အခန်း ၅၁
Vol. 6 Ch. 51
အခန်း (၅၁) ဘေးအန္တရာယ်ကြုံလာတဲ့အခါ အားလုံးကကိုယ့်လှမ်းကိုလျှောက်ကြတယ်
မန်ချုံးကိုသတ်ဖြတ်ခြင်းက သူ့အနာဂတ် တိုးတက်မှုအပေါ် သက်ရောက်မှုအချို့ရှိခဲ့သော်လည်း ဆုရှင်းတွင် နောင်တလုံးဝမရှိခဲ့ပေ။
မန်ချုံးက ရန်လိုနေခဲ့သည်။ အကယ်၍ သူသာပြန်မတိုက်ခိုက်ခဲ့လျှင် မန်ချုံး၏စရိုက်အရ သူနောက်ထပ် ငြိမ်းချမ်းသောနေ့ရက်ကို ဘယ်သောအခါမျှ ရရှိတော့မည် မဟုတ်ချေ။
ထို့အပြင် ယနေ့ဆုရှင်းက ချန်သောက်ကို သတ်ပြီးနောက်အသက်ရှင်လွတ်မြောက်ရန် တတိယသခင်ကြီးဟူကို မွေးစားအဖေအဖြစ်အသိအမှတ်ပြုကာ နှိမ့်ချခဲ့ရသော ထိုဆုရှင်း မဟုတ်တော့ပေ။
ဟောက်ထျန်းအလယ်အလတ်အဆင့် ခွန်အားနှင့် သူတည်ဆောက်ထားသော သြဇာလွှမ်းမိုးမှုတို့ဖြင့် သူကအရာအားလုံးကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သော အရည်အချင်းရှိနေလေပြီ။ ပြိုင်ဘက်မှာ ချန်နင်စီရင်စုတွင် အင်အားအကြီးဆုံးအဖွဲ့အစည်းဖြစ်သော သူရဲကောင်းသုံးဖော်အသင်းပင် ဖြစ်နေပါစေ၊ သူဘာကိုမှ မကြောက်ပေ။
ဓားပေါ်မှသွေးများကို သုတ်ရင်း ဆုရှင်းက တည်ငြိမ်စွာ ပြောလိုက်၏။ "မင်းတို့ရဲ့ လူငယ်အဖွဲ့ခေါင်းဆောင်ကို ယူပြီးယုံလဲ့ရပ်ကွက်ကနေ ထွက်သွားတော့။"
ထိုဂိုဏ်းဝင်သုံးဦးမှာ တိတ်ဆိတ်နေပြီး မန်ချုံး၏အလောင်းနှင့် အခြား ဂိုဏ်းဝင်နှစ်ဦး၏အလောင်းများကို သယ်ဆောင်ကာ အလျင်စလိုထွက်သွားကြပြီး စကားတစ်ခွန်းမျှ မပြောရဲကြပေ။
ဆုရှင်းက မန်ချုံးကိုပင် သတ်ဖြတ်ရဲသူဖြစ်သည်။
သူတို့ကဘာကောင်မှ မဟုတ်ပေ။ သူတို့ဤအရူးကို ထပ်ပြီးဒေါသထွက်အောင်လုပ်မိလျှင် သူတို့ထဲမှ မည်သူကမျှယုံလဲ့ရပ်ကွက်ကနေ အသက်ရှင်လျက် ထွက်သွားနိုင်မည်မဟုတ်ချေ။
သူရဲကောင်းသုံးဖော်အဖွဲ့ဝင်များ ထွက်သွားပြီးနောက် ဟွမ်ပင်းချန်က ဆုရှင်းရှေ့တွင် ဒူးထောက်ချကာပြောလိုက်၏။ "ခေါင်းဆောင် ကျွန်တော့် အသက်ကို ခေါင်းဆောင်ကိုအပ်နှံပါတယ်။"
ယောက်ျားတစ်ယောက်၏ဒူးများက ရွှေနှင့် တန်ပါသည်။ သိုင်းလောကမှ လူများအနေဖြင့် တစ်ဖက်လူ၏အဆင့်အတန်း မည်မျှပင်မြင့်မားစေကာမူ အရိုအသေပေးရန် ဒူးထောက်သူအလွန် နည်းပါး၏။ ဒူးတစ်ဖက်ထောက်ခြင်းကပင် အမြင့်မားဆုံးသော ယဉ်ကျေးမှုပုံစံဖြစ်နေသည်။
ပုံမှန်အားဖြင့် သူတို့ကဦးညွှတ်ခြင်း သို့မဟုတ် လက်ယှက်နှုတ်ဆက်ခြင်းသာ ပြုလုပ်လေ့ရှိကြ၏။
ဟွမ်ပင်းချန်က ဆုရှင်းရှေ့တွင်ဒူးထောက်ချလိုက်ခြင်းမှာ၊ ဤဝါရင့်ဂိုဏ်းသားက ဆုရှင်း၏အစွမ်းအစများကို လုံးဝအသိအမှတ်ပြုသွားပြီ ဖြစ်ကြောင်း ပြသနေသည်။
တကယ်တမ်းတွင် အကယ်၍ ဆုရှင်းသာ ဟွမ်ပင်းချန်ကိုဒူးထောက်ပြီး ကိုယ့်ပါးကိုယ်ပြန်ရိုက်ရန် ခိုင်းစေခဲ့ပါက၊၎င်းမှာ အရှက်ရစရာဖြစ်နေလျှင်ပင် ဟွမ်ပင်းချန်က ထိုသို့လုပ်ဆောင်ခဲ့ရန် အလားအလာအလွန်များနေသည်။
မည်သို့ပင်ဆိုစေ တစ်ဖက်လူမှာ ချန်နင်စီရင်စုတွင် နံပါတ်တစ်ဖြစ်သော သူရဲကောင်းသုံးဖော်အသင်း ဖြစ်သည်။
သို့သော် ဆုရှင်းက သဘောတူမည့်အစား မန်ချုံးကို သတ်ပစ်လိုက်၏။ ဟွမ်ပင်းချန် ၎င်းကို သူ၏ကိုယ်ကျိုးအတွက်သာ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ကြောင်းသိသော်လည်း သူ၏စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်သေးပေ။
ဤနေရာတွင်ရှိနေသော အခြားဂိုဏ်းဝင်များကလည်း ဆုရှင်းကိုလေးစားစွာ ကြည့်လိုက်ကြ၏။ သူတို့အားလုံးက ငယ်ရွယ်ပြီး တက်ကြွသူများဖြစ်ကြရာ ဆုရှင်း၏လုပ်ရပ်များက သူတို့၏သွေးများကို ဆူပွက်လာစေတော့သည်။
သူတို့ မှန်ကန်သော ခေါင်းဆောင်နောက်သို့ လိုက်ခဲ့မိပြီဟု ခံစားလိုက်ရသည်။
အထူးသဖြင့် မကြာသေးမီကမှ ဆုရှင်း၏အဖွဲ့ထံသို့ ဝင်ရောက်လာသူများက ဆုရှင်းက သူ၏ဂိုဏ်းဝင်များအတွက် မိုးပြာဝါးဂိုဏ်း၏ ခေါင်းဆောင်တိုင်ချုံးကို လုပ်ကြံပြီး ပြိုင်ဘက်ကင်းသောဖြောင့်မတ်မှုကိုပြသခဲ့ကြောင်း ယခင်က ကြားဖူးခဲ့ကြ၏။
သို့သော် ၎င်းမှာ ကောလာဟလမျှသာဖြစ်ပြီး ယခုမှာမူ သူတို့ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ ကြုံတွေ့လိုက်ရပြီ ဖြစ်သည်။ ထို့အပြင် တစ်ဖက်လူ၏အဆင့်အတန်းမှာ တိုင်ချုံးထက်များစွာ သာလွန်နေပါသည်။
"ထ...ဒူးတွေကို ဆန့်ထား။ ဘယ်တော့မှအလွယ်တကူ ဒူးမထောက်နဲ့။"
ဆုရှင်းက ဟွမ်ပင်းချန်ကိုမတ်တပ်ရပ်စေရန် ညင်သာစွာ ကန်လိုက်၏။
"ခေါင်းဆောင်။ အခြေအနေတွေ မဟန်ရင် ကျွန်တော်တို့ ဆုတ်ခွာကြမယ်။ ချန်နင်စီရင်စုမှာ ဆက်နေလို့မရရင် ဟူနန်ရဲ့သစ်တောထူထပ်တဲ့ နေရာကိုသွားပြီး ခံတပ်တစ်ခုတည်ထောင်မယ်။ ခေါင်းဆောင်နောက်ကိုလိုက်ချင်တဲ့ ညီအစ်ကိုတွေ အများကြီး ရှိပါတယ်။" ဟွမ်ပင်းချန်က မတ်တပ်ရပ်ပြီး ချက်ချင်းအကြံပြုလိုက်၏။
သူရဲကောင်းသုံးဆဖာ်အသင်းကို စော်ကားမိသဖြင့် သူတို့ချန်နင်စီရင်စုတွင် ဆက်နေ၍မရတော့ပေ။ အခြားစီရင်စုများတွင်လည်း ဒေသခံအင်အားစုများရှိကြပြီး သေချာပေါက် သူတို့ကိုသည်းခံမည် မဟုတ်ချေ။
အကောင်းဆုံးထွက်ပေါက်မှာ အနက်ရောင်ရေလမ်းမှ ဝံပုလွေအို၏ လမ်းစဉ်အတိုင်း လိုက်ကာ ဟူနန်တောင်ပိုင်းသစ်တောထူထပ်သော နေရာတွင် ခံတပ်တစ်ခုတည်ထောင်ပြီး ဓားပြများ ဖြစ်လာရန်ဖြစ်သည်။
ဟူနန်တောင်ပိုင်းနှင့် ဗဟိုလွင်ပြင်တို့ဆုံရာ ဒေသမှာအများအားဖြင့် တောင်တန်းများနှင့် သစ်တောများဖြစ်ပြီး လမ်းပမ်းဆက်သွယ်ရေး ခက်ခဲကြမ်းတမ်း၏။
ထိုနေရာတွင် ဒါဇင်ဂဏန်းမှစ၍ သောင်းဂဏန်းအထိ ရှိသောဓားပြများမရေမတွက်နိုင်အောင် ရှိသည်။
တစ်ခုခုဖြစ်ပါက သစ်တောသစ်တောင်တစ်နေရာတွင်ပုန်းအောင်းနိုင်ပြီး အလွယ်တကူရှာမတွေ့နိုင်ပေ။
လီဟွိုင်က ဘေးမှနေ၍ အေးစက်စွာမှတ်ချက်ချလိုက်၏။ "အနာဂတ်မှာ ငါတို့ခွန်အားကြီးလာတဲ့အခါ ချန်နင်စီရင်စုကိုပြန်လာပြီး သူရဲကောင်းဖော်အသင်းကို ပြန်ရှင်းလင်းပစ်လို့ ရတာပဲ။"
လီဟွိုင် မောက်မာသော်လည်း သူရဲကောင်းသုံးဖော်အသင်းနှင့် ထိပ်တိုက်ရင်ဆိုင်ရလောက်အောင် မမိုက်မဲပေ။
သူ ခုနကလှုပ်ရှားရန် ရည်ရွယ်ခဲ့သော်လည်း မန်ချုံးကိုသတ်ပြီးနောက် ဆုရှင်းနှင့် အခြားသူများ ဒုက္ခမရောက်စေရန် ချန်နင်စီရင်စုမှ ချက်ချင်း ထွက်ခွာရန် ပြင်ဆင်ထားခဲ့၏။
"လမ်းဘေးခွေးတွေလို ငါတို့ ဘာလို့ထွက်ပြေးရမှာလဲ။" ဆုရှင်းက မေးလိုက်သည်။
ဟွမ်ပင်းချန်က ပြောသည်။ "ဒါပေမဲ့ သူရဲကောင်းသုံးဖော်အသင်းက..."
ဆုရှင်းက ဟွမ်ပင်းချန်၏စကားကို ဖြတ်ပြောလိုက်၏။ "သူရဲကောင်းသုံးဖော်အသင်းက ဥပဒေ မဟုတ်ဘူး။ ပြီးတော့ ချန်နင်စီရင်စုက သူတို့ တစ်ယောက်တည်းထိန်းချုပ်ထားတာမဟုတ်ဘူး။ ငါချန်နင်စီရင်စုကနေ ထွက်မသွားဘူး။ သူရဲကောင်းသုံးဖော်အသင်းကလည်း ငါတို့ကိုဘာမှ လုပ်လို့မရဘူး။"
ဟွမ်ပင်းချန် သူ့ကို ထပ်မံဖျောင်းဖျချင်သော်လည်း ပြောစရာစကားလုံးရှာမရတော့ပေ။
ဤခေါင်းဆောင်က အမြဲတစေအံ့ဖွယ်ရာများကို ဖန်တီးရာတွင်ကျွမ်းကျင်သော်လည်း ဤတစ်ကြိမ်တော့ ဤအခက်အခဲကိုကျော်ဖြတ်နိုင်မည်လားဟု သူ တွေးနေမိ၏။
"သွားပြီးညီအစ်ကိုတွေ အားလုံးကို ခေါ်လိုက်။ ပြီးတော့ ဒီအကြောင်းသူတို့ကိုပြောပြလိုက်။"
ဟွမ်ပင်းချန်က ဘာကြောင့်လဲဟုမမေးတော့ဘဲ ဆုရှင်း၏လူများအားလုံးကို ယုံလဲ့ရပ်ကွက်ဌာနသို့ အမြန်ဆုံး ဆင့်ခေါ်လိုက်၏။
ဆုရှင်း၏လက်အောက်တွင် ယခုအခါ လူ ၁၁၀၀ ကျော်ရှိနေပြီး သိပ်သည်းပြီး မှောင်မိုက်နေသော အစုအဝေးကြီးတစ်ခုကဲ့သို့ပင်။
ဆုရှင်းက မန်ချုံးကိုသတ်လိုက်သည့် အကြောင်းကို သူတို့အားလုံးကြားသိထားပြီးဖြစ်ရာ ဤနေရာတွင်ရှိနေသော ဂိုဏ်းဝင်အများစုမှာ လေးစားမှုများကို ပြသနေကြ၏။
ဤခေါင်းဆောင်နောက်သို့ လိုက်ခြင်းက သူတို့ သေချာပေါက်အမှားလုပ်ခဲ့ခြင်း မဟုတ်ပေ။ တစ်ခုခုမှားယွင်းသွားသောအခါ ဂိုဏ်းဝင်များကို အပြစ်ခံယူရမည့်သူများအဖြစ် ထိုးကျွေးတတ်သော အခြားခေါင်းဆောင်များနှင့် မတူချေ။
သို့သော် အချို့လူများမှာ စိုးရိမ်နေပုံရပါသည်။
သူရဲကောင်းသုံးဖော်အသင်း၏ကြီးမားလှသော အင်အားအရ နောက်ဆက်တွဲလက်စားချေမှုက သူတို့အပေါ် သက်ရောက်မှုရှိလာနိုင်မည်လော။
"လူကြီးမင်းတို့။ ခုနကဖြစ်သွားတဲ့ အကြောင်းကို မင်းတို့အားလုံးကြားပြီးပြီလို့ ငါ ယုံကြည်ပါတယ်။ ငါ သူရဲကောင်းသုံးဖော်အသင်းရဲ့ လူငယ်အဖွဲ့ခေါင်းဆောင် မန်ချုံးကို သတ်လိုက်တယ်။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်တွေကို ငါ အများကြီး မပြောတော့ဘူး။ လူက သေသွားပြီဆိုတော့ထပ်ပြောနေလည်း အဓိပ္ပာယ်မရှိတော့ဘူး။"
ဆုရှင်းက အောက်ရှိဂိုဏ်းဝင်များကို ကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်၏။ "မကြခင်မှာ သူရဲကောင်းသုံးဖော်အသင်းက သေချာပေါက် ငါ့ကိုအမြန်ဆုံးသတ်ဖို့ကြိုးစားလာလိမ့်မယ်။ ပြီးတော့ မင်းတို့လည်းအဲဒီရလဒ်ကို ခံစားရလိမ့်မယ်။"
"အခု ငါမင်းတို့ကို အခွင့်အရေးတစ်ခုပေးမယ်။ ငါတို့ ချစ်ချစ်ခင်ခင်လမ်းခွဲကြတာပေါ့။ ထွက်သွားချင်တဲ့သူတွေ တစ်ယောက်ကို ငွေဆယ်ပြားယူပြီး သွားလို့ရတယ်။ ငါ ဆုရှင်း တားမှာမဟုတ်ဘူး။"
အောက်ရှိ လူအုပ်ကြီးမှာ တိတ်ဆိတ်သွားခဲ့၏။
ဆုရှင်းကို ခေါင်းဆောင်ကောင်းတစ်ဦးဟု သူတို့ သတ်မှတ်ထားသော်လည်း သူတို့မသေချင်ကြပေ။ ဆုရှင်းနောက်ကိုဆက်လိုက်ခြင်းက သူရဲကောင်းသုံးဖော်အသင်း၏ပစ်မှတ်ထားခြင်းကို အချိန်မရွေးခံရနိုင်ပြီး အမှားတစ်ချက်လုပ်မိသည်နှင့် သူတို့၏အသက်ကို ဆုံးရှုံးသွားရနိုင်ပါသည်။
ဆုရှင်းက ဟွမ်ပင်းချန်ကို သေတ္တာနှစ်လုံးချထားခိုင်းပြီး တစ်လုံးစီတွင်ဖြူဖွေးတောက်ပနေသော ငွေဆယ်ပြားတုံးများ ပြည့်လျှံနေလေ၏။
အချိန်ကြာလာသည်နှင့်အမျှ တစ်စုံတစ်ဦးက နောက်ဆုံးတွင် မထိန်းချုပ်နိုင်တော့ဘဲ ဆုရှင်းကို ဦးညွှတ်ကာ လှည့်ထွက်သွားတော့သည်။
တစ်စုံတစ်ယောက်က ဦးဆောင်လိုက်သဖြင့် အခြားသူများအတွက်လိုက်လုပ်ရန် များစွာ လွယ်ကူသွားခဲ့၏။ လူများပိုမိုရှေ့သို့ ထွက်လာကာ ဆုရှင်းကို ဦးညွှတ်ပြီးနောက် ထွက်သွားကြသည်။
ဖြောင့်မတ်ခြင်းနှင့် အသက်ရှင်ခြင်းကြားရွေးချယ်မှုနှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် သူတို့၏ကိုယ်ပိုင် အသက်ကိုရွေးချယ်ခဲ့ကြသည်။
သို့သော် ဤလူများသည် ငွေများကိုမယူခဲ့ကြပေ။
အရေးကြီးသောအချိန်တွင် ထွက်ပြေးခြင်းကပင် လုံလောက်အောင် အရှက်ရစရာကောင်းနေပြီ ဖြစ်သည်။ သည့်အပြင် ငွေပါသွားယူခြင်းက လုံးဝ အရှက်မဲ့လွန်းလှ၏။
သို့သော် လူတိုင်းက ငွေဆယ်ပြား၏သွေးဆောင်မှုကို မခုခံနိုင်ကြပေ။ ဂိုဏ်းဝင်တစ်ဦးက ထွက်မသွားမီ ခဏမျှတုံ့ဆိုင်းနေပြီးနောက် ငွေတစ်တုံးကို ယူကာထွက်သွားရန်ပြင်လိုက်၏။
"သေချင်းဆိုး။ မင်းမှာ အရှက်မရှိဘူးလား။ ဂိုဏ်းကနေထွက်ပြေးတာတောင် ပိုက်ဆံယူဖို့မျက်နှာပြောင်တိုက်ရဲသေးတယ်ပေါ့။ ခေါင်းဆောင်ဆုက မင်းတို့အပေါ်သဘောကောင်းနေပေမဲ့ ငါကတော့သည်းမခံနိုင်ဘူးကွာ။"
ဒေါသကြီးသော ဂိုဏ်းဝင်တစ်ဦးက ချက်ချင်း ဒေါသထွက်သွားပြီး သူ့ကိုမြေပြင်ပေါ်သို့ ကန်ချလိုက်၏။ အခြားဂိုဏ်းဝင်အတော်များများလည်း သူ့နောက်သို့လိုက်ကာ ရှေ့သို့ပြေးထွက်လာကြပြီး ငွေများကိုကိုင်ထားသော ဂိုဏ်းဝင်ကို သူနာကျင်စွာအော်ဟစ်လာသည်အထိ အလျင်အမြန် ရိုက်နှက်ကြတော့သည်။
"ရပ်လိုက်။"
ဆုရှင်းက အော်ပြောလိုက်သည်။ "သူ့ကိုပိုက်ဆံယူပြီး ထွက်သွားခွင့်ပေးလိုက်ပါ။"
ဆုရှင်း စကားပြောသည်ကို ကြားသောအခါ ဂိုဏ်းဝင်များကမလိုလားစွာဖြင့် ရပ်တန့်သွားကြသော်လည်း မထွက်သွားမီ သူတို့ကအထင်အမြင်သေးသော အမူအရာများဖြင့် သူ့ကို တံတွေး အကြိမ်ကြိမ် ထွေးခဲ့ကြသေး၏။
ဂိုဏ်းဝင်က မတ်တပ်ရပ်ရန် ရုန်းကန်ကာ သူတို့ကို အဆိပ်ပြင်းသောမျက်လုံးများဖြင့် စိုက်ကြည့်ပြီး စကားတစ်ခွန်းမျှမပြောဘဲ ထွက်ပြေးသွားတော့သည်။
ဤအတွေ့အကြုံမှ သင်ခန်းစာယူပြီးနောက် အခြား ဂိုဏ်းဝင်များက ငွေများကို မယူဘဲ ထွက်သွားကြသည်။
နာရီဝက်အကြာတွင် မည်သူမျှထပ်မထွက်သွားတော့သော်လည်း ဟွမ်ပင်းချန်၏မျက်နှာမှာ ညှိုးနွမ်းသွားခဲ့၏။
နာရီဝက်အတွင်းဂိုဏ်းဝင် ၁၁၀၀ ထဲမှ ၅၀၀ အောက်သာကျန်တော့ပြီး တစ်ဝက်ကျော်ထွက်သွားခဲ့ကြလေပြီ။
သူ့ကိုနှစ်သိမ့်ပေးနိုင်သည့် တစ်ခုတည်းသော အရာမှာ ပျော်ရွှင်ဖွယ်တောအုပ်မှစတင်၍ ဆုရှင်းနောက်သို့လိုက်ခဲ့သော ညီအစ်ကိုတစ်ရာကျော်ထဲမှ မည်သူမျှထွက်မသွားခြင်းပင်။
အောက်သို့ငုံ့ကြည့်ကာ ဆုရှင်းကကျယ်လောင်စွာ ပြောလိုက်သည်။ "အားလုံးပဲ ငါ ဆုရှင်းနဲ့ အခက်အခဲတွေကိုမျှဝေခံစားဖို့ဆန္ဒရှိမှတော့ ဒီနေ့ကစပြီး မင်းတို့က ငါ့ရဲ့ညီအစ်ကိုတွေပဲ။"
"ငါဆုရှင်း မင်းတို့ကို ဘယ်တော့မှစိတ်ပျက်အောင် လုပ်မှာမဟုတ်ဘူး ညီအစ်ကိုတို့။"
လူ ၅၀၀ နီးပါးကျန်ရှိနေသေးသဖြင့် ၎င်းမှာ ဝမ်းသာစရာအံ့အားသင့်မှု တစ်ခုပင်။ ဆုရှင်းက လူ ၃၀၀ ခန့်သာ ကျန်လိမ့်မည်ဟု မူလက ခန့်မှန်းထားခဲ့သည်။
*လင်မယားဆိုတာ တောတစ်ခုတည်းကငှက်တွေလိုပါပဲ။ ဘေးအန္တရာယ်ကြုံလာတဲ့အခါ ကိုယ့်လမ်းကိုယ်လျှောက်ကြတာပါပဲ။*
*နေ့ရောညပါ အတူနေတဲ့လင်မယားတောင် ဒီလိုဆိုရင်။ ဒီနောက်လိုက်တွေက ကိုယ်နဲ့အတူ သေဖို့ ဘယ်လိုလုပ် မျှော်လင့်နိုင်မှာလဲ။*
ကျန်ခဲ့သည့်သူများထဲတွင် သစ္စာရှိမှုနှင့် ဖြောင့်မတ်မှုတို့ကြောင့် ဆုရှင်းကိုထောက်ခံရန် အမှန်တကယ် ကျန်ခဲ့သူများ ရှိကောင်းရှိနိုင်သော်လည်း၊ အများစုမှာတော့ လောင်းကစားလုပ်ကြခြင်း သို့မဟုတ် ဆုရှင်းက ဤအခြေအနေကိုကျော်ဖြတ်နိုင်မည်ဖြစ်ပြီး သူတို့၏အဆင့်အတန်းလည်းလိုက်ပါ မြင့်တက်လာမည်ဟု ယုံကြည်နေကြခြင်းဖြစ်သည်။
ဆုရှင်းကလည်း ထိုအတိုင်းသာဆိုလိုပေသည်။
အဖွဲ့တိုင်းတွင် အရေးကြီးသောအချိန်များ၌ သင့်ကို ယုံကြည်သော အဖွဲ့ဝင်များရှိပါလိမ့်မည်။ သင် ထိုအခက်အခဲကိုကျော်ဖြတ်ပြီးသည်နှင့် သူတို့က သင်၏အမာခံ အဖွဲ့ဝင်များဖြစ်လာကြ၏။
ထိုသာမန်ဂိုဏ်းဝင်များ ထွက်သွားလည်း ကိစ္စမရှိပေ။ ချန်နင်စီရင်စုက ဤမျှထိကြီးမားရာ လူရှာမရစရာကြောင်းမရှိချေ။
ကျန်ခဲ့သူများမှာ ဆုရှင်း၏စစ်မှန်သော အမာခံ အဖွဲ့ဖြစ်ပြီး ဆုရှင်းအမှန်တကယ်ယုံကြည်နိုင်သော လူများဖြစ်သည်။
ထပ်တူ လက်ရှိအချိန်တွင် ချန်သယ်ရပ်ကွက်ရှိ သူရဲကောင်းသုံးဖော်အသင်း၏ဌာနချုပ်၌ မန်ချန်ဟယ်က မန်ချုံး၏အလောင်းကို မယုံကြည်နိုင်သောမျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့၏။
"ချုံးအာ သေပြီ သူ ဘယ်လိုလုပ်သေနိုင်မှာလဲ။"
မန်ချန်ဟယ်၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေသည်။ ဂိုဏ်းသားတစ်ဦးက မန်ချန်ဟယ်ကို ဘာဖြစ်ခဲ့သနည်းဆိုတာပြောပြရန် ပြင်နေစဉ်မှာပင် မန်ချန်ဟယ်က သူ၏ရင်ဘတ်ကို ရုတ်တရက် လက်ဝါးဖြင့်ရိုက်ချလိုက်ရာ သူ၏ရင်ဘတ်ပေါ်တွင် ကြီးမားသောလက်ဝါးရာကြီးတစ်ခု ကျန်ရစ်ခဲ့ပြီး သူ၏အတွင်းကလီစာများ ကြေမွသွားတော့သည်။
"ချုံးအာ...သေပြီ။ မင်းက ဘာလို့အသက်ရှင်နေသေးတာလဲ။" မန်ချန်ဟယ်၏အသံမှာ ငရဲချောက်နက်မှ ထွက်လာသကဲ့သို့အေးစက်နေသည်။
*မန်ချုံးသေသွားပြီဆိုတော့ဖြစ်စဉ်က ဘာအရေးကြီးတော့မှာလဲ။ သူသိဖို့ လိုတာက တစ်ခုတည်းပဲ။ မန်ချုံးကို ဆုရှင်းသတ်လိုက်တာ၊ အဲဒါက လုံလောက်ပါပြီ။*
ဤသည်ကိုမြင်သောအခါ အသက်ရှင်ကျန်ရစ်ခဲ့သော အခြားဂိုဏ်းဝင်နှစ်ဦးမှာ ချက်ချင်းလှည့်ပြေးကြတော့သည်။ မန်ချန်ဟယ် ရူးသွားလေပြီ၊ သူ၏သားသေဆုံးမှုအတွက် အဖော်လိုက်ရန်သူတို့ကို သတ်ချင်နေသည်။
ဂိုဏ်းဝင်နှစ်ဦးမှာ နောင်တများဖြင့် ပြည့်နှက်နေခဲ့၏။ သူတို့သာသိခဲ့လျှင်ပြန်လာခဲ့မည် မဟုတ်သလို ချန်နင်စီရင်စုမှထွက်ပြေးပြီး တတ်နိုင်သမျှ အဝေးဆုံးသို့ထွက်သွားမည်။
လူနှစ်ဦးထွက်ပြေးသွားသည်ကို မြင်သော်လည်း မန်ချန်ဟယ် မလှုပ်ရှားခဲ့ပေ။ သို့သော်ငွေရောင် အလင်းတန်းများတောက်ပနေသော အဖြူပုံရိပ် တစ်ခုက သူတို့၏ဘေးတွင် ပေါ်လာခဲ့၏။
ထိုလူနှစ်ဦးက လည်ပင်းကိုကိုင်ကာ မြေပြင်ပေါ်သို့ လဲကျသွားကြပြီး သူတို့၏မျက်လုံးများမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေဆဲဖြစ်သည်။
မြင့်မြတ်သောမိသားစုမှ သခင်လေးတစ်ဦးနှင့် တူသော နင်လော့ကျွင်းက သူတို့၏ဘေးတွင် ပေါ်လာပြီး ဓားချိတ်လက်နက်တစ်စုံကို ကိုင်ဆောင်ထားခဲ့၏။
ဤအရာများက သူ၏ထူးခြားကျော်ကြားသော လက်နက်များဖြစ်သည့် ဝိညာဉ်ခွဲချိတ်များပင်။
"အစ်ကိုကြီး။ ကျွန်တော့်ရဲ့ဝမ်းနည်းကြေကွဲမှုကို လက်ခံပေးပါ။" နင်လော့ကျွင်း သက်ပြင်းချလိုက်ပြီး ဘာမှထပ်မပြောတော့ပေ။
ဒွမ့်ရှောင်လည်း မန်ချန်ဟယ်ထံ လျှောက်လာပြီး သူ၏ဝမ်းနည်းကြေကွဲမှုကို ပြောဆိုကာ တိတ်ဆိတ်စွာ နေလိုက်၏။
မန်ချုံးက ဆုရှင်းနှင့် အခက်အခဲတွေ့နိုင်ကြောင်း သူတို့ခန့်မှန်းခဲ့သော်လည်း ဆုရှင်းက မန်ချုံးကို သတ်ပစ်လိမ့်မည်ဟု သူတို့ဘယ်သောအခါမျှ မမျှော်လင့်ထားခဲ့ပေ။
ဤလူ တကယ်ပင်ရူးနေသည်လော။
မန်ချုံးအတွက် သူတို့၏အာဏာကို ခွဲဝေပေးခဲ့သဖြင့် မန်ချန်ဟယ်ကို သူတို့မကျေနပ်ခဲ့ကြသော်လည်း မန်ချုံး၏အသက်ကို ယူရန်သူတို့ ဘယ်သောအခါမျှ မတွေးခဲ့ဖူးပေ။
မည်သို့ပင်ဆိုစေ သူတို့က မန်ချုံးကြီးပြင်းလာသည်ကိုကြည့်နေခဲ့ကြသူများဖြစ်ကြ၏။
ယခု မန်ချုံးသေသွားပြီဖြစ်ရာ သူတို့မည်သို့ပျော်ရွှင်နိုင်ပါမည်နည်း။
မန်ချန်ဟယ် ခေါင်းမော့လိုက်ရာ သူ၏မျက်လုံးများမှာ သွေးရောင်လွှမ်းနေပြီး အသံမှာလည်း အေးစက်နေခဲ့၏။
"ဆုရှင်းသေတာကို ငါ လိုချင်တယ်။ လင်းယုန်ပျံဂိုဏ်းတစ်ခုလုံး ချုံးအာ နဲ့အတူ မြှုပ်နှံခံရတာကို ငါ လိုချင်တယ်။"
နင်လော့ကျွင်းနှင့် ဒွမ့်ရှောင်တို့ နှစ်ဦးစလုံး ခေါင်းညိတ်လိုက်ကြ၏။ မန်ချန်ဟယ်က ဒေါသထွက်နေပြီဖြစ်ရာ လက်ရှိချိန်တွင် လင်းယုန်ပျံဂိုဏ်းကိုဖျက်ဆီးခြင်းက ဂိုဏ်းအတွက်ကောင်းမွန်မည်မဟုတ်ကြောင်း ပြောနေခြင်းက အလကားပင်။
*ဆုရှင်းသေရမယ်။ လင်းယုန်ပျံဂိုဏ်းကို ဖျက်ဆီးပစ်ရမယ်။ ဒါက မန်ချန်ဟယ်အပေါ် သူတို့ရဲ့နှစ်သိမ့်မှုဖြစ်ပြီး ဘယ်လိုဖျောင်းဖျမှုမျိုးထက်မဆို ပိုပြီး အလုပ်ဖြစ်ပါတယ်။*