အခန်း ၅၄
Vol. 6 Ch. 54
အခန်း (၅၄) အသေအကြေတိုက်ပွဲ
ထျဲဝူချင်က တားဆီးခဲ့သော်လည်း မန်ချန်ဟယ်က ဆုရှင်းကို လွှတ်ပေးရန်ဆန္ဒမရှိသေးပေ။
သားတစ်ယောက်အသတ်ခံလိုက်ရသည့် အမုန်းတရားက ပြေလည်နိုင်စရာမရှိပေ။ မန်ချန်ဟယ်တွင် သားတစ်ယောက်တည်းသာရှိပြီး သူ၏လက်ရှိ အသက်အရွယ်အရ ဒုတိယမြောက်သားတစ်ယောက် ထပ်မရနိုင်တော့ချေ။
"ရဲမက်ခေါင်းဆောင်ကြီးထျဲ ကျုပ်က အားနည်းသူကိုအနိုင်ကျင့်နေတာလို့ခုနက ပြောခဲ့တယ်မဟုတ်လား။ ကောင်းပြီ ကျုပ်မတိုက်ခိုက်ဘူး။ ကျုပ်ရဲ့တပည့်ကို စင်မြင့်ပေါ်မှာ ဆုရှင်းနဲ့အသေအကြေ တိုက်ခိုက်ခိုင်းမယ်။ သူလုပ်ရဲမလား။"
ထျဲဝူချင်က ဆုရှင်းကိုလှည့်ကြည့်လိုက်၏။
ဆုရှင်းက အနည်းငယ်မျှ တုံ့ဆိုင်းနေခြင်း မရှိဘဲ ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ကောင်းပြီ။ ဒီသေခြင်းရှင်ခြင်းတိုက်ပွဲကို ကျွန်တော်လက်ခံတယ်။"
မန်ချန်ဟယ်က အေးစက်စွာကြေညာလိုက်၏။ "နောက်သုံးရက်ကြာရင် ငါချန်သယ်ရပ်ကွက်မှာ စင်မြင့်တစ်ခုဆောက်မယ်။ အဲဒါက သေခြင်းရှင်ခြင်းတိုက်ပွဲပဲ။"
ထိုသို့ပြောပြီးနောက် မန်ချန်ဟယ်က လှည့်ကာ သူ၏လူများနှင့်အတူ ထွက်သွားတော့သည်။
သွေးထွက်သံယိုအဖြစ်ဆိုးတစ်ခု ဖြစ်လာရမည့် အရာက ရုတ်တရက်ပြီးဆုံးသွားခဲ့သော်လည်း အခြားဂိုဏ်းများက လက်ဗလာဖြင့်မပြန်သွားခဲ့ကြပေ။
အနည်းဆုံးတော့ သူတို့ သိသွားခဲ့လေပြီ။ အရှေ့ဘက်ရပ်ကွက်ဆယ့်နှစ်ခု၏ ရဲမက်ခေါင်းဆောင်ကြီး ထျဲဝူချင်က သူတို့လုံးဝရန်စ၍ရသောသူမဟုတ်ပေ။
ရှားဖေးယင်းကလည်း မထွက်သွားမီတစ်ခုခုပြောချင်ခဲ့သော်လည်း ထျဲဝူချင်ရှိနေသည်ကို မြင်သောအခါ သူလှည့်မထွက်သွားမီ ဆုရှင်းကိုသာ နာကြည်းစွာစိုက်ကြည့်ရုံသာ တတ်နိုင်တော့သည်။
ဆုရှင်းက ထျဲဝူချင်ကိုကျေးဇူးတင်ကြောင်း လက်ယှက်ကာ ပြောလိုက်သည်။ "သခင်ကြီးထျဲရဲ့ ဒီနေ့အကူအညီအတွက် အရမ်းပဲကျေးဇူးတင်မိပါတယ်။"
ထျဲဝူချင်၏မှေးမှိန်သောအပြုံးမှာ သူ့မျက်နှာပေါ်သို့ ပြန်လည်ရောက်ရှိလာပြီး လက်ဝှေ့ယမ်းကာ ပြောလိုက်၏။ "မင်းက ငါ့ကိုအကြိမ်ကြိမ်ကူညီခဲ့ဖူးတော့ ငါလည်းတစ်ကြိမ်လောက်တော့ ကျေးဇူးဆပ်သင့်တာပေါ့။ ဒါနဲ့ တကယ်လို့ မင်းငါ့ကိုတကယ်ကျေးဇူးတင်ချင်ရင် ငါ့အတွက် သံဘောလုံးနောက်နှစ်လုံးလုပ်ပေးပါ။ အဲဒီအရူးရဲ့သွေးတွေ စွန်းထင်းနေတဲ့အလုံးကို ငါ မလိုချင်တော့ဘူး။"
"သံဘောလုံး မပြောနဲ့။ ရွှေဆိုရင်တောင် ပြဿနာ မရှိပါဘူး" ဆုရှင်းက ရယ်မောလိုက်သည်။
"မဟုတ်ဘူး ငါကသံနဲ့လုပ်ထားတဲ့ အရာကိုပဲ လိုချင်တာ။ ရွှေနဲ့လုပ်ထားတဲ့အရာဆိုရင် လူကိုပစ်ပေါက်ဖို့ နှမြောစရာကောင်းတယ်။"
နောက်ပြောင်ပြီးနောက် ထျဲဝူချင်က ထွက်သွားသောရှားဖေးယင်းကို ကြည့်ကာ ရယ်မောလိုက်၏။ "ဒီတစ်ခါတော့ မင်းရဲ့ခေါင်းဆောင်ကို တကယ် ဒုက္ခပေးလိုက်တာပဲ။ အဲဒီခွေးအိုကြီး ရှားဖေးယင်းက မင်းကိုအရှင်လတ်လတ်မျိုချချင်နေလောက်ပြီ။"
ဆုရှင်းက တည်ငြိမ်စွာပြောလိုက်သည်။ "ဒါက သူတို့ရဲ့ကိုယ်ပိုင် ရွေးချယ်မှုပါပဲ။ ကျွန်တော်နဲ့ ဘာမှ မဆိုင်ဘူး။ သူရဲကောင်းသုံးဖော်အသင်းရဲ့ ဒေါသပြေပျောက်စေဖို့ ကျွန်တော့်ကို ထိုးပေးမဲ့အစား ကျွန်တော့်ကိုထောက်ခံဖို့ သူတို့ရွေးချယ်ခဲ့မယ်ဆိုရင် အခုလောက်ဆိုလူထုထောက်ခံမှု အများကြီး ရနေလောက်ပြီ။"
ဆုရှင်းက ထျဲဝူချင်ထံမှ အကူအညီတောင်းခဲ့ကြောင်း သူ၏လက်အောက်ငယ်သားများကိုပင် မပြောခဲ့ရာ ရှားဖေးယင်းနှင့် အခြားသူများကိုလည်းပြောမည် မဟုတ်ပေ။
သူတို့၏ကိုယ်ပိုင် ရွေးချယ်မှုများက မည်သည့်အရာဖြစ်မည်ကိုသိရန် သူ ဤသို့လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။
ဆုရှင်း၏လက်အောက်ငယ်သားအချို့မှာ ထွက်သွားရန်ရွေးချယ်ခဲ့ကြပြီး ယခုလိုဖြစ်သွားပြီဆိုမှတော့ ဆုရှင်းက သူတို့ကိုဘယ်တော့မှပြန်လက်ခံတော့မည် မဟုတ်ပေ။ ကျန်ခဲ့ရန် ရွေးချယ်သူများမှာ ဆုရှင်း၏အမာခံအဖွဲ့ သားဖြစ်လာပေလိမ့်မည်။
အလားတူပင် ရှားဖေးယင်းက ဆုရှင်းကိုထောက်ခံရန်ရွေးချယ်ခဲ့ပါက သူ လင်းယုန်ပျံဂိုဏ်း၏ထောက်ခံမှုကို သေချာပေါက်ရရှိပါလိမ့်မည်။
သို့သော် ဆုရှင်းကိုစွန့်လွှတ်ရန် ရွေးချယ်လိုက်သဖြင့် သူတို့က မျက်နှာလည်းပျက်ကာ ဂိုဏ်းဝင်များ၏ယုံကြည်မှုကိုလည်း ဆုံးရှုံးသွားခဲ့ရ၏။
ထို့ကြောင့် ရှားဖေးယင်းက ထွက်သွားစဉ်က အလွန်ဒေါသထွက်နေခဲ့ခြင်းဖြစ်သည်။ ဆုရှင်းတွင် ထျဲဝူချင်၏အကူအညီရှိနေပါလျက် သူတို့ကိုပင် မပြောခဲ့သဖြင့် သူတို့မျက်နှာပျက်ခဲ့ရပြီး အကြောင်းပြချက်မရှိဘဲ လူများ၏ယုံကြည်မှုကိုလည်း ဆုံးရှုံးခဲ့ရပါသည်။
ထျဲဝူချင်က ဆုရှင်းကိုလက်ညှိုးထိုးလိုက်၏။ "မင်းက အမြဲတမ်းပါးနပ်တာပဲ။ ငါမင်းကို နားမလည်နိုင်ဘူးလို့ မထင်နဲ့။ ရှားဖေးယင်းနဲ့ တခြားလူတွေရဲ့စရိုက်တွေအရ သူတို့ဒီရွေးချယ်မှုကို သေချာပေါက်လုပ်မယ်ဆိုတာ မင်းခန့်မှန်းပြီးသား ဖြစ်လောက်တယ်။ ဒါကြောင့်မို့လို့ မင်းသူတို့ကိုမပြောခဲ့တာ။"
ဆုရှင်း ပြုံးလိုက်သော်လည်း မငြင်းဆိုခဲ့ပေ။
ထျဲဝူချင်က ပြောသည်။ "မင်းက ဘာလို့ နောက်ဆုံးမှာ မန်ချန်ဟယ်ရဲ့ အသေအကြေ တိုက်ပွဲကို သဘောတူလိုက်တာလဲ။ ငါ ဒီမှာရှိနေရင် မန်ချန်ဟယ်က မင်းကို ဘာမှလုပ်လို့မရပါဘူး။"
ဆုရှင်း ခေါင်းယမ်းလိုက်၏။ "သခင်ကြီးထျဲ ခင်ဗျား ဒီတစ်ခါ ကျွန်တော့်ကိုကူညီနိုင်ပေမဲ့ ဒုတိယအကြိမ်တော့ကူညီနိုင်မှာ မဟုတ်ဘူး။ ဒီကိစ္စအတွက် သူရဲကောင်းသုံးဖော်အသင်းကို ကျွန်တော်ရှင်းပြချက်မပေးဘူးဆိုရင်။ အနာဂတ်မှာ သူတို့က ကျွန်တော့်ကိုမကောင်းတဲ့နည်းလမ်းမျိုးစုံသုံးလာမှာကို စိုးရိမ်တယ်။"
"ဒီအသေအကြေတိုက်ပွဲမှာ ကျွန်တော်အနိုင်ရရင်။ အနည်းဆုံးတော့ သူတို့ ပေါ်ပေါ်ထင်ထင်အရမ်းမလွန်ကျူးရဲတော့ဘူး။ ပြီးတော့ လူတစ်ယောက်က ကိုယ့်အတွက်မတ်တပ်ရပ်ပေးဖို့ တခြားသူတွေကို အမြဲတမ်း အားကိုးနေလို့ မရဘူး။ တချို့ကိစ္စတွေကို ကိုယ်တိုင်ခံစားရမယ်။"
"တစ်ခါတလေ မင်းဘယ်လိုကြီးပြင်းလာလဲဆိုတာ ငါ တကယ်စဉ်းစားမိတယ်။ မင်းက လူငယ်လေး တစ်ယောက်ဆိုတာရှင်းနေပေမဲ့ မင်းကအရမ်း ပါးနပ်တော့ လောကကြီးရဲ့အကြောင်းကို နားလည်နေတဲ့ လူလတ်ပိုင်းတစ်ယောက်နဲ့ တူနေတယ်။"
ဆုရှင်း ပြုံးကာ ပြောလိုက်သည်။ "ဆင်းရဲသား ရပ်ကွက်မှာ ကြီးပြင်းလာတော့ပါးနပ်မှု မရှိရင် လှည့်စားခံရပြီး သေတာကြာလှပါပြီ။ ပြီးတော့ ကျွန်တော့်မှာကျွေးမွေးစောင့်ရှောက်ရမယ့် ညီမလေးတစ်ယောက် ရှိသေးတယ်။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ မသေချင်သေးဘူး။"
"ဒါပေမဲ့ မန်ချန်ဟယ်ရဲ့တောင်းဆိုချက်ကို မင်း သဘောတူလိုက်တာက နည်းနည်းအလျင်စလို ဖြစ်သွားတယ်။"
မန်ချန်ဟယ်၏တပည့်မှာ ထင်သလောက် ရိုးရှင်းခြင်းမရှိပေ။
ထျဲဝူချင်က လေးနက်စွာ ပြောလိုက်၏။ "မန်ချန်ဟယ် ဘယ်သူဆီမှာ ပညာသင်ခဲ့လဲဆိုတာ မင်း သိလား..."
ဆုရှင်း ခေါင်းယမ်းလိုက်ပြီး ဟွမ်ပင်းချန်ဘက်သို့ လှည့်ကြည့်လိုက်သော်လည်း ဟွမ်ပင်းချန်ကလည်း ခေါင်းယမ်းလိုက်သည်။
လင်းယုန်ပျံဂိုဏ်း သို့မဟုတ် မိုးပြာဝါးဂိုဏ်းကဲ့သို့ အင်အားတူညီသောဂိုဏ်းများကို စုံစမ်းရန် သူ အားထုတ်ကောင်းအားထုတ်မည်ဖြစ်သော်လည်း သူရဲကောင်းသုံးဖော်အသင်းမှာမူ သူ၏လက်လှမ်းမမီသောနေရာတွင် ရှိနေပေ၏။
ထို့ကြောင့် သူရဲကောင်းသုံးဖော်အသင်း အကြောင်း ဟွမ်ပင်းချန်သိသမျှ အရာအားလုံးမှာ ကောလာဟလများမှသာဖြစ်ပြီး သူတို့အကြောင်း အသေးစိတ်အချက်အလက် လုံးဝ မရှိခဲ့ပေ။
"သူက နာမည်ကြီး ဂိုဏ်းတစ်ခုက လာတာလား။" ဆုရှင်းက သံသယဖြင့် မေးလိုက်၏။
"အဲဒီလိုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက ထင်ရှားတဲ့ဂိုဏ်းတစ်ခုက ဆင်းသက်လာတာတော့ မဟုတ်ဘူး။ သူ့ရဲ့မျိုးရိုးကတော့ အတော်လေး နာမည်ကြီးတယ်။ သူ့ရဲ့ဆရာ ကျိုးတင်းဖန်းက ဟူနန်ကလာတာဖြစ်ပေမဲ့ ရှောင်လင်ကျောင်းတော်မှာ ပညာသင်ခဲ့ဖူးပြီး အဲဒီမှာ လူဝတ်ကြောင်တပည့် တစ်ယောက် ဖြစ်ခဲ့တယ်။"
"နောက်ပိုင်းမှာ ရှောင်လင်ကျောင်းတော်က လူဝတ်ကြောင်တပည့်တွေ အားလုံးကို ထုတ်ပယ်လိုက်တော့ သူ့ဆရာက ဟူနန်တောင်ပိုင်းကို ပြန်လာပြီး ကိုယ်ရံတော်အစောင့်အကြပ်လုပ်ငန်း တစ်ခု ဖွင့်ခဲ့တယ်။ မန်ချန်ဟယ်က သူ့ရဲ့အချစ်ဆုံး တပည့်တွေထဲက တစ်ယောက်ဖြစ်ပြီး သူ့ဆီကနေ ရှောင်လင်ရဲ့အံ့ဖွယ်ခုနစ်ဆယ့်နှစ်ခုထဲက တစ်ခုဖြစ်တဲ့ တာရွှိုက်ပိုင်လက်ဝါးကို သင်ယူခဲ့တာ။"
*ရှောင်လင်လူဝတ်ကြောင်တပည့်* ဆုရှင်း ချက်ချင်း အံ့အားသင့်သွား၏။
* သူက ရှောင်လင်ကျောင်းတော်နဲ့ တကယ် ရေစက်ရှိနေပုံပဲ။ ပြီးခဲ့တဲ့အကြိမ်က ဝံပုလွေအိုဆီကနေ ရှောင်လင်ကျောင်းတော်က ဖော်စပ်ထားတဲ့ အသေးစားပြန်လည်နုပျိုခြင်းဆေးလုံး တစ်ပုလင်း ရခဲ့ပြီး အခုရှောင်လင်ကျောင်းတော် လူဝတ်ကြောင်တပည့်ရဲ့အမွေဆက်ခံသူနဲ့ ထပ်တွေ့ပြန်ပြီ။*
ဆုရှင်း၏အမူအရာကို မြင်သောအခါ ထျဲဝူချင်က သူအံ့အားသင့်သွားသည်ဟုထင်ကာ ရယ်မောလိုက်ပြီး ပြောသည်။ "စိတ်မပူပါနဲ့။ သတင်းကောင်း နှစ်ခု ရှိသေးတယ်။"
"ပထမတစ်ခုက ရှောင်လင်လူဝတ်ကြောင်တပည့် ဆိုတာ အစစ်မမှန်အမာခံတပည့်မဟုတ်ဘူး။ ဒါကြောင့် အံ့ဖွယခုနစ်ဆယ့်နှစ်ခုကို အမွေဆက်ခံထားရင်တောင် အဲဒါကအစိတ်အပိုင်းတစ်ခုပဲရှိသေးပြီး သူ့ရဲ့စွမ်းအားက မူရင်းအံ့ဖွယ်ခုနစ်ဆယ့်နှစ်ခုထက် အများကြီးနည်းတယ်။"
"ဒါ့အပြင် ကျိုးတင်းဖန်းက မန်ချန်ဟယ်ကို မသေဆုံးခင်နှစ်အနည်းငယ်ပဲ လေ့ကျင့်ပေးခဲ့တာ။ သူက အံ့ဖွယ်ခုနစ်ဆယ့်နှစ်ခုထဲက မပြည့်စုံတဲ့ တာရွှိုက်ပိုင်လက်ဝါးကိုပဲ သင်ယူခဲ့ရတာ။ သူက သူ့ရဲ့တပည့်ကို ဒီသိုင်းကွက်တစ်ခုတည်းနဲ့ ရှောင်လင်ကျောင်းတော်က အခြေခံသိုင်းပညာအချို့ကိုပဲ သင်ပေးနိုင်ခဲ့တယ်။"
"သေချာတာကတော့ ဒီအချက်ကြောင့် မင်းရဲ့ ပြိုင်ဘက်ကိုအထင်မသေးသင့်ဘူး။ ဒီအသေအကြေတိုက်ပွဲမှာ မန်ချန်ဟယ်က သူ့ရဲ့ထိပ်တန်းတပည့် လီကျုံးဟယ်ကို သေချာပေါက် စေလွှတ်လိမ့်မယ်။"
"လီကျုံးဟယ်က ဟောက်ထျန်းအလယ်အလတ်အဆင့်ကို ရောက်နေတာ နှစ်ပေါင်းများစွာရှိနေပြီဖြစ်ပြီး သွေးကြောအမှတ်အနည်းဆုံး ကိုးဆယ်လောက် ဖွင့်ထားပြီးပြီ။ မင်းက ဟောက်ထျန်း အလယ်အလတ်အဆင့်ကို အခုမှရောက်ခါစပဲရှိသေးတယ်ဆိုတော့ မင်းတို့ရဲ့တိုက်ခိုက်ရေး အတွေ့အကြုံက အများကြီးကွာခြားတယ်။"
"ဒီအချက်အလက်တွေ ပေးတဲ့အတွက် သခင်ကြီးထျဲကို အရမ်းကျေးဇူးတင်ပါတယ်။" ဆုရှင်း ရိုးသားစွာကျေးဇူးတင်စကား ပြောလိုက်၏။
*ကိုယ့်ကိုယ်ကိုယ်သိ ရန်သူကိုသိရင် တိုက်ပွဲတိုင်းမှာ အနိုင်ရနိုင်မယ်* ဟူသော စကားပုံကဲ့သို့ပင်။ သိုင်းပညာရှင်များကြား တိုက်ပွဲတွင် ဤအချက်မှာ လွန်စွာမှန်ကန်ပေသည်။
သင်၏ပြိုင်ဘက်တွင် မည်သည့်ကျင့်စဉ်များ ရှိသနည်း။ မည်သည့်သိုင်းပညာကို ကျွမ်းကျင်သနည်းဆိုသည်ကို သိရှိခြင်းက တိုက်ပွဲတွင် အလွန် အရေးကြီး၏။
"ငါ့ကို ကျေးဇူးတင်စရာမလိုပါဘူး။ မင်းကိုကာကွယ်ပေးခဲ့တာငါပဲလေ။ မင်းသာ သုံးရက်နေလို့ စင်မြင့်ပေါ်မှာသေသွားရင် ငါမျက်နှာပျက်ရမှာပေါ့။" ထျဲဝူချင်က လက်ဝှေ့ယမ်းကာ လှည့်ထွက်သွားတော့သည်။
"ခေါင်းဆောင် အခု ဘာဆက်လုပ်မလဲ။" ဟွမ်ပင်းချန်က မေးလိုက်၏။
"ငါ ဘာလုပ်ရဦးမလဲ။ သေချာပေါက်တံခါးပိတ် ကျင့်ကြံရမှာပေါ့။ ငါက ဟောက်ထျန်းအလယ်အလတ်အဆင့်ကို အခုမှရောက်ခါစဆိုတော့ ဒီအဆင့်ရဲ့စွမ်းအားကို ရင်းနှီးကျွမ်းဝင်အောင်လုပ်ဖို့ လိုသေးတယ်။"
အဆင့်တစ်ခုစီကိုကျော်ဖြတ်ပြီးတိုင်း သိုင်းပညာရှင်၏ခွန်အားမှာ ပေါက်ကွဲထွက်လာသကဲ့သို့ တိုးတက်လာမည်ဖြစ်ပြီး ၎င်းက သိုင်းပညာရှင်၏ခန္ဓာကိုယ်ကို ဤရုတ်တရက်ရရှိလာသောစွမ်းအားအသစ်နှင့် အနည်းငယ်မရင်းနှီးသလို ခံစားရစေကာ ၎င်းနှင့်ရင်းနှီးကျွမ်းဝင်လာရန် အချိန်အတိုင်းအတာတစ်ခု လိုအပ်ပါသည်။
တုန်းချန်ဝူကို ယခုလေးတင်အနိုင်ယူခဲ့သော်လည်း ဆုရှင်းက သူ၏လက်ရှိ ခွန်အားကို အပြည့်အဝကို မသိသေးပေ။
ထို့အပြင် မန်ချန်ဟယ်လေ့ကျင့်ပေးထားသော တပည့်များက တုန်းချန်ဝူကဲ့သို့ အားနည်းမည် မဟုတ်ကြောင်း သူယုံကြည်၏။
မည်သို့ပင်ဆိုစေ မန်ချန်ဟယ်က ရှောင်လင်ကျောင်းတော်၏တပည့်မျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်သည်။ သူက လူဝတ်ကြောင်တပည့်၏ အမွေဆက်ခံသူသာဖြစ်သော်လည်း ဂိုဏ်းငယ်လေးတစ်ခုမှ သိုင်းပညာရှင်ဖြစ်သော တုန်းချန်ဝူထက် သေချာပေါက်များစွာပိုမိုသန်မာနိုင်သည်။
"အိုး...ဒါနဲ့ငါ့ညီမလေးကို စောင့်ကြည့်ပေးတဲ့သူကို ငါတံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာတယ်ဆိုတာ အသိမပေးနဲ့နော်။ ငါတစ်ချိန်လုံးတံခါးပိတ် ကျင့်ကြံနေတယ်လို့ပဲ ပြောလိုက်ပါ။" ဆုရှင်းက ညွှန်ကြားလိုက်၏.
ယခင်က ဆုရှင်းတံခါးပိတ်ကျင့်ကြံနေသဖြင့် ရွှမ်းအာ၏နေ့စဉ်ဘဝနှင့် အစားအသောက်များကို ဂရုစိုက်ရန်လူများကို တာဝန်ပေးထားခဲ့သည်။
ယခု သူတံခါးပိတ်ကျင့်ကြံခြင်းကနေ ထွက်လာပြီ ဖြစ်သော်လည်း ရွှမ်းအာစိုးရိမ်မည်ကို မလိုလားသဖြင့် ဤအကြောင်းများကို သူမကိုမသိစေချင်ပေ။
ဟွမ်ပင်းချန်က သူနားလည်ကြောင်း ခေါင်းညိတ်လိုက်၏။ ထို့နောက် ဆုရှင်းက တံခါးပိတ်ကျင့်ကြံခြင်းမပြုမီ ယုံလဲ့ရပ်ကွက်၏စီမံခန့်ခွဲမှုကို အားဖြည့်ရန်လီဟွိုင်အား သူ၏လူများကို ဦးဆောင်ရန် ညွှန်ကြားခဲ့သည်။
ယခု သူ၏လူတစ်ဝက်ကျော်ဆုံးရှုံးသွားပြီဖြစ်ရာ စီမံခန့်ခွဲမှုကိုအားမဖြည့်ပါက ယုံလဲ့ရပ်ကွက်၏တည်ငြိမ်နေသော စည်းမျဉ်းများမှာ ပြန်လည်ဖရိုဖရဲဖြစ်သွားမည်ကို သူ စိုးရိမ်နေ၏။
ထိုအချိန်တွင် မှိုင်းညို့နေသော မျက်နှာဖြင့် မန်ချန်ဟယ်နှင့် သူ၏လူများက ချန်သယ်ရပ်ကွက်ရှိ ၎င်းတို့ဌာနချုပ်သို့ ပြန်ရောက်လာကြသည်။
ဂိုဏ်းဝင်များကို လူစုခွဲလိုက်ပြီးနောက် နင်လော့ကျွင်းက ခဏမျှတုံ့ဆိုင်းနေပြီးနောက် ပြောလိုက်၏။ "အစ်ကိုကြီးနောက်ကျရင် လီကျုံးဟယ်ကိုပြောလိုက်ပါ။ သူက ဆုရှင်းကို အသေအကြေတိုက်ပွဲမှာ အနိုင်ရရင်တောင် သူ့အသက်ကိုမယူပါနဲ့လို့။"
"မင်း ဘာပြောလိုက်တာလဲ။" မန်ချန်ဟယ်က နင်လော့ကျွင်းကို စိုက်ကြည့်လိုက်၏။
"ဆုရှင်းက ငါ့ရဲ့တစ်ဦးတည်းသော သားကိုသတ်လိုက်တာ။ မင်းက ငါ့ကိုသူ့ကို လွှတ်ပေးစေချင်တာလား။ ပြီးတော့ ငါက ဆုရှင်းရဲ့အသက်ကို မယူရင် ဒါက ဘယ်လို အသေအကြေတိုက်ပွဲမျိုးဖြစ်တော့မလဲ။"
နင်လော့ကျွင်းက အော်ပြောလိုက်သည်။ "ဆုရှင်းကိုလွတ်ခိုင်းဖို့ အစ်ကိုကြီးကို ကျွန်တော်မပြောပါဘူး။ သူရဲကောင်းသုံးဖော်အသင်းက ထျဲဝူချင်ကို လုံးဝ မစော်ကားမိစေချင်တာပါ။"
"သူက ဆုရှင်းကို ဘယ်လို တန်ကြေးပဲပေးရပါစေ ကာကွယ်ဖို့ဆုံးဖြတ်ထားတာ။ ဒါပေမဲ့ ဆုရှင်းသာ လီကျုံးဟယ်လက်ချက်နဲ့ အသေအကြေတိုက်ပွဲမှာ သေသွားရင်ဘယ်လိုလုပ်မလဲ။ သူက ကျွန်တော်တို့ သူရဲကောင်းသုံးဖော်အသင်းကို လွတ်ပေးမယ်လို့ အကိုကြီးထင်နေတာလား။"
မန်ချန်ဟယ် ခဏမျှစကားမပြောနိုင်ဖြစ်သွားပြီး ထျဲဝူချင်၏စွမ်းအားကို ကွက်ကွက်ကွင်းကွင်း အမှတ်နေဆဲပင်။
ထျဲဝူချင်က လှုပ်ရှားမှုတစ်ကြိမ်သာလုပ်ခဲ့ပြီး သူပစ်လိုက်သောသံဘောလုံးလေးပင်လျှင် လှုပ်ရှားမှု တစ်ခုအဖြစ်မရေတွက်နိုင်သော်လည်း၊ ရှန်းထျန်း အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော သူ၏ဆရာထက်ပင် ပိုမိုအားကောင်းသည့် အရှိန်အဝါတစ်ခုကို ထျဲဝူချင်ထံမှ သူခံစားခဲ့ရသည်။
သို့သော် လက်စားချေစးလိုစိတ်ပြင်းထန်နေသော မန်ချန်ဟယ်က လှောင်ပြောင်လိုက်သေး၏။ "ဟုတ်တယ်။ ငါတို့ထျဲဝူချင်ကိုမယှဉ်နိုင်ဘူး ဒါပေမဲ့ သူ့ကိုလည်း အရမ်းအထင်မကြီးပါနဲ့။သူရဲကောင်းသုံးဖော်အသင်းမှာ လူသောင်းနဲ့ချီ ရှိတယ်။ ထျဲဝူချင်က သူရဲကောင်းသုံးဖော်အသင်း ကို လက်ဖျားနဲ့တောင်ထိရဲမယ်လို့ ငါ မယုံဘူး။"
"သူက ရှန်းထျန်းသိုင်းပညာရှင်တစ်ယောက် ဖြစ်နေရင်တောင်ပြိုင်ဘက်ကင်းနေတာတော့ မဟုတ်ဘူး။ သူက ငါတို့သူရဲကောင်းသုံးဖော်အသင်းကို ရှင်းလင်းပစ်ချင်ရင် ချန်နင်စီရင်စုတစ်ခုလုံး ဖရိုဖရဲဖြစ်ဖို့လည်း ပြင်ဆင်ထားသင့်တယ်"
"အစ်ကိုကြီး.. မတုံးစမ်းပါနဲ့။ ထျဲဝူချင်က တခြား ရဲမက်ခေါင်းဆောင်ကြီးတွေနဲ့ မတူဘူး သူ့မျိုးရိုးနာမည်ကိုစဉ်းစားကြည့်စမ်းပါ။ သူက တံခါးခြောက်ပေါက်က လာတာ၊ သူ့မျိုးရိုးနာမည်ကလည်း ထျဲ သူကတံခါးခြောက်ပေါက်ရဲ့ ထျဲမိသားစုဝင် တစ်ယောက်ဖြစ်ဖို့ အရမ်းများတယ်။"
နင်လော့ကျွင်း၏မျက်နှာတွင် ကြောက်ရွံ့မှုများ ပေါ်လာခဲ့၏။ "ကျွန်တော် နင်လော့ကျွင်း။ အဲဒီတုန်းက အတော်လေးအမြင်ကျယ်ခဲ့ရတယ်။ ကျွန်တော့်အဖေနဲ့ အတူ တောင်ပိုင်းဟူနန်က သြဇာကြီးတဲ့ မိသားစုတစ်ခုရဲ့စားသောက်ပွဲကို သွားခဲ့ဖူးတယ်။ အဲဒီမိသားစုက အရမ်းသြဇာကြီးတယ်။ ရှန်းထျန်းသိုင်းပညာရှင်သုံးဆယ်ကျော်တောင် ရှိတာ။"
"ဒါပေမဲ့ စားသောက်ပွဲလုပ်နေတုန်းမှာပဲ တံခါးခြောက်ပေါက်က ရဲမက်ခေါင်းဆောင်ကြီး သုံးယောက်ရဲ့လက်ချက်နဲ့ မိသားစုတစ်ခုလုံး ရှင်းလင်းခံလိုက်ရတယ်။"
"အဲ့ဒီရဲမက်ခေါင်းဆောင်ကြီး သုံးယောက်က တံခါးခြောက်ပေါက်ရဲ့ ထျဲမိသားစုဝင်တွေပဲ။ သူတို့ရဲ့ထျဲ မိသားစုက တာ့ကျိုးမင်းဆက်ကို အမြစ်တွယ်နေပြီ။ သူတို့ရဲ့အထွတ်အထိပ်အချိန်မှာ တံခါးခြောက်ပေါက်က ရဲမက်ခေါင်းဆောင်ကြီးတစ်ဝက်လောက်ကို ထျဲမိသားစုက ပိုင်ဆိုင်ခဲ့တာ။"
မန်ချန်ဟယ်က "ဒီလောကမှာ ထျဲဆိုတဲ့ မျိုးရိုးနာမည်ရှိတဲ့သူတွေ အများကြီးပဲ။ ပြီးတော့ ထျဲဝူချင်က တံခါးခြောက်ပေါက်က လာသလားဆိုတာကလည်း မင်းရဲ့အရင်က ခန့်မှန်းချက်သက်သက်ပဲ။"
"ထျဲဝူချင် ချန်နင်စီရင်စုကို ပထမဆုံးရောက်လာတုန်းက မင်းသူ့ကိုစုံစမ်းခဲ့တယ်လေ။ ဒါပေမဲ့ ရလဒ်က သံသယဖြစ်စရာပဲရှိခဲ့ပြီး ထျဲဝူချင်က တံခါးခြောက်ပေါက်က လာတယ်ဆိုတာကို မင်း လုံးဝ သက်သေမပြနိုင်ခဲ့ဘူး။"
"ထပ်ပြီးရှင်းပြနေစရာ မလိုတော့ဘူး။ သားတစ်ယောက်အသတ်ခံလိုက်ရတဲ့ အမုန်းတရားက ပြေလည်နိုင်စရာအကြောင်း မရှိဘူး။ ဆုရှင်း သေရမယ်။"
ထိုစကားများကိုပြောပြီးနောက် မန်ချန်ဟယ်လှည့်ထွက်သွားရာ နင်လော့ကျွင်းနှင့် ဒွမ့်ရှောင်တို့မှာ မှိုင်းညို့နေသောအမူအရာများဖြင့် ထိုနေရာတွင် ကျန်ရစ်ခဲ့ကြတော့သည်။