အခန်း ၅၈
Vol. 6 Ch. 58
အခန်း (၅၈) ခရမ်းရောင်တိမ်တိုက်နတ်ကျင့်စဉ်
"ဂုဏ်ယူပါတယ် လက်ခံသူ။ ပင်မမစ်ရှင် - အာဏာရှင်တစ်ဦး၏ အမူအကျင့် (အပိုင်း ၂) ကို ပြီးမြောက်အောင်မြင်ခဲ့သည်။ မစ်ရှင်ဆုလတ်ကတော့ ခရမ်းရောင်တိမ်တိုက်နတ်ကျင့်စဉ် - အလုံးစုံအဆင့်သတ်မှတ်ချက် ကြယ် ၂.၅ ပွင့် ၊ ဗီလိန်အမှတ် ၈၀၀ နဲ့ အလယ်အလတ်အဆင့် မဲဖောက်ခွင့် နှစ်ကြိမ်တို့ ဖြစ်ပါတယ်။"
သူ့လက်ထဲရှိ လျှို့ဝှက်ကျမ်းစာအုပ်ကို ကြည့်ရင်း ဆုရှင်း၏မျက်လုံးများ လင်းလက်သွားခဲ့၏။ ဤခရမ်းရောင်တိမ်တိုက်နတ်ကျင့်စဉ်ဖြင့် သူ၏တစ်ခုတည်းသောအားနည်းချက်ကို ကျော်လွှားနိုင်ပြီ ဖြစ်သည်။
ခရမ်းရောင်တိမ်တိုက်နတ်ကျင့်စဉ်ကို ဖွင့်လိုက်သည်နှင့် ဆုရှင်းက စနစ်၏ ၅% ကျွမ်းကျင်မှု ဆုကြေးကြောင့် သူကျင့်ကြံထားသော မူလချီက ခရမ်းရောင်တိမ်တိုက်နတ်ကျင့်စဉ်မှ ဖြစ်ပေါ်လာသော မူလချီအဖြစ်သို့ လျင်မြန်စွာပြောင်းလဲသွားခဲ့သည်ကို ချက်ချင်းခံစားလိုက်ရ၏။
ဆုရှင်း၏မျက်နှာပေါ်တွင် ခရမ်းရောင် အရိပ်တစ်ခုချက်ချင်းပေါ်လာပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ မူလချီ၏လည်ပတ်မှု အမြန်နှုန်းမှာ ဆယ်ဆထက်မကတိုးလာလေသည်။
အတွင်းအားကျွမ်းကျင်မှုက သိုင်းပညာကျွမ်းကျင်မှုထက်များစွာစုဆောင်းရ ပိုမိုလွယ်ကူသည်။ နေ့စဉ် တရားထိုင်ခြင်းကျင့်ကြံခြင်းဖြင့်ကျွမ်းကျင်မှုမှာ သဘာဝကျကျ တိုးလာလိမ့်မည်။
ဆုရှင်း၏ချွမ်ကျန်းဂိုဏ်းအခြေခံအတွင်းအား ကျွမ်းကျင်မှုမှာ ၁၀၀%သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော် ချွမ်ကျန်း ဂိုဏ်း အခြေခံ အတွင်းအား ၁၀၀% ကျွမ်းကျင်မှုမှ ထုတ်လွတ်သော မူလချီက ခရမ်းရောင်တိမ်တိုက်နတ်ကျင့်စဉ် ၅% ကျွမ်းကျင်မှုမှ ထုတ်လွတ်သော မူလချီနှင့် ယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။
အကယ်၍ ဆုရှင်းက ခရမ်းရောင်တိမ်တိုက်နတ်ကျင့်စဉ်၏ပြည့်ပြည့်စုံသောစွမ်းအားကို ယခု ထုတ်လွှတ်လိုက်ပါက လီကျုံးဟယ်၏အားနည်းချက်ကို မပစ်မှတ်ထားလျှင်ပင် လီကျုံးဟယ်၏ရွှေခေါင်းလောင်းအကာအကွယ်ကို ဖောက်ထွင်းနိုင်ပါလိမ့်မည်။
ကြယ်နှစ်ပွင့်ခွဲ အတွင်းအား နှင့် ကြယ်တစ်ပိုင်း အတွင်းအားတို့ကြား ကွာခြားချက်မှာ နေ့နှင့် ညကဲ့သို့ပင်။
ထို့အပြင် ဆုရှင်းက ခရမ်းရောင်တိမ်တိုက်နတ်ကျင့်စဉ်တစ်ခုလုံးကို ဖတ်ပြီးနောက် ခရမ်းရောင်တိမ်တိုက်နတ်ကျင့်စဉ်၏လျှို့ဝှက်ဂုဏ်သတ္တိ တစ်ခုကို တွေ့ရှိခဲ့၏။ ၎င်းမှာ မျိုးကွဲမူလချီကိုပျက်ပြယ်စေနိုင်ခြင်းပင်။
ခရမ်းရောင်တိမ်တိုက်နတ်ကျင့်စဉ်က အမှန်တကယ်တွင် အလွန်အဆင့်မြင့်သည်တော့ မဟုတ်ပေ။ ၎င်း၏ကြယ်နှစ်ပွင့်ခွဲ အလုံးစုံအဆင့်သတ်မှတ်ချက်မှာ စနစ်၏မရေမတွက်နိုင်သော ကျင့်စဉ်များထဲတွင် သာမန်မျှသာဖြစ်သည်။
မူရင်းလက်ရာတွင် ခရမ်းရောင်တိမ်တိုက်နတ်ကျင့်စဉ်က သေးငယ်သောအရာတစ်ခုမျှသာဖြစ်ပြီး နေကြာသိုင်းကျမ်း ၊ မိစ္ဆာနှိမ်နှင်းရေးဓားသိုင်း ကျမ်း နှင့် တုကူးဓားကိုးကွက်ကဲသို့သော စွမ်းအားကြီးမားသည့်ကျင့်စဉ်များထက်များစွာ နိမ့်ကျပါသည်။
သို့သော် ခရမ်းရောင်တိမ်တိုက်နတ်ကျင့်စဉ်တွင် အခြားကျင့်စဉ်များထက် အားသာချက်တစ်ခုရှိသည်။ ၎င်းမှာ မျိုးကွဲမူလချီကို ပျက်ပြယ်စေနိုင်ခြင်းပင်။
သိုင်းလောကစိန်ခေါ်သံဇာတ်လမ်းထဲတွင် လင်ဟူးချုံးက သူ၏ခန္ဓာကိုယ်အတွင်းရှိ မျိုးကွဲမူလချီကြောင့် တစ်ခါကဒုက္ခရောက်ခဲ့ဖူးသည်။ လင်ဟူးချုံးသာ ခရမ်းရောင်တိမ်တိုက်နတ်ကျင့်စဉ်ကို အနည်းငယ်သင်ယူခဲ့ပါက သူ၏ခန္ဓာကိုယ်အတွင်းရှိ မျိုးကွဲမူလချီကို ကိုယ်တိုင်ဖြေရှင်းနိုင်လိမ့်မည်ဟု ယွဲ့ပုချွင် က တစ်ခါက ပြောခဲ့ဖူး၏။
(မျိုးကွဲမူလချီဆို အခြားသူတွေရဲ့ မူလချီကိုဆိုလိုချင်တာဖြစ်ပါမယ်)
ထို့အပြင် စုန့်တောင်ပေါ်ရှိ ဓားတိုက်ပွဲအတွင်း ယွဲ့ပုချွင်က ကျိုလန်ချန်းထံမှ ရေခဲလက်ဝါးရိုက်ချက် သုံးချက်ကို အမူအရာမပျက်ခုခံနိုင်ခဲ့ဖူးပြီး မျိုးကွဲမူလချီကို တန်ပြန်ရာတွင် ခရမ်းရောင်တိမ်တိုက်နတ်ကျင့်စဉ်၏ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပြသခဲ့သည်။
ဗီလိန်စနစ်ကိုပိုင်ဆိုင်ထားသဖြင့် ဆုရှင်းက တစ်ခုထက်မကသော အတွင်းအားများကို သင်ယူရန် ဖန်တီးခံထားရသူဖြစ်သည်။
အကယ်၍ အခြေအနေများပုံမှန်အတိုင်းဖြစ်ပါက ဆုရှင်းက ကျင့်ကြံရန်တူညီသောဂုဏ်သတ္တိများရှိသည့် အတွင်းအားတစ်ခု သို့မဟုတ် အနည်းငယ်ကိုသာ ရွေးချယ်နိုင်ပေလိမ့်မည်။
အကယ်၍ ဆန့်ကျင်ဘက်ဂုဏ်သတ္တိရှိသော အတွင်းအားတစ်ခု ထွက်ပေါ်လာပါက ဆုရှင်းကပို၍အားနည်းသော အတွင်းအားကို စွန့်လွှတ်ကာ ပို၍သန်မာသောအတွင်းအားကို ရွေးချယ်ရန်သာ တတ်နိုင်လိမ့်မည်။
သို့သော် ခရမ်းရောင်တိမ်တိုက်နတ်ကျင့်စဉ် နှင့်ဆိုလျှင် အရာရာကကွာခြားသွားလေပြီ။ ၎င်းတွင် မျိုးကွဲမူလချီကို ပျက်ပြယ်စေနိုင်သော စွမ်းအားကြီးမားသည့် စွမ်းရည်ရှိပြီး ဆုရှင်း၏ခန္ဓာကိုယ်အတွင်း ပေါင်းစပ်ခြင်းကြားခံအဖြစ် လုပ်ဆောင်ပေးနိုင်ကာ မျိုးကွဲမူလချီများနှင့် ပဋိပက္ခများ မဖြစ်စေရန် တားဆီးပေးနိုင်သည်။
ဤအကြောင်းပြချက် တစ်ခုတည်းဖြင့်ပင် ခရမ်းရောင်တိမ်တိုက်နတ်ကျင့်စဉ်က အချို့သော ကြယ်လေးပွင့်ကျင့်စဉ်များထက် ဆုရှင်းအတွက် ပိုမိုအသုံးဝင်နေသည်။
"စနစ် အခု ငါ့မှာမဲဖောက်ခွင့် အခွင့်အရေးနဲ့ ဗီလိန်အမှတ် ဘယ်လောက်ရှိလဲ။"
"လက်ခံသူမှာ အခုလက်ရှိအလယ်အလတ်အဆင့် မဲဖောက်ခွင့် ၃ ကြိမ်။ အခြေခံအဆင့် မဲဖောက်ခွင့် ၂၄ ကြိမ်နဲ့ ဗီလိန်အမှတ် ၁၀၀၀ ရှိပါတယ်။"
ဆုရှင်းက ကံစမ်းမဲနှိုက်ရန်မူလကစီစဉ်ထားသော်လည်း အခြေခံအဆင့်ကံစမ်းမဲမှာ မပြည့်စုံသေးသည်ကိုမြင်သောအခါ စွန့်လွှတ်လိုက်၏။
ယခုအခါ ဆုရှင်းက ပြင်ပဖိအားများမှ ကင်းလွတ်နေပြီဖြစ်သဖြင့် သူ့ခွန်အားကို တဖြည်းဖြည်း တိုးတက်စေရန်သာလို အပ်ရာကံစမ်းမဲနှိုက်ရန် အလျင်စလို မရှိပေ။ အခြေခံအဆင့် မဲဖောက်ခွင့် ၃၀ စုဆောင်းရန် ၆ ရက်စောင့်ပြီးနောက် အားလုံးကို အလယ်အလတ်အဆင့်မဲဖောက်ခွင့်များအဖြစ် လဲလှယ်ကာ ထိုအခါမှ ကံစမ်းမဲနှိုက်ရမည်။
မည်သို့ပင်ဖြစ်စေ ကံတရားအပေါ်တွင်သာ မူတည်နေလေရာ အလယ်အလတ်အဆင့် မဲဖောက်ခွင့် ၆ ကြိမ်ပေါင်းလိုက်မှသာ ပစ္စည်းကောင်းတချို့သေချာပေါက်ရနိုင်လိမ့်မည်။
စနစ်ထဲမှ ထွက်ပြီးနောက် ဆုရှင်းက ပျော်ရွှင်ဖွယ်တောအုပ်ရှိ သူ့အိမ်တော်သို့ ပြန်လာခဲ့သည်။
သူတံခါးပိတ်ကျင့်ကြံပြီးနောက် လီကျုံးဟယ်နှင့် အသေအကြေတိုက်ပွဲဆင်နွှဲခဲ့သဖြင့် ရွှမ်းအာကို မမြင်ရသည်မှာ ဆယ်ရက်ကျော်ရှိနေလေပြီ။
ခြံဝင်းတံခါးကို တွန်းဖွင့်လိုက်သည်နှင့် ရွှမ်းအာက သူ၏ရင်ခွင်ထဲသို့ ချက်ချင်းပြေးဝင်လာသည်။ သူမ၏မျက်လုံးကြီးများမှာနီရဲနေကာ ဝမ်းနည်းမှုဖြင့် မျက်ရည်များရွှဲကာပြည့်နှက်နေ၏။
"အစ်ကို ဒီရက်ပိုင်းအတွင်း အစ်ကိုဘယ်တွေ သွားနေတာလဲ။ နောက်ခါကြရင် ရွှမ်းအာကို ထပ်ပြီးချန်မထားခဲ့ပါနဲ့နော်..။"
ရွှမ်းအာက ငယ်ရွယ်သေးသော်လည်း မိခင်ဖြစ်သူကိုငယ်စဉ်ကတည်းက ဆုံးရှုံးခဲ့ရသဖြင့် အခြား ကလေးများထက်များစွာ ပိုမိုရင့်ကျက်နေခဲ့သည်။
သူမကို စောင့်ရှောက်ရန်တာဝန်ရှိသော အကူများ၏မျက်နှာများအရ သူမ၏အစ်ကိုတစ်ခုခု ဖြစ်နေပြီဆိုတာကို သူမ သိနိုင်၏။
သို့သော် လက်ရှိအချိန်တွင် အစ်ကိုဖြစ်သူက သူမကိုလာမနှောင့်ယှက်စေချင်ဘူးဆိုသည်ကို သူမသိနေသောကြောင့် ယခုအချိန်ထိ ငြိမ်နေခဲ့ခြင်းဖြစ်သည်။
ဆုရှင်းက ရွှမ်းအာ၏ဆံပင်များကို ပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်၏။ "ကောင်းပါပြီ ရွှမ်းအာ။အစ်ကိုက ညီမလေးကို ဘယ်တော့မှထပ်မထားခဲ့တော့ဘူးလို့ ကတိပေးပါတယ်။"
ဆုရှင်းက ရွှမ်းအာကိုဖက်ထားရင်း ခဏမျှချော့မြှူလိုက်ရာ ရွှမ်းအာအငိုရပ်သွားပြီး စတင်ရယ်မောလာတော့သည်။ ထို့နောက် ဆုရှင်းက အရသာရှိသော အစားအစာအများအပြားကို ကိုယ်တိုင် ချက်ပြုတ်ပေးပြီး ရွှမ်းအာအငမ်းမရစားသောက်နေသည်ကို ကြည့်နေခဲ့၏။
တကယ်တမ်းတွင် ဤကာလအတွင်း ဟွမ်ပင်းချန်က ရွှမ်းအာကို စောင့်ရှောက်နေသော ဂိုဏ်းဝင်များကို ပျော်ရွှင်ဖွယ်တောအုပ်စားသောက်ဆိုင်မှ ဟင်းကောင်းအများအပြားကို နေ့စဉ်မှာယူရန် ညွှန်ကြားထားပြီး ဖြစ်သည်။
သို့သော် ရွှမ်းအာက ဆုရှင်းအတွက် စိုးရိမ်နေသဖြင့် ယခင်ကအလွန်ဆွဲဆောင်နိုသော အစားအစာများမှာအရသာမရှိတော့ဘဲ သူမများများမစားနိုင်ခဲ့ပေ။ ယခု ဆုရှင်းပြန်လာသည်ကို မြင်သောအခါ သူမနောက်ဆုံးတွင် ပါးစပ်ဟကာ အားရပါးရ စားသောက်တော့သည်။
ဗလာကျင်းနေသောအိမ်ကို ကြည့်ရင်း ဆုရှင်းက ရွှမ်းအာ၏ခံစားချက်များကို လျစ်လျူရှုမိခဲ့ကြောင်း ရုတ်တရက်သဘောပေါက်သွားသည်။
*ငါက သူမကိုဘေးကင်းစေချင်တာပဲတွေးခဲ့တယ်။ ဒါပေမဲ့ သူမက အသက်ခုနစ်နှစ်အရွယ် ကလေးလေးပဲရှိသေးတယ်ဆိုတာကို ငါမေ့နေခဲ့တာပဲ။*
သူက နေ့တိုင်းကျင့်ကြံကာ ဂိုဏ်းကိစ္စများကို ကိုင်တွယ်ရသည့်အတွက် သူ့ဘဝမှာ အတော်လေး ပြည့်စုံနေလေပြီ။ သို့သော် ရွှမ်းအာမှာတော့ နေ့စဉ် ပျင်းရိစွာဖြင့် ဓားသိုင်းလေ့ကျင့်ရုံသာ တတ်နိုင်၏။
သူမပတ်ဝန်းကျင်တွင် လင်းယုန်ပျံဂိုဏ်းဝင်များသာရှိကာ သူမနှင့် အရွယ်တူတစ်ယောက်မှ မရှိပေ။ သူမ မည်ကဲ့သို့အထီးမကျန်ဘဲ နေမည်နည်း။
ရွှမ်းအာ စားသောက်ပြီးသောအခါ ဆုရှင်းက စားပွဲကို ရှင်းလင်းရင်းပြောလိုက်၏။ "ရွှမ်းအာ မနက်ဖြန် ညီမလေးကို ပုဂ္ဂလိကကျောင်းပို့ဖို့ တစ်ယောက်ယောက်ကို အကိုလွှတ်လိုက်မယ်။"
"ဘာလို့လဲ။ ညီမအိမ်မှာပဲ ဆရာနဲ့စာသင်လို့ ရတာကို။ ဘာလို့ ပုဂ္ဂလိကကျောင်းကို သွားရမှာလဲ။" ရွှမ်းအာက နာကျင်သော အမူအရာဖြင့် ငြင်းဆိုလိုက်သည်။
သူမ ဉာဏ်ကောင်းသော်လည်း စာဖတ်ခြင်းနှင့် စာရေးခြင်းကို အမုန်းဆုံးပင်။
ဆုရှင်းက ရွှမ်းအာ၏နှာခေါင်းလေးကို ညစ်ကာ ပြောလိုက်သည်။ "ညီမလေးအိမ်မှာ ဆက်နေရင် အထီးကျန်တဲ့ကလေးလေးဖြစ်သွားလိမ့်မယ်။ ပုဂ္ဂလိကကျောင်းကိုသွားရင် ညီမလေးနဲ့ အရွယ်တူ သူငယ်ချင်းတွေရလာလိမ့်မယ်။ အိမ်မှာ နေတာထက်အများကြီး ပိုစိတ်ဝင်စားဖို့ကောင်းမယ်လို့ အစ်ကို အာမခံတယ်။"
သူငယ်ချင်းများရှိမည်ဟု ကြားသောအခါ ရွှမ်းအာ၏မျက်လုံးလေးများ ပြူးကျယ်သွား၏။
သူမ ချန်လဲ့ရပ်ကွက်တွင်ရှိစဉ်က ထိုဆင်းရဲသား ရပ်ကွက်တွင် ပုဂ္ဂလိကကျောင်းများမရှိခဲ့ပေ။ ကျောင်းဆင်းပြီးနောက် အခြားပုဂ္ဂလိကကျောင်းများမှ ကျောင်းသားများအုပ်စုလိုက်ရယ်မောကာ နောက်ပြောင်ရင်း အဝတ်အစားကောင်းများ ဝတ်ဆင်ပြီး ကျောင်းလွယ်အိတ်များလွယ်ကာ ချန်လဲ့ရပ်ကွက်ကိုဖြတ်သန်းသွားသည်ကိုသာ သူမ မြင်ဖူးခဲ့ပြီး သူမအလွန်အားကျခဲ့ရ၏။
သို့သော် ရွှမ်းအာ၏မျက်လုံးများပြန်လည် မှေးမှိန်သွားပြီး တုံ့ဆိုင်းစွာပြောလိုက်သည်။ "ဒါပေမဲ့ ညီမပုဂ္ဂလိကကျောင်းကို သွားရင် အစ်ကို့ကိုအချိန်အကြာကြီးတွေ့ရမှာ မဟုတ်တော့ဘူးလေ။"
"စိတ်မပူပါနဲ့။ နေ့တိုင်း ညီမလေးကို ကျောင်းသွားကြိုပေးပါ့မယ်။ ညီမလေး ပုဂ္ဂလိကကျောင်းမှာ နေစရာ မလိုပါဘူး။ပြီးတော့ ပုဂ္ဂလိကကျောင်းမှာ ၅ ရက် တက်၊၂ ရက် နားဆိုတော့ အားလပ်ရက်တွေလည်း ရှိပါတယ်။"
ဆုရှင်း၏စကားကို ကြားသောအခါ ရွှမ်းအာ၏မျက်လုံးများ ပြူးကျယ်ကာဝမ်းသာအားရဖြစ်သွားတော့သည်။
ရွှမ်းအာကို ချော့မြူပြီးနောက် ဆုရှင်းက ခရမ်းရောင်တိမ်တိုက်နတ်ကျင့်စဉ်ကို လေ့လာရန် သူ့အခန်းထဲသို့ ပြန်လာခဲ့သည်။
အတွင်းအားကျွမ်းကျင်မှုက သိုင်းပညာကျွမ်းကျင်မှုကဲ့သို့ အရေးမကြီးသော်လည်း ၎င်းက ကျင့်ကြံခြင်းအပေါ် သက်ရောက်မှုရှိသည်။
ကျွမ်းကျင်မှု ၅% တွင် အတွင်းအားလည်ပတ်မှုမှာ အနည်းငယ်ချို့ယွင်းနေသေးသည်။ သို့သော် အတွင်းအားကျွမ်းကျင်မှု ၁၀၀% သို့ ရောက်ရှိသွားသောအခါ အတွင်းအားလည်ပတ်မှုမှာ အဆက်မပြတ်၊ချောမွေ့ပြီး သဘာဝကျသွားပါလိမ့်မည်။ လမ်းလျှောက်နေစဉ်ပင် အတွင်းအားက ခန္ဓာကိုယ်အတွင်းမသိစိတ်ဖြင့် လည်ပတ်နေမည် ဖြစ်သည်။
နောက်တစ်နေ့တွင် ဆုရှင်းက ယုံလဲ့ရပ်ကွက် ဌာနသို့ စောစီးစွာရောက်လာခဲ့၏။ ရှားဖေးယင်းက သူ၏ကတိကို မဖောက်ဖျက်ဘဲ ဆုရှင်းကို ပညာပေးခန်းမ၏ခန်းမသခင် အဖြစ် ရာထူးတိုးမြှင့်ကြောင်းနှင့် ဟွမ်ပင်းချန်၊ လီဟွိုင်တို့ကို ခေါင်းဆောင်ကြီးအဖြစ် ရာထူးတိုးမြှင့်ကြောင်း တိုက်ရိုက် ကြေညာလိုက်သည်။
ဤသတင်းက လင်းယုန်ပျံဂိုဏ်းတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့၏။
အခြားခေါင်းဆောင်ကြီးများတွင် ကိုယ်ပိုင် အစီအစဉ်များရှိကြသော်လည်း မည်သူကမျှ မတ်တပ်ရပ်၍ကန့်ကွက်ခြင်းမရှိပေ။
အသေအကြေတိုက်ပွဲတွင် ဆုရှင်း၏ခွန်အားကို သူတို့ အားလုံးမြင်တွေ့ခဲ့ပြီးဖြစ်ရာ သူတို့ကန့်ကွက်ပိုင်ခွင့် မည်သည့်နေရာတွင်ရှိတော့မည်နည်း။
ခန်းမသခင်နေရာအတည်ပြုပြီးသည်နှင့် ဆုရှင်းက သူ၏အမိန့်အောက်ရှိ အုပ်စုခေါင်းဆောင် နှင့် အဖွဲ့ခေါင်းဆောင်ကဲ့သို့သော မသင့်လျော်သည့်ဘွဲ့အမည်များအားလုံးကို ဖျက်သိမ်းကာ ခေါင်းဆောင်ငယ်ဖြင့် အစားထိုးလိုက်၏။
*အခု ငါ့မှာ ရာထူးတစ်ခုရှိနေပြီဆိုတော့ ငါ့လက်အောက်မှာ ခေါင်းဆောင်ငယ်တစ်ရာလောက် ခန့်အပ်ရင်တောင်ပြဿနာ မရှိတော့ဘူး။*
ခန်းမအသစ်တစ်ခုအနေဖြင့် ပညာပေးခန်းမကို ဆုရှင်းက ပင်မဌာနချုပ်တည်နေရာတွင် မတည်ဆောက်ဘဲ ယုံလဲ့ရပ်ကွက်ဌာနခွဲဘေးတွင် တိုက်ရိုက်တည်ဆောက်ခဲ့ရာကျင့်စဉ်ကို သင်ယူလိုသော မည်သည့်ဂိုဏ်းဝင်မဆို လာရောက် သင်ယူနိုင်မည်ဖြစ်၏။
သို့သော် ဆုရှင်းက ဤအခြားဂိုဏ်းဝင်များကိုတော့ ကိုယ်တိုင်သင်ကြားပေးမည်မဟုတ်ဘဲ လီဟွိုင်ပင်လျှင် သူတို့ကိုသင်ကြားပေးမည် မဟုတ်ပေ။
နည်းပြများမှာ လီချင်းနှင့် ဆုရှင်း၏အမိန့်အောက်ရှိ အခြားလူဟောင်းများ ဖြစ်ကြသည်။
မည်သို့ပင်ဆိုစေ သူတို့က ချွမ်ကျန်းဂိုဏ်းအခြေခံ အတွင်းအား နှင့် မပြည့်စုံသော ခွေးရိုက်တုတ်သိုင်း နှစ်ခုစလုံးကို အလွတ်ကျက်မှတ်ထားပြီးဖြစ်ရာ အခြားသူများကိုသင်ကြားပေးခြင်းမှာ ပြဿနာရှိမည် မဟုတ်ပေ။
သူ၏ကိုယ်ပိုင် လက်အောက်ငယ်သားများနှင့် သာမန်ဂိုဏ်းဝင်များကို ခွဲခြားဆက်ဆံထားသင့်သည်။ သူတို့ အားလုံးမှာ အခြေခံအဆင့်တွင်သာ ရှိကြသော်လည်း သူတို့၏အတွင်းအားနှင့် သိုင်းပညာများမှာ ကွဲပြားကြပါသည်။
သူ၏အမာခံအဖွဲ့ကို ဆုရှင်းကိုယ်တိုင် သင်ကြားပေးပြီး လီဟွိုင်ထံမှ လက်တွေ့လေ့ကျင့်မှုများကို ရရှိကြ၏။ သူတို့၏ခွန်အားမှာ ထိုသာမန်ဂိုဏ်းဝင်များထက်များစွာ ပိုမို သန်မာပေလိမ့်မည်။
သို့သော် ၎င်းမှာ သေးငယ်သော သိုင်းပညာလေ့ကျင့်ရေးတစ်ခုသာ ဖြစ်သော်လည်း ပညာပေးခန်းမကို ကြေညာသည့် ပထမဆုံးနေ့မှာပင် ဆုရှင်း၏ခန်းမက ဂိုဏ်းဝင်အများအပြားကြောင့် ဖိအားများစွာ ခံခဲ့ရ၏။
သိုင်းလောကထဲသို့ ရောက်ရှိနေသူများထဲတွင် မည်သူမဆိုအတွင်းအားများ၏အရေးပါမှုကို သိကြပြီး ယခုဂိုဏ်းက ပညာပေးခန်းမတစ်ခု တည်ထောင်လိုက်သဖြင့် ဂိုဏ်းဝင်များမှာ အလွန် ဝမ်းသာပျော်ရွှင်နေကြ၏။ သူတို့က အတွင်းအားများသင်ယူပြီးနောက် အဆင့်သစ်များသို့ တက်လှမ်းရန် အိပ်မက်မက်နေကြသည်။
အခြားခေါင်းဆောင်ကြီးများကလည်း သူတို့၏လူများကို ပညာပေးခန်းမသို့လာရောက်ခြင်းကို မတားဆီးခဲ့ကြပေ။
ဆုရှင်းက သူတို့၏လက်အောက်ငယ်သားများကို အခမဲ့သာလေ့ကျင့်ပေးသဖြင့် သူတို့အရှုံးမပေါ်ပေ။
ထို့အပြင် သူတို့ တားဆီးချင်လျှင်ပင် တားဆီး၍ မရနိုင်ချေ။
*မင်းတို့ကို အတွင်းအားသင်ယူခွင့်မပေးဘူး။ ပိုသန်မာလာခွင့် မပေးဘူး။ မဟုတ်ရင် ငါ့ရာထူးကို ခြိမ်းခြောက်လာလိမ့်မယ်လို့ ပြောဖို့ကဖြစ်နိုင်လို့လား။ ဒီလိုပြောရဲတဲ့သူ ဘယ်သူမဆိုနောက်တစ်နေ့မှာ သူ့လူတွေအကုန်လုံးထွက်ပြေးသွားမှာပဲ။*
ဆုရှင်းက ပညာပေးခန်းမ၏ကိစ္စများကို ဂရုမစိုက်ပေ။ သူက နေ့စဉ်နေ့တိုင်း ခဏတာလာရောက် မျက်နှာပြခြင်းသာ ပြုလုပ်လေ့ရှိသည်။
အစပိုင်း စိတ်လှုပ်ရှားမှုများပြီးဆုံးသွားပြီးနောက် လီချင်းနှင့် အခြားသူများက ဂိုဏ်းဝင်များကိုနံပါတ်စဥ်များသတ်မှတ်ပေးခဲ့ပြီး သူတို့က အတွင်းအားများကိုသင်ယူရန် ခန်းမသို့အလှည့်ကျ လာရောက်ခဲ့ကြသည်။
ထို့ကြောင့် သင်ယူမည့်သူများက တစ်နေ့လျှင် လူတစ်ထောင်ခန့်သာရှိတော့သည်။
၎င်းက သူတို့၏ဖိအားကို များစွာလျော့ကျစေခဲ့ပြီးလူဆယ်ယောက်က အလုပ်တာဝန်များကို အလှည့်ကျကိုင်တွယ်နိုင်စေခဲ့၏။
ဆုရှင်း ပညာပေးခန်းမအတွင်းသို့ ဝင်သွားသောအခါ လီချင်းနှင့် အခြားသူများက အတွင်းအားများနှင့် စိတ်ကျင့်စဉ်များကို ရှင်းပြနေခဲ့ပြီး အောက်တွင်တော့ ဂိုဏ်းဝင်များက အသည်းအသန် မှတ်စုများမှတ်သားနေကြသည့်မြင်ကွင်းကို မြင်တွေ့ရ၏။
ယခင်က အလွန်မောက်မာကာဒေါသကြီးသော လူများပင် ဤနေရာတွင်အသံတစ်သံမှ မထွက်ရဲကြတော့ပေ။
ဆုရှင်းက သူ့လက်အောက်ငယ်သားများ၏စိတ်ထဲတွင် ရည်မှန်းချက်မျိုးစေ့တစ်ခုကို စိုက်ပျိုးပေးခဲ့ပြီး သူတို့ကိုပိုမိုမြင့်မားသောနေရာထံသို့ တက်လှမ်းရန်လမ်းကြောင်း တစ်ခု ပေးခဲ့ဖူး၏။
ဤနေရာတွင်ရှိနေသော ဂိုဏ်းဝင်များကလည်း ထိုနည်းတူပင်။ သူတို့တွင် ရည်မှန်းချက်သိပ်မရှိလျှင်ပင် သူတို့၏ဘဝတစ်သက်တာလုံးကို အဆင့်အနိမ့်ဆုံးဂိုဏ်းဝင်များအဖြစ် ကုန်ဆုံးရန်လုံးဝ ဆန္ဒမရှိကြပေ။
အသက်ကြီးလာပြီး မတိုက်ခိုက်နိုင်တော့သည့် အချိန်တွင် ဂိုဏ်းမှကန်ထုတ်ခံရကာ သနားစရာကောင်းသောဘဝကို မည်သူကဖြတ်သန်းချက်မည်နည်း။
ခွန်အားက အရာရာဖြစ်သော ဤသိုင်းလောကတွင် ဆုရှင်း၏ပညာပေးခန်းမက သူတို့ကို မျှော်လင့်ချက်ပေးနေသကဲ့သို့ပင်။
အထက်သို့ တက်လှမ်းနိုင်သည့်လမ်းမှာအနည်းငယ်သာရှိသော်လည်း ၎င်းကိုရရှိနိုင်သည်ဟူသော မျှော်လင့်ချက်ဖြစ်သည်။