အခန်း ၃၁၁
Vol. 32 Ch. 311
အပိုင်း ၃၁၁
“အင်”
ဒါကို ကြားလိုက်ရတဲ့အခါ လင်းဖန်တစ်ယောက် ကျန်ဖန်ဘက်ကို အကြည့်မလွှဲနိုင်ဘဲ ဖြစ်သွားခဲ့သည်။
“အနာဂတ်မှာ ကုမ္ပဏီတွေ ပူးပေါင်းဖို့ဆိုတာ ရှောင်လွှဲလို့မရပါဘူး။ ဒီကုမ္ပဏီနှစ်ခုကို လုံထိန်ဆေးဝါးလုပ်ငန်းအဖြစ် ပြန်လည်ဖွဲ့စည်းသွားမှာဖြစ်ပြီး ဆေးဝါးအသစ်တွေ ထုတ်လုပ်နိုင်ဖို့အတွက် သုတေသနအဖွဲ့တွေကို အရင်ဆုံး ပူးပေါင်းပေးသွားမှာပါ” ဟု ကျန်ဖန်က ချက်ချင်းပင် မတ်တပ်ရပ်ကာ ရှင်းပြလိုက်သည်။ “စီမံခန့်ခွဲမှုပိုင်း ပူးပေါင်းတာကတော့ ပိုပြီးတော့ သက်သာလျော့ပါးမှာပါ။ ဘယ်သူက ရာထူးပိုမြင့်ပြီး ဘယ်သူက ပိုနိမ့်မလဲဆိုတာကတော့ လာမယ့်ကာလအတွင်းမှာ ခင်ဗျားတို့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်အပေါ်မှာပဲ မူတည်ပါတယ်”
“လုံထန်ဆေးဝါးလုပ်ငန်းအနေနဲ့ ဆက်လက်ကြီးထွား ဖွံ့ဖြိုးဖို့ လိုအပ်ပါတယ်။ ဒီလုပ်ငန်းစဉ်မှာ အတော်ဆုံးသူသာ ကျန်ရစ်မယ့်စနစ်က မရှိမဖြစ်ပါပဲ။ ကျွန်တော်တို့အနေနဲ့ ဝန်ထမ်းသစ် အမြောက်အမြားကို ထပ်မံခေါ်ယူရမှာဖြစ်ပြီး မူလဝန်ထမ်းတွေထဲကမှ အရည်အချင်းမပြည့်မီသူတွေကတော့ ထွက်ခွာသွားရမှာပါ”
ဒီအချက်နဲ့ပတ်သက်ပြီး ကျန်းဖန်ရော လုံထန်ဂရုပါ ပြတ်သားလွန်းသည့် သဘောထားရှိကြသည်။ လုံထန်ဂရုသည် စတင်တည်ထောင်သည့်နေ့မှစ၍ ထိပ်သီးအရည်အသွေးရှိသူများကိုသာ ရွေးချယ်သည့် လမ်းစဉ်ကို လျှောက်လှမ်းခဲ့ခြင်းဖြစ်ပြီး မည်သည့်အရာကမျှ ထိုသင်္ဘောကြီး၏ ရှေ့သို့ချီတက်မှုကို မတားဆီးနိုင်ပေ။
“ကျွန်တော်တို့ နားလည်ပါပြီ”
ကျန်းစိန့်နှင့် ချန်ယန်မင်တို့သည် လေးနက်သောမျက်နှာထားများဖြင့် ခေါင်းညိတ်လိုက်ကြသည်။ စီးပွားရေးသမားများဖြစ်ကြသည့်အလျောက် တိုးတက်ကြီးပွားခြင်း၏ အဓိပ္ပာယ်ကို သူတို့ ကောင်းကောင်းနားလည်ကြသည်။ မည်သည့်ကုမ္ပဏီတွင်မဆို အရည်အချင်းရှိသူ ရာထူးတိုးပြီး အရည်အချင်းမရှိသူ ရာထူးကျခြင်းမှာ သဘာဝပင် ဖြစ်သည်။
“ခင်ဗျားတို့က ကုမ္ပဏီရဲ့ ပထမဆုံး ရာနှုန်းပြည့်ပိုင်ဆိုင်တဲ့ လက်အောက်ခံကုမ္ပဏီဖြစ်သလို လုံထန်ဂရုထဲကို ဝင်ရောက်မယ့် လမ်းကြောင်းလည်း ဖြစ်ပါတယ်။ အခုဆိုရင် ကုမ္ပဏီနှစ်ခုစလုံးက မိသားစုတစ်ခုတည်း ဖြစ်သွားပြီမို့ အချင်းချင်း ရိုးရိုးသားသား ပူးပေါင်းဆောင်ရွက်ကြဖို့ မျှော်လင့်ပါတယ်” ဟု ပြောရင်း ကျန်းဖန်က နောက်ထပ်တစ်ကြောင်း ဖြည့်စွက်ကာ လင်းဖန်ကို လှည့်ကြည့်လိုက်သည်။
“ကျွန်တော် တခြားအများကြီးမပြောတော့ဘူး။ ကျန်းဖန်ရဲ့ ညွှန်ကြားချက်အတိုင်းပဲ လုပ်ဆောင်သွားမှာပါ။ ခင်ဗျားတို့နှစ်ယောက်ထဲက ဘယ်သူက ကုမ္ပဏီရဲ့ သုတေသနအဖွဲ့ခေါင်းဆောင်လဲ” ဟု လင်းဖန်က မေးလိုက်သည်။
သူ စကားပြောပြီးသည်နှင့် လူနှစ်ယောက်သည် ဘယ်ဘက်နှင့် ညာဘက်မှ အသီးသီး မတ်တပ်ရပ်လိုက်ကြသည်။
“ဥက္ကဋ္ဌကြီး... ကျွန်တော်က ကွေ့ရှီးကုမ္ပဏီရဲ့ ဆေးဝါးအသစ်သုတေသနအဖွဲ့ ခေါင်းဆောင် ရန်ဝေ ပါ”
အသက်လေးဆယ်ကျော်အရွယ်၊ မျက်မှန်တပ်ထားပြီး အလွန်ပင် ယဉ်ကျေးသိမ်မွေ့ပုံရသည့် အမျိုးသားတစ်ဦး မတ်တပ်ရပ်ကာ ပြောလိုက်သည်။
“ကျွန်တော်ကတော့ ချန်ရှန့်ဆေးဝါးလုပ်ငန်းရဲ့ သုတေသနအဖွဲ့ခေါင်းဆောင် လီချန်စိန့် ပါ”
နားထင်တွင် ဆံပင်ဖြူအနည်းငယ်ရှိပြီး အသက်ငါးဆယ်ဝန်းကျင်ခန့်ရှိသော အမျိုးသားတစ်ဦးက မတ်တပ်ရပ်လိုက်သည်။
“မစ္စတာ ရန်ဝေ က ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်ကနေ ကင်ဆာရောဂါဗေဒနဲ့ ဆေးဝါးအသစ်သုတေသန ဘာသာရပ်နဲ့ ဆေးပညာဒေါက်တာဘွဲ့ ရရှိထားသူဖြစ်ပြီး၊ မစ္စတာ လီချန်စိန့်ကတော့ တောင်ပိုင်းဆေးတက္ကသိုလ်က ဒေါက်တာဘွဲ့ရ တရုတ်တိုင်းရင်းဆေးပညာရှင်တစ်ဦး ဖြစ်ပါတယ်” ဟု ကျန်းဖန်က မိတ်ဆက်ပေးလိုက်သည်။
မိနစ်တစ်ဆယ်အကြာတွင် ကိုယ်ပိုင်ဇီဝဓာတုဗေဒသုတေသနခန်းအတွင်း၌ ရန်ဝေနှင့် လီချန်စိန့်တို့သည် ရှေ့တွင်မြင်တွေ့နေရသမျှကို အံ့ဩတကြီး ကြည့်နေကြသည်။ လင်းဖန်တွင် ယခုကဲ့သို့ သီးသန့်ဇီဝဓာတုဗေဒဓာတ်ခွဲခန်းတစ်ခု ရှိလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့မိပေ။ ထို့ပြင် ယခုကဲ့သို့ ပြင်ဆင်ဖွဲ့စည်းထားသည့် ဓာတ်ခွဲခန်းမျိုးမှာ ကမ္ဘာပေါ်တွင် ထိပ်တန်းစာရင်းဝင် ဖြစ်သည်။
“ကျွန်တော့်ဆီမှာ ဆေးနည်းတစ်ခုရှိတယ်၊ ဒါက ခင်ဗျားတို့ ဆက်ပြီး သုတေသနလုပ်ရမယ့် ဆေးပဲ”
ချက်ချင်းဆိုသလိုပင် "ရင်သားအကျိတ်ပျောက်ဆေး" ၏ ဖော်မြူလာစာရွက်ကို ထိုလူနှစ်ယောက်ရှေ့သို့ ချပေးလိုက်သည်။ ထိုစာရွက်ပေါ်တွင် ဆေးဖက်ဝင်အပင်အချို့၏ အမည်များသာ ရှိပြီး မည်သည့် သီးခြားအာနိသင်ကိုမျှ ဖော်ပြထားခြင်း မရှိပေ။
“ရှားစောင်းလက်ပတ်ရည်၊ အီးဗနင်းပရွမ်းရို့စ် (Evening Primrose)၊ ဆေ့ချ် (Sage)၊ အီလန်အီလန် (Ylang Ylang).....”
လီချန်စိန့်က ရှေ့ရှိ ဆေးအမည်များကို ကြည့်ကာ မျက်ခုံးပင့်လိုက်ရင်း မသေချာသကဲ့သို့ ပြောလိုက်သည် - “ဒီပါဝင်ပစ္စည်းတွေက အခု ဈေးကွက်ထဲမှာရှိတဲ့ ရင်သားဖွံ့ဖြိုးစေတဲ့ ပစ္စည်းတွေနဲ့ ဆင်တူနေပါတယ်။ ဥက္ကဋ္ဌကြီး... ဒါက အဲဒီလိုဆေးမျိုးပဲလား ခင်ဗျာ”
“ဟားဟားဟား! မစ္စတာ လီ က တရုတ်တိုင်းရင်းဆေးပညာရှင်ပီပီ တစ်ချက်ကြည့်ရုံနဲ့တင် သိတာပဲ”
လင်းဖန်က ပြုံးရွှင်သောမျက်နှာဖြင့် စားပွဲပေါ်ရှိ အစိမ်းရောင်ဆေးပြွန်တစ်ခုကို သူတို့နှစ်ဦးထံ ကမ်းပေးလိုက်ရင်း “ဒီဆေးဖော်မြူလာကို ကျွန်တော် အားတဲ့အချိန်တွေမှာ သုတေသနလုပ်ထားတာပါ” ဟု ပြောလိုက်သည်။
“အာနိသင်ကတော့ တော်တော်လေးကောင်းပါတယ်။ ဒါပေမဲ့ လူတွေနဲ့ လက်တွေ့စမ်းသပ်မှု (Clinical Trials) အပိုင်း လိုအပ်နေသေးတော့ ခင်ဗျားတို့အနေနဲ့ ဒါကို ပိုပြီးကောင်းမွန်အောင် လုပ်ပေးဖို့ လိုပါလိမ့်မယ်”
ထိုအချိန်တွင် လင်းဖန်က ဆေးဝါး၏ တိကျသော ဖော်မြူလာအချက်အလက်များကို ထိုလူနှစ်ဦးရှေ့သို့ ချပြလိုက်သည်။
“ဥက္ကဋ္ဌကြီးက ပုံမှန်အားဖြင့် ဓာတ်ခွဲခန်းထဲမှာ ရင်သားဖွံ့ဖြိုးစေတဲ့ဆေးတွေကို တစ်ယောက်တည်း သုတေသနလုပ်နေတာလား ခင်ဗျာ”
ရန်ဝေနှင့် လီချန်စိန့်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လင်းဖန်ကို ထူးဆန်းသကဲ့သို့ စိုက်ကြည့်မိကြသည်။
လင်းဖန်က စိတ်ပျက်လက်ပျက်ဖြင့် နှာခေါင်းကို အိုးတိုးအောက်တန်း ပွတ်လိုက်မိရင်း “စိတ်ကူးပေါက်လို့ လုပ်ကြည့်တာပါ။ ကျွန်တော့်ရဲ့ ဆေးပညာဗဟုသုတက စာတွေ့လောက်ပဲရှိတာ၊ လက်တွေ့တော့ မဟုတ်ပါဘူး။ ဆေးဝါးဗေဒ၊ ဆေးဝါးဓာတုဗေဒ၊ ဆေးဝါးဓာတ်ခွဲဆန်းစစ်ခြင်း၊ မဟာဓာတ်ကျမ်း (Compendium of Materia Medica) နဲ့ ရွှေသေတ္တာအနှစ်ချုပ်ကျမ်း (Synopsis of the Golden Chamber) စတဲ့ စာအုပ်တွေကို ဖတ်ဖူးရုံပဲ ဖတ်ဖူးတာပါ” ဟု ပြောလိုက်သည်။
နောက်ပြောင်နေတာမှ မဟုတ်ဘဲ၊ ဒါက ပြီးခဲ့တဲ့အကြိမ်က စနစ်က ပေးလိုက်တာလို့ သူ ဘယ်လိုလုပ် ပြောလို့ရပါ့မလဲ။ ဒါက တစ်ခုပဲရှိသေးတာ၊ နောက်ထပ်ဖော်မြူလာတစ်ခုက ဒါထက်တောင် ပိုပြီး ဆန်းကြယ်နေဦးမည် ဖြစ်သည်။
“တကယ်လို့ ဒီဆေးသာ အောင်မြင်သွားရင် အမျိုးသမီး ထောင်ပေါင်းများစွာအတွက် အကျိုးရှိမှာပါ” ဟု ရန်ဝေက ရယ်မောကာ ပြောလိုက်သည်။
“အဓိကကတော့ ပိုက်ဆံရဖို့ပါပဲ” ဟု လင်းဖန်က ရယ်ရခက် ငိုရခက် ပြောလိုက်သည်။
“ဒီဆေးရည်သာ အောင်မြင်ရင် ပိုက်ဆံအများကြီးရမှာကတော့ အသေအချာပါပဲ။ အဲဒီကျရင် ကျွန်တော်တို့ ဒါကို ထပ်ပြီး လေ့လာမွမ်းမံရင် မမျှော်လင့်ထားတဲ့ ရလဒ်တွေလည်း ထွက်လာနိုင်ပါတယ်” ဟု လီချန်စိန့်က ခေတ္တမျှ ဝေခွဲမရဖြစ်ပြီးမှ ခေါင်းညိတ်လိုက်သည်။
“ဒါဆို ခင်ဗျားတို့ကိုပဲ အပ်ပါရစေ။ ဒီပစ္စည်းတွေနဲ့ ဆေးဝါးတွေကို ခင်ဗျားတို့ရဲ့ ဓာတ်ခွဲခန်းဆီ အရောက်ပို့ခိုင်းလိုက်ပါ့မယ်။ ဒါကို ပိုကောင်းအောင် မွမ်းမံဖို့အတွက် လူအင်အား စီစဉ်ပေးပါ။ ပြီးတော့ လူတွေနဲ့ လက်တွေ့စမ်းသပ်တဲ့ ရလဒ်တွေ ထွက်လာရင် ကျွန်တော့်ဆီ တန်းပို့ပေးပါ။ ဒီဆေးနည်းကို စတုတ္ထမြောက်လူတစ်ယောက်ကိုမှ မသိစေပါနဲ့”
လင်းဖန်သည် သူတို့ကို "မျိုးပွားဆေးရည်" ဖော်မြူလာကိုတော့ မပေးခဲ့ပေ။ သူ အလျင်စလိုမလုပ်ဘဲ အချိန်ယူနေခြင်းဖြစ်ပြီး တစ်ပြိုင်နက်တည်း အများကြီးထုတ်ပြလိုက်ပါက သူ့ကို လူဆန်းကြီးဟု ထင်သွားကြမည် စိုးသောကြောင့်ဖြစ်သည်။
ထိုလူနှစ်ဦးကို ပြန်လွှတ်ပြီးနောက် လင်းဖန်သည် သူ၏ရုံးခန်းဧရိယာသို့ ပြန်လာကာ ရိုဘော့ကို ဆက်လက်တပ်ဆင်နေခဲ့သည်။
ဒီအတောအတွင်း စနစ်ကပေးထားသည့် ဆေးဝါးနမူနာပုံစံနှစ်ခုကို စီစဉ်ရုံတင်မကဘဲ ရိုဘော့ကိုလည်း ထပ်မံသုတေသနပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။
“ရှုံ့တာ... ရိုဘော့အတွက် လိုအပ်တဲ့ ပစ္စည်းစာရင်းကို ကျန်းဖန်ဆီ ပို့လိုက်ပါ။ ကျန်းဖန်က ပစ္စည်းတွေ ပို့ပေးလာရင် မင်း ဓာတ်ခွဲခန်းထဲမှာ ရိုဘော့ကို ကိုယ်တိုင်တပ်ဆင်လိုက်ပါ။ နောက်ဆိုရင် ကျွန်တော် မရှိတဲ့အချိန်တွေမှာ ဓာတ်ခွဲခန်းထဲက ကျွန်တော်ပေးတဲ့ အလုပ်တွေကို မင်း ပြီးအောင်လုပ်နိုင်လိမ့်မယ်” ဟု လင်းဖန်က ပြောလိုက်သည်။
“ဒီရိုဘော့တွေက ရုပ်ဆိုးလွန်းလို့ သူဌေးက ကျွန်တော့်ကို အပြင်ပေးမထွက်တာပဲ” ဟု ရှုံတာက ပြောလိုက်သည်။
ဒီစကားကို ကြားလိုက်ရတဲ့အခါ လင်းဖန်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားရပြန်သည်။ ရှုံတာ၏ သင်ယူနိုင်စွမ်းနှင့် ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းတို့ကြောင့် ယခုကဲ့သို့ စကားမျိုး ပြောထွက်လာသည်ကို သူ မအံ့ဩတော့ပေ။
“အခုလောလောဆယ်တော့ ဒါကိုပဲ အရင်သုံးဦးပေါ့။ ကုမ္ပဏီရုံးချုပ်ကြီး ဆောက်ပြီးလို့ အခြေအနေတွေ ပြည့်စုံသွားပြီဆိုရင် မင်းအတွက် ပိုကောင်းတဲ့ ခန္ဓာကိုယ်တစ်ခု လုပ်ပေးပါ့မယ်”
လက်ရှိအချိန်တွင် ဘက္ထရီသက်တမ်းက ကြာရှည်မခံသေးသဖြင့် ရှုံတာအနေနှင့် ဓာတ်ခွဲခန်းနှင့် အလှမ်းဝေးရာသို့ သွားရန် မဖြစ်နိုင်သေးပေ။ ထို့ပြင် အခြားအခြေအနေများကလည်း ပိုမိုစွမ်းအားထက်မြက်သည့် ရိုဘော့တစ်ခုကို တည်ဆောက်ရန် အထောက်အပံ့ မပြုနိုင်သေးချေ။
“ကျေးဇူးတင်ပါတယ် သူဌေး!” ........
တစ်ချိန်တည်းမှာပင် ကျန်းဖန်သည် ကုမ္ပဏီသို့ အခုလေးတင် ရောက်ရှိလာသည့် ထူးခြားသော ဧည့်သည်တော် သုံးဦးနှင့် ရုံးချုပ်တွင် တွေ့ဆုံနေခဲ့သည်။
နေရာရွှေ့ပြောင်းပြီးနောက် လက်ရှိ လုံထန်ဂရု၏ ရုံးခန်းနေရာသည် ကောင်းကင်နှင့်မြေကြီးကဲ့သို့ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ပြည်တွင်း၌ ထိပ်တန်းကုမ္ပဏီဖြစ်သည့် အလီဘာဘာ (Ali) ပင်လျှင် သူတို့နှင့် မနှိုင်းယှဉ်နိုင်ပေ။
“မင်္ဂလာပါ၊ ကျွန်တော်က ထောက်ပံ့ပို့ဆောင်ရေးဌာနက နန်ကုန်းကျန့် ပါ”
ညာဘက်အပေါ်ဘက်တွင် ထိုင်နေသည့် ပြတ်သားသော မျက်နှာထားနှင့် အသက်လတ်ပိုင်းအမျိုးသားက တည်ကြည်စွာ ပြောလိုက်သည်။
သူ၏ အမူအရာကို ကြည့်ရုံနှင့်ပင် လက်ရှိ တာဝန်ထမ်းဆောင်ဆဲ စစ်သည်တစ်ဦးဖြစ်ကြောင်း သေချာပြီး စစ်ဘက်ဆိုင်ရာ ရာထူးလည်း မနိမ့်လှပေ။ ကျန်ရှိနေသည့် လူနှစ်ယောက်မှာလည်း မိတ်ဆက်ပေးရန်ပင်မလိုဘဲ စစ်သားများဖြစ်ကြောင်း သိသာလှသည်။ သူတို့၏ တည်ကြည်ဖြောင့်မတ်စွာ ထိုင်နေပုံ၊ အပြုအမူနှင့် အနေအထိုင်များအားလုံးက စစ်စည်းကမ်းများကို အထင်အရှား ရောင်ပြန်ဟပ်နေကြသည်။
“မင်္ဂလာပါ ခင်ဗျာ!”
ထိုအချိန်တွင် ကျန်ဖန်က ချက်ချင်းပင် မတ်တပ်ရပ်ကာ စစ်သားသုံးဦးနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။
“မစ္စတာ ကျန်း... ခင်ဗျားတို့ဂရုက ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်တာ ဒါပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်လည်း ဖုံးကွယ်မထားတော့ပါဘူး။ ဒီတစ်ခေါက် လုံထန်ဆီကနေ အကူအညီတောင်းစရာ ကိစ္စနှစ်ခု ရှိပါတယ်” ဟု နန်ကုန်းကျန့်က မဆိုင်းမတွဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
“ဒီတစ်ခေါက်တော့ ကျွန်တော်တို့ စစ်ဘက်ဆိုင်ရာ လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့် ဟိုလိုဂရပ်ဖစ် (Holographic) ပြသရေးကိရိယာ အမြောက်အမြားကို ခင်ဗျားတို့ လုံထန်ဂရုဆီကနေ ဝယ်ယူချင်ပါတယ်။ လုံထန်အနေနဲ့ နည်းပညာပိုင်းအရ စစ်တပ်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မလားဆိုတာ သိချင်ပါတယ်”
..........................................................