အခန်း ၅၉
Vol. 6 Ch. 59
အခန်း (၅၉) ရေစက်တည်ဆောက်ခြင်း
လီချင်းနှင့် အခြားသူများက ပညာပေးခန်းမကို အားဖြည့်ပေးနေသဖြင့် ဆုရှင်းမှာ အတော်လေး သက်သာရာ ရနေ၏။ သူ၏အလုပ်မှာ နေ့စဉ်လာရောက်၍ခဏတာလှည့်ပတ်သွားလာပြီး၊ သိုင်းပညာသင်ယူရန်လာရောက်သူများရှေ့တွင် မျက်နှာပြခြင်းပင်။
၎င်းမှာ သူ၏အတွက် လုံလောက်လေပြီ။
ကျန်သောအချိန်များတွင် ဆုရှင်းက ယုံလဲ့ရပ်ကွက်၏ဌာနတွင် ကျင့်ကြံမည် သို့မဟုတ် လီဟွိုင်နှင့် သိုင်းကစားမည်။
လီဟွိုင်၏ပါရမီမှာ အတော်လေးကောင်းမွန်ရာ ဆုရှင်းနှင့် လီကျုံးဟယ်တို့၏တိုက်ပွဲကို ကြည့်ရှုပြီးနောက် သူက ထိုးထွင်းသိမြင်မှုအချို့ကို ရရှိခဲ့၏။ မနေ့ညက သူက သူ၏သုံးဆယ့်ခြောက်ခုမြောက် သွေးကြောအမှတ်ကို ဖွင့်နိုင်ခဲ့ပြီး ဟောက်ထျန်း အစောပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
ဆုရှင်း၏လျှပ်တပြတ်ဓားသိုင်းက သတ်ဖြတ်ရန်အတွက်သာဖြစ်သောကြောင့် အတွင်းအားမြင့်မားရန် လိုအပ်သည်။
ဤကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း စွမ်းအားကို မည်မျှအထိအသူံပြုနိုင်သနည်း ဆိုသည်မှာ ကိုယ့်ခွန်အားအပေါ် မူတည်၏။
သို့သော် လီဟွိုင်၏ မိစ္ဆာနှိမ်နှင်းရေးဓားသိုင်းမှာမူ အတွင်းအားလိုအပ်ချက်ပိုနည်းပါးပြီး ဟောက်ထျန်းအစောပိုင်းအဆင့်သို့ တက်လှမ်းခြင်းက သူ၏ဓားချက်များ၏စွမ်းအားကိုမဟုတ်ဘဲ အမြန်နှုန်းကိုသာ တိုးစေခဲ့သည်။
မူလ နေကြာသိုင်းကျမ်း နှင့် နှိုင်းယှဉ်ပါက မိစ္ဆာနှိမ်နှင်းရေးဓားသိုင်းတွင် အလားတူသိသာထင်ရှားသောအားသာချက်များနှင့် အားနည်းချက်များရှိကြသည်။
ထိုအချိန်တွင် ဟွမ်ပင်းချန်ခန်းမထဲသို့ ဝင်လာပြီး ဆုရှင်းကို ပြောလိုက်၏။ "ခေါင်းဆောင်။ လျိုရှန်းမင်က ဆွေးနွေးစရာ ရှိလို့တဲ့။"
"သူက ငါ့ကိုဘာလို့လာတွေ့တာလဲ။" ဆုရှင်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။
လျိုရှန်းမင်က လင်းယုန်ပျံဂိုဏ်း၏ခေါင်းဆောင်ကြီး တစ်ဦးဖြစ်သည်။ သူက ပုံမှန်အားဖြင့် ခန်းမသခင်သုံးဦးနှင့်လည်း ရင်းနှီးလေ့ မရှိပေ။
သူက ဂိုဏ်းချုပ်၏အဖွဲ့ဝင်တစ်ဦးဟု သတ်မှတ်ခံရပြီး သူနှင့်လည်း အဆက်အသွယ်အနည်းငယ်သာ ရှိသည်။
ဆုရှင်း အခြားခေါင်းဆောင်ကြီးများနှင့် အဆက်အသွယ်အနည်းငယ်သာရှိသည်ဟု ဆိုနိုင်ပါသည်။ လင်းယုန်ပျံဂိုဏ်း၏ခေါင်းဆောင်ကြီးများက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိကြပြီး လူတိုင်းက ကိုယ့်နယ်မြေကို စောင့်ရှောက်ကာ အခြားသူများ၏နယ်မြေများသို့ ဝင်ရောက်လေ့မရှိကြပေ။
ဟွမ်ပင်းချန် ခေါင်းယမ်းလိုက်၏။ "ကျွန်တော်လည်း မသိဘူး။ သူ တစ်ယောက်တည်းလာတာ ခေါင်းဆောင်ကိုတွေ့ချင်တယ်လို့ပဲ ပြောတယ်။"
"ကောင်းပြီ။ သူ့ကို အထဲပေးဝင်လိုက်။"
ခဏအကြာတွင် ဟွမ်ပင်းချန်က အသက်ငါးဆယ်နီးပါးရှိ လူလတ်ပိုင်းတစ်ဦးကို အခန်းထဲသို့ ခေါ်ဆောင်လာခဲ့သည်။
ဆုရှင်းကို မြင်သောအခါ လျိုရှန်းမင်ချက်ချင်း ရယ်မောလိုက်ပြီး လက်ယှက်ကာ နှုတ်ဆက်လိုက်၏။ "ဂုဏ်ယူပါတယ် ခန်းမသခင်ဆု၊ လင်းယုန်ပျံဂိုဏ်းရဲ့အငယ်ဆုံး ခန်းမသခင် ဖြစ်လာတဲ့အတွက်။ ကျွတ်...ကျွတ်... ခန်းမသခင်ဆုက ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ အရည်အချင်းတွေပြည့်နေတာ၊ ကျုပ်တို့လိုအဘိုးကြီးတွေအတွက် တကယ်ကိုအားကျစရာပါပဲ။"
ဆုရှင်းကလည်း နှိမ့်ချစွာပြန်လည်ဖြေကြားလိုက်၏။ "အစ်ကိုလျို ခင်ဗျားအရမ်း သဘောကောင်းလွန်းနေပါပြီ။ ခင်ဗျားက အဘိုးကြီးလုံးဝမဟုတ်သေးပါဘူး။ ကျွန်တော် သိသလောက်တော့ အစ်ကိုလျိုက အသက်ငါးဆယ်တောင်မပြည့်သေးဘူး မဟုတ်လား။ ခင်ဗျားရဲ့အကောင်းဆုံးအရွယ်ဆိုရမှာပေါ့။"
လျိုရှန်းမင် ခါးသီးသောအပြုံးတစ်ခုဖြင့် ခေါင်းယမ်းလိုက်၏။ "ခန်းမသခင်ဆု။ ခန်းမသခင် ကျုပ်ကို အရမ်းမြှောက်ပင့်လွန်းနေပါပြီ။ အတွင်းအားနည်းပါးတဲ့ ကျုပ်လိုအဘိုးကြီးက ငယ်ငယ်တုန်းက တိုက်ခိုက်ရေးစွမ်းအားကိုပဲ အာရုံစိုက်ခဲ့မိပြီး မြန်မြန်ဆန်ဆန်အဆင့်တက်တဲ့ ကြမ်းတမ်းတဲ့ ကျင့်စဉ်တွေနဲ့ ရုပ်ပိုင်းဆိုင်ရာကျင့်စဉ်တွေကိုပဲ ရွေးချယ်ပြီး ကျင့်ကြံခဲ့မိတယ်။"
"ရလဒ်အနေနဲ့ အသက်ကြီးလာတော့ ကျုပ်ခန္ဓာကိုယ်က ဒဏ်မခံနိုင်တော့ဘူး။ အသက်လေးဆယ်ပြည့်တာနဲ့ ခန္ဓာကိုယ်က စပြီးကျဆင်းလာပြီ။ ရိုးရိုးသားသားပြောရရင် ပြင်းထန်တဲ့ အနီးကပ်တိုက်ပွဲတွေကို မဆင်နွှဲရဲတော့ဘူး။ ခန္ဓာကိုယ်က မခံနိုင်တော့ဘူး။"
ဆုရှင်းက နှစ်သိမ့်စကား အနည်းငယ်ပြောလိုက်သော်လည်း လျိုရှန်းမင်က သူ၏ရည်ရွယ်ချက်ကို မပြောသဖြင့် သူလည်းအလျင်မလိုဘဲအဓိပ္ပာယ်မရှိသော စကားများကိုသာပြောနေလိုက်၏။
နောက်ဆုံးတွင် လျိုရှန်းမင် မနေနိုင်တော့ဘဲ သက်ပြင်းချလိုက်သည်။ "ခန်းမသခင်ဆု။ ကျုပ်ဒီတစ်ခေါက် ဒီကိုလာတာ မင်းကိုအကူအညီတစ်ခုလောက် တောင်းချင်လို့ပါ။"
"ဘာလိုချင်လဲဆိုတာသာပြောပါ ခေါင်းဆောင်ကြီးလျို။ ကျွန်တော် ဆုရှင်းစွမ်းဆောင်နိုင်သရွေ့တော့ ခင်ဗျားအတွက် သေချာပေါက်လုပ်ပေးပါ့မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က လင်းယုန်ပျံဂိုဏ်းက ညီအစ်ကိုတွေပဲလေ။" ဆုရှင်းက ရင်ဘတ်ကိုပုတ်ကာ ကတိတစ်ခု ပေးလိုက်၏။
လျိုရှန်းမင်က အနေခက်စွာဖြင့် ပြောသည်။ "ဒီလိုပါ။ ကျုပ်မှာအသုံးမကျတဲ့ သားတစ်ယောက်ရှိတယ်။ လွန်ခဲ့တဲ့ခဏအကြာက ချန်သယ်ရပ်ကွက်မှာ အရက်သောက်နေရင်း လူတချို့နဲ့ ပြဿနာတက်ပြီးဆိုင်ကိုတောင် ရိုက်ခွဲပစ်လိုက်တယ်တဲ့။"
"ခန်းမသခင်ဆု မင်းသိပါတယ်။ ချန်သယ်ရပ်ကွက်က ကျုပ်တို့ရဲ့ အစွန်အဖျားဆိုင်တွေနဲ့ လုံးဝ ကွာခြားတယ်ဆိုတာ။ အဲဒီမှာ ဆိုင်ဖွင့်နိုင်တဲ့သူတိုင်းက အရမ်းထင်ရှားတဲ့နောက်ခံရှိကြတယ်။ သူတို့က အာဏာပိုင်တွေကို တိုက်ရိုက်ဆက်သွယ်ပြီး ကျုပ်ရဲ့အသုံးမကျတဲ့ သားကို ထောင်ချလိုက်တယ်။"
"ကျုပ်သူတို့ဆီ ပိုက်ဆံနဲ့ သွားတောင်းပန်ပေမဲ့ သူတို့ လုံးဝ နားမထောင်ဘူး။ သူတို့က ကျုပ်ရဲ့ သားမိုက်ကို ထောင်ဒဏ်နှစ်နှစ်ချမှတ်ဖို့ အစိုးရကို အမိန့်ချခိုင်းလိုက်တယ်။ အစိုးရရုံးမှာ ကျုပ်သိတဲ့သူတွေအားလုံးကို အကူအညီတောင်းခဲ့ပေမဲ့ ဆုံးဖြတ်ချက်ချတဲ့သူက သူတို့မစော်ကားရဲတဲ့ သူတစ်ယောက်ဖြစ်နေတယ်။ သူတို့ကို ပိုက်ဆံပေးလည်း အလကားပဲ။"
ထိုသို့ပြောရင်း ခေါင်းဆောင်ကြီးလျို၏မျက်နှာတွင် ဝမ်းနည်းသောအမူအရာတစ်ခု ပေါ်လာခဲ့၏။ "ကျုပ်ရဲ့သားမိုက်က အသုံးမကျပေမဲ့။ ငယ်ငယ်ကတည်းက အလိုလိုက်ထားတာပါ။ အဲဒီထောင်ထဲမှာ နှစ်နှစ်လောက်နေရရင်။ သူလုံးဝပြီးဆုံးသွားပါလိမ့်မယ်။"
"ခန်းမသခင်ဆု က အရှေ့ဘက်ရပ်ကွက်ဆယ့်နှစ်ခု ရဲ့ ရဲမက်ခေါင်းဆောင်ကြီး ထျဲဝူချင် နဲ့ ကောင်းတဲ့ ဆက်ဆံရေးရှိတယ်လို့ ကျုပ်ကြားတယ်။"
"ဒါကြောင့် ကျုပ်လာပြီး အကူအညီလာတောင်းတာပါ။ ရဲမက်ခေါင်းဆောင်ကြီးကို ကျုပ်သားမိုက်အတွက် စကားတစ်ခွန်းလောက်ပြောပေးပြီး ပြန်လွှတ်ပေးဖို့မျှော်လင့်ပါတယ်။ ပိုက်ဆံက ပြဿနာ မရှိပါဘူး။ ဒီအဘိုးကြီးလျိုမှာ နှစ်တွေတစ်လျှောက်စုထားတဲ့ ပိုက်ဆံတချို့ရှိပါတယ်။"
နားထောင်ပြီးနောက် ဆုရှင်းခဏမျှ စဉ်းစားကာ ပြောလိုက်၏။ "ခေါင်းဆောင်ကြီးလျို ခဏလောက် စောင့်ပါဦး။ ကျွန်တော် တစ်ယောက်ယောက်ကိုသွားမေးပြီးရင် ပြန်လာခဲ့မယ်။"
"ရပါတယ် ကျုပ်အလျင်မလိုပါဘူး။" လျိုရှန်းမင် ဤသို့ပြောလိုက်သော်လည်း သူ၏မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေခဲ့၏။
ဆုရှင်း အစကတည်းက မငြင်းလိုက်သဖြင့် ဤကိစ္စအတွက် အခွင့်အရေးရှိသေးသည်ဟု ဆိုလိုပေသည်။
ခန်းမမှ ထွက်လာပြီးနောက် ဆုရှင်းက ဟွမ်ကြီးကို ယုံလဲ့ရပ်ကွက်၏ရဲမက်များအား သွားခေါ်ရန် ပြောလိုက်၏။
ချန်နင်စီရင်စုတွင် ရပ်ကွက် ၄၉ ခု ရှိပြီး ရပ်ကွက်တိုင်း၌လမ်းများပေါ်တွင် ကင်းလှည့်ကာပြဿနာ အမျိုးမျိုးကိုဖြေရှင်းရန်တွက် ရဲမက်အချို့ ရှိကြသည်။
ယုံလဲ့ရပ်ကွက်က ထျဲဝူချင်၏စီမံခန့်ခွဲမှုအောက်တွင်ရှိပြီး ဤကင်းလှည့်ရဲမက်များအားလုံးမှာလည်း ထျဲဝူချင်၏လက်အောက်ငယ်သားများ ဖြစ်ကာ သူတို့အားလုံးက ဆုရှင်းနှင့် ရင်းနှီးကြ၏။
ဤအစိုးရအရာရှိများနှင့် ပတ်သက်လာလျှင် ဆုရှင်းက သူ၏လက်ထဲရှိ ငွေများကိုဘယ်သောအခါမျှမနှမြောပေ။
ထျဲဝူချင်ကဲ့သို့သော အဆင့်အတန်းနှင့် ရာထူးရှိသူ တစ်ဦးပ ငွေအနည်းငယ်ဖြင့် သွေးဆောင်ခံရမည် မဟုတ်သဖြင့် ဆုရှင်းက ထျဲဝူချင်ကို နိုင်ငံရေး အောင်မြင်မှုများကိုသာ ပေးအပ်ခဲ့၏။
ဤကင်းလှည့်ရဲမက်များမှာမူ ကွဲပြားပါသည်။ သူတို့အားလုံးက ချန်နင်စီရင်စုမှ ဒေသခံများဖြစ်ကြပြီး သူတို့၏မိသားစုများကို ကျွေးမွေးရန် ငွေ လိုအပ်ကြ၏။
ဆုရှင်းက သူတို့ကိုလစဉ်ပေးနေသော ငွေမှာ အစိုးရမှပေးသော လစဉ်လစာထက် ဆယ်ဆမျှပင် ပိုများပါသည်။
ထို့ကြောင့် ဤကင်းလှည့်ရဲမက်များက ဆုရှင်းအပေါ် အလွန် ဖော်ရွေကြ၏။
အထူးသဖြင့် သေခြင်းရှင်ခြင်းတိုက်ပွဲအပြီးတွင် ဤကင်းလှည့်ရဲမက်များက ဆုရှင်းက သူတို့ကိုငွေထုတ်ပေးနေသူသာမက အလွန်သန်မာသူတစ်ဦးလည်းဖြစ်ကြောင်း သဘောပေါက်သွားသဖြင့် သူ၏အပေါ် ပို၍ပင် ဖော်ရွေလာကြတော့သည်။
ဆုရှင်းခေါ်လိုက်သည်နှင့် မျှော်လင့်ထားသည့်အတိုင်း ကင်းလှည့်ရဲမက်တစ်ဦးက အနီးရှိ စားသောက်ဆိုင်တစ်ဆိုင်မှ ဟွမ်ပင်းချန်နောက်သို့ ချက်ချင်း လိုက်လာခဲ့သည်။
ဤကင်းလှည့်ရဲမက်များအတွက် ဆုရှင်း၏နယ်မြေမှာ အသက်သာဆုံးဖြစ်သည်ဟု ဆိုနိုင်ပါသည်။
ဆုရှင်းက သူ၏လက်အောက်ငယ်သားများကို စီမံခန့်ခွဲရာတွင်အလွန်တင်းကျပ်ပြီး မည်သည့်ဂိုဏ်းဝင်ကမျှ ကုန်သည်များထံမှငွေညှစ်ခြင်း သို့မဟုတ် လမ်းများပေါ်တွင် ပြဿနာရှာခြင်းများ မလုပ်ရဲကြပေ။
ထို့အပြင် ထိုအရာသာမက နေ့စဉ်ဂိုဏ်းဝင် အများအပြားက လမ်းများပေါ်တွင်ကင်းလှည့်လေ့ရှိပြီး ဆုရှင်း၏နယ်မြေတွင် ပြဿနာရှာရဲသူ မည်သူမဆိုသေချာပေါက် အဆုံးသတ် ကောင်းမည် မဟုတ်ပေ။
ဤဂိုဏ်းဝင်များက လမ်းများပေါ်တွင် ကင်းလှည့်ရသောရဲမက်များထက်ပင် သူတို့၏အလုပ်ကို ပိုမို အာရုံစိုက်ကြ၏။
ထို့ကြောင့် ဆုရှင်း၏နယ်မြေရှိ ဤကင်းလှည့်ရဲမက်များက နေ့စဉ်ရောက်လာပြီးနောက် အရက်သောက်ကာပွဲကြည့်ရန် စားသောက်ဆိုင်သေးသေးလေးတစ်ဆိုင်ကိုရှာဖွေပြီးနောက် သူတို့ထံ ငွေများစွာဝင်လာသည်ကိုသာ စောင့်ဆိုင်းနေကြ၏။
သူတို့၏ ဘဝမှာ အတော်လေး သာယာလှပေသည်။
ဤသက်သောင့်သက်သာရှိသော ဘဝမှာ ဆုရှင်းကြောင့်ဖြစ်ကြောင်း သူတို့သိထားသဖြင့် ဆုရှင်း ခေါ်လိုက်သောအခါ ကင်းလှည့်ရဲမက်မှာ သူ၏ဖန်ခွက်ကိုချကာ ချက်ချင်း ရောက်လာခဲ့ခြင်း ဖြစ်သည်။
"ခန်းမသခင်ဆု ကျွန်တော်ကူညီနိုင်တာတစ်ခုခု ရှိလား။" လူငယ်ရဲမက်လေးက မေးလိုက်သည်။
"ရဲမက်ကျန်း။ ဘာလို့ ဒီလောက်ယဉ်ကျေးနေတာလဲ။ ငါတို့က အသက်ရွယ်တူလောက်ပဲရှိတာ။ အရင်ကလိုပဲ ငါ့ကိုညီလေးဆုလို့ ခေါ်လို့ ရပါတယ်။"
ရဲမက်ကျန်းက အလျင်အမြန်ခါးသီးစွာပြုံးပြီး ပြောလိုက်၏။ "ခန်းမသခင်ဆု။ ကျေးဇူးပြုပြီး ကျွန်တော့်ကိုဒုက္ခမရောက်အောင် လုပ်ပါနဲ့။ ကျွန်တော်တို့ရဲ့အထက်လူကြီးက အထက်အောက် အဆင့်အတန်းကို အလေးထားဆုံးပဲ။ သူက ခင်ဗျားကို ညီလေးလို့ ခေါ်နေတာဆိုတော့ ကျွန်တော်က ခင်ဗျားကို ညီလေးလို့ထပ်ခေါ်ရင် အထက်လူကြီးကြားသွားရင် မကောင်းပါဘူး။"
ဆုရှင်းက သူ့ကိုအတင်းအကျပ်မပြောတော့ဘဲ ခန်းမထဲသို့ တိုက်ရိုက်ခေါ်ဆောင်သွားခဲ့သည်။
"ဒါက ငါတို့ လင်းယုန်ပျံဂိုဏ်းရဲ့ခေါင်းဆောင်ကြီး လျိုရှန်းမင် ပါ။ ဒါကတော့ ယုံလဲ့ရပ်ကွက်ရဲ့ ရဲမက်ကျန်း ပါ။"
ဆုရှင်းက အစိုးရအရာရှိများကို ဤကဲ့သို့လျင်မြန်စွာခေါ်လာပေးပြီး သူတို့ထဲမှတစ်ဦးမှာ ရဲမက်ဖြစ်နေသည်ကိုမြင်သောအခါ လျိုရှန်းမင် အလွန် ဝမ်းသာသွားခဲ့၏။
အစိုးရရုံးတွင်းရှိ သူ၏အဆက်အသွယ်များမှာ အများအားဖြင့် စာရေးများ သို့မဟုတ် အလားတူ ရာထူးများသာရှိကြသည်။ သူတို့၏ရာထူးနာမည်ကသာ အရေးကြီးတစ်ယောင်ဖြစ်နေသော်လည်း အမှန်တကယ်အခွင့်အာဏာမှာ ကန့်သတ်ချက်ရှိပါသည်။
ဗဟိုလွင်ပြင်၏မြို့ကြီးများတွင် အစိုးရရုံးမှ စာရေးများနှင့် အတွင်းရေးမှူးများက ကြီးမားသော အခွင့်အာဏာကို ကိုင်စွဲထားကြသော်လည်း ချန်နင်စီရင်စုကဲ့သို့ ယဉ်ကျေးမှုမဖွံ့ဖြိုးသေးသော မြို့ငယ်လေးတစ်မြို့တွင် အစိုးရရုံးပင်လျှင် ခွန်အားသာလျှင်အမှန်တရားဟူသော အခြေခံကိုသာ ယုံကြည်ကြ၏။
ထျဲဝူချင်၏စွမ်းရည်ဖြင့် သူက ချန်နင်စီရင်စုရှိ ထိပ်တန်းအရာရှိ ငါးဦးစာရင်းတွင်သာပါဝင်သော်လည်း ရာထူးအမြင့်ဆုံး စီရင်စုသခင်ပင်လျှင် သူ့ကို အလွန်လေးစားစွာဆက်ဆံရသည်။
ထို့ကြောင့် ချန်နင်စီရင်စု၏အစိုးရ အသိုင်းအဝိုင်းတွင် သြဇာအကြီးမားဆုံးလူများမှာ အစိုးရရုံး အသီးသီးမှစာရေးများ မဟုတ်ဘဲ ရဲမက်ခေါင်းဆောင်ကြီးများနှင့် ရဲမက်များသာဖြစ်ကြ၏
လျိုရှန်းမင်ပ ရဲမက်ကျန်းကို လေးစားစွာ လက်ယှက်နှုတ်ဆက်ကာ ချီးကျူးလိုက်သည်။ "ရဲမက်ကျန်းက တကယ်ကိုအလားအလာရှိတဲ့ လူငယ်တစ်ယောက်ပဲ။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ယုံလဲ့ရပ်ကွက်ရဲ့ကင်းလှည့်ရဲမက်အဖြစ် တာဝန်ထမ်းဆောင်နိုင်နေပြီ။"
လျိုရှန်းမင်၏ချီးကျူးမှုကြောင့် ရဲမက်ကျန်းက နှာခေါင်းရှုံ့ရုံသာပြုလုပ်လိုက်ပြီး လုံးဝဂရုမစိုက်ပုံ ပေါက်နေ၏။
သူက ဆုရှင်းထံမှငွေကြေးနှင့် သက်သောင့်သက်သာရှိသောဘဝကို ရရှိထားသဖြင့် ဆုရှင်းကိုသာ လေးစားရခြင်းဖြစ်ပြီး အရေးအကြီးဆုံးမှာ ဆုရှင်းက ဟောက်ထျန်းအလယ်အလတ်အဆင့်တွင် လီကျုံးဟယ်ကိုသတ်နိုင်သည့် ခွန်အားရှိသောကြောင့်ဖြစ်သည်။
ရဲမက်ကျန်းက ဆုရှင်းထက် အသက်အနည်းငယ်သာကြီးသော်လည်း သူ၏စွမ်းရည်များမှာလည်း အတော်လေးကောင်းမွန်ပါသည်။ ဟောက်ထျန်းအစောပိုင်းအဆင့်ဖြင့် သူက ဤအသက်အရွယ်ဖြင့် သွေးကြောအမှတ်ဒါဇင်ကျော်သာ ဖွင့်နိုင်သေးသောလျိုရှန်းမင်ကို ဂရုစိုက်စရာမလိုကြောင်း သိထားသည်။
လျိုရှန်းမင်က အနေခက်စွာပြုံးလိုက်၏။ ရဲမက်ကျန်းက မာနထောင်လွှားနေသော်လည်း သူ ဘာမှ မပြောရဲပေ။
အခြေအနေက အနည်းငယ်အနေခက်နေသည်ကို မြင်သောအခါ ဆုရှင်းက ရဲမက်ကျန်းကို တိုက်ရိုက် စကားပြောလိုက်၏။ "တကယ်တော့ ခေါင်းဆောင်ကြီးလျိုရဲ့ကိစ္စကြောင့် ငါမင်းကို ဒီကိုခေါ်လိုက်တာ။"
"အဘိုးကြီးလျိုရဲ့သားက ချန်သယ်ရပ်ကွက်မှာ လူတစ်ယောက်ကိုစော်ကားမိလို့ ထောင်ဒဏ်နှစ်နှစ် ချခံခဲ့ရတယ်။ သူဘယ်သူ့ကို စော်ကားမိလဲဆိုတာကို သိချင်လို့။ အဲဒါမှ သူ့ကိုထုတ်ပေးဖို့ ရဲမက်ခေါင်းဆောင်ကြီးထျဲဆီ အကူအညီတောင်းလို့ ရမှာပါ။"
ဆုရှင်း၏စကားကို ကြားသောအခါ ရဲမက်ကျန်း ချက်ချင်း သဘောပေါက်သွားခဲ့၏။ "ချန်သယ် ရပ်ကွက်က စားသောက်ဆိုင်ကိုရိုက်ခွဲခဲ့တဲ့ ကောင်လေးပေါ့။ ဒီလိုကိစ္စသေးသေးလေးဆိုရင် ခေါင်းဆောင်ကိုဒုက္ခပေးစရာ မလိုပါဘူး။ ကျွန်တော်ရှင်းပေးလိုက်ပါ့မယ် အစ်ကိုဆု။"
ရဲမက်ကျန်း၏ကတိစကားကို ကြားသောအခါ လျိုရှန်းမင်၏မျက်လုံးများ လင်းလက်သွားတော့သည်။
"သူဘယ်သူ့ကို စော်ကားမိလဲဆိုတာ မင်းသိလား။" ဆုရှင်းက မေးလိုက်၏။
ရဲမက်ကျန်း ခေါင်းညိတ်လိုက်သည်။ "အဲဒီကောင်လေးရိုက်ခွဲခဲ့တဲ့ဆိုင်က ကျွန်တော်တို့စီရင်စုရုံးက အကြံပေးစွန်းရဲ့ မိသားစုပိုင်တာလေ။ ဒါက စီရင်စုသခင်ပါဝင်ပတ်သက်ဖို့ မလိုတဲ့ကိစ္စသေးသေးလေးဖြစ်လို့ အမှုတင်သွင်းပြီးတာနဲ့ အကြံပေးစွန်း က ရလဒ်ကိုထောင်ဒဏ်နှစ်နှစ်လို့ လျှို့ဝှက် ပြောင်းလဲလိုက်တာ။"
ရဲမက်ကျန်း၏စကားကို ကြားသောအခါ လျိုရှန်းမင်က သူရှာထားသော လူများအဘယ်ကြောင့် အသုံးမဝင်ရသနည်းဆိုသည်ကို ရုတ်တရက် သဘောပေါက်သွားသည်။
စီရင်စုသခင်တစ်ဦး ရာထူးတက်လာသောအခါ အစိုးရကိစ္စများကိုကိုင်တွယ်ဖြေရှင်းရန် သူ၏အကြံပေးများကို သေချာပေါက်ခေါ်ဆောင်လာပါလိမ့်မည်။ ပုံမှန်အားဖြင့် အကြံပေး အနည်းငယ်သာရှိပြီး ဤအကြံပေးစွန်းမှာတော့ ရာဇဝတ်မှုများကိုတာဝန်ယူရသောရာဇဝတ်မှုဆိုင်ရာအကြံပေးဖြစ်သည်။
အစိုးရရုံးတွင် သူ၏ရာထူးမှာ ရာဇဝတ်မှုဌာနမှ စာရေးတစ်ဦးသာဖြစ်သည်။ ရာဇဝတ်မှုစာရေးနှင့် တရားဝင်မပတ်သက်သော်လည်း သူက ရာဇဝတ်မှု စာရေး၏လက်အောက်မှဖြစ်နေခဲ့၏။
သူ့သားက ၎င်းတို့အထက်လူကြီး၏ဆိုင်ကို ရိုက်ခွဲခဲ့ခြင်းဖြစ်ရာ သူတို့မကူညီခြင်းမှာအံ့သြစရာမဟုတ်တော့ပေ။
ဆုရှင်းက ပြောလိုက်သည်။ "ဒီကိစ္စက ရှုပ်ထွေးလား။ ခေါင်းဆောင်ကြီးလျိုရဲ့သားကို ထုတ်ပေးဖို့အတွက် အကြံပေးစွန်းကို စော်ကားမိရင် အရှုံးပေါ်လိမ့်မယ်။ အဲဒီလိုဆိုရင် မင်းရဲမက်ခေါင်းဆောင်ကြီးထျဲဆီ သွားတာပိုကောင်းမယ်။"
ရဲမက်ကျန်းက ရင်ဘတ်ကိုပုတ်ကာ အထင်အမြင်သေးစွာပြောလိုက်၏။ "မလိုပါဘူး။ အဲဒီ အကြံပေးစွန်းက ဘာကောင်မို့လို့လဲ။ သူက အပြင်လူတစ်ယောက်ပါပဲ။ စီရင်စုသခင်က ရုံးကိစ္စတွေကို ကိုင်တွယ်ဖို့ခေါ်လာတဲ့လူတစ်ယောက်ပဲ။ စီရင်စုသခင်ရဲ့ကျောထောက်နောက်ခံသာမရှိရင် သူ့မှာ ရာထူးတောင်မရှိဘူး၊ သူက ဘာမှမဟုတ်ပါဘူး။"
"ကျွန်တော်တို့ ကျန်းမိသားစုက ချန်နင်စီရင်စုမှာ ရဲမက်လုပ်လာတာ ဆယ်စုနှစ်တစ်ခုကျော်ပြီ။ ဘာကြောက်စရာရှိလို့လဲ။ ကျွန်တော့်အစ်ကိုကြီးက ချန်သယ်ရပ်ကွက်ရဲ့ ရဲမက်လေ။ သူ့ကိုစကားတစ်ခွန်းလောက်ပြောခိုင်းလိုက်ရင် အဲဒီအကြံပေးစွန်းက နောက်တစ်နေ့မှာ ချက်ချင်းပြန်လွှတ်ပေးလိမ့်မယ်။"