← Chapters

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅

Vol. 6 Ch. 55

အခန်း (၅၅) ခွန်အား ကွာဟချက်

ဆုရှင်းက မန်ချန်ဟယ်၏တပည့်နှင့် နောက်သုံးရက်အကြာတွင် အသေအကြေတိုက်ခိုက်မည်ဟူသော သတင်းမှာ ချန်နင်စီရင်စုတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။

ယခင်ကသာဆိုလျှင် ဂိုဏ်းကြီးများအားလုံးက ဆုရှင်း သေချာပေါက်သေရတော့မည်ဟု ထင်ကြမည်ဖြစ်သော်လည်း ယခုအခါအခြေအနေများပြောင်းလဲသွားပြီ ဖြစ်၏။

ဆုရှင်းက နှစ်ပေါင်းများစွာကတည်းက အဆင့်တက်ထားသော ဝါရင့် ဟောက်ထျန်းအလယ်အလတ်အဆင့်သိုင်းပညာရှင် တုန်းချန်ဝူကို လူအများရှေ့တွင်အနိုင်ယူခဲ့သည်။ သူ၏စွမ်းရည်များမှာ ထိုမျှထိမကြီးမားသော်လည်း၊ ၎င်းက အနည်းဆုံးတော့ ဆုရှင်းက လီကျုံးဟယ် နှင့် ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မီကြောင်း သက်သေပြနေ၏။

ယခုအခါ ချန်နင်စီရင်စုရှိဂိုဏ်းအသီးသီးမှ အချို့လူများက လီကျုံးဟယ်နှင့် တိုက်ပွဲတွင် ဆုရှင်း အနိုင်ရနိုင်ခြေအပေါ် လောင်းကြေးများပင် ဖွင့်ထားကြသည်။

လီကျုံးဟယ်၏လောင်းကြေးမှာ ၁ ကို ၁ ဆ ဖြစ်ပြီး ဆုရှင်း၏လောင်းကြေးမှာတော့ ၁ ကို ၃ ဆ ဖြစ်သည်။

လူအများစုက လီကျုံးဟယ်ကိုသာ အလေးပေးကြ၏။

မန်ချန်ဟယ်က သူရဲကောင်းသုံးဖော်အသင်း အဖွဲ့ဝင်များအား သိုင်းပညာသင်ကြားပေးရန် တာဝန်ယူသည်။

အရည်အချင်းကောင်းရှိသော အဖွဲ့ဝင်တစ်ဦးကို သူ တွေ့ရှိသည့်အခါတိုင်း သူ့ကိုတပည့်အဖြစ် ချက်ချင်း စုဆောင်းလေ့ရှိ၏။ ထို့ကြောင့် သူရဲကောင်းသုံးဖော်အသင်းတွင် သူ့တပည့်ဆယ်ဦးကျော်ရှိပါသည်။

ထိုတပည့်များထဲတွင် အသန်မာဆုံးမှာ လီကျုံးဟယ်ဖြစ်ပြီး သူက သွေးကြောအမှတ် ကိုးဆယ်ကျော်ကို ဖွင့်ထားပြီးဖြစ်ကာ သူ၏သိုင်းပညာများ အားလုံးကို မန်ချန်ဟယ်ထံမှ အမွေဆက်ခံထားသည်ဟု ဆိုကြ၏။

သုံးရက်ပြည့်သောအခါ ဆုရှင်းက တံခါးပိတ် ကျင့်ကြံခြင်းမှ စောစီးစွာထွက်လာပြီး သူ၏လူများကို ဦးဆောင်ကာ ချန်သယ်ရပ်ကွက်သို့ ထွက်လာခဲ့သည်။

ဤအသေအကြေတိုက်ပွဲအတွက် သူရဲကောင်းသုံးဖော်အသင်းက ပေရာနှင့်ချီ ကျယ်ဝန်းသော စင်မြင့်တစ်ခုတည်ဆောက်ရန် လမ်းတစ်လမ်းလုံးကိုကြိုတင်နေရာယူထားပြီး ပတ်ဝန်းကျင်ဧရိယာများကိုလည်း အခြားဂိုဏ်းများအတွက် သီးသန့်ထားရှိခဲ့၏။

ဆုရှင်းနှင့် သူ၏လူများ ဤနေရာသို့ရောက်ရှိလာသောအခါ ချန်နင်စီရင်စုရှိဂိုဏ်းသုံးဂိုဏ်းနှင့် အဖွဲ့လေးဖွဲ့မှ အဖွဲ့ဝင်များအားလုံးလည်း ရောက်ရှိနေကြပြီ ဖြစ်သည်။

အခြားဂိုဏ်းဝင်များက ဆုရှင်းနှင့် ရှားဖေးယင်းတို့ကို စိတ်ဝင်စားသောအရိပ်အယောင်များဖြင့် ကြည့်လိုက်ကြ၏။

ဆုရှင်းကို ယခုအခါ လင်းယုန်ပျံဂိုဏ်း၏အဖွဲ့ဝင် တစ်ဦးအဖြစ် သတ်မှတ်ထားသော်လည်း သူနှင့်ရှားဖေးယင်းတို့မှာ ခွာပြဲသွားကြပြီး သူတို့၏ခွဲပြဲမှုမှာလည်း အတော်လေး သိသာထင်ရှားနေကြောင်း ပြသနေသည်။

စင်မြင့်ရှေ့ရှိ မြင့်မားသောနေရာတွင် ကုလားထိုင် ဒါဇင်နှင့်ချီ၍ ချထား၏။

၎င်းတို့ အားလုံးကို ဂိုဏ်းသုံးဂိုဏ်းနှင့် အဖွဲ့လေးဖွဲ့၏ခေါင်းဆောင်များအတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။ အလယ်ရှိ ကုလားထိုင်မှာ လွတ်နေဆဲ ဖြစ်ပြီး ဤနေရာကိုထျဲဝူချင်အတွက် သီးသန့် ထားရှိထားခြင်းပင်။

နေ့လည်ခန့်ရောက်မှသာ ထျဲဝူချင်က သူ့လက်အောက်ရှိ ရဲမက်အချို့နှင့်အတူ အေးအေးဆေးဆေး ရောက်လာတော့သည်။

"အိုး...မင်းတို့ အားလုံးစောစောရောက်နေကြတာပဲ။" ထျဲဝူချင်က သူတို့ကိုနှုတ်ဆက်ကာ သူ၏နေရာတွင် ဝင်ထိုင်လိုက်၏။

အခြားသူများက "ဒီလောက်အရေးကြီးတဲ့ ကိစ္စမျိုးကို ရဲမက်ခေါင်းဆောင်ကြီးကလွဲလို့ ဘယ်သူက ဒီလောက်နောက်ကျမှ လာရဲမှာလဲ" ဟု တိတ်တဆိတ် ညည်းညူလိုက်ကြ၏။

မန်ချန်ဟယ် စိတ်မရှည်ဖြစ်နေလေပြီ။ "အခု ရဲမက်ခေါင်းဆောင်ကြီးထျဲ ရောက်လာပြီဆိုတော့ သေခြင်းရှင်ခြင်းတိုက်ပွဲကို စလိုက်ကြရအောင်။"

"ဘာတွေ အလျင်လိုနေတာလဲ။ သေသေချာချာမရှင်းပြရသေးတဲ့ ကိစ္စတချို့ရှိပါသေးတယ်။" ထျဲဝူချင်က လက်ဝှေ့ယမ်းကာ မန်ချန်ဟယ်ကို ဖြတ်ပြောလိုက်သည်။

"သခင်ကြီးထျဲ ခင်ဗျားနောက်ဆုတ်ချင်နေတာလား။" မန်ချန်ဟယ်၏အမူအရာမှာ ချက်ချင်း အလွန်ဆိုးရွားသွား၏။ အရေးကြီးသော အချိန်တွင် ထျဲဝူချင်က ထပ်မံဝင်စွက်ဖက်လာမည်ကို သူ စိုးရိမ်နေသည်။

ထျဲဝူချင်က လှောင်ပြောင်လိုက်၏။ "ငါ ထျဲဝူချင်က ဘယ်သူလဲ။ ငါ့ကတိကို ငါဖျက်မယ်လို့ မင်း ထင်နေတာလား။ ဒါပေမဲ့ တချို့ကိစ္စတွေကို ရှင်းရှင်းလင်းလင်းလုပ်ထားတာ ပိုကောင်းမယ်။"

"ဆုရှင်းက မင်းရဲ့တပည့်နဲ့ အသေအကြေတိုက်ပွဲကို သဘောတူလိုက်ပြီဆိုတော့ ဒီကိစ္စကိုတိုက်ပွဲအပြီးမှာပြီးဆုံးပြီလို့ သတ်မှတ်ရမယ်။ တကယ်လို့ မင်းက ဆုရှင်းကိုနောက်ထပ်ပြဿနာရှာမယ်ဆိုရင် ငါ ဝင်ပါလာတာကို အပြစ်မတင်နဲ့။"

"ပြဿနာ မရှိပါဘူး။ သူအသက်ရှင်နေဖို့ပဲ လိုတယ်။" မန်ချန်ဟယ်က လှောင်ပြောင်လိုက်၏။ သေခြင်းရှင်ခြင်းတိုက်ပွဲပြီးနောက် ဆုရှင်း အသက်ရှင်နိုင်မည့် အခွင့်အရေးရှိဦးမည်လော။

သေသွားသည့် လူတစ်ယောက်အား ပြဿနာသွားရှာနေ၍ ဘာအဓိပ္ပာယ်ရှိတေယ့မည်နည်း။

"ကောင်းပြီ ဒါဆို အသေအကြေတိုက်ပွဲကို အခု စလိုက်တော့။"

ထျဲဝူချင် စကားပြောပြီးသည်နှင့် လီကျုံးဟယ်က စင်မြင့်အလယ်သို့ ချက်ချင်းလျှောက်သွားလေသည်။

လီကျုံးဟယ်က အသက်သုံးဆယ်ကျော်လေးသာ ရှိပုံရပြီး အရပ်ရှည်ကာ ခန့်ညားသော အသွင်အပြင်ရှိသည်။

ဆုရှင်း စင်မြင့်ပေါ်သို့ တက်လာသောအခါ သူက အနည်းငယ်ပိန်ပါးပြီးအားနည်းပုံပေါက်နေ၏။ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အသွင်အပြင်တစ်ခုတည်းမှာပင် ဆုရှင်းက နိမ့်ကျနေလေပြီ။

အောက်ရှိလူများက ဤမြင်ကွင်းကို မြင်သောအခါ ချက်ချင်းခေါင်းယမ်းလိုက်ကြပြီး အထူးသဖြင့် ဆုရှင်းအနိုင်ရမည်ဟု လောင်းကြေးထပ်ရန် စဉ်းစားထားသူများမှာ ပို၍ပင်နောင်တရသွားကြသည်။

*ဒီအခြေအနေကို ကြည့်ရတာတော့ ဆုရှင်း နိုင်ဖို့ မျှော်လင့်ချက် သိပ်မရှိဘူးပဲ။*

အချို့က ဆုရှင်းကို အနုတ်လက္ခဏာဆောင်သော ဥပမာတစ်ခုအနေဖြင့် အသုံးပြုကာအနာဂတ်တွင် ပိုမိုသတိထားရန်နှင့် မည်သူ့ကိုရန်စနိုင်ပြီး မည်သူ့ကို ရန်စ၍မရကြောင်း သိထားရန် သူတို့၏ညီအစ်ကိုများကို သတိပေးနေကြ၏။

မည်သို့ပင်ဆိုစေ ပရိသတ်များထံမှ အဆိုးမြင်မှုများစွာထွက်ပေါ်နေပြီး ဆုရှင်းကို မျှော်လင့်ချက် ထားသူ အလွန် နည်းပါးလှ၏။ ဟွမ်ပင်းချန်နှင့် သူ၏အဖွဲ့ပင်လျှင် အနည်းငယ်မသေမချာဖြစ်နေကြ၏။

"ဟေ့ လီဟွိုင်။ ဒီတစ်ခါခေါင်းဆောင်နိုင်ဖို့ အခွင့်အရေး ဘယ်လောက်ရှိလဲ။" ဟွမ်ပင်းချန်က သူ့ဘေးရှိလီဟွိုင်ကို တံတောင်ဖြင့် တွတ်ကာ မေးလိုက်သည်။

"ငါလည်း မသိဘူး။ ဒါပေမဲ့ ခေါင်းဆောင်နိုင်မယ်လို့ ငါယုံကြည်တယ်။"

ဟွမ်ပင်းချန်က လီဟွိုင်ကို ပေါက်မုန့်လည်ပင်းနင်ကာ ကြည့်လိုက်၏။

သူကား ဆုရှင်း၏နည်းစနစ်များကို မြင်တွေ့ပြီးနောက် ဆုရှင်း၏လုံးဝပရိသတ်တစ်ဦး ဖြစ်လာခဲ့ပြီး မျက်ကန်းယုံကြည်နေခဲ့သည်။

လီဟွိုင်က ဟွမ်ပင်းချန်ကိုကြည့်ကာ သူ၏ အကြည့်ကိုနားလည်သွားပြီး တည်ငြိမ်စွာ ပြောလိုက်၏။ "မင်းက သိုင်းပညာရှင်တစ်ယောက် မဟုတ်ဘူး။ ဒါကြောင့် ခေါင်းဆောင်ဘာတွေးနေလဲဆိုတာ မင်း မသိဘူး။ အသေအကြေတိုက်ပွဲမှာ အတွေးတစ်ချက်နဲ့ ရှေ့ဆက်သွားတာက အတွေးတစ်ချက်နဲ့ ရပ်တန့်လိုက်တာထက် ပိုကောင်းတယ်။ မင်းနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်မရှိရင် မင်း တိုက်ပွဲတစ်ဝက်မှာတင် ရှုံးနေပြီ။"

"အခု ငါက အားနည်းနေတယ်။ ဒါပေမဲ့ လင်းယုန်ပျံဂိုဏ်းရဲ့ဂိုဏ်းချုပ်နဲ့ တိုက်ရမယ်ဆိုရင် ငါ နိုင်မယ်လို့ ယုံကြည်တယ်။"

ဟွမ်ပင်းချန် ခေါင်းယမ်းလိုက်၏။ ဆုရှင်း ပြောသကဲ့သို့ပင်။ သူကျင့်ကြံခဲ့သော အတွင်းအားမှာ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို တိုးတက်စေရန်သာ ဖြစ်သည်။

သိုင်းပညာရှင်များကြားတိုက်ပွဲများအကြောင်း သူ ဘာမှမသိသလို၊ သိလည်း မသိချင်ပေ။

စင်မြင့်ပေါ်တွင် လီကျုံးဟယ်က ဆုရှင်းကို ကြည့်ကာ ခေါင်းအနည်းငယ်ယမ်းလိုက်၏။ တကယ်တမ်းတွင် သူဆုရှင်းအပေါ် မကောင်းသော ခံစားချက် လုံးဝမရှိသည့်အပြင် သူ့ကိုပင် ကျေးဇူးတင်နေသေးသည်။

မန်ချုံးသာရှိနေမည်ဆိုပါက ၎င်းက သူရဲကောင်းသုံးဖော်အသင်း၏နောက်ဆုံး အမွေဆက်ခံသူ သေချာပေါက်ဖြစ်လာမည်ဖြစ်ပြီး တစ်ဦးတည်းသောအဖွဲ့ခေါင်းဆောင်ဖြစ်လာနိုင်ခြေ များပေသည်။

ယခု မန်ချုံးသေသွားပြီဖြစ်ရာ သူရဲကောင်းသုံးဖော်အသင်း၏ လူငယ်မျိုးဆက်သစ်များမှာ အာဏာရလာရန် အခွင့်အရေးရှိလာပြီဖြစ်၏။ အနာဂတ်တွင် သူတို့က အဖွဲ့ခေါင်းဆောင်နေရာကို ရယူရန်အလားအလာအလွန်များပြီး တစ်ဦးတည်းသောအဖွဲ့ခေါင်းဆောင်ပင် ဖြစ်လာနိုင်ပါသည်။

သို့သော် ထိုသို့ဖြစ်လင့်ကစားဆုရှင်းမှာ သေရမည်သာဖြစ်သည်။ ဆုရှင်းကိုသတ်ခြင်းဖြင့်သာ သူမန်ချန်ဟယ်၏အသိအမှတ်ပြုမှုကို ရရှိနိုင်မည်ဖြစ်ပြီး သူရဲကောင်းသုံးဖော်အသင်းတွင် ပိုမိုလုံခြုံသော နေရာတစ်ခုကို ရရှိနိုင်ပါလိမ့်မည်။

"ဆုရှင်း...မင်းရဲ့သေဆုံးမှုအတွက် ငါ့အပြစ်လို့ မယူဆနဲ့။ မင်းလူမှားသတ်မိတာကိုပဲ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ရမယ်။"

လီကျုံးဟယ် စကားပြောပြီးသည်နှင့် သူ ဆုရှင်းထံသို့ တိုက်ရိုက်ခုန်ဝင်သွားတော့သည်။

မန်ချန်ဟယ်က ရှောင်လင်ကျောင်းတော် လူဝတ်ကြောင်တပည့်ကျိုးတင်းဖန်း၏ အမွေခံတစ်ဦးအနေဖြင့် အံ့ဖွယ်ခုနစ်ဆယ့်နှစ်ခုထဲမှ တစ်ခုဖြစ်သော တာရွှိုက်ပိုင်လက်ဝါး၏ မပြည့်စုံသော သိုင်းကွက်များကိုသာမက ရှောင်လင်ကျောင်းတော်မှ အခြေခံကျင့်စဉ်များနှင့် သိုင်းပညာအချို့ကိုပါ သင်ကြားခံခဲ့ရ၏။

မန်ချန်ဟယ်ကလည်း ဤကျွမ်းကျင်မှုအားလုံးကို လီကျုံးဟယ်ထံ လက်ဆင့်ကမ်းပေးခဲ့သည်။ သူက မည်သည့်လက်နက်ကိုမျှ အသုံးမပြုဘဲ ရှောင်လင်ကျောင်းတော်၏လိုဟန်လက်သီးကို တိုက်ရိုက် အသုံးပြုခဲ့၏။

သိုင်းကွက်တိုင်းမှာ ရိုးရှင်းပုံရသော်လည်း မယုံနိုင်လောက်အောင် စွမ်းအားကြီးမားလှသည်။

လိုဟန်လက်သီးက ရှောင်လင်ကျောင်းတော်၏အခြေခံသိုင်းပညာတစ်ခုဖြစ်သည်။ ထို့အတူ ရှောင်လင်ကျောင်းတော်၏လူတိုင်းမသင်မနေရနည်းစနစ်မှုတစ်ခုဖြစ်ရာ ၎င်းတွင်စွမ်းအားကြီးမားသော တာအိုသဘောတရားများ ပါဝင်နေ၏။

ဆုရှင်းက ဓားကိုရှေ့သို့ သတိထားကာ ထိုးစိုက်လိုက်သော်လည်း လီကျုံးဟယ်၏လက်သီးမှာ အလွန်ပြင်းထန်ပြီး ကျားတစ်ကောင်ကိုနှိမ်နင်းနေသော အာဟတ်တစ်ပါးကဲ့သို့ တည့်မတ်စွာနီးကပ်လာခဲ့၏။

ရိုးရှင်းသော်လည်း စွမ်းအားကြီးမားသော လက်သီးချက်တစ်ချက်ကြောင့် ဆုရှင်းမှာဓားကို ရုပ်သိမ်းကာ နောက်ဆုတ်ရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။

"ဒင်.."

သွယ်လျသောဓားက လီကျုံးဟယ်၏လက်မောင်းကို ထိမှန်သွားပြီး သတ္တုချင်းရိုက်ခတ်သံတစ်ခု ထွက်ပေါ်လာခဲ့၏။ ဆုရှင်း၏လက်ရှိ ခွန်အားဖြင့် ဓားမှာ လီကျုံးဟယ်၏လက်မောင်းပေါ်တွင် အဖြူရောင်အရာလေးတစ်ခုသာ ချန်ထားနိုင်ခဲ့သည်။

"ရှောင်လင်ရဲ့ရွှေခေါင်းလောင်းအကာအကွယ် ပါလား။"

ပရိသတ်များထဲမှ သိုင်းပညာအကြောင်း သိသူများက တီးတိုးရေရွတ်လိုက်ကြ၏။

ရွှေခေါင်းလောင်းအကာအကွယ်သည် ရှောင်လင်ကျောင်းတော်ကျင့်စဉ်များတွင် အနိမ့်ဆုံးအဆင့်ရှိ ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဥ်ဖြစ်သလို ၎င်းက သိုင်းလောကတွင် အကျယ်ပြန့်ဆုံးပျံ့နှံ့နေသော ကျင့်စဉ်တစ်ခုဖြစ်သည်။

ကျင့်ကြံရသည်မှာ နှေးကွေးသော်လည်း အခြေခံအုတ်မြစ်မှာ အလွန်တည်ငြိမ်၏။

"မင်းရဲ့ဓားက မြန်ပေမဲ့ဒဏ်ရာမရစေနိုင်ဘူး။ ဓားက ဘယ်လောက်ပဲမြန်ပါစေအသုံးမဝင်ဘူးကွ။"

လီကျုံးဟယ်က ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ ရှေ့သို့ပြေးဝင်လာပြီး 'နဂါးနှိမ်နင်းခြင်းအာဟတ်' ၊ 'ကျားယဉ်ကျေးခြင်းအာဟန်' နှင့် 'စေတီကိုင်ဆောင်ခြင်းအာဟတ်' အပါအဝင် သိုင်းကွက်များကို ဆက်တိုက်ထုတ်လွှတ်လိုက်ရာ သူ၏ပြင်းထန်သော လက်သီးချက်များက ဆုရှင်းကို စင်မြင့်၏ထောင့်တစ်နေရာသို့ ချက်ချင်း နောက်ဆုတ်သွားစေသည်။

တစ်စုံတစ်ယောက်၏ခွန်အားကို စမ်းသပ်ချင်ပါက တိုက်ခိုက်ခြင်းက အကောင်းဆုံး နည်းလမ်းဖြစ်မည်။ တုန်းချန်ဝူနှင့် တိုက်ခိုက်စဉ်က ဆုရှင်း အလွန်သက်သောင့်သက်သာရှိခဲ့သော်လည်း ယခု လီကျုံးဟယ်နှင့် ရင်ဆိုင်ရချိန်တွင်တော့ ဖိအား အနည်းငယ်ကိုခံစားနေရသည်။

လီကျုံးဟယ်နှင့် ယှဉ်လျှင် သူမည်သည့်နေရာတွင် အားနည်းနေသနည်း။ ဤအရာက လီကျုံးဟယ် ဖွင့်ထားသည့် နောက်ထပ်သွေးကြောအမှတ် နှစ်ဆယ်ကျော်ကြောင့် မဟုတ်ဘဲ သူ့အတွင်းအားကြောင့် ဖြစ်သည်။

အတွင်းအားဆိုသည်မှာ သိုင်းပညာရှင်တစ်ဦး၏အခြေခံအုတ်မြစ် ဖြစ်သည်။ သူ၏ကျင့်စဉ်မှာ ချွမ်ကျန်းဂိုဏ်းအခြေခံအတွင်းအားဖြစ်ပြီး ၎င်းမှာ အခြေခံကျင့်စဉ်အမျိုးအစားတွင် ပါဝင်ကာ ကြယ်တစ်ပိုင်းအဆင့်သတ်မှတ်ချက်သာရှိလေ၏။

*ဒီလီကျုံးဟယ်က ဘာကျင့်စဉ်ကိုကျင့်ကြံထားလဲဆိုတာ မသိပေမဲ့။ သေချာတာကတော့ ငါ့ရဲ့ကြယ်တစ်ပိုင်းကျင့်စဉ်ထက် အများကြီးပိုကောင်းနေတာပဲ။*

သွေးကြောအမှတ်များ ပိုပွင့်လာလေလေ၊ ကျင့်ကြံခြင်းကွာခြားချက်က ပိုကြီးမားလာလေလေပင်။ လီကျုံးဟယ် ပြောသလိုပင်။ ဓားက မည်မျှပင် မြန်ပါစေ။ စွမ်းအားမလုံလောက်ပါက အသုံးမဝင်ချေ။

ယခုအခါ ဆုရှင်းက စနစ်မှဆုချီးမြှင့်မည့် ခရမ်းရောင်တိမ်တိုက်နတ်ကျင့်စဉ်ကို လွန်စွာမျှော်လင့်နေမိတော့သည်။

"သေစမ်း။"

လီကျုံးဟယ်၏အမူအရာမှာ အေးစက်သွား၏။ သူ၏ဘယ်ဘက်လက်သီးက စေတီတစ်ဆူကဲ့သို့ ဆုရှင်း၏ပြင်းထန်သော ဓားချက်ကို ကာကွယ်လိုက်ပြီး ညာဘက်လက်သီးက တောင်ပေါ်မှ ဆင်းလာသောကျားတစ်ကောင်ကဲ့သို့ ဆုရှင်း၏ရင်ဘတ်ဆီသို့ တည့်မတ်စွာရိုက်ချလိုက်သည်။

သို့သော် ထိုအချိန်တွင် ဆုရှင်းက လီကျုံးဟယ် မမျှော်လင့်ထားသော လှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်လိုက်၏။ သူက ရုတ်တရက်ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပါသည်။

ဆုရှင်း၏ခါးတွင် ဓားအိမ်တစ်ခုရှိသော်လည်း ပုံမှန်အားဖြင့် သိုင်းပညာရှင်များက နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေတိုက်ပွဲအတွင်း ရုတ်တရက်ဓားကို ဓားအိမ်ထဲ ပြန်ထည့်လေ့မရှိကြပေ။

သို့သော် ဆုရှင်းက ထိုသို့ ပြုလုပ်ခဲ့၏။

ဓားအိမ်ထဲ ထည့်ထားသောဓားက ဆွဲထုတ်ထားသောဓားထက် ပို၍ကြောက်မက်ဖွယ်ကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းက ဘယ်နေရာမှလာမည် သို့မဟုတ် ဘယ်လက်မှတိုက်ခိုက်လာမည်ဆိုသည်ကို သင်မသိနိုင်သောကြောင့် ဖြစ်သည်။

ဆုရှင်း၏မြန်ဆန်သောဓားသိုင်းကို လီကျုံးဟယ်က သတိထားနေခဲ့၏။ အဘယ်ကြောင့်ဆိုသော် ၎င်းက တိုင်ချုံး၊ ခေါင်းဆောင်ကြီးချန် နှင့် အခြားသူများစွာကို သတ်ခဲ့သောကြောင့် ဖြစ်သည်။

ချန်နင်စီရင်စုတွင် ဆုရှင်း၏ကျော်ကြားမှုမှာလည်း သူ၏မြန်ဆန်သော ဓားသိုင်းကြောင့်ပင်။

"ကိုယ့်ကိုယ်ကိုယ်သိပြီး ရန်သူကိုသိရင် တိုက်ပွဲတိုင်းမှာ အနိုင်ရလိမ့်မယ်"ဟူသော စကားပုံကဲ့သို့ပင်။

ဆုရှင်းက ထျဲဝူချင်ထံမှ လီကျုံးဟယ်၏အချက်အလက်များကိုရရှိခဲ့သလို လီကျုံးဟယ်ကလည်း ဆုရှင်းအကြောင်း အချက်အလက်များကို တစ်စုံတစ်ဦးအားစုဆောင်းခိုင်းခဲ့၏။

ဆုရှင်း၏ဓားသိုင်းမှာ အလွန်မြန်ဆန်ကြောင်း သူ သိပြီး သူက ဘယ်ဘက်လက်ဓားသိုင်းတွင်သာမက ညာဘက်လက်ဓားသိုင်းတွင်ပါ ကျွမ်းကျင်ကြောင်း သိထားပါသည်။

၎င်းမှာ သိုင်းလောကတွင် ရှားပါးသော အရာတစ်ခု ဖြစ်၏။

သို့သော် သူမသိခဲ့သည်မှာ ဆုရှင်းက ဓားသိုင်းတွင်သာမကလက်သီးသိုင်းတွင်ပါ ကျွမ်းကျင်ထားခြင်းပင်။

အဆုံးအစမဲ့အမုန်းတရားများဖြင့် ပြည့်နှက်နေသော လက်သီးတစ်ချက်က သေဆုံးသည်အထိ ရပ်တန့်မည်မဟုတ်ပေ။ အမုန်းတရားလက်သီး။

သူတို့၏လက်သီးချင်းရိုက်ခတ်မိသွားသောအခါ လီကျုံးဟယ်က အံ့အားသင့်သွားပြီး ခြေလှမ်း အနည်းငယ်နောက်ဆုတ်သွားရ၏။

ဆုရှင်း၏လက်သီးချက်မှာ အလွန်ဆိုးရွားပြီး အမုန်းတရားစွမ်းအားကို သူ၏လက်သီးစွမ်းအားအဖြစ် အသုံးပြုထားပါသည်။

အမုန်းတရားမှာ အဆက်မပြတ်ဖြစ်ပေါ်နေပြီး လက်သီး၏အရှိန်အဟုန်မှာလည်း ဘယ်သောအခါမျှ ရပ်တန့်မသွားချေ။

စင်မြင့်ပေါ်တွင် ဂိုဏ်းသုံးဂိုဏ်းနှင့် အဖွဲ့လေးဖွဲ့၏ခေါင်းဆောင်များအားလုံးမှာ ဆုရှင်း၏ လက်သီးစွမ်းရည်ကြောင့် အံ့အားသင့်သွားကြ၏။ ဤကဲ့သို့ ထူးဆန်းပြီးပုံမှန်မဟုတ်သော လက်သီးသိုင်းမျိုးကို သူတို့ယခင်က တစ်ခါမျှမမြင်ဖူးခဲ့ကြသော်လည်း သူတို့၏အမြင်တွင် ၎င်း၏စွမ်းအားမှာ အတော်လေးအံ့မခန်းဖြစ်နေ၏။

တကယ်တမ်းတွင် ဆုရှင်းက အမုန်းတရားလက်သီးကိုရရှိပြီးနောက် အကြိမ်များစွာအသုံးပြုခဲ့သော်လည်း ကံမကောင်းစွာဖြင့် ၎င်းကိုလူတွေ သတိမထားမိခဲ့ကြပေ။

ဝံပုလွေအိုနှင့် ရင်ဆိုင်ရချိန်တွင် သူ၎င်းကို အသုံးပြုခဲ့သည်ကို မည်သူမျှမမြင်တွေ့ခဲ့ရသလို မန်ချုံးနှင့် အခြားသူများကိုသတ်ဖြတ်ရာတွင်လည်း သူ၎င်းကို အသုံးပြုခဲ့၏။ ကံမကောင်းစွာဖြင့် မန်ချန်ဟယ်က သူ၏လူများကို ရှင်းပြခွင့် မပေးဘဲ အားလုံးကိုတိုက်ရိုက်သတ်ပစ်ခဲ့သည်။

တုန်းချန်ဝူနှင့် တိုက်ခိုက်ရာတွင်လည်း ဆုရှင်း ၎င်းကို အသုံးပြုခဲ့သော်လည်း ရှားဖေးယင်းနှင့် အခြားသူများမှာ အံ့အားသင့်ကာ ဒေါသထွက်နေကြသဖြင့် မည်သည့်လက်သီးသိုင်းအကြောင်းကိုမျှ စဉ်းစားရန်အချိန်မရှိခဲ့ကြပေ။

ထျဲဝူချင်က မှေးမှိန်စွာပြုံးလိုက်ပြီး သူ့ကိုယ်သူ တွေးလိုက်၏။ *ဒီကောင်လေးက သိုင်းပညာအနှစ်သာရတွေပါဝင်နေတဲ့ ဒီလက်သီးသိုင်းကို ဘယ်ကနေ သင်လာတာလဲ။ ငါတောင် တစ်ခါမှ မမြင်ဖူးဘူး။*

မည်သို့ပင်ဆိုစေ ဤလက်သီးသိုင်းမှာ တကယ်ကို စိတ်ဝင်စားစရာ ကောင်းပါသည်။ ၎င်း၏အဓိက အခြေခံဖြစ်သော နက်နဲသော အနှစ်သာရမှာ အမုန်းတရားဖြစ်ပင်။

ဤလက်သီးသိုင်းကို ဖန်တီးခဲ့သူက မည်သူ့အပေါ်တွင် ဤမျှထိနက်ရှိုင်းသောရန်ငြိုးများ ရှိနေသဖြင့် ဤကဲ့သို့သောအရာမျိုးကို ဖန်တီးခဲ့ရသနည်း။

စင်မြင့်ပေါ်တွင် ဆုရှင်းက စတင်၍အမုန်းတရားလက်သီးတိုက်ခိုက်မှုများကို ဆက်တိုက်ထုတ်လွှတ်လိုက်၏။

စွမ်းအားကွာဟချက်ကို သူ၏ပြင်းထန်သောသိုင်းပညာဖြင့် လုံးဝ အစားထိုးလိုက်တော့သည်။

All Chapters