အခန်း ၆၀
Vol. 6 Ch. 60
အခန်း (၆၀) ကံစမ်းမဲထောင်ချောက်
ဆုရှင်းက ရဲမက်ကျန်းကို အံ့အားသင့်စွာ ကြည့်လိုက်၏။ ဤသာမန်လမ်းပေါ်က ကင်းလှည့်ရဲမက်များကို သူအထင်သေးမိဘနေမှန်း ယခုသူ သဘောပေါက်သွားသည်။
ဤရဲမက်များအားလုံးက အတွင်းအား နှင့် သိုင်းပညာတချို့ကို လေ့ကျင့်ထားကြပြီး သူတို့၏ခွန်အားကလည်း အတော်လေးမြင့်မားသည်။ ဤအရာက နေ့ချင်းညချင်းဖြစ်လာနိုင်သည့် အရာ မဟုတ်ပေ။
ဤလူများ၏ကျွမ်းကျင်မှု နှင့် သူတို့၏ရဲမက်ဟူသောအဆင့်အတန်းမှာ သူတို့၏ဘိုးဘေးများထံမှ အမွေဆက်ခံထားခြင်းဖြစ်မည်။
ရဲမက်ကျန်းက လျိုရှန်းမင်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။ "ဒါပေမဲ့ သူ့ကိုငါတို့ လွှတ်ပေးနိုင်ရင်တောင် သူတို့ဆိုင်ကို မင်းရဲ့သား ရိုက်ခွဲခဲ့တာလေ။ ငါအကျိုးအမြတ်မရဘဲနဲ့တော့ မကူညီနိုင်ပါဘူး။"
လျိုရှန်းမင်က ချက်ချင်းပြန်ဖြေလိုက်၏။ "မင်း တောင်းသလောက် ငါပေးပါ့မယ်။"
"ငွေငါးသောင်း။ ခန်းမသခင်ဆုရဲ့မျက်နှာကို ထောက်ပြီး ဒီတစ်ခါ ငါဘာမှ မယူတော့ဘူး" ရဲမက်ကျန်းက တည်ငြိမ်စွာပြောလိုက်သည်။
လျိုရှန်းမင်က သူ၏အိတ်ကပ်ထဲမှ ငွေငါးသောင်းတန်ဖိုးရှိ ငွေစက္ကူတစ်ရွက်ကို ချက်ချင်းထုတ်ယူကာ ရဲမက်ကျန်းထံကမ်းပေးလိုက်ပြီးနောက် နောက်ထပ် ငွေတစ်သောင်းကို ထပ်ပေးလိုက်၏။
"ဒါတွေက ကျေးဇူးတင်စကား အနေနဲ့ ပေးတဲ့ လက်ဆောင်တွေပါ။ မင်းကို ဒီအထိအလကား လာခိုင်းလို့ ဘယ်ဖြစ်ပါ့မလဲ။"
ရဲမက်ကျန်းမျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "ငါပြောပြီးပြီလေ ခန်းမသခင်ဆုရဲ့ မျက်နှာကိုထောက်ပြီး ဒီတစ်ခါ ငါအခကြေးငွေမယူတော့ဘူးလို့။"
ဆုရှင်းက ပြောလိုက်၏။ "ယူလိုက်ပါ။ မင်း ပိုက်ဆံမယူချင်ရင်လည်း။ မင်းရဲ့အစ်ကိုကြီးကိုပဲ ပေးလိုက်ပေါ့။ ဘာပဲဖြစ်ဖြစ် မင်းသူ့ကို ဒုက္ခပေးရမှာပဲ။ သူ့အတွက် လက်ဖက်ရည်ဖိုးလေးအနေနဲ့ သတ်မှတ်လိုက်ပါ။"
ဆုရှင်း၏စကားကို ကြားသောအခါ ရဲမက်ကျန်းက ငွေများကို သူ၏လက်အောက်ငယ်သားထံ ချက်ချင်းလွှဲပေးလိုက်ပြီး ဆုရှင်းကို ဦးညွှတ်ကာ ပြောလိုက်၏။ "ကောင်းပြီ ခေါင်းဆောင်ဆု။ ကျွန်တော့်သတင်းကိုသာ စောင့်နေလိုက်။ မနက်ဖြန် လူပြန်လွတ်လာလိမ့်မယ်။"
ရဲမက်ကျန်းထွက်သွားပြီးနောက် လျိုရှန်းမင် သက်ပြင်းချကာ ပြောလိုက်၏။ "ခန်းမသခင်ဆု။ ကျုပ်ဘာမှထပ်မပြောတော့ပါဘူး။ အနာဂတ်မှာ ခေါင်းဆောင် ကျုပ်အကူအညီလိုအပ်ရင်သာ ပြောလိုက်ပါ။ ကျုပ်အဘိုးကြီးလျို သေချာပေါက် စကားတစ်ခွန်းမှ မပြောဘဲလုပ်ပေးပါ့မယ်။"
"ဟဲဟဲ။ ဒါဆိုလည်း..ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ကြီးလျို။ ဒါက အကူအညီ သေးသေးလေး တစ်ခုပါပဲ။"
လျိုရှန်းမင် ခေါင်းယမ်းကာ ခါးသီးစွာပြုံးလိုက်ပြီး ဆုရှင်းကိုနှုတ်ဆက်ကာ ခန်းမမှထွက်ခွာလာသော်လည်း သူ၏စိတ်အခြေအနေမှာ မတည်ငြိမ်သေးပေ။
ဆုရှင်းအတွက် ဤအရာက ရိုးရှင်းသည့်ကိစ္စလေး တစ်ခုဖြစ်သော်လည်း သူကတော့ရက်အတော်ကြာအောင်ဖြေရှင်းနည်းမရှာနိုင်ခဲ့ဘဲ စိုးရိမ်ပူပန်နေခဲ့ရ၏။
ရိုးရိုးသားသားပြောရလျှင် ဆုရှင်းက ဤကဲ့သို့ငယ်ရွယ်သောအရွယ်တွင် ခေါင်းဆောင်ကြီးတစ်ဦးသာမက ခန်းမသခင်တစ်ဦးဖြစ်လာသည့်အပေါ် လျိုရှန်းမင် အနည်းငယ် မကျေမနပ်ဖြစ်ခဲ့မိ၏။ သို့သော် သူက ဆုရှင်း၏ခွန်အားကို သိထားသဖြင့် မကျေမနပ်ဖြစ်နေလျှင်ပင် သူ့ကိုခန်းမသခင်ဆု ဟု လေးစားစွာခေါ်ရုံသာတတ်နိုင်ခဲ့သည်။
သို့သော် ယနေ့အဖြစ်အပျက်မှ တဆင့် လျိုရှန်းမင်က သူ့တွင်ညည်းညူပိုင်ခွင့်မရှိကြောင်း သဘောပေါက်သွားခဲ့၏။
ရဲမက်ကျန်းက သူ့အပေါ် အလွန်မာနထောင်လွှားပြီး သူ့ကိုအသိအမှတ်ပြုရန်ပင် ငြင်းဆိုခဲ့သော်လည်း ဆုရှင်းကိုမူ အလွန် လေးစားစွာ ဆက်ဆံခဲ့သည်။
သူတို့၏သဘောထားကွာခြားချက်မှာ နေ့နှင့် ညကဲ့သို့ပင်။
သူတို့လင်းယုန်ပျံဂိုဏ်းတွင် ကိုယ်ပိုင် နယ်မြေကိုအုပ်ချုပ်ရင်း ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေချိန်တွင် ဆုရှင်းကတော့ ချန်နင်စီရင်စုတစ်ခုလုံး၏နာမည်ကြီး ပုဂ္ဂိုလ် တစ်ယောက်ဖြစ်နေလေပြီ။
ခန်းမအတွင်း၌ လျိုရှန်းမင် ထွက်သွားပြီးနောက် ဟွမ်ပင်းချန်ကဘေးမှ ထွက်လာပြီး ဇဝေဇဝါဖြင့် မေးလိုက်၏။ "ခေါင်းဆောင်။ ဘာလို့ ဒီလူကို ရုတ်တရက်ကြီးကူညီဖို့ဆုံးဖြတ်လိုက်တာလဲ။"
ဟွမ်ပင်းချန်က ဆုရှင်း၏စရိုက်ကို ကောင်းကောင်း သိသည်။
သူ၏ခေါင်းဆောင်က ဘယ်တော့မှ အကြောင်းပြချက်မရှိဘဲမလှုပ်ရှားပေ။ သူလုပ်သည့်လုပ်ရပ်တိုင်း၏နောက်ကွယ်တွင် ပိုမိုနက်ရှိုင်းသော အကြောင်းပြချက်တစ်ခုရှိရပါမည်။
ဆုရှင်း ရယ်မောလိုက်သည်။ "ဘယ်သူက အကြောင်းပြချက် မရှိဘူးလို့ပြောလဲ။ ဒီတစ်ခါ ငါ သူ့ကိုကူညီလိုက်တော့ ငါတို့ကြားအခုဆက်နွယ်မှုရှိသွားပြီ။ ဘာပဲဖြစ်ဖြစ် သိပ်အားစိုက်ထုတ်ရတာမရှိဘူးဆိုတော့ သူ့ကိုကူညီလိုက်တာ ဘာမှားလို့လဲ။ ဒါက ဆက်ဆံရေးကောင်းတည်ဆောက်တာပဲ။"
သူ့ယခင်ဘဝတွင် ဆုရှင်းက စကားပုံတစ်ခုကို ကြားဖူးခဲ့၏။ 'နိုင်ငံရေးဆိုတာ သူငယ်ချင်းကိုတွေတတ်နိုင်သမျှများများဖွဲ့ပြီး ရန်သူတွေကိုတတ်နိုင်သမျှ နည်းအောင်လုပ်တာပဲ။'
အကျိုးအမြတ်မရှိလျှင်ပင် ဆုရှင်းက သူတို့ကို ကူညီရန်ဝန်လေးမည် မဟုတ်ပေ။ ဤအဆက်အသွယ်များက နောက်ပိုင်းတွင် အသုံးဝင်လာနိုင်သည်။
ရဲမက်ကျန်းက အလွန်ယုံကြည်စိတ်ချရပါသည်။ နောက်တစ်နေ့တွင် လျိုရှန်းမင်၏သားမှာ ကတိအတိုင်းအမှန်တကယ်လွတ်မြောက်လာခဲ့ရာ လျိုရှန်းမင်က သူ၏ကျေးဇူးတင်စကားကို ထပ်မံ ဖော်ပြရန် ဆုရှင်းထံသို့ ကိုယ်တိုင် လာရောက်ခဲ့၏။
သူ၏သားမှာ မူလကဥပဒေမဲ့စရိုက်ရှိသူဖြစ်သော်လည်း ထောင်ထဲတွင်ရက်အနည်းငယ်နေပြီးနောက် များစွာပိုမိုလိမ္မာလာခဲ့သည်။ မည်သို့သော နည်းလမ်းများအသုံးပြုခဲ့သည်ကို မည်သူမျှမသိကြပေ။
ပြန်ရောက်ပြီးနောက် လျိုရှန်းမင်က ဆုရှင်း၏လုပ်ရပ်များကို အလွန်ချီးကျူးခဲ့ရာ ၎င်းက အခြားခေါင်းဆောင်များ၏ဆုရှင်းအပေါ် အမြင်များကို ကြီးမားစွာ ပြောင်းလဲသွားစေခဲ့၏။
မည်သို့ပင်ဆိုစေ သူတို့ကား မျိုးဆက်တစ်ခုတည်းမှ မဟုတ်ကြပေ။ ဤကဲ့သို့လျင်မြန်သော အရှိန်အဟုန်ဖြင့် မိမိတို့ထက်ကျော်လွန်သွားသော လူငယ်တစ်ဦးကိုမြင်ရခြင်းက မည်သူ့အတွက်မဆို အနေခက်စေပါလိမ့်မည်။
ဆုရှင်းက လျိုရှန်းမင်ကို တစ်စုံတစ်ရာသောတုံ့ပြန်မှုမတောင်းဆိုဘဲ ကူညီခဲ့သည်ကို မြင်သောအခါ ခေါင်းဆောင်ကြီးအများအပြားက ဆုရှင်းကို တကယ်လူကောင်းတစ်ယောက်ဟု ချက်ချင်း ခံစားလိုက်ရသည်။
၎င်းတို့ကို သွားအကူအညီတောင်းပါက သေချာပေါက်ဆူပူလာမည့် တုန်းချန်ဝူနှင့် အခြားသူများနှင့် မတူပေ။
ထို့ကြောင့် နောက်ရက်များတွင် ခေါင်းဆောင်ကြီး နှစ်ဦးက ဆုရှင်းကို အသေးအဖွဲကိစ္စလေးများအတွက် အကူအညီလာတောင်းခဲ့ကြ၏။ ဆုရှင်းက လုပ်နိုင်သရွေ့သူတို့အတွက်အပြစ်ကင်းစင်စွာ လုပ်ဆောင်ပေးခဲ့သည်။
၎င်းက ဆုရှင်းကို လင်းယုန်ပျံဂိုဏ်း၏အောက်ခြေအဆင့်များကြားတွင်သာမက အလယ်အလတ်အဆင့်များကြားတွင်ပါ အလွန်လေးစားခံရသူ ဖြစ်လာစေခဲ့သည်။
ခြောက်ရက်အကြာတွင် ဆုရှင်းက အခြေခံအဆင့် မဲနှိုက်ခွင့် ၃၀ ကြိမ်၊ အလယ်အလတ်အဆင့် မဲနှိုက်ခွင့် ၃ ကြိမ် စုဆောင်းမိခဲ့ရာ စုစုပေါင်း အလယ်အလတ်အဆင့် မဲနှိုက်ခွင့် ၆ ကြိမ် ရရှိခဲ့၏။
ဆုရှင်းက အလယ်အလတ်အဆင့်ကံစမ်းမဲတွင် ၁၀ ကြိမ်ထိ စုဆောင်းရန် အတွေးဝင်ခဲ့သော်လည်း စဉ်းစားပြီးနောက် မလုပ်ရန်ဆုံးဖြတ်လိုက်သည်။
အဆင့်မြင့် မဲနှိုက်ခွင့် ၁ ကြိမ်ကို လဲလှယ်ရန် အလယ်အလတ်အဆင့် မဲနှိုက်ခွင့် ၁၀ ကြိမ် လိုအပ်သဖြင့် ဆုရှင်းက သာမန်မဲနှိုက်ခွင့် ၄၀ ကြိမ်စောင့်ရပါလိမ့်မည်။
ဆုရှင်း ထပ်မစောင့်နိုင်တော့ပေ။ နောက်ရက်အနည်းငယ်အတွင်း တစ်ခုခုနှင့် ကြုံတွေ့ရနိုင်သည်ဟု သူ တွေးမိ၏။
သူ၏အနေအထားကို ဦးစွာခိုင်မာစေရန် အလယ်အလတ်အဆင့်မဲနှိုက်ခွင့် ၆ ကြိမ်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
ထို့အပြင် သူ့တွင် ဗီလိန်အမှတ် ၁၀၀၀ ကျန်ရှိနေသေးရာလိုအပ်သည့်အခါ အဆင့်မြင့်ဆုတစ်ခုကို မဲဖောက်ရန် ၎င်းကိုအသုံးပြုနိုင်ပါသည်။
စနစ်ထဲသို့ဝင်ရောက်လိုက်ရင်း ဆုရှင်းက ချက်ချင်း ပြောလိုက်၏။ "ငါ့ရဲ့အခြေခံအဆင့်မဲနှိုက်ခွင့်တွေ အားလုံးကို အလယ်အလတ်အဆင့် မဲနှိုက်ခွင့်တွေအဖြစ် ပြောင်းပေးပါ။"
"အခြေခံအဆင့် မဲနှိုက်ခွင့် ၃၀ ကြိမ်ကို အလယ်အလတ်အဆင့် မဲနှိုက်ခွင့် ၃ ကြိမ်အဖြစ် ပြောင်းလဲလိုက်ပါပြီ။ လက်ခံသူမှာ အလယ်အလတ်အဆင့်မဲနှိုက်ခွင့် စုစုပေါင်း ၆ ကြိမ် ရှိပါတယ်။ အခုပဲ မဲဖောက်ချင်ပါသလား။"
"ချက်ချင်းဖောက်မယ်။ ပြီးတော့ ဗလာတွေ အကုန်လုံးဖယ်လိုက်။"
မျက်နှာပြင်ကြီးပေါ်ရှိ ဘီးမှာအဆက်မပြတ်စတင် လည်ပတ်နေပြီး အမြန်နှုန်းနှေးကွေးသွားသည်နှင့်အမျှညွှန်တံက လူအများကဏ္ဍတွင် ရပ်တန့်သွားခဲ့သည်။
"ကံကောင်းတာပဲ။" ဆုရှင်း ချက်ချင်းဝမ်းသာသွားခဲ့၏။
မျက်နှာပြင်ကြီးပေါ်တွင် ချောမောသောလူငယ်လေးတစ်ဦးက ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားပြီး သူ၏နှုတ်ခမ်းများတွင် မောက်မာထောင်လွှားသောအရိပ်အယောင်ရှိနေပါသည်။
သူကား ထင်ရှားသောဂိုဏ်းတစ်ခုမှ တပည့်တစ်ဦးဖြစ်ကြောင်း ရှင်းလင်းနေခဲ့၏။
"ဂုဏ်ယူပါတယ် လက်ခံသူ။ သင် ဇာတ်ကောင် စုန့်ချင်းရှုကို မဲပေါက်ရရှိပါတယ်။ သူ့မှာ အောက်ပါ ကျွမ်းကျင်မှုတွေပါဝင်ပါတယ် - ယင်ကိုးပါးနတ်လက်သည်း ၊ နဂါးနိုင်လက်ဝါးဆယ့်ရှစ်ကွက်ရဲ့ မပြည့်စုံတဲ့သိုင်းကွက် ၊ ဝူတန်အခြေခံဓားသိုင်း ၊ နဲ့ ဝူတန်အခြေခံအတွင်းအားဆိုပြီး ကျင့်စဉ်လေးခုရှိပါတယ်။"
"ဇာတ်ကောင် အဆင့်သတ်မှတ်ချက် - ကြယ် ၂ ပွင့်။ ကျင့်စဉ်အဆင့်သတ်မှတ်ချက်က ကြယ်တစ်ပိုင်းကနေ ကြယ်သုံးပွင့်ခွဲအထိ ရှိပါတယ်။ လက်ခံသူက ကျပန်းတစ်ခုကိုရွေးချယ်နိုင်တယ်၊ ဒါမှမဟုတ် သတ်မှတ်ကျင့်စဉ်တစ်ခုကို သတ်မှတ်ဖို့ ဗီလိန်အမှတ် ၁၆၀၀ သုံးလို့ ရပါတယ်။"
"ရှီး...။"
ဆုရှင်း အသက်ရှူမှားသွားပြီးနောက် ချက်ချင်း ပေါင်မုန့်ဖက်လည်နင်သွားသလို ခံစားလိုက်ရ၏။
စုန့်ချင်းရှုကား သိပ်မသန်မာပေ။ တိမ်လွှာဓား နှင့် နဂါးနိုင်ဓားဇာတ်လမ်းတွင် သူက ကျန်းဝူကျိ၏
ဇာတ်လိုက်အရှိန်အဝါကို ပေါ်လွင်စေရန် အသုံးပြုသော လူပြက်တစ်ယောက်သာဖြစ်သည်။ သူက သူ၏ဘဝတစ်လျှောက်လုံး အဆက်မပြတ် အရှက်ခွဲခံခဲ့ရ၏။
သို့သော် စုန့်ချင်းရှုက နောက်ပိုင်းအဆင့်တွင် တန်ဖိုးရှိသော အရာတစ်ချို့ကို အမှန်တကယ် ရရှိခဲ့သည်။ ကျိုးကျစ်ရို့က တိမ်လွှာဓား နှင့် နဂါးနိုင်ဓားတို့မှ ရရှိခဲ့သော ယင်ကိုးပါးနတ်လက်သည်း နှင့် နဂါးနိုင်လက်ဝါးဆယ့်ရှစ်ကွက်တို့ကို စုန့်ချင်းရှုအား လွှဲပြောင်းပေးခဲ့၏။
ယင်ကိုးပါး အရိုးဖြူလက်သည်းက အမှန်တကယ်တော့ ယင်ကိုးပါးနတ်လက်သည်းဖြစ်သော်လည်း မေချောက်ဖုန် နှင့် ချန်ရွှမ်ဖုန်းတို့က ဖြစ်သလိုသာ ကျင့်ကြံခဲ့သဖြင့် ရက်စက်သော ယင်ကိုးပါးအရိုးဖြူလက်သည်းဖြစ်လာခဲ့ခြင်းဖြစ်သည်။
စုန့်ချင်းရှုက နဂါးနိုင်လက်ဝါးဆယ့်ရှစ်ကွက်၏ အစိတ်အပိုင်းတစ်ခုကိုသာ သင်ယူခဲ့ရသဖြင့် ၎င်းကို မပြည့်စုံသောသိုင်းကွက်အဖြစ် သတ်မှတ်ခံရခြင်းဖြစ်နိုင်သည်။
သို့သော် ကျင့်စဉ်၏ကြယ်သုံးပွင့်ခွဲ အထိ မြင့်မားသောအဆင့်သတ်မှတ်ချက်ကို ကြည့်လျှင် ၎င်းက နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ကွက်အတော်များများသေချာပေါက် ပါဝင်ပေလိမ့်မည်။
သို့သော် ကျင့်စဉ်အတွက်လိုအပ်သည့် ဗီလိန်အမှတ် သတ်မှတ်ချက်က အနည်းငယ်မများလွန်းဘူးလော။
"စနစ် ငါ့ကိုလာနောက်နေတာလား။ ငါ့မှာ ဗီလိန်အမှတ် ၁၀၀၀ပဲ ရှိတာကို၊ ငါ့ကို ဗီလိန်အမှတ် ၁၆၀၀ သုံးပြီး မဲဖောက်ခိုင်းနေတာလား။ ပြီးခဲ့တဲ့ အကြိမ် ချူကျောက်နန်ကို မဲဖောက်တုန်းက သတ်မှတ်ချက်တစ်ခုအတွက် ဗီလိန်အမှတ် ၂၀ ပဲ လိုတာကို ငါမှတ်မိပါသေးတယ်။ အခုက ဘာလို့ အဆဒီလောက်ထိများသွားတာလဲ။"
စနစ်က ရှင်းပြ၏။ "ကျင့်စဉ်တွေက ကြယ်နှစ်ပွင့် ကအစ အရည်အသွေးပိုင်းပါသိသာထင်ရှားတဲ့ ခုန်တက်မှုတစ်ခုဖြစ်လာမှာမို့လို့ သတ်မှတ်ထားတဲ့ ဗီလိန်အမှတ်တွေက သိသိသာသာတိုးလာတာပါ။"
"စနစ်ရဲ့ပုံသေ တန်ဖိုးတွေအရ။ ကျင့်စဉ်တွေအတွက်သတ်မှတ်ချက်က ကြယ်တစ်ပိုင်းဆိုရင် ဗီလိန်အမှတ် ၅ မှတ်၊ ကြယ်တစ်ပွင့်ဆိုရင် ၁၀ မှတ်၊ ကြယ်တစ်ပွင့်ခွဲဆိုရင် ၂၀ မှတ် လိုအပ်ပါတယ်။"
"ကြယ်နှစ်ပွင့်ကျင့်စဉ်ဆိုရင် အမှတ် ၂၀၀။ ကြယ်နှစ်ပွင့်ခွဲဆိုရင် အမှတ် ၄၀၀။ ကြယ်သုံးပွင့်ဆိုရင် အမှတ် ၈၀၀။ ကြယ်သုံးပွင့်ခွဲဆိုရင် အမှတ် ၁၆၀၀ နဲ့ ကြယ်လေးပွင့်ဆိုရင် အမှတ် ၃၂၀၀ လိုအပ်ပါတယ်။"
"ကြယ်လေးပွင့် ဒါမှမဟုတ် အဲဒီအထက်ကျင့်စဉ် တွေက သတ်မှတ်မဲဖောက်ယူဖို့ အရမ်းစွမ်းအားကြီးလွန်းပါတယ်။ အကယ်၍လက်ခံသူက ကြယ်လေးပွင့်ခွဲ ဒါမှမဟုတ် ကြယ်ငါးပွင့်ကျင့်စဉ် တွေ ပါတဲ့ ဇာတ်ကောင်တစ်ခုကို မဲဖောက်ရရှိခဲ့ရင်တောင် အားလုံးကိုမဲဖောက်ယူနိုင်ဖို့ ကျရှုံးနိုင်ခြေအရမ်းများပါတယ်။ ဒါပေမဲ့ လက်ခံသူက အောင်မြင်နိုင်ခြေကို တိုးမြှင့်ဖို့ ဗီလိန်အမှတ်တွေကို သုံးနိုင်ပါတယ်၊ ဗီလိန်အမှတ် ၁၀၀၀ တိုင်းက အခွင့်အရေးကို ၁၀% တိုးစေပါတယ်။"
ဤသတင်းကို ကြားသောအခါ ဆုရှင်း၏မျက်ခွံများတုန်လှုပ်သွားခဲ့၏။ ဤစနစ်က အားနည်းချက်များကိုအခွင့်ကောင်းယူရန် မည်သူ့ကိုမှအခွင့်အရေးလုံးဝမပေးချေ။
အဆင့်သတ်မှတ်ချက်နိမ့်သော ဇာတ်ကောင်များက အဆင့်မြင့်ကျင့်စဉ်များကို သယ်ဆောင်လာနိုင်ကြောင်း သူအမှန်တကယ်မျှော်လင့်ထားခဲ့၏။
ဥပမာအားဖြင့် အိုယန်ခယ့်၏ခွန်အားမှာ မမြင့်မားသော်လည်း သူက ယင်ကိုးပါးကျမ်းကို ဖတ်ဖူးခဲ့သည်။ အကယ်၍ ဆုရှင်းက အိုယန်ခယ့်ကို မဲဖောက်ရရှိနိုင်ပါက ကြယ်လေးပွင့်အဆင့်ရှိသော ဤစွမ်းအားကြီးမားသည့် ကျင့်စဉ်ကို အလွန် သက်သာသောကုန်ကျစရိတ်ဖြင့် မဲဖောက်ယူရန် ဗီလိန်အမှတ်များကို အသုံးပြုနိုင်လိမ့်မည်။
အိုယန်ခယ့်က ကျင့်စဉ်ကို မကျင့်ကြံခဲ့သဖြင့် သူ၏အဆင့်သတ်မှတ်ချက် လျော့ကျသွားလျှင်ပင် ၎င်းက ထိုက်တန်သေး၏။
သို့သော် စနစ်က ဆုရှင်းကို ထိုအခွင့်အရေးပေးမည်မဟုတ်သည်မှာ ရှင်းလင်းနေပါသည်။ သူက ယင်ကိုးပါးကျမ်းကို ရယူလိုပါက ဗီလိန်အမှတ် ၃၂၀၀ သုံးစွဲရမည်။
ဆုရှင်းက အဆင့်မြင့်ကျင့်စဉ်ပါသော ဇာတ်ကောင်ကို မဲဖောက်ရရှိလျှင်ပင် ရွေးချယ်စရာများမှာ ကံတရားကိုရိုးသားစွာအားကိုးရန် သို့မဟုတ် သတ်မှတ်မဲဖောက်မှုတစ်ခုအတွက် ကြီးမားသော ဈေးနှုန်းတစ်ခု ပေးဆောင်ရန်သာဖြစ်သည်။
အခြား နည်းလမ်းများ မရှိပေ။
ကြယ် ၃.၅ ပွင့် အဆင့်ရှိသော နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ကွက်မှာ အမှန်တကယ်ပင် လွန်စွာသရေကျစရာကောင်းလှ၏။
မပြည့်စုံသော ဗားရှင်းပင်လျှင် ၃.၅ ပွင့်ရှိနေသည်ဆိုလျှင် မူလအမျိုးအစားက မည်မျှစွမ်းအားကြီးမားမည်ကို သင်ခန့်မှန်းကြည့်နိုင်ပါသည်။
ကံမကောင်းစွာဖြင့် ဆုရှင်းတွင် ယခု ဗီလိန်အမှတ် အလုံအလောက်မရှိပေ။ ထိုသို့မဟုတ်ပါက သူ၏ဗီလိန်အမှတ်များကို နဂါးနိုင်လက်ဝါးဆယ့်ရှစ်ကွက် အတွက် လဲလှယ်လိုက်မည်။
ပို၍ရယ်စရာကောင်းသည်မှာ ကြယ်လေးပွင့်ခွဲ သို့မဟုတ် အထက်ရှိသော ကျင့်စဉ်များအတွက် သတ်မှတ်ချက်ရှိနေခြင်းပင်။ ၎င်းက ကြီးမားသော ထောင်ချောက်ကြီးတစ်ခုဖြစ်ပြီး ပြန်လည်သိမ်းယူခံရမည့် အလားအလာပင်ရှိနေသေး၏။
အဆင့်မြင့်ကံစမ်းမဲမှာ ယုံကြည်ရဆုံးဟု ဆုရှင်း မူလကထင်မှတ်ထားခဲ့သော်လည်း ယခုကြည့်ရသည်မှာ ၎င်းက ယုံကြည်နိုင်မှုအနည်းဆုံးဖြစ်နေပုံ ပေါက်နေပါသည်။
ဤနည်းဖြင့် ဆုရှင်းက အဆင့်မြင့်မဲဖောက်ခွင့် အမှတ်များလုံလောက်စွာစုဆောင်းမိလျှင်ပင် ဗီလိန်အမှတ်များမရှိပါက ကံစမ်းမဲ မဖောက်ရဲတော့ပေ။
သူ၏အမှတ်များ မရှိပါက အဆင့်မြင့်ကံစမ်းမဲအခွင့်အရေးမှာ အလဟဿဖြစ်သွားမည်ဖြစ်ရာ ၎င်းမှာတကယ့်ထောင်ချောက်ကြီးပင်။
"ကျပန်းတစ်ခုရွေးလိုက်မယ်။"
"ဂုဏ်ယူပါတယ် လက်ခံသူ။ ဝူတန်ဂိုဏ်းရဲ့ အခြေခံအတွင်းအား ကျမ်းတစ်အုပ်ကို အောင်မြင်စွာ မဲဖောက်ရရှိပါတယ်။ အဆင့်သတ်မှတ်ချက် - ကြယ်တစ်ပိုင်း။"
ဆုရှင်း ခေါင်းငုံ့ကာ ခါးသီးစွာပြုံးလိုက်၏။ နဂါးနိုင်လက်ဝါးဆယ့်ရှစ်ကွက်မှာ အမှန်တကယ်ပင် ရယူရန်မလွယ်ကူလှပေ။
"နောက်တစ်ကြိမ်။"
ဘီးမှာ ထပ်မံလည်ပတ်သွားပြီး ဆေးလုံးကဏ္ဍတွင် ရပ်တန့်သွားတော့သည်။
"ဂုဏ်ယူပါတယ် လက်ခံသူ။ အလယ်အလတ်အဆင့် ချီအားဖြည့် ဆေးလုံး တစ်ပုလင်းကို မဲဖောက်ရရှိပါတယ်။ အဆင့်သတ်မှတ်ချက် - ကြယ် ၁.၅ ပွင့်။"
ဆုရှင်း၏လက်ထဲတွင် ကြွေပုလင်းငယ်လေး တစ်လုံးပေါ်လာခဲ့ပြီး အထဲတွင် အနက်ရောင် ဆေးလုံး ဆယ်လုံးရှိနေ၏။
ဤကဲ့သို့သော ချီအားဖြည့်ဆေးလုံးက အတွင်းအားကိုမြှင့်တင်ပေးသည့် အခြေခံဆေးလုံးတစ်မျိုး ဖြစ်သည်။ အခြေခံအဆင့်ဆေးလုံးများမှာ သိပ်မထိရောက်သော်လည်း အလယ်အလတ်အဆင့်များမှာမူ အနည်းငယ်အသုံးဝင်သေး၏။
နောက်ထပ် မဲဖောက်မှုနှစ်ကြိမ်တွင် ဆုရှင်းက အံ့သြဖွယ်ကောင်းလောက်အောင် ဆေးလုံးများကိုသာ ဆက်တိုက်ရရှိခဲ့၏။ တစ်ပုလင်းမှာ အလယ်အလတ်အဆင့် ချီအားဖြည့်ဆေးလုံး ဖြစ်ပြီး နောက်တစ်ပုလင်းမှာတော့ သူယခင်က ဝံပုလွေအိုထံမှ ရရှိခဲ့သော ရှောင်လင် အသေးစားပြန်လည်နုပျိုခြင်းဆေးလုံးဖြစ်ကာ ၎င်းမှာလည်း ဆေးလုံး ဆယ်လုံးပါ တစ်ပုလင်းဖြစ်သည်။
အသေးစားပြန်လည်နုပျိုခြင်း ဆေးလုံး၏ အကျိုးသက်ရောက်မှုများမှာ အတော်လေးကောင်းမွန်သဖြင့် ဤကံစမ်းမဲမှာမဆိုးလှပေ။
ပဉ္စမအကြိမ်ကံစမ်းမဲမှာတော့ အတော်လေး မမျှော်လင့်ထားသော အရာတစ်ခုပင်။ ဆုရှင်းက ပထမဆုံးအကြိမ်အဖြစ် လက်နက်ကဏ္ဍကို မဲဖောက်ရရှိသွားခဲ့သည်။
"ဂုဏ်ယူပါတယ် လက်ခံသူ။ လက်နက် - သံအရိုးခေါက်ယပ်တောင်ကို အောင်မြင်စွာမဲဖောက်ရရှိပါတယ်။ အဆင့်သတ်မှတ်ချက် - ကြယ် ၁.၅ ပွင့်။"
လက်နက်ဖော်ပြချက် - မွန်ဂိုမင်းသားဟော်တု၏ကိုယ်ပိုင် လက်နက်၊ ၎င်း၏အရိုးတံများကို သန့်စင်သောသံမဏိဖြင့် ပြုလုပ်ထားပြီး မျက်နှာပြင်ကိုရေခဲပိုးမျှင်ဖြင့် ချုပ်လုပ်ထားပါသည်။ ထိုးခြင်း၊ခုတ်ခြင်း၊ပုတ်ခြင်း၊ ဖိခြင်း ၎င်း၏တိုက်ခိုက်မှု သိုင်းကွက်များအားလုံးမှာ အလုံးစုံထိန်းချုပ်မှုအောက်တွင်သာရှိနေသည်။
ဆုရှင်းခါးသီးစွာပြုံးလိုက်ပြီး လေးလံသော သံအရိုးခေါက်ယပ်တောင်ကို ထောင့်တစ်နေရာသို့ ပစ်ချလိုက်၏။ ဤကဲ့သို့ထူးဆန်းသော လက်နက်မျိုးက သူ့အတွက်မသင့်တော်ပေ။