အခန်း ၃၁၂
Vol. 32 Ch. 312
အပိုင်း ၃၁၂
ချက်ချင်းဆိုသလိုပင် ကျန်ဖန်၏ မျက်နှာထက်တွင် အပြုံးတစ်ခု မပေါ်ဘဲမနေနိုင် ဖြစ်သွားခဲ့သည်။
စစ်တပ်ဆိုသည်မှာ ငွေကြေးအသုံးအစွဲ အလိုအပ်ဆုံးသော အဖွဲ့အစည်းကြီး ဖြစ်သည်။ အကယ်၍ သူတို့က ယခုတစ်ခေါက် ဟိုလိုဂရပ်ဖစ် ပရိုဂျက်တာ (Holographic Projector) ကို မျက်စိကျလာပြီဆိုလျှင် အမှာစာပမာဏမှာ အလွန်ပင် ကြီးမားလှမည်ဖြစ်ပြီး အနည်းဆုံး ဒေါ်လာဘီလီယံပေါင်းများစွာတန် အရောင်းအဝယ် ဖြစ်လာပေလိမ့်မည်။
ဟိုလိုဂရပ်ဖစ်နည်းပညာကို စစ်ဘက်ဆိုင်ရာတွင် အသုံးချမည့်အခြေအနေနှင့် ပတ်သက်၍မူ ရေပြင်၊ မြေပြင်၊ ဝေဟင်နှင့် အာကာသ စသည့် နယ်ပယ်အားလုံးတွင် လိုအပ်နေသဖြင့် စိတ်ပူစရာ လုံးဝမရှိပေ။
“စစ်တပ်ရဲ့ ပရော်ဖက်ရှင်နယ် နည်းဗျူဟာပိုင်းဆိုင်ရာ လိုအပ်ချက်တွေအတွက် ဟိုလိုဂရပ်ဖစ် စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးဖို့က လုံးဝပြဿနာမရှိပါဘူး။ စစ်တပ်ရဲ့ လိုအပ်ချက်က ဘာတွေလဲဆိုတာပဲ ကျွန်တော် မသိသေးတာပါ။ ကျွန်တော်တို့ဂရုအနေနဲ့ အဲဒီအပေါ် မူတည်ပြီး သီးသန့်ထုတ်ကုန်တွေကို တီထွင်ပေးနိုင်ပါတယ်”
နန်ကုန်းကျန့်က မဆိုင်းမတွဘဲ လိုရင်းတိုရှင်း ပြတ်ပြတ်သားသား ပြောလိုက်သည် - “ပင်လယ်၊ ကုန်းပြင်၊ ဝေဟင်... အားလုံးပါပဲ။ တစ်ဦးချင်း တိုက်ခိုက်ရေး လက်နက်ကိရိယာတွေကနေ လေယာဉ်တင်သင်္ဘောကြီးတွေအထိ၊ နည်းဗျူဟာပိုင်း အသုံးချမှုတွေကနေ မဟာဗျူဟာပိုင်း အသုံးချမှုတွေအထိ အားလုံး အကျုံးဝင်ပါတယ်”
ထိုစကား ထွက်လာသည်နှင့် ကျန်းဖန် တစ်ခဏမျှ ဆွံ့အသွားခဲ့သည်။ တစ်ဖက်လူက အသေးစိတ် မပြောသော်လည်း အားလုံးကို ခြုံငုံပြောသွားခြင်း ဖြစ်သည်။
၎င်း၏ဆိုလိုရင်းမှာ စစ်တပ်၏ လက်နက်ကိရိယာများတွင် ပြသရေးနည်းပညာ (Display Technology) ပိုင်းကို အဆင့်မြှင့်တင်ပေးနိုင်သရွေ့ တစ်တပ်လုံးအတွက် နည်းပညာ ထောက်ပံ့ပေးနိုင်ကာ နည်းဗျူဟာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုကိုပါ ဆောင်ရွက်ပေးနိုင်သည်ဟူ၍ ဖြစ်သည်။ ထိုသို့ဆိုလျှင် စစ်ဘက်ဆိုင်ရာ အဓိကတပ်ဖွဲ့ကြီးအားလုံး၏ ဝယ်ယူရေးအမှာစာများသည်လည်း ကမ်းခြေစောင့်နည်းပညာကုမ္ပဏီ (Coastline Technology Company) ထံသို့ ရောက်ရှိလာတော့မည် ဖြစ်သည်။
ဒါကတော့ မြင်သာတဲ့ အကျိုးအမြတ်တွေရော၊ မမြင်ရတဲ့ ရေရှည်အကျိုးကျေးဇူးတွေပါ ရရှိမယ့် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး စီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ်နေတာကြောင့် ကျန်ဖန်တစ်ယောက် စိတ်မလှုပ်ရှားဘူးဟု ပြောလျှင် အလိမ်အညာသာ ဖြစ်ပေလိမ့်မည်။
“ရိုးရာပြသရေးနည်းပညာတွေနဲ့ နှိုင်းယှဉ်ရင် ဟိုလိုဂရပ်ဖစ်ပြသရေးနည်းပညာက သုံးဖက်မြင် ပုံရိပ်ယောင်ဖော်ဆောင်နိုင်စွမ်း၊ မြင့်မားတဲ့ အစစ်အမှန်တုပနိုင်စွမ်းနဲ့ ပြတ်သားတဲ့ အာကာသဟင်းလင်းပြင်ခံစားမှုတွေ ရှိတာကြောင့် ခေတ်သစ်စစ်ဆင်ရေးတွေအတွက် ပိုပြီး သင့်တော်ပါတယ်”
ဆက်လက်၍ ကျန်းဖန်က “သုံးဖက်မြင် ပူးပေါင်းစစ်ဆင်ရေးတွေကို အလေးထားတဲ့ အခြေအနေသစ်အောက်မှာ ငြိမ်းချမ်းတဲ့ကာလအတွင်း စစ်ဘက်ဆိုင်ရာ ပုံရိပ်ယောင်စစ်ရေးလေ့ကျင့်မှု (Simulation Training) တွေရဲ့ လိုအပ်ချက်ကိုလည်း ပိုမိုဖြည့်ဆည်းပေးနိုင်မှာပါ” ဟု ပြောလိုက်သည်။
ခေတ်သစ်စစ်ဆင်ရေးများတွင် ပူးပေါင်းတိုက်ခိုက်ရေးစနစ်၏ အရေးပါမှုကို ပိုမိုအလေးထားလာကြသောကြောင့် စစ်တပ်အနေဖြင့် ရေ၊ ကုန်း၊ လေနှင့် အာကာသ စသည့် နယ်ပယ်အားလုံးကို စနစ်တကျဖြစ်ခြင်း၊ စံချိန်စံညွှန်းမီခြင်း၊ အစိတ်အပိုင်းများ အပြန်အလှန်ချိတ်ဆက်နိုင်ခြင်း၊ ပုံမှန်ဖြစ်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာဖြစ်ခြင်း စသည့် ပူးပေါင်းစစ်ဆင်ရေးစနစ်ဆီသို့ ဦးတည်နေကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားခြင်းဖြစ်သည်။
တစ်ချက်တည်းနှင့် စစ်ဘက်ဆိုင်ရာ ဈေးကွက်တစ်ခုလုံးကို ရယူရမည် ဖြစ်သည်။ အမှန်တော့ မိမိတို့နိုင်ငံ၏ စစ်တပ်အတွက် ခေတ်မီမြင့်မားသော နည်းပညာမြင့်လက်နက်များ ထောက်ပံ့ပေးခြင်းမှာ ဒုတိယဦးစားပေးသာ ဖြစ်ပြီး၊ တကယ့်ဈေးကွက်အစစ်အမှန်မှာ ပြည်ပကုန်သွယ်ရေး ထုတ်ကုန်များ ဖြစ်ရပေလိမ့်မည်။ သို့သော် မည်သည့်နိုင်ငံကို ရောင်းချမည်၊ မည်သို့ရောင်းချမည် ဆိုသည်ကိုမူ ကျန်ဖန်ရော လုံထိန်ဂရု(ပ်)ပါ ဆုံးဖြတ်နိုင်ခွင့်မရှိဘဲ ယင်းမှာ နည်းပညာထိန်းချုပ်ကန့်သတ်ချက်များအောက်တွင် ရှိနေသည်။
အမေရိကန်နိုင်ငံရှိ ဘိုးအင်း နှင့် လော့ခ်ဟိဒ်မာတင်ကဲ့သို့သော လက်နက်ဘီလူးကြီးများပင်လျှင် နည်းပညာမြင့်ထုတ်ကုန် ပြည်ပတင်ပို့မှု ကန့်သတ်ချက်များ ရှိကြရာ နိုင်ငံတိုင်းတွင်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။
သို့သော် ကျန်းဖန်အနေဖြင့် အနည်းငယ်မျှ စိတ်ပူခြင်းမရှိပေ။ သင့်တော်သည့် ပြည်ပပို့ကုန်များကို တီထွင်နိုင်သရွေ့ နိုင်ငံတော်နှင့် စစ်တပ်က လုံထိန်ဂရု(ပ်)၏ ထုတ်ကုန်များကို အခြားနိုင်ငံများသို့ တင်ပို့နိုင်ရန်အတွက် သေချာပေါက် အစပြုမြှင့်တင်ပေးကြမည်သာ ဖြစ်သည်။
အဆုံးစွန်တွင် ပြည်ပသို့တင်ပို့ပြီး နိုင်ငံခြားငွေ ရှာဖွေခြင်းက တစ်ပိုင်းဖြစ်သော်လည်း အခြားတစ်ဖက်တွင်မူ စစ်လက်နက်ပစ္စည်း ကုန်သွယ်ရေးသည် သာမန်ကုန်စည်ကုန်သွယ်ရေးနှင့် မတူညီပေ။ မည်သည့်နိုင်ငံကိုမဆို ရောင်းချပြီးနောက် ထိုနိုင်ငံသည် မိမိတို့နှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေး ရှိလာတတ်ပြီး မိမိတို့အပေါ် ပိုမိုမှီခိုလာတတ်ကြသည်။
ထို့ပြင် လက်နက်ကုန်သွယ်ရေးဈေးကွက်တွင် ဥရောပနှင့် အမေရိကန်နိုင်ငံတို့ကို ပြိုင်ဆိုင်ပြီး ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို လုယူနိုင်မည်ဖြစ်ရာ ဒါက တရုတ်နိုင်ငံအနေဖြင့် အလွန်ပင် ဝမ်းမြောက်ဝမ်းသာ လုပ်ဆောင်လိုသည့် အရာ ဖြစ်သည်။
ဒါက နည်းပညာကုမ္ပဏီတစ်ခုကနေ စစ်လက်နက်ပစ္စည်း ထောက်ပံ့တဲ့ လုပ်ငန်းတစ်ခုအဖြစ် ရုတ်တရက် ပြောင်းလဲသွားတာ မဟုတ်ဘူးလား..။
ဘယ်သူဂရုစိုက်မှာလဲ... ဘယ်လိုစီးပွားရေးပဲဖြစ်ဖြစ် ပိုက်ဆံရနိုင်တဲ့ စီးပွားရေးက စီးပွားရေးကောင်းပဲ ဖြစ်သည်။
ဘိုးအင်းကုမ္ပဏီပင်လျှင် စစ်ဘက်ရော အရပ်ဘက်ပါ စီးပွားရေးနှစ်ခုစလုံးကို လုပ်ကိုင်နေသည်မဟုတ်ပါလား။ အရပ်ဘက်သုံး လေယာဉ်များရော စစ်ဘက်သုံး လေယာဉ်များကိုပါ ထုတ်လုပ်နေပြီး ၎င်းမှာ စစ်ဘက်-အရပ်ဘက် ပေါင်းစည်းမှု၏ စံပြလုပ်ငန်းတစ်ခု ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်ကလည်း စစ်ဘက်-အရပ်ဘက် ပေါင်းစည်းမှုကို အင်တိုက်အားတိုက် မြှင့်တင်နေချိန်ဖြစ်ရာ လုံထန်ဂရုသည်လည်း အနာဂတ်တွင် စစ်ဘက်-အရပ်ဘက် ပေါင်းစည်းထားသည့် နည်းပညာမြင့် လုပ်ငန်းတစ်ခု ဖြစ်လာပေလိမ့်မည်။
“လက်ရှိ ကျွန်တော်တို့ကုမ္ပဏီက ပိုင်ဆိုင်ထားတဲ့ ရင့်ကျက်တဲ့ အဓိကနည်းပညာတွေရဲ့ ထူးခြားချက်တွေအပေါ် အခြေခံပြီး ပြောရရင်... အနာဂတ်မှာ စစ်ဘက်ဆိုင်ရာ အသုံးချမှုကြီး သုံးခုကို ထောက်ပံ့ပေးနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်”
ကျန်ဖန်က ဆက်လက်၍ “ပထမတစ်ခုကတော့ စစ်မြေပြင်ပတ်ဝန်းကျင် ပုံရိပ်ယောင်ဖော်ဆောင်ခြင်း ပါ။ ရှေးခေတ်ကတည်းက စစ်မြေပြင်ပတ်ဝန်းကျင်ကို ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိထားခြင်းက စစ်ရေးလှုပ်ရှားမှုတွေအတွက် အရေးကြီးတဲ့ အခြေခံအုတ်မြစ် ဖြစ်ခဲ့ပါတယ်။ မြေပုံကနေ သဲပုံဗျူဟာဆီ ပြောင်းလဲလာခဲ့သလိုမျိုးပေါ့”
“ဟိုလိုဂရပ်ဖစ် ပရိုဂျက်တာစနစ်က အထောက်အပံ့ပေးထားတဲ့ သုံးဖက်မြင် စစ်မြေပြင်ပတ်ဝန်းကျင်တုကို အသုံးပြုခြင်းက ရိုးရိုးမျက်နှာပြင်ပြစနစ်တွေရဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်မှာဖြစ်လို့ ပိုပြီး တိုက်ရိုက်မြင်သာတဲ့ ခံစားမှုနဲ့ ပိုမိုစုံလင်တဲ့ အချက်အလက်တွေက စစ်ပွဲမတိုင်ခင် စစ်သေနာပတိတွေကို ဆုံးဖြတ်ချက်ချမှတ်ခြင်းနဲ့ စစ်ရေးလှုပ်ရှားမှုပိုင်းဆိုင်ရာ အထောက်အပံ့တွေကို ပေးစွမ်းနိုင်မှာပါ”
“တကယ်တော့ ဒါကို အနည်းငယ် ပြုပြင်ပြောင်းလဲပြီး ရိုးရှင်းတဲ့ ပုံစံမျိုးလုပ်ရင် အရပ်ဘက်နယ်ပယ်မှာလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ပါတယ်။ ဥပမာအားဖြင့် အိမ်ခြံမြေ ပြသမှုတွေမှာဆိုရင် ဟိုလိုဂရပ်ဖစ် ပရိုဂျက်တာ သဲပုံဗျူဟာရဲ့ အစိတ်အပိုင်းလိုက် ခွဲခြားနိုင်စွမ်းက... အိမ်ခြံမြေတွေ ရောင်းကုန်သွားတဲ့အခါ အလဟဿ စွန့်ပစ်လိုက်ရတဲ့ လျှပ်စစ်သဲပုံတွေနဲ့ အိမ်နမူနာ မော်ဒယ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ အရင်းအမြစ် လေလွင့်ဆုံးရှုံးမှုတွေကို လျှော့ချပေးနိုင်မှာပါ”
“ဒါတင်မကသေးဘဲ ပြသမယ့်အကြောင်းအရာတွေက ဒီဂျစ်တယ်ပုံရိပ်တွေအနေနဲ့ ရှိနေမှာမို့လို့ လိုက်လျောညီထွေ ပြောင်းလဲနိုင်ပြီး အချက်အလက်ပမာဏ ပိုမိုကြီးမားနိုင်ပါတယ်။ ဝယ်ယူသူတွေနဲ့ အိမ်ခြံမြေအကြား အပြန်အလှန် ဆက်သွယ်ဆောင်ရွက်မှုတွေကိုလည်း လုပ်ဆောင်ပေးနိုင်မှာပါ”
အမှန်စင်စစ် ဟိုလိုဂရပ်ဖစ်နည်းပညာကို အသုံးချနိုင်မည့် စိတ်ကူးစိတ်သန်း နယ်ပယ်က အလွန်ပင် ကျယ်ပြောလှသည်။ စစ်မြေပြင်ပတ်ဝန်းကျင် ပုံရိပ်ယောင်ဖော်ဆောင်ခြင်းနှင့် အိမ်ခြံမြေ ပြသခြင်းတို့တွင်သာမက အခြားနယ်ပယ်များစွာတွင်လည်း အသုံးချနိုင်သည်။ ဟိုလိုဂရပ်ဖစ်နည်းပညာ၏ စိတ်ကူးပုံဖော်နိုင်စွမ်းမှာ တကယ့်ကို ကြီးမားလွန်းလှပြီး မြင်ကွင်းပြသမှုနှင့် ပတ်သက်သမျှအရာအားလုံးသည် ၎င်း၏ အလားအလာရှိသော တိုးချဲ့နယ်ပယ်များ ဖြစ်ကြသည်။
၎င်း၏ အသုံးချမှုဈေးကွက်သည် ဒေါ်လာ ထရီလီယံချီသည်အထိ ကြီးမားနိုင်သည်ဆိုသည်မှာ သာမန်စကားသက်သက် မဟုတ်ဘဲ အမှန်တကယ် ဖြစ်လာနိုင်ချေ ရှိပေသည်။
ဒီစကားများကို ကြားလိုက်ရသောအခါ နန်ကုန်းကျန့်နှင့် သူ၏လုပ်ဖော်ကိုင်ဖက်များသည် တစ်ယောက်ကိုတစ်ယောက် မကြည့်ဘဲမနေနိုင် ဖြစ်သွားခဲ့ကြပြီး ပထမဆုံးအကြိမ်အဖြစ် အနည်းငယ် အံ့ဩသွားခဲ့ကြသည်။
ကျန်းဖန်၏ ဖော်ပြချက်မှာ အလွန်ပင် ထိမိလှသည်ဟု ပြောရမည် ဖြစ်ပြီး အထူးသဖြင့် လက်ရှိ ရေ၊ ကုန်း၊ လေနှင့် အာကာသ သုံးဖက်မြင် စစ်ဆင်ရေး လိုအပ်ချက်များအတွက် ဟိုလိုဂရပ်ဖစ် စစ်မြေပြင်ပတ်ဝန်းကျင်သည် ဘက်စုံအချက်အလက်များကို ထိရောက်စွာ အသုံးချနိုင်ပြီး စစ်ပွဲမတိုင်ခင် စစ်သေနာပတိ၏ ရှေ့မှောက်တွင် ဒြပ်စင်တစ်ခုချင်းစီ၏ ပုံပန်းသဏ္ဌာန်ကို အစစ်အမှန်အတိုင်း ပြန်လည်ဖော်ဆောင်ပေးနိုင်သည်။ ဟင်းလင်းပြင်အတွင်းရှိ ၎င်းတို့၏ နှိုင်းရတည်နေရာများသည် စစ်ဗိုလ်ချုပ်များနှင့် စစ်သည်များအားလုံးကို စစ်မြေပြင်အခြေအနေအား အမှန်တကယ် နားလည်သဘောပေါက်စေသည်။
သူက ချက်ချင်းပင် ကျန်ဖန်ကို ကြည့်ကာ မေးလိုက်သည် - “မစ္စတာ ရဲ့... ကျန်တဲ့ အဓိက အသုံးချမှု နှစ်ခုက ဘာတွေလဲ ခင်ဗျာ”
“ဒုတိယတစ်ခုကတော့ ပုံရိပ်ယောင်လှည့်စားမှု လက်နက် (Illusion Weapon) ပါ။ ဒါက စစ်မြေပြင်က တိမ်တိုက်တွေပေါ်မှာ ဒါမှမဟုတ် သီးခြားဟင်းလင်းပြင်တစ်ခုခုမှာ သက်ဆိုင်ရာ ပုံရိပ်တွေ၊ ကြွေးကြော်သံတွေနဲ့ ဆောင်ပုဒ်တွေကို ဟိုလိုဂရပ်ဖစ် ပုံရိပ်ဖော်နည်းပညာ အသုံးပြုပြီး ပရိုဂျက်တာနဲ့ ပြသပေးတဲ့ ကိရိယာမျိုး ဖြစ်သင့်ပါတယ်”
နန်ကုန်းကျန့်နှင့် အခြားသူများ၏ အကြည့်ကို ရင်ဆိုင်ရင်း ကျန်းဖန်က ပြန်လည်ဖြေကြားလိုက်သည်။
- “ဒါကို အသုံးချမှု လမ်းကြောင်း နှစ်ခု ခွဲခြားထားပါတယ်။ ပထမတစ်ခုကတော့ နည်းဗျူဟာပိုင်းဆိုင်ရာ လှည့်စားမှု ဖြစ်ပြီး ဗီဒီယို ပလက်ဖောင်းလက်နက်တွေ၊ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေနဲ့ အခြားဒြပ်စင်တွေကို ပုံရိပ်ယောင်အဖြစ် ပြသခြင်းအားဖြင့် ရန်သူကို ထောက်ချောက်ဆင် လှည့်စားမယ့် နည်းဗျူဟာမြောက် ရည်ရွယ်ချက်ကို ရရှိစေမှာပါ”
“ဥပမာအားဖြင့်... ဟာလာဟင်းလင်းဖြစ်နေတဲ့ စစ်မြေပြင်တစ်ခုမှာ ဟိုလိုဂရပ်ဖစ်ကိရိယာ အနည်းငယ်ကို အသုံးပြုပြီး စက်မှုမှုပြု တိုက်ခိုက်ရေးတပ်မကြီးတစ်ခုလုံးရဲ့ ပုံရိပ်ယောင်ကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်”
“ဒုတိယတစ်ခုကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ နှိမ်နင်းမှု ဖြစ်ပြီး ပုံရိပ်ယောင်လှည့်စားမှု လက်နက်တွေကို အသံစတဲ့ အစိတ်အပိုင်းတွေနဲ့ ပေါင်းစပ်ကာ စစ်မြေပြင်မှာ ရန်သူရဲ့ သမိုင်းဝင်ပုဂ္ဂိုလ်ကြီးတွေ၊ ဒဏ္ဍာရီလာပုဂ္ဂိုလ်တွေ၊ ပရောဖက်တွေ၊ နတ်ဘုရားတွေ စတဲ့ တစ်ဖက်လူရဲ့ စိတ်ဓာတ်ကို လွှမ်းမိုးနိုင်မယ့်အရာတွေကို ပေါ်လာအောင် လုပ်ဆောင်တာပဲ ဖြစ်ပါတယ်”
“ဒါမှသာ ရန်သူကို ပြင်းထန်တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တုန်လှုပ်မှုကို ပေးစွမ်းနိုင်မှာဖြစ်ပြီး ရန်သူကို နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်းနဲ့ စိတ်ဓာတ်ပျက်ပြားအောင် ဖြိုခွဲခြင်း စတဲ့ ရည်ရွယ်ချက်တွေကို အောင်မြင်စေမှာပါ။ ရှေးစကားအတိုင်း ပြောရရင်... မတိုက်ခိုက်ဘဲနဲ့ ရန်သူကို အောင်နိုင်ခြင်းဆိုတာ ဒါမျိုး ဖြစ်ရပါလိမ့်မယ်”
“နောက်ဆုံး အဓိကအသုံးချမှုတစ်ခုကတော့... စစ်ဘက်ဆိုင်ရာ အမြင်အာရုံ ဖျောက်ဖျက်ခြင်း (Military Visual Camouflage) ဖြစ်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကတော့ သီးသန့် ကဏ္ဍတစ်ခု ဖြစ်ရပါလိမ့်မယ်”
“အမြင်အာရုံ ဖျောက်ဖျက်ခြင်းဆိုတာကတော့ ဟိုလိုဂရပ်ဖစ် ပရိုဂျက်တာကို အသုံးပြုပြီး သာမန်မျက်စိနဲ့ ကြည့်ရင် 'မမြင်ရတဲ့' အကျိုးသက်ရောက်မှုကို ရရှိစေတဲ့ နည်းပညာဖြစ်ပြီး မြင့်မားတဲ့ အစစ်အမှန်တုပနိုင်စွမ်း၊ ပြတ်သားတဲ့ အမြင်အာရုံလှည့်စားမှု အာကာသခံစားချက်နဲ့ ပုတ်သင်ညိုတစ်ကောင်လို ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် ဖန်တီးနိုင်စွမ်းတွေ ရှိပါတယ်”
“ဒါက လက်နက်ပလက်ဖောင်းတွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်နဲ့ စစ်မြေပြင်က စစ်သည်တွေရဲ့ ရှင်သန်နိုင်စွမ်းကို သိသိသာသာ မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။ ဒီနည်းပညာကို လေယာဉ်တွေ၊ စစ်သင်္ဘောတွေ၊ ကုန်းကြောင်းသုံး မော်တော်ယာဉ်တွေနဲ့ ယာယီကွပ်ကဲမှုဌာနတွေရဲ့ ရုပ်ဖျောက်မှုတွေမှာ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် တစ်ဦးချင်း တိုက်ခိုက်မှုတွေ၊ လျှို့ဝှက်စစ်ဆင်ရေးတွေမှာလည်း အသုံးပြုနိုင်ပါသေးတယ်”
ဗိုလ်မှူးကြီး နန်ကုန်းကျန့်နှင့် အတူပါလာသည့် လုပ်ဖော်ကိုင်ဖက်နှစ်ဦးစလုံး စိတ်ဓာတ်များ အလွန်ပင် တက်ကြွသွားခဲ့ကြသည်။ ထိုအဓိက အသုံးချမှု ပုံစံသုံးခုမှာ ခေတ်သစ်စစ်မြေပြင်ရှိ နယ်ပယ်များစွာ၏ နည်းဗျူဟာနှင့် မဟာဗျူဟာ လိုအပ်ချက်များကို လွှမ်းခြုံထားသည်ဟု ပြောနိုင်သည်။
“မစ္စတာ ကျန်း.. ခင်ဗျားရဲ့ ပရော်ဖက်ရှင်နယ်ကျပြီး စနစ်ကျလှတဲ့ အကျဉ်းချုပ်ချက်ကို ကြည့်ရရင်... ခင်ဗျားအနေနဲ့ ဟိုလိုဂရပ်ဖစ်နည်းပညာကို စစ်ဘက်ဆိုင်ရာမှာ အသုံးချဖို့အရေး ကြိုတင်တွေးတောထားပြီးသား ထင်တယ်နော်” ဗိုလ်မှူးကြီး နန်ကုန်းကျန့်၏ တည်တင်းနေသော မျက်နှာထက်တွင် ပထမဆုံးအကြိမ်အဖြစ် အပြုံးရိပ်တစ်ခု ထင်ဟပ်သွားခဲ့သည်။
၎င်း၏ ဆိုလိုရင်းမှာ စစ်တပ်က ခင်ဗျားဆီ လာရှာလိမ့်မည်ဟု ကြိုတင်မျှော်လင့်ထားပြီး ယင်းအတွက် စေ့စေ့စပ်စပ် ပြင်ဆင်ထားခြင်း ဖြစ်သလားဟူ၍ ဖြစ်သည်။
........................................................