← Chapters

အခန်း ၅၆

Vol. 6 Ch. 56

အခန်း ၅၆

Vol. 6 Ch. 56

အခန်း (၅၆) ဓားအိမ်ထဲကဓားက အကြောက်စရာအကောင်းဆုံးပဲ

လီကျုံးဟယ်၏လက်များမှာ ထုံကျင်ပြီး နာကျင်နေခဲ့၏။ သူ၏ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်တွင် အကန့်အသတ်များရှိပါသည်။

ထို့အပြင် ရွှေခေါင်းလောင်းအကာအကွယ်က ဓားကဲ့သို့သောလက်နက်များကို ကာကွယ်ရာတွင်ထိရောက်သော်လည်း၊ အမုန်းတရားလက်သီးကဲ့သို့သော ထူရှားသောလက်သီးသိုင်းများကိုတော့ ကာကွယ်ရာတွင်မူ သိပ်မထိရောက်ပေ။

နောက်ဆုတ်သွားပြီးနောက် လီကျုံးဟယ်၏လက်များက နေနှင့် လကိုပွေ့ဖက်ထားသည့်အလား လက်ဝါးရိုက်ချက်တစ်ခုထုတ်လွှတ်လိုက်ရာ၊တောင်တစ်လုံးကို ဖြိုခွဲလိုက်သကဲ့သို့ ခမ်းနားသော အရှိန်အဝါများ ထွက်ပေါ်လာခဲ့၏။

တာရွှိုက်ပိုင်လက်ဝါး

ထိုနေ့က မန်ချန်ဟယ်က ထျဲဝူချင်၏သံဘောလုံးကို တားဆီးရန် တာရွှိုက်ပိုင်လက်ဝါးကို အသုံးပြုခဲ့သည်။

သို့သော် ထိုအချိန်က ဆုရှင်းက အဝေးတွင်ရှိနေသဖြင့် ထူးရှားချက်ကိုမမြင်ခဲ့ရပေ။

ယခု ကိုယ်တိုင်မြင်တွေ့ရသောအခါ ရှောင်လင်ကျောင်းတော်၏အံ့ဖွယ်ခုနစ်ဆယ့်နှစ်ခုထဲမှ တစ်ခုဖြစ်သော တာရွှိုက်ပိုင်လက်ဝါးမှာ တကယ်ကို ထူးခြားကြောင်း သူသဘောပေါက်သွားခဲ့၏။

၎င်းကို ရှောင်လင်ကျောင်းတော်၏အံ့ဖွယ် ခုနစ်ဆယ့်နှစ်ခုထဲ စာရင်းသွင်းထားသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

တာရွှိုက်ပိုက်လက်ဝါး၏ လျှို့ဝှက်ချက်မှာ ပေါက်ကွဲခြင်းဟူသော စကားလုံးတွင် တည်ရှိသည်။

၎င်းကရိုးရှင်းသော ရိုက်ချက်တစ်ခုမဟုတ်ဘဲ ပေါက်ကွဲခြင်းစွမ်းအားဖြင့်လေထဲတွင် ပဲ့တက်ထပ်သွားခြင်းဖြစ်၏။

ဤစွမ်းအား၏ရုတ်တရက် ပေါက်ကွဲထွက်လာသောအားမှာ အံ့မခန်းပင်။

ဤသည်မှာ တာရွှိုက်ပိုင်လက်ဝါး၏ မပြည့်စုံသော သိုင်းကွက်များသာ ဖြစ်သေးသည်။ အကယ်၍ ၎င်းမှာ အစစ်အမှန်တာရွှိုက်ပိုင်လက်ဝါးသာ ဆိုပါက၊ နေနှင့် လတို့ကိုပွေ့ဖက်ပြီး လေဟာနယ်ပြိုကွဲသွားစေသည့်စွမ်းအားမှာ လီကျုံးဟယ်လက်ရှိ လှုပ်နိုင်စွမ်းထက်များစွာ သာလွန်ပေလိမ့်မည်။

(လေဟာပြိုကွဲတယ်ဆိုတာ လေထုတုန်ခါပြီးပေါက်ကွဲတာပါ)

ဆုရှင်း၏ခန့်မှန်းချက်အရ ဤမပြည့်စုံသော သိုင်းကွက်ဖြစ်သည့် တာရွှိုက်ပိုင်လက်ဝါး၏အဆင့်မှာ အနည်းဆုံးကြယ်နှစ်ပွင့်ခန့် ရှိလိမ့်မည်။ တာရွှိုက်ပိုင်လက်ဝါး၏ အပြည့်အစုံ ဗားရှင်းမှာ အနည်းဆုံးကြယ်နှစ်ပွင့်ခွဲသို့မဟုတ် ကြယ်သုံးပွင့်အထိ စွမ်းအားရှိနိုင်သည်။

လီကျုံးဟယ်က လေထဲမှ ရိုက်ခွဲချလိုက်ရာ ဆုရှင်းက ၎င်းကိုခုခံရန် သူ၏လက်များကို မြှောက်လိုက်၏။

*မုန်းတီးခြင်းလက်ဝါး။ ငါ့ရဲ့အမုန်းတရားတွေက အနက်ရှိုင်းဆုံးပဲ။*

သူတို့၏လက်ဝါးများ အချင်းချင်းရင်ဆိုင်မိသောအခါ ပြင်းထန်သောစွမ်းအားကြောင့် သူတို့ နှစ်ဦးစလုံး နောက်သို့ တစ်လှမ်းဆုတ်သွားရသည်။

လီကျုံးဟယ်က သန်မာသလို မုန်းတီးခြင်းလက်ဝါးမှာလည်း စွမ်းအားကြီးမား၏။ ဤထိပ်တိုက်တွေ့ဆုံမှုတွင် သူတို့နှစ်ဦးမှာအင်အားချင်း မျှတနေသည်။

သို့သော် ထိုအချိန်တွင် ပရိသတ်ထဲရှိ ထျဲဝူချင်၏နှုတ်ခမ်းများတွင် အပြုံးလေးတစ်ခု ပေါ်လာခဲ့၏။ "လီကျုံးဟယ် ရှုံးတော့မယ်။"

ထိုနေရာတွင် ရှိနေသော ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်များမှာ အနည်းငယ်ဇဝေဇဝါဖြစ်သွားကြသည်။ အခြေအနေက အင်အားချင်းမျှတနေသည်မှာ ရှင်းလင်းနေသော်လည်း လီကျုံးဟယ်က အဘယ်ကြောင့်ရှုံးနိမ့်ရမည်နည်း။

တစ်ခုခုမှားနေသည်ကို သတိပြုမိသူများမှာတော့ အံ့အားသင့်သွားကြပြီး မန်ချန်ဟယ်၏မျက်နှာမှာလည်း အိုးမည်းသုတ်ထားသကဲ့သို့ မည်းမှောင်သွားသည်။

လီကျုံးဟယ်က သူ၏သတ္တိများ ဆုံးရှုံးသွားပြီဖြစ်သဖြင့် အမှန်တကယ်ရှုံးနိမ့်ပါတော့မည်။

ပထမအကြိမ်တွင် ပေါက်ကွဲသကဲ့သို့အပြင်းအထန်တိုက်ခိုက်ခဲ့သော်လည်း ဒုတိယအကြိမ်တွင်တော့ အနည်းငယ်အားလျော့ကျသွားပြီး တတိယ အကြိမ်တွင် ကုန်ဆုံးသွားလိမ့်မည်။

လီကျုံးဟယ်က ဖြစ်နိုင်သမျှနည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် ဆုရှင်းကို ဘာမှမလုပ်နိုင်ခဲ့သဖြင့် သူ၏နှလုံးသားမှာ ကြောက်ရွံ့မှုများဖြင့် တုန်ယင်နေခဲ့၏။

ဆုရှင်းက ဘယ်ဘက်လက်တွင် အမုန်းတရားလက်သီး နှင့် ညာဘက်လက်တွင် မုန်းတီးခြင်းလက်ဝါးဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရာ သူ၏ပြင်းထန်သော လက်သီးလက်ဝါးချက်များက လီကျုံးဟယ်ကို ထောင့်ပိတ်သွားစေသည်။

သို့သော် လီကျုံးဟယ်က ဘေးဘီဝဲယာသို့ ကြည့်ကာ တာရွှိုက်ပိုင်လက်ဝါးကို အကြိမ်ကြိမ် အသုံးပြုရန် ကြိုးစားခဲ့သော်လည်း ၎င်းတို့မှာစိတ်အားထက်သန်မှုမရှိရာ ဆုရှင်း၏အကာအကွယ်ကို မချိုးဖျက်နိုင်ခဲ့ပေ။

လီကျုံးဟယ်၏အပြုအမူကို မြင်သောအခါ ပရိသတ်များက လှောင်ပြောင်ကြလေ၏။

*ခုနကတော့ အရမ်းကိုကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်နေတာမလား။ အခု ဘာလို့ ကြောက်သွားတာလဲ။ မင်းရှုံးတာကိစ္စမရှိဘူး ဒါပေမဲ့ ငါတို့ ပိုက်ဆံတွေရှုံးအောင်လုပ်ရင်တော့ မကောင်းဘူးနော်။*

သူတို့က လီကျုံးဟယ်မဟုတ်ကြသဖြင့် လီကျုံးဟယ်၏လက်ရှိ အကျပ်အတည်းကို သူတို့မသိကြပေ။

သူအစွမ်းကုန် မတိုက်ခိုက်ချင်၍မဟုတ်ဘဲ ဆုရှင်း၏ဓားကို သတိထားနေရသောကြောင့်ပင်။

ဓားအိမ်ထဲတွင် ဖုံးကွယ်ထားသောဓားက ဆွဲထုတ်ထားသော ဓားထက်အမြဲတစေ ပို၍ခြိမ်းခြောက်နိုင်စွမ်း ရှိ၏။

အစပိုင်းတွင် ဆုရှင်း၏ဓားကို တိုက်ရိုက်ကာကွယ်ရန် ရွှေခေါင်းလောင်းအကာအကွယ်ကို အသုံးပြုရဲခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ဆုရှင်း၏ခွန်အားဖြင့် ဓားမှာ မည်မျှပင်မြန်ဆန်နေပါစေ သူ၏ကာကွယ်မှုကို ထိုးဖောက်နိုင်မည် မဟုတ်ကြောင်း သူ သိသောကြောင့်ဖြစ်သည်။

သို့သော် ဤတိုက်ပွဲအကြိမ်အနည်းငယ်အကြာတွင် ဆုရှင်းက သူ၏အားနည်းချက်ကို အတော်လေး သိရှိသွားလေပြီ။

ဤလောကတွင်ရှိသည့် သိုင်းပညာတိုင်းမှာ အားနည်းချက်များကိုယ်စီရှိပါသည်။ အထူးသဖြင့် ရွှေခေါင်းလောင်းအကာအကွယ်ကဲ့သို့ အဆင့်နိမ့် ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဉ်မျိုးတွင် ပို၍အားနည်းချက်များရှိတတ်၏။

ရွှေခေါင်းလောင်းအကာအကွယ်က အမြင့်ဆုံးအဆင့်သို့ ရောက်သောအခါ အားနည်းချက် နည်းပါးကောင်းနည်းပါးနိုင်သော်လည်း လီကျုံးဟယ်၏လက်ရှိ ကျင့်ကြံခြင်းဖြင့် သူ့တွင် အားနည်းချက်ဆယ်ခုကျော်ရှိနေ၏။ ဆုရှင်းက သူတို့ထဲမှတစ်ခုကို တိုက်ခိုက်ပြီး သူ၏ရွှေခေါင်းလောင်းအကာအကွယ်ကို ထိုးဖောက်နိုင်ပါက သူရှုံးနိမ့်ရန်နီးစပ်သွားပေလိမ့်မည်။

*ညာဘက်လက်လား။ ဘယ်ဘက်လက်လား။ ဆုရှင်း ဘယ်ဘက်ကနေ တိုက်ခိုက်မလဲ။ *

လီကျုံးဟယ်က ဆုရှင်း၏ဓားကိုမည်သို့ ကာကွယ်ရမည်ကို တစ်ဝက်ခန့်အာရုံစိုက်နေသဖြင့် သူ၏စိတ်များ အာရုံလွင့်ပါးသွားလေသည်။

အခွင့်အရေးမှာ မျက်စိတစ်မှိတ်အတွင်းသာ ရောက်လာတတ်၏။ ဆုရှင်း၏ဘယ်ဘက်လက်က ဓားအိမ်ကိုထိလိုက်ရာ လီကျုံးဟယ်၏မျက်လုံးများ လင်းလက်သွားသည်။

သူပ သူ၏တာရွှိုက်ပိုင်လက်ဝါး၏စွမ်းအားကို ထုတ်လွှတ်ကာ ဆုရှင်း၏ဘယ်ဘက်လက်ကို တိုက်ရိုက်ရိုက်ချလိုက်၏။

"စွပ်"

တိုးညင်းသောအသံတစ်ခုနှင့်အတူ ဓားသွားက သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့၏။ လီကျုံးဟယ်က သူ၏ဝမ်းဗိုက်အောက်ပိုင်းတွင် စိုက်ဝင်သွားသော ဓားကို ထိတ်လန့်စွာစိုက်ကြည့်နေမိသည်။

ဓားကိုင်ထားသော လက်မှာ ၎င်း၏ညာဘက်လက် ပင်။ ထိုသို့ဆိုလျှင် ၎င်း၏ဘယ်ဘက်လက်တွင် ဘာကိုင်ထားသနည်း။

ဆုရှင်းက လက်ဝါးရိုက်ချက်၏စွမ်းအားကြောင့် နှစ်ပိုင်းကွဲသွားသော ဓားအိမ်ကိုပစ်ချလိုက်ပါသည်။

အတွင်းအားဖြင့် ထိန်းချုပ်ခံထားရသော ဓားက လီကျုံးဟယ်၏ဝမ်းဗိုက်အတွင်းလှုပ်ခတ်သွားရာ သူ၏မလိုလားသော အကြည့်များမှာ တဖြည်းဖြည်းမှေးမှိန်သွားလေတော့သည်။

ဆုရှင်းက ဓားသွယ်ကိုဆွဲထုတ်လိုက်ပြီး ထျဲဝူချင်ကို ဦးညွှတ်ကာ စင်မြင့်ပေါ်မှဆင်းလာခဲ့၏။

ထျဲဝူချင်က မန်ချန်ဟယ်ဘက်သို့ လှည့်ကာ ပြုံးပြီး ပြောလိုက်သည်။ "အဖွဲ့ခေါင်းဆောင်မန် အသေအကြေတိုက်ပွဲပြီးသွားပြီ။ ရန်ငြိုးတွေလည်း ပြေလည်သွားပြီ။ ခင်ဗျားဘာပြောစရာ ရှိသေးလဲ။"

"ဘန်း။"

မန်ချန်ဟယ်က သူ၏အနောက်ရှိ ကုလားထိုင်ကို ခြေထောက်ဖြင့် ကန်ချလိုက်ပြီး လှည့်ထွက်သွားတော့သည်။

နင်လော့ကျွင်းက ထျဲဝူချင်ကို လက်ယှက်နှုတ်ဆက်ကာ ပြောလိုက်၏။ "ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့ ရဲမက်ခေါင်းဆောင်ကြီးထျဲ။ ကျွန်တော့် အစ်ကိုကြီးက စိတ်အခြေအနေမကောင်းလို့ နည်းနည်း ဒေါသထွက်သွားတာပါ။"

"ဟဲဟဲ...ငါ နားလည်နိုင်ပါတယ်။"

သေခြင်းရှင်ခြင်းတိုက်ပွဲ ပြီးဆုံးသွားပြီးနောက် ဤနေရာတွင် ရှိနေသူတိုင်း၏မျက်နှာတွင် မတူညီသောအမူအရာများ ရှိနေကြသည်။

ဆုရှင်း၏အောင်ပွဲမှာ ရိုးသားစွာပြောရလျှင် သူတို့ မျှော်လင့်ထားသည်ထက် အနည်းငယ်ကျော်လွန်နေ၏။

လောင်းကစားရုံတွင် ဆုရှင်းအနိုင်ရမည်ဟု လောင်းကြေးထပ်ထားသူများပင်လျှင် ဆုရှင်းက လီကျုံးဟယ်ကို တကယ်အနိုင်ယူနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

မန်ချန်ဟယ်၏အသန်မာဆုံး တပည့် တစ်ဦးအနေဖြင့် လီကျုံးဟယ်က သူရဲကောင်းသုံးဖော်အသင်းတစ်ခုလုံးတွင် ထိပ်တန်း ဆယ်ဦးစာရင်းဝင်ဖြစ်ပြီး ချန်နင်စီရင်စုတွင် နာမည်ကြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သို့သော် သူက လူတိုင်း၏ မျက်စိရှေ့တွင် ဆုရှင်း၏လက်ချက်ဖြင့် ဤနေရာတွင်သေဆုံးသွားခဲ့ရ၏။

အာဏာရရှိရန်အတွက် အမြန်ဆုံးနည်းလမ်းမှာ ကိုယ့်ခြေအောက်တွင် အခြားသူများ၏အလောင်းများကိုနင်းဖြတ်သွားရမည်ဆိုသည်အား ဆုရှင်းက ပြီးပြည့်စုံစွာ သရုပ်ပြနေသည်။

ယနေ့မှစ၍ ချန်နင်စီရင်စု တစ်ခုလုံးက ဆုရှင်း၏ရက်စက်သောဓားသွယ် နှင့် ပြိုင်ဘက်ကင်းသောလက်သီးသိုင်းများကို မှတ်မိနေပါတော့မည်။

လီကျုံးဟယ်အတွက်တော့ စိတ်မကောင်းစရာပင်။ သေသွားသည့် လူတစ်ယောက်က သူတို့၏မှတ်သားမှုကို ခံရလောက်အောင် မထိုက်တန်ပေ။

ဆုရှင်း သူ၏လူများထံ ပြန်ရောက်လာသောအခါ ဟွမ်ပင်းချန်နှင့် သူ၏အဖွဲ့က အောင်ပွဲခံရန်ကြိုးစားကြသော်လည်း ဆုရှင်းက သူတို့ကိုတားဆီးလိုက်သည်။

သူက ဤသေခြင်းရှင်ခြင်းတိုက်ပွဲတွင် အနိုင်ရခဲ့သော်လည်း အလွန်အမင်းထင်ပေါ်ကျော်ကြားခြင်းက မကောင်းပေ။ အကယ်၍ သူအောင်ပွဲခံချင်ပါက ယုံလဲ့ရပ်ကွက်သို့ပြန်ရောက်သောအခါ ထိုသို့ ပြုလုပ်ရန် အခွင့်အရေးများစွာရှိပါသည်။

သူ၏လူများနှင့်အတူ ခန်းမသို့ပြန်ရောက်ပြီးနောက် ဆုရှင်းက ယခုမှစ၍ သူတို့၏လစဉ်ကြေးများကို နှစ်ဆတိုးပေးမည်ဖြစ်ပြီး တစ်ဦးလျှင် လစဉ် ဆုကြေးငွေ ငွေတစ်ရာရရှိမည်ဖြစ်ကြောင်း လူတိုင်းကို ချက်ချင်း အသိပေးလိုက်၏။

ဤလုပ်ရပ်ကြောင့် ဂိုဏ်းဝင်များ အားလုံး ချက်ချင်း ဝမ်းသာအားရဖြစ်သွားကြပြီး သူတို့ အမှန်တကယ် ရွေးချယ်မှုမှန်ကန်ခဲ့ကြောင်း သိရှိသွားကြတော့သည်။

ဆုရှင်း၏နယ်မြေက မသေးငယ်သည်မှာ သေချာပါသည်။ အနာဂတ်တွင် နယ်မြေပိုကျယ်ပြန့်လာသောအခါ သူတို့အားလုံးရာထူးတိုးခံရမည်။ သို့မဟုတ် အနည်းဆုံးတော့ ခေါင်းဆောင်ငယ်တစ်ဦး ဖြစ်လာကြပါလိမ့်မည်။

ယခင်က ထွက်သွားသူများကတော့ ဆုရှင်း၏အဖွဲ့ထဲသို့ပြန်လည်ဝင်ရောက်ရန် အခွင့်အရေး နောက်ထပ်ရရှိတော့မည် မဟုတ်ပေ။

သူ၏ လက်အောက်ငယ်သားများကို ဆုချီးမြှင့်ပြီးနောက် ဆုရှင်းက ဟွမ်ပင်းချန်နှင့် လီဟွိုင်တို့ကို ခေါ်ယူကာ ပင်မဌာချုပ်သို့ သူနှင့်အတူ လိုက်ခဲ့ရန် တောင်းဆိုလိုက်၏။

ဟွမ်ပင်းချန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။ "ဘာလို့ ပင်မဌာနချုပ်ကို သွားရမှာလဲ။ ဂိုဏ်းချုပ်က အခု ငါတို့ကိုတွေ့ချင်မှာ မဟုတ်ဘူး။"

"သူက ငါ့ကိုမတွေ့ချင်ပေမဲ့ ငါကတော့ သူ့ကိုတွေ့ချင်တယ်။ ဂိုဏ်းချုပ်က ငါ့ကိုတစ်ခုခုပေးစရာ ရှိသေးတယ်။"

ဆုရှင်းက ဟွမ်ပင်းချန်ကို ဆက်လက်ရှင်းပြပြီးနောက် ထိုနှစ်ဦးကို ပင်မခန်းမသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့သည်။

ဆုရှင်း ရောက်လာသည်ကို မြင်သောအခါ တံခါးဝရှိ စစ်ရေးခန်းမအဖွဲ့ဝင်နှစ်ဦးက ဆုရှင်းကို ချက်ချင်း လေးစားစွာ ဦးညွှတ်လိုက်ကြ၏။ "ခေါင်းဆောင်ဆု ကို နှုတ်ဆက်ပါတယ်။"

စစ်ရေးခန်းမတပည့်များက အမြဲတစေသန်မာသူများကိုသာ လေးစားကြသည်။ ဆုရှင်းက သူရဲကောင်းသုံးဖော်အသင်း၏ လူငယ်အဖွဲ့ခေါင်းဆောင်ကို သတ်လိုက်ခြင်းမှာ မန်ချန်ဟယ်၏ မျက်နှာကို ခြေထောက်အောက်တွင် နင်းချေလိုက်သကဲ့သို့ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ထို့အပြင် သူ မသေရုံသာမက သူရဲကောင်းသုံးဖော်အသင်းတွင် နာမည်ကြီးသော လီကျုံးဟယ်ကိုပါ သေခြင်းရှင်ခြင်းစင်မြင့်ပေါ်တွင် သတ်ပစ်လိုက်သေး၏။ ချန်နင်စီရင်စု တစ်ခုလုံးတွင် ဤကဲ့သို့သော မှတ်တမ်းမျိုးရှိသူ ဘယ်နှစ်ယောက်များ ရှိမည်နည်း။

"ဂိုဏ်းချုပ်ကိုတွေ့ဖို့ ငါတို့ကို ခေါ်သွားပေးပါ။"

ဂိုဏ်းဝင်မှာ ခဏမျှတုံ့ဆိုင်းသွားသော်လည်း ဆုရှင်းကို ပင်မခန်းမထဲသို့ ခေါ်ဆောင်သွားခဲ့သည်။

အကယ်၍ အခြားတစ်ယောက်ယောက်သာ ဖြစ်မည်ဆိုပါက၊ ခေါင်းဆောင်ကြီးတစ်ဦးက ဂိုဏ်းချုပ်ကိုတွေ့ရန် ပင်မဌာနချုပ်သို့ လာလျှင်ပင် သူတို့သတင်းပို့ရပါဦးမည်။

သို့သော် သူတို့ရှေ့ရှိ လူမှာ လင်းယုန်ပျံဂိုဏ်း၏ အဖွဲ့ဝင် အားလုံးနီးပါးက သူရဲကောင်း တစ်ဦးအဖြစ် သတ်မှတ်ထားသော ဆုရှင်း ဖြစ်နေသည်။

သူ့ကို မည်သူက တားရဲမည်နည်း။

ပင်မခန်းမအတွင်းတွင် ရှားဖေးယင်း၊ တုန်းချန်ဝူနှင့် အခြားခန်းမသခင်နှစ်ဦးမှာ တိတ်ဆိတ်နေကြ၏။ ယနေ့ အဖြစ်အပျက်များက သူတို့အပေါ် ကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့သည်။

ဆုရှင်းသာ သေသွားပါက အဆင်ပြေပေမည်။ သူတို့သည် ဆုရှင်း၏အာဏာနှင့် နယ်မြေကို တရားဝင် သိမ်းပိုက်နိုင်ပါလိမ့်မည်။

ထို့အပြင် အသေအကြေစင်မြင့်အပြီးတွင် ရန်ငြိုးများ အားလုံး ပြေလည်သွားမည်ဖြစ်ပြီး သူရဲကောင်းသုံးဖော်အသင်း က သူတို့ကို လာနှောင့်ယှက်မည် မဟုတ်ကြောင်း ထျဲဝူချင်က ပြောခဲ့သည်။

သို့သော် အဓိကအချက်မှာ ယခု ဆုရှင်း မသေရုံသာမက လီကျုံးဟယ်ကို မျှတစွာအနိုင်ယူခဲ့ခြင်းကြောင့် လင်းယုန်ပျံဂိုဏ်းတွင် ဆုရှင်း၏ဂုဏ်သတင်းမှာ လွန်စွာမြင့်မားလာခဲ့၏။

ရှားဖေးယင်းက သူ့၏ဂိုဏ်းဝင်များ ဆုရှင်းကို လေးစားစွာကြည့်နေသည့် အကြည့်များကိုပင် ခံစားနေရသည်။

အမှန်တော့ ထိုအကြောင်းစဉ်းစားကြည့်လျှင် ဤအရာက အတော်လေးပုံမှန်ဖြစ်၏။ ဂိုဏ်းတစ်ခု၏အင်အားက ပြင်ပခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရချိန်တွင် ၎င်း၏အခြေခံအုတ်မြစ်ကို ပေါ်လွင်စေလိမ့်မည်။

သူရဲကောင်းသုံးဖော်အသင်း၏ အဖွဲ့ဝင်များကလည်း ထိုကဲ့သို့ပင်။ အဆင့်နိမ့်အဖွဲ့ဝင် တစ်ဦးပင်လျှင် လင်းယုန်ပျံဂိုဏ်းနှင့် မိုးပြာဝါးဂိုဏ်း ကဲ့သို့ အောက်ခြေအဆင့် ဂိုဏ်းများ၏ခေါင်းဆောင်များကို အလေးအနက် မထားကြပေ။

မူလ လင်းယုန်ပျံဂိုဏ်း ခေါင်းဆောင် အများစုမှာ အသက်ကြီးပြီဖြစ်ပြီး သတိထားကာလှုပ်ရှားလိုကြသဖြင့် လင်းယုန်ပျံဂိုဏ်းဝင်များကို အလွန် သတ္တိနည်းစေခဲ့သည်။

ယခု ဆုရှင်းပေါ်ထွက်လာပြီဖြစ်ပြီး ချန်နင်စီရင်စု တစ်ခုလုံးတွင် နာမည်ကြီးသော ပုဂ္ဂိုလ်တစ်ဦးဟု ဆိုနိုင်သည်။

ဤမျှမြင့်မားသော ဂုဏ်သတင်းဖြင့် ဆုရှင်းက လင်းယုန်ပျံဂိုဏ်းကို တည်ထောင်သူ ရှားဖေးယင်း၏အဆင့်သို့ပင် ချဉ်းကပ်လာနေပြီ ဖြစ်သည်။

သူ မည်ကဲ့သို့ စိတ်အေးလက်အေး နေနိုင်မည်နည်း။

တုန်းချန်ဝူနှင့် သူ၏အဖွဲ့မှာလည်း အလားတူပင်။ မည်သို့ပင်ဆိုစေ သူတို့အားလုံးက ဆုရှင်းကို သူရဲကောင်းသုံးဖော်အသင်းထံ လွှဲပြောင်းပေးရန် ရွေးချယ်ခဲ့ကြပြီး တုန်းချန်ဝူ ကိုယ်တိုင်ပင် လှုပ်ရှားခဲ့သေး၏။

ဤရန်ငြိုးမှာ အတော်လေးကြီးလေးလာပြီဖြစ်သည်။

ထိုအချိန်မှာပင် ခန်းမ၏အတွင်းတံခါးပွင့်သွားပြီး ဆုရှင်းက ဟွမ်ပင်းချန်၊ လီဟွိုင်တို့နှင့်အတူ ဝင်လာခဲ့သည်။

"မင်းတို့ ဘာလို့ဒီရောက်နေတာလဲ။" တုန်းချန်ဝူက လမ်းပြလာသောဂိုဏ်းဝင်ကို စိုက်ကြည့်လိုက်၏။

*မင်းက စည်းမျဉ်းတွေကိုတောင် အလေးနက်မထားတော့ပါလား။ လူတွေကို မခေါ်လာခင် သူရောက်လာတယ်ဆိုတာကိုတောင် သတင်းမပို့ဘူး။*

ဆုရှင်းက ကုလားထိုင်တွင် ယုံကြည်မှုရှိစွာ ထိုင်လိုက်ပြီးဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည်။ "ဘာလို့ မလာရမှာလဲ။ ကျုပ်က လင်းယုန်ပျံဂိုဏ်းရဲ့ခေါင်းဆောင်ကြီး တစ်ယောက်လေ။ ဘာလို့ ဌာနချုပ်ကိုတောင်လာလို့ မရရမှာလဲ။"

စွမ်းရည်ကသာ သဘောထားကို ဆုံးဖြတ်သည်။

ယခင်က ဟောက်ထျန်းအစောပိုင်းအဆင့်တွင် ဆုရှင်းက ရှားဖေးယင်းအပေါ်သတိထားပြီး လေးစားမှုထားရန်သာတတ်နိုင်ခဲ့ပြီး ဂိုဏ်းချုပ်ဘာတွေးနေသနည်းဆိုတာကို သတိထားကာ အကဲခတ်နေခဲ့ရ၏။

သူက ယခုဟောက်ထျန်းအလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး လီကျုံးဟယ်ကို သတ်လိုက်သောအရှိန်အဟုန်နှင့် သူ၏အာဏာ အထွတ်အထိပ်သို့ရောက်ရှိလာကာ ဟောက်ထျန်းအထွတ်အထိပ်ခွန်အားရှိသော ရှားဖေးယင်းကိုပင် မကြောက်တော့ချေ။

အကယ်၍ ဆုရှင်းသာ ယခင်က ဤကဲ့သို့ပြုမူခဲ့ပါက တုန်းချန်ဝူ ဒေါသထွက်ပြီးစည်းမျဉ်းများကို နားမလည်ဟု ဆူပူနေလောက်လေပြီ။

တုန်းချန်ဝူက အေးစက်စွာနှာခေါင်းရှုံ့လိုက်ရုံသာ ပြုလုပ်ပြီးနောက် တိတ်ဆိတ်သွားတော့သည်။

"ဆုရှင်း စကားကို၏လှည့်ပတ်မပြောကြရအောင်။ မင်း တကယ်တမ်းဘာလိုချင်တာလဲ။" အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက် ရှားဖေးယင်း ရုတ်တရက် စကားပြောလာခဲ့၏။

ဆုရှင်း မတ်မတ်ထိုင်လိုက်သည်။ "ရိုးရှင်းပါတယ်။ ကျွန်တော့်ရဲ့လက်ရှိ အဆင့်အတန်းနဲ့ကိုက်ညီတဲ့ ရာထူးတစ်ခုလိုချင်တယ်။ ကျွန်တော် လင်းယုန်ပျံဂိုဏ်းရဲ့စတုတ္ထမြောက် ခန်းမသခင်ဖြစ်ချင်တယ်။"

"မဖြစ်နိုင်ဘူး။"

ရှားဖေးယင်းနှင့် အခြားသုံးဦးက တစ်ပြိုင်နက်တည်းစကားပြောလိုက်ပြီး ပြင်းပြင်းထန်ထန်ငြင်းဆိုလိုက်ကြ၏။

ခန်းမသခင်များက လင်းယုန်ပျံဂိုဏ်း၏ဒုဂိုဏ်းချုပ်အဆင့်တွင်ရှိနေရာ ခန်းမသခင်သုံးဦးမှာ လုံလောက်သည်ထက်ပိုနေပြီဖြစ်သည်။

ရှားဖေးယင်းက ဤလူသုံးဦးကိုအားနည်းစေရန် ကြိုးစားနေပြီဖြစ်ပြီး ယခုဂိုဏ်းတွင်း ဂုဏ်သတင်း အထွတ်အထိပ်သို့ ရောက်နေသော ဆုရှင်းကပါ နေရာထပ်ယူချင်နေပြန်သည်။

သူ ဤအရာကို မည်သို့သဘောတူနိုင်မည်နည်း။

တုန်းချန်ဝူနှင့် အခြားသူများအတွက်မူ ငြင်းဆိုရန် ပို၍ပင် သဘာဝကျပါသည်။ သူတို့က လင်းယုန်ပျံဂိုဏ်းရှိအာဏာအားလုံးကို ခွဲဝေယူထားပြီး ဖြစ်သည်။ ဆုရှင်းသာ ခေါင်းဆောင်ဖြစ်လာပါက သူမည်သည့်အပိုင်းကို တာဝန်ယူမည်နည်း။

ဆုရှင်းက မည်သည့်အပိုင်းကို ထိန်းချုပ်ချင်သည်ဖြစ်စေ သူတို့လက်ထဲမှအာဏာကို သူ သေချာပေါက် ခွဲဝေယူရလိမ့်မည်။

All Chapters