← Chapters

အခန်း ၅၃

Vol. 6 Ch. 53

အခန်း ၅၃

Vol. 6 Ch. 53

အခန်း (၅၃) ဆုရှင်း၏ဝှက်ဖဲ

"ဆုရှင်း၊ မင်းကိုငါရွေးချယ်ခွင့် တစ်ခု ပေးမယ်။ မင်းရဲ့လက်အောက်ငယ်သားတွေအားလုံးကို မင်းကိုယ်တိုင်သတ်ပစ်ရင် မင်းအသက်ကို ငါချမ်းသာပေးပြီး မင်းရဲ့သိုင်းပညာတွေကိုပဲ ဖျက်ဆီးပစ်မယ်။ မင်း မလုပ်ရင် ငါတို့ သူရဲကောင်းသုံးဖော်အသင်းက လုပ်မယ်။ မင်းရော မင်းရဲ့ညီအစ်ကိုတွေပါ အကုန်လုံးသေရမယ်။"

မန်ချန်ဟယ်၏အသံမှာ အေးစက်နေပြီး သူ၏ပတ်ဝန်းကျင်ရှိ လူတိုင်းကို ကျောစိမ့်ကာကြက်သီးမွေးညင်းထသွားစေသည်။

*သူက ဆုရှင်းကိုသေတာထက်ပိုဆိုးတဲ့ ကံကြမ္မာကိုခံစားစေချင်တာပဲ။ သူ့ကို သေချင်စိတ် ပေါက်သွားအောင် လုပ်ချင်နေတာ။*

အကယ်၍ ဆုရှင်းက သူအသက်ရှင်ရန် သူ့ညီအစ်ကိုများ အားလုံးကိုသတ်ပစ်လိုက်ပါက သူသည် အပြစ်ရှိသောစိတ်ကိုခံစားရပြီး နောက်ပိုင်းတွင် ကိုယ်တိုင်သတ်သေချင်သည့်ဆန္ဒသာရှိလာပေလိမ့်မည်။

ထို့အပြင် မန်ချန်ဟယ်က သူ၏သိုင်းပညာများကိုပါ ဖျက်ဆီးပစ်ချင်နေခဲ့၏။

သိုင်းပညာမရှိသော သိုင်းသမားတစ်ယောက်ဆိုသည်မှာ တိမ်တိုက်ပေါ်မှဆွဲချခံရသော နတ်ဘုရားတစ်ပါးနှင့် တူသည်။ ဤခံစားချက်မှာ သေခြင်းထက်ပင် ခံစားရခက်၏။

ဆုရှင်း ရယ်မောလိုက်ပြီး။ "အဖွဲ့ခေါင်းဆောင်မန် အရမ်းကြီးယုံကြည်မှုလွန်မနေပါနဲ့။ ငါက အဲဒီနှစ်ခုစလုံးကိုမရွေးရင် မင်းဘာလုပ်နိုင်မှာလဲ။"

အခြားသူများ အားလုံးက ဆုရှင်းကို အရူးတစ်ယောက်ကဲ့သို့ ကြည့်လိုက်ကြ၏။ မန်ချန်ဟယ်က ယုံကြည်မှုလွန်ကဲနေခြင်းမဟုတ်ဘဲ သူ့တွင် ထိုအရာကိုပြုလုပ်နိုင်သည့် စွမ်းရည်ရှိပါသည်။

သူခေါ်လာသော သူရဲကောင်းသုံးဖော်အသင်း၏လက်ရွေးစင်အဖွဲ့သားများနှင့်ဆိုလျှင် ဆုရှင်း၏လူများကို ရှင်းလင်းပစ်ရန်မပြောနှင့် လင်းယုန်ပျံဂိုဏ်းကိုဖျက်ဆီးပစ်မည်ဆိုလျှင်ပင် ထမင်းစားရေးသောက်သကဲ့သို့ လွယ်ကူလိမ့်မည်။

နင်လော့ကျွင်းက ဘေးမှနေ၍ ရယ်မောလိုက်၏။ "ဂိုဏ်းချုပ်ရှား ဒီဆုရှင်းက ခင်ဗျားရဲ့လက်အောက်ငယ်သားပဲ။ ခင်ဗျားဘာပြောစရာရှိလဲ။"

ရှားဖေးယင်း၏ မျက်နှာမှာ ချက်ချင်းနီရဲသွားသည်။ နင်လော့ကျွင်းက သူ့ကိုမျက်နှာသာ လုံးဝ မပေ။

သူမည်သို့ပြန်ဖြေရမည်နည်း။ ဆုရှင်းကို သူ လက်လွှတ်ပြီး သူတို့လုပ်ချင်ရာလုပ်ဟု သူပြောသင့်သည်လော။

ကိုယ့်လူများကိုပင်မကာကွယ်နိုင်လျှင် လင်းယုန်ပျံဂိုဏ်းက ချန်နင်စီရင်စုတွင် မည်ကဲ့သို့ဆက်လက်ရပ်တည်တော့မည်နည်း။

ရှားဖေးယင်းနှင့် သူ၏အဖွဲ့က အစကတည်းက သူရဲကောင်းသုံးဖော်အသင်းထံ အညံ့ခံရန် ရည်ရွယ်ထားသော်လည်း ၎င်းမှာလျှို့ဝှက်စွာသာ ဖြစ်သည်။ ၎င်းတို့နှစ်ဖက်သာ ရှိနေစဉ်အညံ့ခံပါလိမ့်မည်။

ယခု လူတိုင်း၏စောင့်ကြည့်မှုအောက်တွင် သူက ခေါင်းငုံ့လိုက်ပါက အခြား ဂိုဏ်းများ၏အထင်အမြင်သေးခြင်းကို သေချာပေါက်ခံရမည်ဖြစ်ပြီး သူ၏ဂိုဏ်းသားအချို့ပင် စိတ်ပျက်ကာ လင်းယုန်ပျံဂိုဏ်းမှ ထွက်ခွာသွားကြပေလိမ့်မည်။

သို့သော် ယခုအချိန်မှာအခြေအနေက သူတို့ကို ဆန့်ကျင်နေ၏။ အကယ်၍ သူသာ ငြင်းဆိုရဲပါက သူရဲကောင်းသုံးဖော်အသင်းမှ ခေါ်လာသော ဟောက်ထျန်းအစောပိုင်းအဆင့် ရာနှင့်ချီသောလက်ရွေးစင်ရာများက သူ၏အတွက် အထူး ပြင်ဆင်ထားခြင်းဖြစ်သည်။

"ဆုရှင်းက ကြီးလေးတဲ့အမှားတစ်ခုကို ကျူးလွန်ခဲ့တယ်။ ဒီကိစ္စက ငါတို့လင်းယုန်ပျံဂိုဏ်းနဲ့ ဘာမှမဆိုင်ဘူး။ သူရဲကောင်းသုံးဖော်အသင်းက သူ့ကို အရေးယူချင်ရင်လည်းယူပါစေ။" ရှားဖေးယင်းက ဤစကားလုံးများကို အံကြိတ်ကာ အတင်း ညှစ်ထုတ်ပြောလိုက်ရ၏။

သူဤသို့ပြောလိုက်သည်နှင့် လက်ရှိနေရာတွင် ရှိနေသော အခြားဂိုဏ်းသားများက အထင်အမြင်သေးမှုများကိုပြသလိုက်ကြပြီး လင်းယုန်ပျံဂိုဏ်း၏အဖွဲ့သားများမှာလည်း သူတို့၏မျက်လုံးများတွင် စိတ်ပျက်မှုများထုတ်ဖော်လာကြသည်။

မန်ချန်ဟယ်က ဆိုးယုတ်သောအပြုံးတစ်ခု ပြုံးလိုက်၏။ "ဆုရှင်း လင်းယုန်ပျံဂိုဏ်းကမင်းကို စွန့်လွှတ်လိုက်ပြီ။ မင်း ဘာပြောစရာရှိသေးလဲ။ ငါပေးတဲ့အခွင့်အရေးကို မင်းမရွေးချယ်ခဲ့မှတော့ မင်းကို ငါ့သားနဲ့အတူ အဖော်ပြုပေးဖို့မြေအောက်ကမ္ဘာကိုလွှတ်ပေးလိုက်မယ်။"

တကယ်တမ်းတွင် မန်ချန်ဟယ်က ဆုရှင်းကို ဤအတိုင်းသတ်လိုက်ရန် လွန်စွာတွန့်ဆုတ်နေခဲ့၏။

သားဖြစ်သူကိုဆုံးရှုံးရခြင်းအတွက် သူ၏ဝမ်းနည်းကြေကွဲမှုကိုဖြေလျှော့စေရန် ဆုရှင်းကို မသေမီ အဆုံးအစမဲ့နှိပ်စက်ညှဉ်းပန်းမှုများ ခံစားစေချင်သည်။

ကံမကောင်းစွာဖြင့် ဆုရှင်းက ထောင်ချောက်ထဲသို့ မဝင်ခဲ့သဖြင့် ၎င်းကိုတိုက်ရိုက်သတ်ပစ်ရန်နှင့် ဆုရှင်းနှင့် အခြားသူများကို မန်ချုံးနှင့်အတူ သေမင်းဆီသို့ ပို့ဆောင်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။

"ဆုရှင်းကိုဖမ်းပြီးရင် သူ့ကိုချက်ချင်းသေခွင့်မပြုနဲ့ အပိုင်းပိုင်းအတစ်တစ်ခုတ်ထစ်ပစ်။" မန်ချန်ဟယ်၏အမူအရာမှာ ရက်စက်ပြီးရူးသွပ်နေသူကဲ့သို့ဖြစ်နေ၏။

နင်လော့ကျွင်း ခေါင်းညိတ်လိုက်ပြီး သူ၏လက်ထဲတွင် ဝိညာဉ်ခွဲချိတ်ကိုကိုင်ကာ ဆုရှင်းထံသို့ လျှောက်သွားလိုက်သည်။

ဆုရှင်းကဟောက်ထျန်းအလယ်အလတ်အဆင့် သိုင်းပညာရှင်တစ်ယောက်သာရှိသေးသဖြင့် သူအလေးအနက်မထားခဲ့ပေ။

"ဆုရှင်း တကယ်တော့ ငါမင်းကိုတော်တော်လေး လေးစားပါတယ်။ ဒါပေမဲ့ မင်းကအရမ်းငယ်ပြီး စိတ်မြန်လွန်းနေတာနှမြောစရာပဲ။ ဒီလောကမှာ ပါရမီရှင်တွေမရှားပါဘူး။ ဒါပေမဲ့ခရီးတစ်ဝက်မှာတင် သေဆုံးသွားတဲ့ပါရမီရှင်တွေက ပိုတောင် များသေးတယ်။"

နင်လော့ကျွင်းခေါင်းယမ်းလိုက်ပြီး နှမြောနေပုံပေါ်နေ၏။ သူ၏မျက်နှာတွင် သတ်ဖြတ်လိုစိတ်မရှိသော်လည်း ကျောရိုးတစ်လျှောက်ကြက်သီးမွေးညင်းထသွားစေသောအေးစိမ့်သော ငွေ့အသက်ရှိနေသည်။

လီဟွိုင်က ဆုရှင်း၏ဘေးတွင် တည်ငြိမ်စွာ ရပ်နေခဲ့၏။ မည်သို့ပင်ဖြစ်စေ သူတို့သေရမည့်အတူတူ အဘယ်ကြောင့် အသေခံမတိုက်ခိုက်ရမည်နည်း။

ဟွမ်ပင်းချန်က သိုင်းပညာမကျွမ်းကျင်သော်လည်း သူအံကြိတ်ကာ နင်လော့ကျွင်း၏အရှိန်အဝါကို ခုခံရင်း ဆုရှင်း၏ဘေးတွင် ရပ်နေခဲ့သည်။

"ကျွတ် ကျွတ်... မင်းတို့သုံးယောက်အတူတူမတ်တပ်ရပ်နေတာလား တကယ်ကိုသစ္စာရှိကြတာပဲ။ ဒါပေမဲ့နောက်ဆုံးမှာတော့ မင်းတို့သေရမှာပဲ။"

နင်လော့ကျွင်း၏ပုံရိပ်က အဖြူရောင်အရိပ်တစ်ခုအဖြစ်ပြောင်းလဲသွားပြီး သူတို့သုံးဦး၏ရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည်။

လီဟွိုင်၏မျက်လုံးများ ချက်ချင်းပြူးကျယ်သွားသည်။ သူ၏မိစ္ဆာနှိမ်နှင်းရေးဓားသိုင်းကလည်း အလွန်မြန်ဆန်သော်လည်း နင်လော့ကျွင်း၏ရှေ့တွင်တော့ သူဓားဆွဲထုတ်ရန် အခွင့်အရေးပင်မရခဲ့ပေ။

ဝိညာဉ်ခွဲချိတ်က ရှေ့သို့ ဆန့်ထွက်လာသည်။

ဤထူးဆန်းပြီးပုံမှန်မဟုတ်သော လက်နက်က လူတစ်ယောက်၏လည်ပင်းကို အလွယ်တကူကပ်သွယ်ကာဆွဲဖြဲနိုင်သည်။

သို့သော် ထိုအချိန်မှာပင် ထက်ရှသောဓားသွားတစ်ခုဖြတ်ပြေးသွားခဲ့ပြီး ကျယ်လောင်သော ချွင်ဟူသော အသံနှင့်အတူ နင်လော့ကျွင်းမှာ ခြေလှမ်း ဆယ်လှမ်းကျော်လွင့်ထွက်သွားပြီးနောက် ရပ်တန့်သွားခဲ့၏။

သူ၏လက်ထဲရှိ ဝိညာဉ်ခွဲချိတ်လွင့်ထွက်သွားပြီး သာမန်ဆန်သောခါးချိတ်ဓားတစ်လက်သာ မြေပြင်တွင် စိုက်နေခဲ့၏။

*ဘယ်သူလဲ...ဘယ်သူများလဲ။*

တုန်ယင်နေသောလက်များဖြင့် နင်လော့ကျွင်းက အရှေ့သို့မယုံကြည်နိုင်စွာစိုက်ကြည့်နေခဲ့သည်။

ချန်နင်စီရင်စုတွင် တိုက်ခိုက်မှုတစ်ချက်တည်းနှင့် သူ့ကိုလက်နက်ပြုတ်ကျသွားအောင် လုပ်နိုင်သည့်သူ တကယ်ရှိနေသည်လော။ ခုနက ပြင်းထန်သည့်စွမ်းအားက သူ့ကိုလုံးဝမခုခံနိုင်စေနိုင်ဟုခံစားခဲ့ရစေ၏။

"ဟိုး.. ဒီမှာတော်တော်စည်ကားနေတာပဲ။ ဂိုဏ်းသုံးဂိုဏ်းနဲ့အဖွဲ့လေးဖွဲ့ မင်းတို့တွေအားလုံးက ဂိုဏ်းကိစ္စတွေကို မကိုင်တွယ်နေဘဲ။ ပွဲလာကြည့်နေကြတာလား။"

လူအုပ်ထဲမှ အရှေ့ဘက် ရပ်ကွက်ဆယ့်နှစ်ခု၏ ရဲမက်ခေါင်းဆောင်ထျဲဝူချင်က သူ၏လက်ထဲရှိ သံဘောလုံးနှစ်လုံးကို ကစားရင်းလျှောက်လာခဲ့သည်။

လီဟွိုင်နှင့် ဟွမ်ပင်းချန်တို့က ဆုရှင်းကို အံ့အားသင့်စွာ ကြည့်လိုက်ကြ၏။ သူတို့၏ခေါင်းဆောင်က စစ်ကူခေါ်ထားပြီးနေလေ၏။ သူတို့ အလကားစိုးရိမ်နေခဲ့ခြင်းပင်။

အထူးသဖြင့် ဟွမ်ပင်းချန်က ဆုရှင်းကို မကျေနပ်သော အကြည့်ဖြင့်ကြည့်လိုက်၏။

* စစ်ကူရှိတယ်ဆိုရင် ခေါင်းဆောင်က စောစောစီးစီးပြောသင့်တာပေါ့။ နင်လော့ကျွင်းရဲ့ ခုနကလုပ်ရပ်တွေက သူ့ကိုသေမလောက်အောင် ကြောက်လန့်သွားစေခဲ့တာ။*

ဆုရှင်းက ချောင်းဟန့်ကာတီးတိုး ပြောလိုက်၏။ "မင်းသရုပ်ဆောင်တဲ့အခါ သဘာဝကျအောင်အတတ်နိုင်ဆုံးလုပ်ရမယ်လေ။ အဲဒီလိုမှ မဟုတ်ရင် စိတ်ဓာတ်ပျော့ညံ့တဲ့ကောင်တွေကို ဘယ်လိုလုပ် သူတို့ဘာသာထွက်သွားအောင်လုပ်နိုင်မှာလဲ။"

မန်ချုံးကိုသတ်ပြီးနောက် ဆုရှင်းက ဤအခြေအနေကိုမျှော်လင့်ထားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် လမ်းပေါ်တွင်ကင်းလှည့်နေသော ရဲမက်များအား လျှို့ဝှက်စွာရှာဖွေကာ ထျဲဝူချင်ထံ သတင်းစကားပါးခိုင်းခဲ့၏။

သူက ထျဲဝူချင်ကို အရေးကြီးသောကိစ္စအချို့တွင် ကူညီပေးခဲ့ပြီးဖြစ်ရာ ယခုထျဲဝူချင်က ကျေးဇူးဆပ်ရမည့် အချိန်ရောက်လာပြီဖြစ်သည်။

လက်ရှိအချိန်မှာတော့ မန်ချန်ဟယ်နှင့် အခြားသူများက လှုပ်ရှားခဲ့သူမှာ ထျဲဝူချင်ဖြစ်နေသည်ကို မြင်သောအခါအံ့အားသင့်ကာ ဒေါသထွက်သွားကြ၏။ သို့သော် သူတို့က ဇဝေဇဝါလည်းဖြစ်နေကြပါသည်။

*ဆုရှင်းက ထျဲဝူချင်နဲ့ ဘယ်လိုလုပ် ပတ်သက်နေတာလဲ။*

ထျဲဝူချင်က အင်ပါယာနန်းတော်ကို ကိုယ်စားပြုပါသည်။ ဂိုဏ်းတစ်ခု မည်မျှပင်အင်အားကြီးမားစေကာမူ တာ့ကျိုးမင်းဆက်ကို ထိပ်တိုက် မရင်ဆိုင်နိုင်ပေ။

၎င်းမှာ ပုန်ကန်မှုနှင့် မကွာခြားရာ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းသာဖြစ်လိမ့်မည်။

ထို့ကြောင့် မန်ချန်ဟယ်က သူ၏ဒေါသကို မြိုသိပ်ပြီးပြောလိုက်ရ၏။ "သခင်ကြီးထျဲ ဆုရှင်းက ကျုပ်ရဲ့တစ်ဦးတည်းသော သားကိုသတ်လိုက်တယ်။ ဒါကြောင့် ကျုပ်လက်စားချေတာ မမှားပါဘူး။ ခင်ဗျားက ဘာလို့ ကျုပ်ကိုတားနေတာလဲ။"

ထျဲဝူချင်က ပျင်းရိစွာပြောလိုက်၏။ "မန်ချန်ဟယ် မင်းပြောတာ မှားနေတယ်။ မင်း အသက် ဘယ်လောက်ရှိပြီလဲ ဆုရှင်းရော အသက် ဘယ်လောက်ရှိပြီလဲ။ မင်းရဲ့သားက စွမ်းရည်နိမ့်ကျလို့ အသတ်ခံလိုက်ရတာ။ ဒါကြောင့် သူ့ကို ကောင်းကောင်းမသင်ပေးခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်လို့ရမယ်။ အခု မင်းက ဆုရှင်းကို အရေးယူနေတာက အားနည်းသူကိုအနိုင်ကျင့်နေတာပဲ။"

ထျဲဝူချင်၏စကားများကြောင့် မန်ချန်ဟယ် သွေးအန်လုမတတ်ဖြစ်သွားခဲ့၏။ "သားတစ်ယောက်အသတ်ခံလိုက်ရတဲ့ အမုန်းတရားက ပြေလည်နိုင်စရာအကြောင်းမရှိဘူး။ အားနည်းသူကိုအနိုင်ကျင့်တာဖြစ်နေရင်တောင် ကျုပ်ဆုရှင်းကို သတ်ရမယ်။"

ထျဲဝူချင် ခေါင်းယမ်းလိုက်၏။ "အဲဒါတော့ မရဘူး။ ငါဆုရှင်းကို ကျေးဇူးဆပ်စရာရှိတယ်။ ဒါကြောင့် သူ့ကိုငါကာကွယ်ရမယ်။ ဒီနေ့မင်းတို့ထဲက ဘယ်သူမှ ဆုရှင်းကိုသတ်လို့မရဘူး။"

"သခင်ကြီးထျဲ ဒါက ကျွန်တော်တို့ဂိုဏ်းတွေကြားကပဋိပက္ခပဲ။ ခင်ဗျားဝင်စွက်ဖက်တာက စည်းမျဉ်းတွေနဲ့ ဆန့်ကျင်နေတယ်မဟုတ်ဘူးလား။ ခင်ဗျားရဲ့ အရှေ့ဘက်ရပ်ကွက်ဆယ့်နှစ်ခုရဲ့ ရဲမက်ခေါင်းဆောင်ကြီးဆိုတဲ့ ဂုဏ်သတင်းဘယ်လောက်ပဲကြီးမားပါစေ၊ ဒီချန်နင်စီရင်စုကို ခင်ဗျားလက်နဲ့ တစ်ယောက်တည်းထိန်းချုပ်လို့မရဘူး။" မန်ချန်ဟယ်၏ဘေးရှိ အသက်သုံးဆယ်အရွယ် အမျိုးသားတစ်ဦးက တင်းမာစွာပြောလိုက်၏။

ချန်နင်စီရင်စုတွင် အလွန်အကျူးမဖြစ်သရွေ့ ဂိုဏ်းများကြားပဋိပက္ခများကို အစိုးရက အမြဲတစေ မျက်နှာလွဲထားလေ့ရှိသည်။

ထျဲဝူချင်က လွန်စွာထောင်လွှားလွန်းနေရာ မန်ချန်ဟယ်ကို မျက်နှာနီရဲသည်အထိဒေါသထွက်စေခဲ့ပြီး သူရဲကောင်းသုံးဦး အဖွဲ့၏တပည့်များမှာလည်း မကျေမနပ်ဖြစ်လာကြ၏။

"ငါက စည်းမျဉ်းတွေကိုမလိုက်နာဘူးပေါ့။ ဟက်...ဒီမိတ်ဆွေလေးက ဘယ်သူများလဲလို့ မေးလို့ ရမလား။" ထျဲဝူချင်၏မှေးမှိန်သော အပြုံးမှာ ဖြည်းညှင်းစွာ ကျယ်ပြန့်လာပါသည်။

မန်ချန်ဟယ်က ပြောလိုက်၏။ "သူက ကျုပ်ရဲ့တပည့် လင်းဖုန်းပါ။ ရဲမက်ခေါင်းဆောင်ကြီးက ကျုပ်ကိုဘာအကြံဉာဏ်များပေးချင်လို့လဲ။"

"ဟဲဟဲ... ငါအကြံမပေးရဲပါဘူး။ မင်းရဲ့တပည့်ကို သတိပေးချင်ရုံပါ။ မင်း အရက်ကိုတော့ကုန်အောင်စားလို့ရပေမဲ့ အမြှည်းကိုတော့ ကုန်အောင်မစားရဘူးကွ။"

ထျဲဝူချင်၏သံဘောလုံးမှာ လျင်မြန်စွာလွင့်ထွက်လာပြီး လင်းဖုန်းထံသို့တည့်တည့်ဝင်သွားခဲ့၏။ ၎င်းမှာ အလွန်မြန်ဆန်လွန်းသဖြင့် ဝေဝါးနေသော အရိပ်တစ်ခုကိုသာ မြင်နိုင်တော့သည်။

မန်ချန်ဟယ်က မည်သည့်လက်နက်မျှမကိုင်ဆောင်ထားသလို သူကလက်နက်များကိုလည်း မကျွမ်းကျင်ပေ။ သူ၏အစစ်အမှန်သတ်ဖြတ်ကွက်မှာ တာ့ရွှိုက်ပိုင်လက်ဝါးဖြစ်သည်။ ရှောင်လင်၏အံ့ဖွယ်ခုနစ်ဆယ့်နှစ်ခုထဲမှ တာရွှိုက်ပိုင် လက်ဝါးပင်။

နေနှင့်လတို့ကို ပွေ့ဖက်ထားသည့်အလား လက်ကို ယှက်ထားသည့် မန်ချန်ဟယ်က သံဘောလုံးကို ပုတ်ထုတ်ရန်လက်ဝါးနှစ်ဖက်ဖြင့် ရိုက်ထုတ်လိုက်သည်။

သို့သော်ထိတ်လန့်ဖွယ်ရာကောင်းသည်မှာ ထိုသံဘောလုံးပေါ်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားတစ်ခု တွယ်ကပ်နေပြီး သူ၏တာရွှိုက်ပိုင်လက်ဝါး၏ ရိုက်ချက်ကို တိုက်ရိုက်လမ်းကြောင်းလွဲသွားစေခဲ့၏။

သံဘောလုံးက လင်ဖုန်း၏ပါးစပ်ကို ချက်ချင်းဝင်ဆောင့်လိုက်ပြီး သူ၏သွားများအားလုံးကို မျက်စိတစ်မှိတ်အတွင်းကြေမွသွားစေကာ သူ့ကိုနာကျင်စွာအော်ဟစ်သွားစေခဲ့သည်။

မန်ချန်ဟယ် ချွေးအေးများပြန်လာလေပြီ။

သူအားကြောက်ရွံ့သည်မှာ သံဘောလုံးပေါ်ရှိ စွမ်းအားအရင်းအမြစ်မဟုတ်ဘဲ ထိုစွမ်းအားအပေါ် ထျဲဝူချင်၏သာလွန်သော ထိန်းချုပ်မှုပင်။

ထိုသံဘောလုံးက သူ့တာရွှိုက်ပိုင်လက်ဝါးကို တကယ်လမ်းကြောင်းလွဲသွားစေရန် လုပ်နိုင်ခဲ့၏။ အကယ်၍ ဤကဲ့သို့စွမ်းအားမျိုးသာ ဟောက်ထျန်းအစောပိုင်းအဆင့်ရှိသော လင်းဖုန်းကိုသာ ထိမှန်သွားခဲ့လျှင် တစ်ချက်တည်းဖြင့် သူ၏ဦးနှောက်များပြန့်ကျဲသွားစေနိုင်သည်။

သို့သော် နောက်ဆုံးတွင် သံဘောလုံးက သူ့သွားများကိုသာ ကြေမွသွားစေခဲ့သည်။ ဤကြောက်မက်ဖွယ်ကောင်းသည့် ထိန်းချုပ်မှုက သူ၏တာရွှိုက်ပိုင်လက်ဝါးကို လမ်းကြောင်းလွဲလိုက်နိုင်သည်ထက် ပိုကြောက်မက်ဖွယ်ကောင်းနေသည်။

ထျဲဝူချင်က သူ၏လက်ထဲရှိ အခြားသံဘောလုံးကို ပစ်ချလိုက်ရာ သူ၏မျက်နှာပေါ်ရှိ အပြုံးမှာ ပျောက်ကွယ်သွားပြီး အေးစက်သောရက်စက်မှုများဖြင့် အစားထိုးသွားတော့သည်။

"စည်းမျဉ်းဆိုတာ ဘာလဲ။ ငါ့စကားက စည်းမျဉ်းပဲ ကောင်းကင်အောက်မှာ မြေပြင်အပေါ် အရာအားလုံးကို ဘုရင်ပိုင်တယ်။ ကမ္ဘာမြေရဲ့အပေါ်မှာရှိတဲ့ လူတိုင်းက ဘုရင်ရဲ့လက်အောက်ခံတွေပဲ။ ဒီကမ္ဘာမြေတစ်ခုလုံးကို အင်ပါယာနန်းတော်ပိုင်တယ်။"

"ချန်နင်စီရင်စု အရှေ့ဘက်ရပ်ကွက်ဆယ့်နှစ်ခုမှာ ငါထျဲဝူချင်က အင်ပါယာနန်းတော်ကို ကိုယ်စားပြုတယ်။ ငါက မင်းတို့ကိုသေစေချင်ရင်။ ဘယ်သူက မင်းတို့ကိုအသက်ရှင်ခွင့်ပေးရဲလဲ။ ငါက ဆုရှင်းကို ကာကွယ်ချင်ရင် ဘယ်သူကသူ့ကိုသတ်ရဲလဲ။"

ထိုစကားများအပြီးတွင် သူရဲကောင်းသုံးဖော်အသင်း၏အဖွဲ့ဝင်များ အသံတစ်သံမျှမထွက်ရဲကြတော့ပေ။ ဟွမ်ပင်းချန်က သူ့ကိုယ်သူတီးတိုးပြောလိုက်၏။ "ကျွတ်....ကျွတ်... တကယ်ကိုကြီးစိုးလွန်းတာပဲ။"

ဆုရှင်း ခေါင်းညိတ်လိုက်ပြီး သူ၏မျက်လုံးများတွင် ထူးဆန်းသောအရိပ်အယောင်ထွက်တစ်ခု ပေါ်လာခဲ့၏။

သူက သူရဲကောင်းသုံးဖော်အသင်းကို ဖိနှိပ်ရန် အင်ပါယာနန်းတော်ရှိ သူ၏ရာထူးကို အသုံးပြုစေရန် ရည်ရွယ်ကာ ထျဲဝူချင်ကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ထျဲဝူချင် ဤမျှထိစွမ်းအားကြီးမားလိမ့်မည်ဟု သူတစ်ခါမှမမျှော်လင့်ထားခဲ့ပေ။ သူ မျှော်လင့်ထားသည်ထက်များစွာ သာလွန်နေခဲ့၏။

အကယ်၍ ချန်နင်စီရင်စုရှိ အခြားရဲမက်ခေါင်းဆောင်ကြီးသုံးဦးကလည်း ထျဲဝူချင်ကဲ့သို့ တူညီသောခွန်အားများကို ပိုင်ဆိုင်ထားပါက ၎င်းမှာတကယ်ကို ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။

ဂိုဏ်းသုံးဂိုဏ်းနှင့် အဖွဲ့လေးဖွဲ့က ချန်နင်စီရင်စုကို အပေါ်ယံအားဖြင့် ထိန်းချုပ်ထားသော်လည်း တကယ်တမ်းတွင် ရဲမက်ခေါင်းဆောင်ကြီး လေးဦးသာအတူတကွလှုပ်ရှားပါက ဂိုဏ်းသုံးဂိုဏ်းနှင့် အဖွဲ့လေးဖွဲ့ တစ်ညတည်းဖြင့်ဖျက်ဆီးခံရနိုင်သည်။

မန်ချန်ဟယ်၊ နင်လော့ကျွင်းနှင့် ဒွမ့်ရှောင်တို့ အချင်းချင်းအကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့၏မျက်လုံးများအားလုံးထဲတွင် ကြောက်ရွံ့မှုများပေါ်လွင်နေသည်။

ထျဲဝူချင် လှုပ်ရှားသည်ကိုမြင်သောအခါ သူတို့ကို တစ်ခုခုသတိရသွားစေသည်။

သူတို့က ချန်နင်စီရင်စုရှိ အခြား ရဲမက်ခေါင်းဆောင်ကြီး သုံးဦးကိုသိကြ၏။ ထိုသုံးဦးစလုံးမှာ ချန်နင်စီရင်စုမှဒေသခံများဖြစ်ကြသည်။

သူတို့သန်မာသော်လည်း သူတို့နှင့် အတူပင်ဖြစ်ကာ ဟောက်ထျန်းအထွတ်အထိပ်ခွန်အားကိုသာ ပိုင်ဆိုင်ထား၏။

သို့သော် ဤအရှေ့ဘက် ရပ်ကွက်ဆယ့်နှစ်ခု၏ ရဲမက်ခေါင်းဆောင်ကြီး ထျဲဝူချင်တစ်ဦးတည်းသာ အထက်မှ လေထီးဖြင့် ခုန်ဆင်းလာခြင်း ဖြစ်သည်။

ထျဲဝူချင်က တံခါးခြောက်ပေါက်မှ ရောက်လာသည်ဟု ကောလာဟလများရှိနေ၏။

တံခါးခြောက်ပေါက်ဆိုသည်မှာ သိုင်းလောကရှိ လူတိုင်းသိကြသည့် အရာတစ်ခုပင်။

ဤသည်မှာ သိုင်းဂိုဏ်းများကိုတန်ပြန်ရန် အင်ပါယာနန်းတော်က အထူးတည်ထောင်ထားသော ဌာနတစ်ခု ဖြစ်သည်။

၎င်းက သိုင်းလောကရှိနေရာများစွာကို စောင့်ကြည့်ပြီး အမိန့်မနာခံသူ မည်သူ့ကိုမဆိုသတ်ဖြတ်ကာ သူတို့၏မိသားစု တစ်ခုလုံးကိုရှင်းလင်းပစ်လေ့ရှိသည်။ ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်သောအင်အားစုတစ်ခုပင်။

ထျဲဝူချင်က အမှန်တကယ် တံခါးခြောက်ပေါက် မှ လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သူ၏လက်ရှိ ခွန်အားမှာ သူရဲကောင်းသုံးဖော်အသင်း၏လက်လှမ်းမမီသော နေရာတွင်ရှိနေလေပြီ။

သူက ရှန်းထျန်းသိုင်းပညာရှင်တစ်ဦးဖြစ်နေသည်မှာ အဖြစ်နိုင်ချေအများဆုံးပင်။

All Chapters