပြိုင် နက် ဖန်ဆင်းခြင်းသင်္ဘောနှင့် သူတော်စင်ပေါင်းစုံခန်းမတို့ အချင်းချင်း ဝင်တိုက်မိခြင်းမှ ထွက်ပေါ်လာသော ကြီးမားလှသည့် တုန်ခါမှုလှိုင်းများကို ခံစားလိုက်ရသည်။ ထိုလှိုင်းလုံး ကြီးက သူ့ခန္ဓာကိုယ်ကို ဆုတ်ဖြဲပစ်တော့မတတ်ပင်။ ကံကောင်းထောက်မစွာဖြင့် သူသည် အနက်ရောင် ကျောက်စိမ်းအဆောင်၊ ပျက်သုဉ်းခြင်းနတ်ဘုရားနှင့် ဖန်ဟွမ်အချိန်ဓားတို့ ၏ ကာကွယ်မှုကို ရရှိထားသည်။ သို့မဟုတ်ပါက သူ၏ ဖန်ဆင်းရှင်ကျင့်ကြံမှုအဆင့်ဖြင့်ပင် သူ၏ခန္ဓာကိုယ်သည် ဒဏ်ရာရသွားလိမ့်မည်။

သူသည် အင်မော်တယ် ကျောက်စာတိုင်၏ရှေ့သို့ ရွေ့သွားသော်လည်း အသုံးမဝင်ပေ။ ကြီးမားလှသော အင်မော်တယ် ကျောက်စာတိုင်က သူ၏ခန္ဓာကိုယ်ကို ဝင်တိုက်မိပြီး သူတော်စင်ပေါင်းစုံခန်းမထဲသို့ ပြေးဝင်လုနီးပါး ဖြစ်သွားသည်။

ဤအချိန်တွင် သခင်လေးရှူသည် သူ၏ နောက်ဆုံးတိုက်ကွက်ဖြစ်သော ပျက်သုဉ်းခြင်း နတ်ဘုရား ဖောက်ခွဲခြင်း' ကို အသုံးပြုလိုက်သည်။

ပျက်သုဉ်းခြင်းနတ်ဘုရား ကျဆုံးသွားပြီ။ သူသည် အနှစ်သာရ မူလစွမ်းအင်အဖြစ် ပြောင်းလဲသွားပြီ။

ဒိုင်း… ကမ္ဘာမြေကို တုန်လှုပ်စေသော ပေါက်ကွဲမှုကြီးတစ်ခုသည် တောင်နှင့်ပင်လယ် စစ်မြေပြင် တစ်ခုလုံးကို တုန်လှုပ်သွားစေပြီး၊ အင်မော်တယ် ကျောက်စာတိုင်ပေါ်ရှိ ပျက်သုဉ်းခြင်းနတ်ဘုရားက ရုတ်တရက် ပေါက်ကွဲသွားပြီး ကြီးမားလှသော မူလစွမ်းအင် အနှစ်သာရများက အင်မော်တယ် ကျောက်စာတိုင်ကို တိုက်ရိုက် ကြေမွသွားစေသည်။

တစ်ချိန်တည်းမှာပင် သခင်လေးရှူ၏ ဖန်ဆင်းရှင်အတွေးစများ ပျံထွက်လာသည်။ အတွေးစပေါင်း ၁၂၉,၆၀၀ ၏ ထက်ဝက်သည် ‘ကောင်းကင်ကိုးလွှာ၊ မြေကြီးကိုးဆင့်၊ အစွန်းရောက်ကိုးသွယ် သံလိုက်အစီအရင်ကို ဖွဲ့စည်းလိုက်သည်။ ထို့နောက် ပျက်သုဉ်း ခြင်း နတ်ဘုရားသည်လည်း တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားလေပြီ။

ဤ‘ကောင်းကင်ကိုးလွှာ၊ မြေကြီးကိုးဆင့်၊ အစွန်းရောက်ကိုးသွယ် သံလိုက်အစီအရင်’ သည် ကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံး အစီအရင်ဖြစ်သည်။ ဤအစီအရင်ကို ဖန်ဆင်း ခြင်းသင်္ဘောပေါ်တွင် တစ်ကြိမ် ထွင်းထုခဲ့ဖူးသည်။ ထိုအစီအရင်၏ ပေါက်ကွဲမှုက ယခင် တိုင်ရှင်တာအိုဂိုဏ်း၏ ဂိုဏ်းချုပ်ကိုပင် တိုက်ရိုက်သတ်ဖြတ်နိုင်ခဲ့ပြီး တစ်ချိန်တည်းမှာပင် ထာဝရနိုင်ငံတော်ကို ပျက်စီးစေခဲ့သည်။

သခင်လေးရှူသည် အစီအရင်ဖွဲ့စည်းရန် သူ၏စိတ်ဝိညာဉ် စွမ်းအား ထက်ဝက်ကိုသာ အသုံးပြုခဲ့ပြီး ဖန်ဆင်းခြင်းသင်္ဘောပေါ်ရှိ အစီအရင်ထက် များစွာယုတ်လျော့နေသော် လည်း ပေါက်ကွဲမှု၏ စွမ်းအားမှာမူ ငြင်းဆို၍မရနိုင်ပေ။

အထူးသဖြင့် ပေါက်ကွဲသည့်အချိန်တွင် သူသည် အစီအရင်မျက်လုံးအဖြစ် ဖန်ဟွမ်အချိန် ဓားကို အသုံးပြုခဲ့သည်။

ဖန်ဟွမ်အချိန်ဓားသည်လည်း အစီအရင်မျက်လုံးတွင် သန့်စင်သော မူလချီစွမ်းအင်အဖြစ် ပြိုကွဲသွားသည်။

ပျက်သုဉ်းခြင်းနတ်ဘုရား ပေါက်ကွဲမှု၊ သံလိုက်အစီအရင်ပေါက်ကွဲမှု၊ အချိန်ပေါက်ကွဲမှု။

ကြီးမြတ်သော နတ်ဘုရားစွမ်းရည်သုံးခုသည် ဤအခိုက်အတန့်တွင် အင်မော်တယ် ကျောက်စာတိုင်ပေါ်၌ ပေါက်ကွဲသွားသည်။ အရာအားလုံးကို စွန့်ပစ်ပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သကဲ့သို့ပင်။ ထိုပေါက်ကွဲမူက သူတော်စင်ပေါင်းစုံခန်းမနှင့် ဖန်ဆင်းခြင်း သင်္ဘောတို့ အပြင်းအထန် ဝင်တိုက်မှုလောက် အစွမ်းမထက်သော်လည်း အင်မော်တယ် ကျောက်စာတိုင်ကို မှော်သင်္ကေတ သန်းပေါင်း ၄၈၀ အဖြစ် ပြိုကွဲသွားစေရန် လုံလောက် ပေသည်။

"ဟားဟား... ဟားဟား... နောက်ဆုံးတော့ ငါ အင်မော်တယ် ကျောက်စာတိုင်ကို ဖြိုခွဲပစ် နိုင်ခဲ့ပြီ။ သိမ်းစမ်း၊ သိမ်းစမ်း၊ သိမ်းဆည်းစမ်း၊ ဖိနှိပ်စမ်း"

သခင်လေးရှူ၏ ခန္ဓာကိုယ်နှင့် သူ၏စိတ်ဝိညာဉ်ထက်ဝက်သည် ဤကြီးမားလှသော မူလ စွမ်းအင်အစုအဝေးထဲတွင် ပုန်းကွယ်နေပြီး ပေါက်ကွဲနေသော အင်မော်တယ် ကျောက်စာ တိုင်ကို အပြည့်အဝ ပတ်ရစ်ကာ တောင်နှင့်ပင်လယ် စစ်မြေပြင်ထဲမှ ဆွဲထုတ်လာသည်။

အကယ်၍ သူသာ အင်မော်တယ် ကျောက်စာတိုင်၏ မှော်သင်္ကေတများကို ဆွဲထုတ်သွား နိုင်ပါက သူ၏တာဝန် ပြီးမြောက်မည် ဖြစ်သည်။ ဟုန်ယွိက ဟုန်ရွှန်ကျိကို ဖိနှိပ်နိုင်တော့ မည် မဟုတ်ဘဲ နှစ်ဖက်စလုံး ဒဏ်ရာရသည်အထိ ယန်ဖန်နှင့် သေချာပေါက် တိုက်ခိုက်ရ လိမ့်မည်။ ထိုအချိန်ကျမှ သူက အခြေအနေကို အခွင့်ကောင်းယူနိုင်မည် ဖြစ်သည်။

သို့သော် ဤအခိုက်အတန့်တွင် သူတော်စင်ပေါင်းစုံခန်းမထဲမှ နတ်ဘုရားဓားနှစ်လက် ရုတ်တရက် ပျံထွက်လာသည်။ ဤနတ်ဘုရားဓားနှစ်လက်မှာ ဖန်ဟွမ်အသက်ဝိညာဉ်ဓား နှင့် ဖန်ဟွမ်ဟင်းလင်းပြင်ဓား တို့ဖြစ်သည်။

ဓားနှစ်လက်သည် လေထဲတွင် ဖြတ်သန်းသွားပြီး ရုတ်တရက် အားကောင်းသော စုပ်ယူမှု စွမ်းအားတစ်ခုက မူလစွမ်းအင်အစုအဝေးကို ဂဏာမငြိမ် ဖြစ်သွားစေသည်။ ဝှီးခနဲ အသံနှင့်အတူ မူလစွမ်းအင်အစုဝေးသည် သူတော်စင်ပေါင်းစုံခန်းမထဲသို့ ပျံသန်းသွားလေ သည်။

သခင်လေးရှူက မူလစွမ်းအင်အစုအဝေးက သူ၏အမိန့်များကို နာခံခြင်းမရှိတော့ကြောင်း အာရုံခံမိလိုက်သည်။ သူသည် အလွန်အမင်း ထိတ်လန့်သွားပြီး မိမိကိုယ်ကိုပင် မထိန်းချုပ် နိုင်တော့ပေ။

"မဟာလွတ်မြောက်ခြင်း တာအိုပညာ"

ဤအချိန်တွင် သခင်လေးရှူသည် ကောင်းကင်အပြင်ပနယ်မြေမှ အမြင့်ဆုံးကျင့်စဉ်တစ်ခု ကို ထုတ်လွှတ်လိုက်သည်။ တစ်ဖန် သူသည် မဟာလွတ်မြောက်ခြင်း တာအိုပညာကို ထုတ်လွှတ်ရင်း သူ၏ ဖန်ဆင်းရှင်အတွေးစ ၃၀,၀၀၀ ကို ပေါက်ကွဲစေလိုက်သည်။ သူ၏ တစ်ကိုယ်လုံးသည် မူလစွမ်းအင်အစုဝေးများမှ လွတ်မြောက်သွားပြီး တောင်နှင့်ပင်လယ် စစ်မြေပြင်မှ တစ်ဖန် ထွက်ခွာသွားရလေသည်။

ယခု သူသည် တောင်နှင့်ပင်လယ် စစ်မြေပြင်နှင့် မူလစွမ်းအင်အစုအဝေးထဲမှ ထွက်ခွာလာ နိုင်ပြီဖြစ်ရာ သခင်လေးရှူသည် နောက်ဆုံးတွင် အန္တရာယ်မှ ကင်းလွတ်သွားပြီဖြစ်သည်။ သို့သော် သူ၏နှလုံးသားသည် နောင်တများဖြင့် ပြည့်နှက်နေသည်။ သူ့ကိုယ်ပိုင် မူလ စွမ်းအင်များကို ဟုန်ယွိက ဆွဲယူသွားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ တွေးမထားခဲ့ပေ။

သို့သော် ဤအချိန်တွင် သူ၏ရင်ထဲရှိ မေးခွန်းကို မည်သူကမျှ ဖြေဆိုပေးလိမ့်မည် မဟုတ်ပေ။

"ဖန်ဟွမ်ဟင်းလင်းပြင်ဓား၊ ဖန်ဟွမ်အသက်ဝိညာဉ်ဓား၊ ဖန်ဟွမ်အချိန်ဓား။ ဓားသုံးလက် က တစ်ခုတည်းဖြစ်သွားပြီ။ ပြိုင်ဘက်ကင်း အာဏာ၊ ဘုန်းကျက်သရေ၊ ပေးကမ်းမှု၊ ဆက်ကပ်အပ်နှံမှု၊ တကယ်လို့ ငါသာ ဒီနည်းလမ်းကို တွက်ချက်ဖို့ 'ပြောင်းလဲခြင်းကျမ်း' ကို မသုံးခဲ့ဘူးဆိုရင် ဖန်ဟွမ်ဓားနှစ်လက်ရဲ့ အနှစ်သာရက တတိယမြောက်ဓားကို အလိုလို ဆွဲဆောင်နိုင်မှာ မဟုတ်ဘဲ ငါ့ဆီကို ရောက်လာနိုင်မှာမဟုတ်ဘူး။ ငါလည်း သခင်လေးရှူ ရဲ့ လှည့်စားမှုကို ခံရမှာပဲ။ အခုတော့ ဟုန်ရွှန်ကျိ... ခင်ဗျားအလှည့်ပဲ"

သူတော်စင်ပေါင်းစုံခန်းမအတွင်း၌ ဟုန်ရွှန်ကျိ၏ လက်သီးချက်က သွေးယဇ်ပူဇော်ခြင်း အစီအရင်ကို တစ်ဖန် ရပ်တန့်သွားစေခဲ့သည်။ အစီအရင်၏ ဖိအားများစွာကို ချက်ချင်း လျော့နည်းသွားပြီး တစ်ချိန်တည်းမှာပင် သူ၏ ဝိညာဉ်ရေးရာ စွမ်းအားများကို လှည့်ပတ် ရန်အတွက် အဖိုးတန်အချိန်များကို ရရှိစေခဲ့သည်။

ဟူး….

ဟူး…

ဟူး...

အသက်တစ်ကြိမ်ရှူတိုင်း ဟုန်ရွှန်ကျိ၏ စွမ်းအားများမှာ အနည်းငယ်စီ တိုးလာပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ အင်မော်တယ် ကျောက်စာတိုင်က သူ၏ခန္ဓာကိုယ်နှင့် ပိုမိုနီးကပ်စွာ ဆက်စပ်လာသည်။

သူသည် အသွင်မျိုးစုံပြောင်းလဲခြင်းအဆင့်အထိ ကျင့်ကြံထားခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် မှော်သင်္ကေတ သန်းပေါင်း ၄၈၀ အဖြစ် ပြောင်းလဲနိုင်သည်။ အင်မော်တယ် ကျောက်စာတို င်သည်လည်း အလားတူအရေအတွက် ပြောင်းလဲနိုင်သည်။ ယခုအခါ သူ၏ခန္ဓာကိုယ်ရှိ မှော်သင်္ကေတတိုင်းနှင့် အင်မော်တယ် ကျောက်စာတိုင်၏ မှော်သင်္ကေတများသည် မူလဉသျှောင်နဂါးနှင့် မူလဘိုးဘေးနဂါးတို့ ရစ်ပတ်သကဲ့သို့ ရင်းနှီးစွာ ဆက်စပ်နေကြောင်း ကို သူ ခံစားလိုက်ရသည်။

"သားမိုက်သားယုတ်၊ သေစမ်း၊ မင်းက ပျက်သုဉ်းခြင်းနတ်ဘုရားဆိုရင်ရော ဘာဖြစ်လဲ။ မူလတာအိုသခင်ဆိုရင်ရော ဘာဖြစ်လဲ။ ပျက်စီးစမ်း" ဤအချိန်တွင် ဟုန်ရွှန်ကျိသည် သူ၏ ပြိုင်ဘက်ကင်းစွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးရှိ အငွေ့ အသက်များမှာ တစ်ဖန်ပြန်လည်ကြီးထွားလာပြီး စဉ်ဆက်မပြတ် ပေါက်ကွဲနေသည်။ လက်သီးတစ်ချက်တည်းဖြင့် ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါးကို တစ်ပြိုင်နက်တည်း လွင့်စင်သွားစေခဲ့သည်။

"သတ်"

ဤအချိန်တွင် ကြီးမားလှသော မူလစွမ်းအင်အစုအဝေးက ရုတ်တရက် ဟင်းလင်းပြင်ကို ထိုးဖောက်လာပြီး သူ့ထံသို့ ပေါက်ကွဲလာလေသည်။ ထိုစွမ်းအင်အစုဝေးမှာ နောက်ထပ် အင်မော်တယ် ကျောက်စာတိုင်တစ်ခု၊ ဖန်ဟွမ်အသက်ဝိညာဉ်ဓား၊ ဖန်ဟွမ်အချိန်ဓားနှင့် ဖန်ဟွမ်ဟင်းလင်းပြင်ဓားတို့ဖြစ်ပြီး သခင်လေးရှူ၏ ပျက်သုဉ်းခြင်းနတ်ဘုရား ပေါက်ကွဲမှု နှင့် ‘ကောင်းကင်ကိုးလွှာ၊ မြေကြီးကိုးဆင့်၊ အစွန်းရောက်ကိုးသွယ် သံလိုက်အစီအရင် ပေါက်ကွဲမှုတို့မှ ထွက်ပေါ်လာသော မူလစွမ်းအင်များ ဖြစ်သည်။

ဤမူလစွမ်းအင်သည် သူ၏ခန္ဓာကိုယ်ကို အပြည့်အဝ ဖုံးလွှမ်းသွားပြီး မူလစွမ်းအင်ထဲတွင် သူ၏ခန္ဓာကိုယ် တစ်ဖန်ပြန်လည် အက်ကွဲသွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

"မကောင်းတော့ဘူး"

သူ ခုခံရန်ပြင်နေစဉ်မှာပင် ဟုန်ယွိ၏ခန္ဓာကိုယ်က သူ့ထံသို့ ခုန်အုပ်လာသည်။ မျက်စိတ် တစ်မှိတ်အတွင်းမှာပင် မူလစွမ်းအင်များ စုစည်းသွားပြီး သူ့ထံသို့ လက်သီးချက်ပေါင်း သန်းချီ၍ ထိုးနှက်လာသည်။ ဒိုင်း ဒိုင်း ဒိုင်း... ဒိုင်း ဒိုင်း ဒိုင်း

ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်သည် လွင့်စင်သွားပြီး အင်မော်တယ် ကျောက်စာတိုင်နှင့် ယခု လေးတင် ပေါင်းစပ်ထားသော သူ၏ခန္ဓာကိုယ်သည် တစ်ဖန်ပြန်လည် ခါရမ်းထွက်သွား သည်။ အင်မော်တယ် ကျောက်စာတိုင်က သူ၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး ဟုန်ယွိက ထိုကျောက်စာတိုင်ကို လက်တစ်ဖက်တည်းဖြင့် ဆွဲယူလိုက်သည်။

တစ်ချိန်တည်းမှာပင် ဟုန်ယွိ၏လက်ထဲတွင် နောက်ထပ် အင်မော်တယ် ကျောက်စာတိုင် တစ်ခု ပေါ်လာသည်။ အင်မော်တယ် ကျောက်စာတိုင် နှစ်ခုသည် ဟုန်ယွိ၏ လက်ထဲသို့ ကျရောက်သွားလေပြီ။

ခန္ဓာကိုယ်နဲ့ ပေါင်းစပ်စမ်း။

တုံ့ဆိုင်းနေခြင်းမရှိဘဲ ဟုန်ယွိသည် အင်မော်တယ် ကျောက်စာတိုင် နှစ်ခုကို ရိုက်ပုတ် လိုက်သည်။ ချက်ချင်းပင် ကျောက်စာတိုင်နှစ်ခုသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား ကြသည်။ ဟုန်ယွိ၏စွမ်းအားများသည် သူ၏စွမ်းအားထက်ပင် ပိုမိုကြီးထွားလာကြောင်း ဟုန်ရွှန်ကျိ ချက်ချင်း ခံစားလိုက်ရသည်။

"ခင်ဗျားရဲ့ သိုင်းပညာတွေကို ကျုပ် ဖျက်ဆီးပစ်မယ်"

ဤအချိန်တွင် ဟုန်ယွိသည် အင်မော်တယ် ကျောက်စာတိုင် နှစ်ခုနှင့် ပေါင်းစပ်သွားပြီး သူ၏တစ်ကိုယ်လုံးရှိ စွမ်းအားများ မြင့်တက်လာသည်။ သူသည် လက်ဝါးဖြင့် ရိုက်ချလိုက် ပြီး ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်ကို ထိမှန်သွားစေသည်။ ဟုန်ရွှန်ကျိသည် သူ၏ခန္ဓာကိုယ်ကို ဂြိုဟ်တစ်လုံး ဝင်တိုက်မိသကဲ့သို့သာ ခံစားလိုက်ရပြီး အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ သူတော်စင်ပေါင်းစုံခန်းမ၏ အပြင်ဘက်သို့ နောက်ပြန်လွင့်စင်သွားလေ သည်။

"အနာဂတ်သခင်ကို၊ ဖမ်းစမ်း"

ဟုန်ယွိက တစ်ဖန် ပြန်လည် လှည့်ပတ်လိုက်ပြီး သူ၏လက်က ဖန်ဆင်းခြင်းသင်္ဘောဆီသို့ လှမ်းဆွဲလိုက်သည်။ မျက်စိတ်တစ်မှိတ်အတွင်းမှာပင် ဖန်ဆင်းခြင်းသင်္ဘောပေါ်ရှိ ဟင်းလင်းပြင်မှာ အတင်းအကျပ် ဆုတ်ဖြဲခံလိုက်ရပြီး ဟုန်ယွိ၏လက်က အနာဂတ်သခင် ကို ဖမ်းယူလိုက်လေတော့သည်။

စာစဉ် (၇၀) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters