← Chapters

အခန်း ၅၂

Vol. 6 Ch. 52

အခန်း ၅၂

Vol. 6 Ch. 52

အခန်း (၅၂) သစ္စာဖောက်ရန် ရွေးချယ်ခြင်း

ချန်နင်စီရင်စုမှာ မသေးငယ်ပေ။ မည်သို့ပင်ဆိုစေ တစ်ချိန်က တာ့ကျိူးမင်းဆက်၏ မြို့တော်ဖြစ်ခဲ့ဖူးပါသည်။

သို့သော်လည်း အလွန်ကြီးမားခြင်းလည်းမရှိပြန်ပေ။ မြင်းစီး၍သွားမည်ဆိုပါက မြို့၏အရှေ့မှ အနောက်သို့ တစ်နာရီအတွင်းသွားလာနိုင်၏။

ဆုရှင်းက မန်ချုံးကိုသတ်လိုက်သည့် သတင်းမှာ နာရီဝက်အတွင်း ချန်နင်စီရင်စုတစ်ခုလုံးရှိ ဂိုဏ်းသုံးဂိုဏ်းနှင့် အဖွဲ့လေးဖွဲ့ထံသို့ ပျံ့နှံ့သွားတော့သည်။

လူတိုင်း၏ပထမဆုံးတုံ့ပြန်မှုမှာ လင်းယုန်ပျံဂိုဏ်းမှ ဤကောင်လေး ပြဿနာရှာလိုက်ပြီဟုသာ ဖြစ်သည်။

သူရဲကောင်းသုံးဖော်အသင်း၏အင်အားမှာ ငြင်းဆိုဖွယ်ရာ မရှိပေ။ ချန်နင်စီရင်စုရှိအခြား ဂိုဏ်းများက ၎င်း၏ဖွံ့ဖြိုးတိုးတက်မှုကို ဖိနှိပ်ရန်ပူးပေါင်းခဲ့ကြခြင်းမရှိပါက သူရဲကောင်းသုံးဖော်အသင်းက ချန်နင်စီရင်စုတွင် အကြီးဆုံးအင်အားစုဖြစ်နေသည်မှာကြာပြီ ဖြစ်သည်။

သူရဲကောင်းသုံးဖော်အသင်းက ယခင်ကဲ့သို့ လျင်မြန်စွာမတိုးတက်တော့သော်လည်း ၎င်းတို့က ရန်စလာသည့်မည်သူ့ကိုမဆို ချန်နင်စီရင်စု၏ နံပါတ်တစ် ဂိုဏ်း၏အင်အားကို ပြသလိမ့်မည်။

လူတိုင်း၏အမြင်တွင် ဆုရှင်းက ယခု သေလူဖြစ်နေလေပြီ။ သူရဲကောင်းသုံးဖော်အသင်း၏အဖွဲ့ခေါင်းဆောင်သားကို သတ်လိုက်ပြီးနောက် အသက်ဆက်ရှင်နိုင်မည်မဟုတ်ပေ။

ယခု သူတို့၏တစ်ခုတည်းသော စိုးရိမ်မှုမှာ လင်းယုန်ပျံဂိုဏ်း ဘာဖြစ်သွားမည်နည်း နှင့် ဆုရှင်း၏အဖြစ်အပျကအဖွဲ့ကသူရဲကောင်းသုံးဖော်အသင်း ပါဝင်ပတ်သက်လာမည်လားဆိုတာပင် ဖြစ်သည်။

လင်းယုန်ပျံဂိုဏ်း ပျက်စီးသည်ဖြစ်စေ လွတ်မြောက်သည်ဖြစ်စေ သူတို့ဂရုမစိုက်ပေ။ လင်းယုန်ပျံဂိုဏ်းဖျက်ဆီးခံရပြီးနောက် ကျန်ရစ်မည့်နယ်မြေများကို ဘာဆက်လုပ်မည်ဆိုသည်ကိုသာ သူတို့ ဂရုစိုက်ကြ၏။

ဤနယ်မြေများကို သူရဲကောင်းသုံးဖော်အသင်း၏ လက်ထဲသို့ လုံးဝအကျခံ၍ မရပေ။ မဟုတ်ပါက ချန်နင်စီရင်စုရှိ မည်သူကမျှ သူတို့ကိုထိန်းချုပ်နိုင်တော့မည် မဟုတ်ချေ။

ထို့ကြောင့် သတင်းရရှိပြီးနောက် ချန်နင်စီရင်စု၏ ဂိုဏ်းသုံးဂိုဏ်းနှင့် အဖွဲ့လေးဖွဲ့မှ အဖွဲ့ဝင်များ အားလုံးလှုပ်ရှားလာကြပြီး ယုံလဲ့ရပ်ကွက်သို့ လူများစေလွှတ်ခဲ့ကြသည်။

ဂိုဏ်းသုံးဂိုဏ်းနှင့် အဖွဲ့လေးဖွဲ့ထဲတွင် သတင်းကို ပထမဆုံးရရှိခဲ့သည်မှာ ထုံးစံအတိုင်းပင် လင်းယုန်ပျံဂိုဏ်းဖြစ်သည်။

ဤသတင်းကိုကြားသည်နှင့် ရှားဖေးယင်း သူ၏ခွက်ကို ချက်ချင်းရိုက်ခွဲကာ ကျယ်လောင်စွာ ကျိန်ဆဲတော့သည်။

"ဒီခွေးကောင်က ဘာတွေလုပ်ချင်နေတာလဲ။ ငါတို့ လင်းယုန်ပျံဂိုဏ်းကို ဖျက်စီးချင်နေတာလား။"

ရှားဖေးယင်းမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။ သူက ကိုယ်ပိုင်အခွင့်အာဏာရှိသော ခွန်အားကြီးသူ တစ်ဦးဖြစ်သော်လည်း သူရဲကောင်းသုံးဖော်အသင်းနှင့် ရင်ဆိုင်ရချိန်တွင် မည်သည့် ယုံကြည်မှုမျှမရှိပေ။

လင်းယုန်ပျံဂိုဏ်းက သူရဲကောင်းသုံးဖော်အသင်းထက် စော၍တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က ချန်နင်စီရင်စုတစ်ခုလုံးတွင် လင်းယုန်ပျံဂိုဏ်းမှာ အားအနည်းဆုံးနှင့် သက်တမ်းအနုဆုံး ဂိုဏ်းဖြစ်ခဲ့၏။

ထို့ကြောင့် သူရဲကောင်းသုံးဖော်အသင်း ကျော်ကြားလာသောအခါ လင်းယုန်ပျံဂိုဏ်းက ၎င်းကို ဖိနှိပ်ရန်ပထမဆုံးရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့က အားနည်းနေလေပြီ။ ယခုတော့ နောက်ထပ်အင်အားတစ်စုက သူတို့စားခွက် လုချင်လာလေ၏။ သူတို့ မည်သို့အသက်ရှင်နိုင်မည်နည်း။

ထို့ကြောင့် လင်းယုန်ပျံဂိုဏ်းက တက်သစ်စ သူရဲကောင်းသုံးဖော်အသင်းကို တိုက်ခိုက်ခဲ့ပြီး ရလဒ်မှာ ခန့်မှန်းရလွယ်ကူပါသည်။

အကယ်၍ ရှားဖေးယင်းသာ မိမိသဘောဆန္ဒအလျောက်နောက်မဆုတ်ခဲ့ပါက ချန်နင်စီရင်စုမှာ ယခုထက်များစွာ ပိုဆိုးရွားသောအခြေအနေတွင် ရှိနေပါလိမ့်မည်။ ဂိုဏ်းသုံးဂိုဏ်းနှင့် အဖွဲ့လေးဖွဲ့ရှိသော်လည်း လင်းယုန်ပျံဂိုဏ်းမှာတော့ ၎င်းတို့ထဲတွင် ပါဝင်မည်မဟုတ်ပေ။

တုန်းချန်ဝူက မှိုင်းညို့နေသောမျက်နှာဖြင့် ပြောလိုက်၏။ "ဒီကောင်လေးက ဥပဒေမဲ့တယ်ဆိုတာ ငါ သိတယ်။ အဲဒီတုန်းက သူ့ကိုဂိုဏ်းစည်းမျဉ်းတွေအရ အရေးယူခဲ့ရမှာ။ အဲဒါဆို ဒီနေ့လိုမျိုး ဖြစ်လာမှာ မဟုတ်ဘူး။"

သူတို့အားလုံးက ထိုစဉ်က သူရဲကောင်းသုံးဖော်အသင်းနှင့် ထိပ်တိုက်တွေ့ခဲ့ဖူးသူများဖြစ်ကြသဖြင့် သူရဲကောင်းသုံးဖော်အသင်း၏ကြောက်မက်ဖွယ်ကောင်းမှုများကို သိရှိထားကြ၏။

အကယ်၍ အခြားဂိုဏ်းများက သူရဲကောင်းသုံးဖော်အသင်းကို ဆန့်ကျင်ရန်မပူးပေါင်းပါက သူရဲကောင်းသုံးဖော်အသင်းက ခေါင်းဆောင်တစ်ဦးကိုစေလွှတ်လိုက်ရုံဖြင့် လင်းယုန်ပျံဂိုဏ်းကို လုံးဝချေမှုန်းပစ်နိုင်သည်ဟု ဆိုနိုင်ပါသည်။

လက်ရှိအခြေအနေမှာတော့ မန်ချန်ဟယ်၏သားကို ဦးစွာသတ်ခဲ့သည်မှာ သူတို့၏လင်းယုန်ပျံဂိုဏ်း ဖြစနေသည်။ သူတို့၏လင်းယုန်ပျံဂိုဏ်း ဖျက်ဆီးခံရလျှင်ပင် အခြားဂိုဏ်းများက သူတို့အတွက် စကားတစ်ခွန်းမျှပြောပေးမည် မဟုတ်ပေ။

"အခုမှ ဒါတွေပြောနေလည်း နောက်ကျသွားပြီ။ အခု ငါတို့စဉ်းစားရမှာက ဒါကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာပဲ။ ဆုရှင်းရဲ့ကိစ္စက ငါတို့ကိုလုံးဝအထိခိုက်ခံလို့ မရဘူး။" ရှားဖေးယင်းက မှိုင်းညို့နေသောမျက်နှာဖြင့် လက်ဝှေ့ယမ်းလိုက်၏။

တုန်းချန်ဝူနှင့် ကျွမ်းလီတို့ကိုထိန်းချုပ်ရန် ဆုရှင်းကို အနားတွင်ထားခဲ့သော်လည်း ဤပါးနပ်ပုံရသော ဆုရှင်းက မျက်စိတစ်မှိတ်အတွင်း ဤကဲ့သို့သောမိုက်မဲသည့် အရာမျိုးကိုလုပ်လိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားခဲ့ပေ။

တုန်းချန်ဝူနှင့် ကျွမ်းလီတို့ကို အပြန်အလှန် ထိန်းကျောင်းပေးခြင်းနှင့် နှိုင်းယှဉ်ပါက ဆုရှင်းက ယခု လင်းယုန်ပျံဂိုဏ်းကိုဖျက်ဆီးရန် ကြိုးစားနေခြင်း ဖြစ်သည်။

တုန်းချန်ဝူ၏မျက်နှာမှာ တင်းမာသွားခဲ့၏။ "ဘာစဉ်းစားစရာ ရှိလို့လဲ။ ဆုရှင်းကို ဖမ်းပြီး သူရဲကောင်းသုံးဖော်အသင်းဆီ လွှဲပေးလိုက်ရုံပဲ။ ငါတို့အလျှော့ပေးလိုက်ရင် သူတို့လည်းလိုချင်တာရပြီး မျက်နှာလည်းရသွားမှာပဲ။"

"သူရဲကောင်းသုံးဖော်အသင်းက အင်အားကြီးတယ် ဆိုပေမဲ့ ဂိုဏ်းစစ်ပွဲတစ်ခု ဆင်နွှဲဖို့က ကုန်ကျစရိတ် ကြီးမားလွန်းတယ်။ သူတို့အရူးမဟုတ်ဘူးဆိုရင်၊ ပြီးတော့ သူတို့မှာအရင်းအမြစ်နဲ့ ဂုဏ်သတင်း နှစ်ခုစလုံးရှိနေသရွေ့ ငါတို့ကိုသေချာပေါက်ဆွဲသွင်းမှာ မဟုတ်ဘူး။"

လင်းဖူဟူက မပြောမီ ခဏမျှတုံ့ဆိုင်းနေခဲ့သည်။ "သူက ငါတို့ လင်းယုန်ပျံဂိုဏ်းရဲ့ခေါင်းဆောင်ကြီး ဖြစ်နေတုန်းပဲ။ သူတစ်ခုခုဖြစ်သွားရင် ငါတို့ လျစ်လျူရှုထားလို့ ရသေးတယ်။"

"ဒါပေမဲ့ သူ့ကိုဖမ်းပြီး သူရဲကောင်းသုံးဖော်အသင်းဆီ လွှဲပေးလိုက်တာက နည်းနည်းလွန်လွန်းမနေဘူးလား။ တခြားဂိုဏ်းတွေက ငါတို့ကို ဘယ်လိုမြင်ကြမလဲ။"

တုန်းချန်ဝူက လင်းဖူဟူကို အထင်အမြင်သေးစွာ တစ်ချက်ကြည့်လိုက်ပြီး သူ့ကိုပြန်ဖြေရန်ပင် ပျင်းရိနေခဲ့၏။

*ဒီလိုအချိန်မျိုးမှာ လွန်လွန်းတာတွေ၊ တခြားသူတွေ ဘယ်လိုထင်မလဲဆိုတာကို ဘယ်သူက ဂရုစိုက်နေမှာလဲ။ လက်ရှိအကျပ်အတည်းကိုပဲ အရင် ဖြေရှင်းဖို့လိုတယ်။*

ယခုအချိန်အထိ တိတ်ဆိတ်နေသော ကျွမ်းလီက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "အဲဒါက ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ငါတို့အမြန်လှုပ်ရှားဖို့လိုတယ်။ တကယ်လို့ ဆုရှင်းသာထွက်ပြေးသွားရင် ငါတို့က သူရဲကောင်းသုံးဖော်အသင်းရဲ့ဒေါသကို တိုက်ရိုက် ရင်ဆိုင်ရလိမ့်မယ်။"

ကျွမ်းလီ၏သတိပေးချက်ကို ကြားသောအခါ ရှားဖေးယင်းနှင့် အခြားသူများ ဘာဖြစ်နေသနည်းဆိုသည်ကိုသဘောပေါက်သွားပြီး ဆုရှင်းကို ရှာရန် ယုံလဲ့ရပ်ကွက်သို့ သူတို့၏လူများကို ချက်ချင်း ဦးဆောင်သွားခဲ့ကြသည်။

ရှားဖေးယင်းနှင့် အခြားသူများ ယုံလဲ့ရပ်ကွက်သို့ အပြေးအလွှားရောက်လာသောအခါ ဆုရှင်းက ထွက်ပြေးမသွားဘဲခန်းမရှေ့တွင် သူတို့ကိုစောင့်နေဆဲဖြစ်ကြောင်းတွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကြ၏။

"ဂိုဏ်းချုပ်နဲ့ ခန်းမသခင်သုံးယောက်က ဒီကို ဘာကိစ္စများရှိလို့လဲ။ ကျွန်တော့်ညီအစ်ကိုတွေ ကြိုဆိုလို့ရအောင် ဘာလို့ကြိုသတိမပေးတာလဲ။" ဆုရှင်းက ပြုံးကာ ပြောလိုက်သည်။

တုန်းချန်ဝူ၏အမူအရာမှာ အေးစက်သွားပြီး ရှေ့သို့ တစ်လှမ်းတိုးကာအေးစက်စွာ ပြောလိုက်၏။ "ဆုရှင်း ဟန်ဆောင်မနေနဲ့တော့။ မင်းမန်ချုံးကို သတ်ပြီး ကြီးလေးတဲ့ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့တယ်။ အခု အညံ့ခံလိုက် ဒါဆို မင်းသက်သာရာရလိမ့်မယ်။"

ဆုရှင်းက အံ့အားသင့်သွားပုံဖြင့် မေးလိုက်သည်။ "ခန်းမသခင်တုန်း ခင်ဗျားပြောတာကို ကျွန်တော် သိပ်နားမလည်ဘူး။ မန်ချုံးကို သတ်တာက ဘယ်လိုလုပ်ကြီးလေးတဲ့ပြစ်မှုတစ်ခု ဖြစ်သွားရတာလဲ။"

"ကျွန်တော်က လင်းယုန်ပျံဂိုဏ်းရဲ့အဖွဲ့ဝင် တစ်ယောက်ဖြစ်ပြီး မန်ချုံးက တခြားဂိုဏ်းက အရေးကြီးတဲ့သူတစ်ယောက်လေ။ သူ့ကို သတ်လိုက်တာက လင်းယုန်ပျံဂိုဏ်းအတွက် အကျိုးဆောင်ပေးတာ ဖြစ်သင့်တယ်။ ဒါက ဘယ်လိုလုပ်ကြီးလေးတဲ့ပြစ်မှုတစ်ခုအဖြစ် သတ်မှတ်လို့ ရမှာလဲ။"

တုန်းချန်ဝူ စကားမပြောနိုင်ဖြစ်သွားခဲ့၏။

*ငါတို့က သူရဲကောင်းသုံးဖော်အသင်းကို မယှဉ်နိုင်လို့၊ သူတို့ကိုကြောက်လို့၊ သူတို့ရဲ့ခွင့်လွှတ်မှုကိုရဖို့ မင်းကိုဖမ်းတာလို့ သူဘယ်လိုလုပ်ပြောနိုင်မှာလဲ။*

ကြည့်နေသည့် ဂိုဏ်းဝင်များစွာလည်းရှိနေ၏။ အားလုံးသိနေသည့်ကိစ္စဖြစ်လျှင်ပင် ထိုအရာကို ပေါ်ပေါ်ထင်ထင်ပြော၍မရပေ။

ထိုသို့မဟုတ်လျှင် လင်းယုန်ပျံဂိုဏ်းဝင်များ ထိန်းချုပ်ဖို့ခက်သွားလိမ့်မည်။

"ဆင်ခြေပေးဖို့ ကြိုးစားနေတုန်းပဲလား။"

တုန်းချန်ဝူက အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး သူ၏နောက်ကျောမှ အကွင်းကိုးခုဓားကို ဆွဲထုတ်ကာ ဆုရှင်းထံသို့ တိုက်ရိုက်ခုတ်ချလိုက်၏။

ယခုအခါ ဆုရှင်းနှင် စကားများနေဖို့အချိန်မရှိပေ။ သူ့ကို ဦးစွာဖမ်းရပါမည်။

ဆုရှင်း မျက်စိမှေးလိုက်၏။ ပြီးခဲ့သည့် အကြိမ်က တုန်းချန်ဝူ သူ့ကိုတိုက်ခိုက်စဉ်က သူကူကယ်ရာမဲ့စွာရှောင်တိမ်းရုံသာ တတ်နိုင်ခဲ့ပြီးလုံးဝဖိနှိပ်ခံခဲ့ရသည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ သူ ရှောင်တိမ်းတော့မည်မဟုတ်ပေ။

ဓားသွယ်ကိုဆွဲထုတ်လိုက်ပြီး အကွင်းကိုးခုဓားကို တိုက်ရိုက်ကာကွယ်လိုက်ရာ တုန်းချန်ဝူ အံ့အားသင့်သွားစေသည်။ (ဆုရှင်းရဲ့ ဓားကြီးနဲ့ဓားသွယ် နှစ်ခုစလုံးက ဓားရှည်အမျိုးအစားထဲမှာ ပါပါတယ်။ ကြီးရှည်နဲ့သွယ်ရှည်ပါဗျ)

သူ၏ဓားမှာ စွမ်းအားကြီးပြီးလေးလံသော်လည်း ဆုရှင်းက ဓားသွယ်လေးတစ်လက်တည်းဖြင့် ကာကွယ်နိုင်ခဲ့၏။ ဤအရာက မည်သည့်အရာကိုဆိုလိုသနည်း။ ဆုရှင်း၏ခွန်အားက သူ့ထက် မနိမ့်ကျတော့ဟု ဆိုလိုနေခြင်းပင်။

ဟောက်ထျန်းအလယ်အလတ်အဆင့်။ သူက ဟောက်ထျန်းအလယ်အလတ်အဆင့်သို့ ရောက်ရှိနေလေပြီ။

တုန်းချန်ဝူ အံ့အားသင့်သွားခဲ့၏။ ဆုရှင်းက ရက်အနည်းငယ်ကမှ ဟောက်ထျန်းအစောပိုင်းအဆင့်တွင်ရှိနေခဲ့ပြီး သူ၏တိုက်ခိုက်မှုများကို ကူကယ်ရာမဲ့စွာရှောင်တိမ်းရုံသာတတ်နိုင်ခဲ့သည်။ သို့သော် ယခုတော့ သူနှင့် ယှဉ်ပြိုင်နိုင်သော ဟောက်ထျန်းအလယ်အလတ်အဆင့်သိုင်းပညာရှင် တစ်ဦး ဖြစ်နေသည်။

လက်ပြန်ယမ်းခုတ်ချက်တစ်ခုဖြင့် ပြန်တိုက်ခိုက်လိုက်သည့် တုန်းချန်ဝူ၏ဓားသိုင်းမှာ လေဆင်နှာမောင်းတစ်ခုကဲ့သို့ လျင်မြန်ပြီး တားဆီး၍မရနိုင်ပေ။

*ဟောက်ထျန်းအလယ်အလတ်အဆင့်ဆိုတော့ရော ဘာဖြစ်လဲ။ ငါက ဟောက်ထျန်းအလယ်အလတ်အဆင့်ကို ရောက်နေတာဆယ်နှစ်ကျော်ပြီ။*

သိုင်းပညာရှင်များကြားတိုက်ပွဲမှာ ကျင့်ကြံခြင်းအဆင့်က အရာအားလုံးကိုကိုယ်စားမပြုပေ။

ကိုယ်ပိုင်သိုင်းပညာစွမ်းရည်ရော တိုက်ခိုက်ရေး အတွေ့အကြုံပါအရေးကြီးပြီး ဆုရှင်းတွင်လည်း နှစ်ခုစလုံးရှိနေ၏။

တုန်းချန်ဝူ၏ဓားသိုင်းမှာ ပြင်းထန်သောမုန်တိုင်းတစ်ခုကဲ့သို့ အဆက်မပြတ်တိုက်ခတ်နေသည်။ ဤဓားသိုင်းမှာ အလွန်ကြမ်းတမ်းပြီး သူတိုက်ခိုက်လေလေပို၍သန်မာလာလေလေပင်။

သို့သော် ၎င်းတွင် အလွန်သိသာထင်ရှားသော အားနည်းချက်တစ်ခုလည်း ရှိနေပြန်သည်။ အနှောင့်အယှက်ခံရမည်ကို ကြောက်ရွံ့ခြင်းပင်။

ဆုရှင်းက တုန်းချန်ဝူ၏ထိုးစစ်ကြားတွင် တစ်လှမ်းချင်းနောက်ဆုတ်ခဲ့သော်လည်း တိုက်ခိုက်မှုဆယ်ကြိမ်ကျော်အကြာတွင် သူအားနည်းချက် အနည်းငယ်ကို တွေ့ရှိသွားခဲ့၏။

သွယ်လျသောဓားက ထိုးဝင်သွားပြီး ၎င်း၏အေးစက်သော သတ်ဖြတ်လိုစိတ်က တုန်းချန်ဝူ၏ရင်ဘတ်ကို ချက်ချင်းပစ်မှတ်ထားလိုက်သည်။

အကယ်၍သူသာ ထပ်မံတိုက်ခိုက်ပါက ဆုရှင်း၏ဓားက သူ၏ရင်ဘတ်ကို ဦးစွာဖောက်ထွင်းသွားမည်မှာ သေချာလေ၏။

တုန်းချန်ဝူ ဆုရှင်းနှင့် အမြန်နှုန်းယှဉ်ပြိုင်ရန် သူ၏အသက်ဖြင့် မစွန့်စားရဲပေ။ သူက ဓားချက်ကိုကာကွယ်ရန် လက်ပြန်ခုတ်ပိုင်းကာ အလျင်အမြန် နောက်ဆုတ်လိုက်၏။

ဆုရှင်းကလည်း ဘယ်ဘက်လက်ဖြင့် သူ၏ဓားကို အဆက်မပြတ်ထိုးစိုက်လိုက်ရာ တုန်းချန်ဝူ တစ်လှမ်းချင်းနောက်ဆုတ်သွားရတော့သည်။ သို့သော် ဆုရှင်းက ခြေနှစ်လှမ်းလှမ်းကာ တုန်းချန်ဝူ၏ရှေ့တွင် ရပ်လိုက်လိုက်ပြီး လက်သီးတစ်ချက် ပစ်လွှတ်လိုက်၏။

ထိုလက်သီးမှာ အမုန်းတရားလက်သီးဖြစ်ပြီး အဆုံးအစမဲ့အမုန်းတရားများဖြင့် ပြည့်နှက်နေသော အမုန်းတရားလက်သီးပင်။

တုန်းချန်ဝူက ဤကဲ့သို့ထူးဆန်းသော လက်သီးသိုင်းကို ယခင်က တစ်ခါမျှမမြင်ဖူးခဲ့ချေ။ ၎င်းက အမုန်းတရားကိုစွမ်းအားအဖြစ် ပြောင်းလဲပေးနေ၏။

နှလုံးသားထဲတွင် အမုန်းတရားရှိနေသရွေ့ ၎င်းကား အလွန်အမင်း အင်အားကြီးသော မုန်းတီးတရားလက်သီးဖြစ်လာပါလိမ့်မည်။

သူက သူဓားဖြင့် ရှေ့တွင်အလျင်အမြန်ကာထားလိုက်ရာ လေးလံသောဓားသွားမှာ ဒိုင်းကာတစ်ခု ကဲ့သို့ဖြစ်နေသော်လည်း ဆုရှင်း၏လက်သီးချက်ကြောင့် တုန်ခါသွားကာညည်းသံများထွက်ပေါ်လာလေသည်။

လက်သီးတစ်ချက်ပြီး တစ်ချက်။ တုန်းချန်ဝူ၏လက်များထုံကျင်သွားပြီး သူ၏မျက်နှာမှာ နီရဲလာကာ လက်သီးခုနစ်ချက်အကြာတွင် အကွင်းကိုးခုဓားမှာ သူ၏လက်ထဲမှ လွင့်ထွက်သွားတော့သည်။

ဆုရှင်း၏မျက်လုံးများတွင် စူးရှသော အလင်းတန်းတစ်ခုဖြတ်ပြေးသွားပြီး သူ၏ဘယ်ဘက်လက်ရှိဓားက တုန်းချန်ဝူ၏မျက်လုံးများအတွင်းတစ်ချက်တောက်ပသွားကာ ဓားမှာ သူ၏လည်ပင်းသို့ ရောက်ရှိနေပြီဖြစ်သည်။

စိတ်ပျက်အားငယ်စွာဖြင့် တုန်းချန်ဝူက ဓားသွားကို လက်ဖြင့် တင်းကျပ်စွာဆုပ်ကိုင်ထားရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့သလို ရှောင်တိမ်းလို့လည်း မရနိုင်တော့ချေ။

ဤကဲ့သို့နီးကပ်သောအကွာအဝေးတွင် ဆုရှင်း၏မြန်ဆန်သောဓားသိုင်းမှာ ဓား၏ဦးတည်ချက်ကိုပြောင်းလဲကာ ထိုးစိုက်ရန် လုံလောက်သဖြင့်ရှောင်တိမ်းခြင်းက အလဟဿ သာဖြစ်သည်။

သို့သော် တုန်းချန်ဝူက သံမဏိလက်ဝါးကို လေ့ကျင့်ထားသည့် လက်ဗလာဖြင့်ကျောက်တုံးခွဲနိုင်သော တတိယသခင်ကြီးဟူမဟုတ်ပေ။

မျက်စိတစ်မှိတ်အတွင်း သူ၏လက်များမှာ ဓားကြောင့်စုတ်ပြဲသွားပြီး သွေးများယိုကျလာသည်။ သို့သော်လည်း ၎င်းက ဆုရှင်း၏တိုက်ခိုက်မှုကို ယာယီသာ နှေးကွေးသွားစေခဲ့၏။

ထိုအချိန်မှာပင် အသွားနှစ်ဖက်ပါမြောင်ဓားတစ်လက်က ခုတ်ပိုင်းလာခဲ့ကာ ဆုရှင်း၏ဓားသွယ်ကို ပုတ်ထုတ်ပြီး တုန်းချန်ဝူကိုကယ်တင်လိုက်သည်။

(မြောင်ဓားက အသွားတစ်ဖက်ထဲပါတဲ့ အဖျားကော့ဓားရှည်တစ်မျိုးပါ၊ အသွားနှစ်ဖက်ပါမြောင်ဓားကိုတော့ ကျနော်လဲမသိလို့မူရင်းအတိုင်းထား ထားပါတယ်)

ကျွမ်းလီက တုန်းချန်ဝူ၏ဘေးတွင် မှိုင်းညို့နေသောအမူအရာဖြင့် ရပ်နေခဲ့၏။ သူ၏ရှည်လျားပြီး ကျဉ်းမြောင်းသော အသွားနှစ်ဖက်ပါမြောင်ဓားမှာ သူ၏ပုကာတုတ်ခိုင်သောခန္ဓာကိုယ်နှင့် လွန်စွာကိုက်ညီမှု မရှိသလိုပင်။

တုန်းချန်ဝူ၏မျက်နှာမှာ နီရဲသွားသော်လည်း ၎င်းမှာ အစောပိုင်းက ဆုရှင်း၏အမုန်းတရားလက်သီး စာမိသွားစဉ်က သူ၏သွေးများခေါင်းထဲသို့ရောက်သွားခြင်းကြောင့် မဟုတ်ဘဲ ယခုသူဒေါသထွက်နေခြင်းကြောင့်ဖြစ်၏။

လူမြင်ကွင်းတွင် လူငယ်လေးတစ်ယောက်ကို ရှုံးနိမ့်သွားခြင်းကြောင့် တုန်းချန်ဝူက သူ၏ဘဝတစ်သက်တာလုံး မျက်နှာပျက်ရပါတော့မည်။

"ဟက်...မင်းတို့လင်းယုန်ပျံဂိုဏ်းက တကယ်ကို အမှိုက်ပဲ။ ဂိုဏ်းခေါင်းဆောင် တစ်ယောက်က အာဏာရလာတာတစ်နှစ်တောင်မပြည့်သေးတဲ့ လူငယ်လေးတစ်ယောက်ကို ရှုံးသွားရတယ်လို့။ ဒီလိုအမှိုက်ဂိုဏ်းကို ဆက်ထားတာချန်နင်စီရင်စု အတွက်အရှက်ရစရာပဲ။"

သနားညှာတာမှုကင်းမဲ့သော လှောင်ပြောင်သည့် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ တုန်းချန်ဝူ လှည့်ကာစိုက်ကြည့်လိုက်သော်လည်း သူစကားတစ်ခွန်းမျှ ပြန်မပြောရဲခဲ့ပေ။

သူရဲကောင်းသုံးဖော်အသင်း၏အဖွဲ့ခေါင်းဆောင် သုံးဦးက လူရာနှင့်ချီအားခေါ်ဆောင်ကာရောက်ရှိလာကြသည်။ စကားပြောသူမှာ မြင့်မြတ်သော မိသားစုမှ သခင်လေးတစ်ဦးနှင့် တူသည့် နင်လော့ကျွင်းပင်။

ရှားဖေးယင်း၏အမူအရာမှာ အလွန်ဆိုးရွားသွားပါသည်။ သူရဲကောင်းသုံးဖော်အသင်း ခေါ်ဆောင်လာသော ရာနှင့်ချီသောလူများက သွေးကြောအမှတ်သုံးဆယ့်ခြောက်ခုကိုဖွင့်ထားသော ဟောက်ထျန်းအစောပိုင်းအဆင့်သိုင်းပညာရှင်များ ဖြစ်ကြ၏။

ဤလူများက သူရဲကောင်းသုံးဖော်အသင်း၏အမာခံ တိုက်ခိုက်ရေးအင်အားစုများဆိုလျှင်လည်း မမှားပေ။ ဆုရှင်းကိုဖမ်းရန် သူတို့သုံးဦးထဲမှ တစ်ဦးတည်းသာလိုအပ်သော်လည်း ယခု သူတို့၏အမာခံအင်အားစုများ အားလုံးကို ခေါ်ဆောင်လာခဲ့ကြ၏။

သူတို့ ဘာလုပ်ဖို့စီစဉ်နေသနည်း။ သူတို့၏လင်းယုန်ပျံဂိုဏ်းအား တစ်ခါတည်းအမြစ်ပြတ်ချေမှုန်းပစ်မည်လော။

လက်ရှိအချိန်မှာ အခြားဂိုဏ်းဝင်အများစုက ရောက်ရှိလာကြပြီဖြစ်သော်လည်း သူတို့ကအဝေးတွင် ပုန်းအောင်းနေကြပြီး သူတို့နှင့်မသက်ဆိုင်သည့်အလား စောင့်ကြည့်နေခဲ့ကြ၏။

မည်သို့ပင်ဆိုစေ ဤသည်မှာ သူရဲကောင်းသုံးဖော်အသင်းနှင့် လင်းယုန်ပျံဂိုဏ်းတို့ကြားရှိ ရန်ငြိုးဖြစ်ပါသည်။ လင်းယုန်ပျံဂိုဏ်း၏နယ်မြေများ သူရဲကောင်းသုံးဖော်အသင်း၏ လက်ထဲသို့ မကျရောက်သရွေ့ သူတို့လုံးဝဝင်စွက်ဖက်မည် မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် လင်းယုန်ပျံဂိုဏ်းက သူရဲကောင်းသုံးဖော်အသင်းကို တန်ဖိုးတစ်ခု ပေးဆပ်သွားစေရန် သူတို့၏ခွန်အားကို အသုံးပြုသည်ကိုပင် မြင်တွေ့ချင်နေကြ၏။

အဘယ်ကြောင့်ဆိုသော် ၎င်းက သူတို့အတွက်အကောင်းဆုံး အခြေအနေဖြစ်လာနိုင်သောကြောင့်ဖြစ်သည်။

All Chapters