အခန်း ၄၃၁
Vol. 44 Ch. 431
အခန်း။၄၃၁
"အမှန်ပါပဲ ဘိုးဘေး တျန်ယွမ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၀ ကတည်းက အထွတ်အထိပ် အဋ္ဌမအလွှာမှာ ရှိနေခဲ့တာပါ။ နောက်နှစ်ပေါင်း ၂၀ အတွင်းမှာ ဖောက်ထွက်နိုင်ဖို့ဆိုတာ တကယ်ကို ဖြစ်နိုင်ခြေ နည်းပါးပါတယ်။ ဒါကြောင့်လည်း ကျီရှင်း... ဒါက မင်းအပေါ်မှာပဲ..."
"ဘိုးဘေးမှာလည်း မျှော်လင့်ချက် ရှိပါသေးတယ်"
ချန်ကျီရှင်းက ချန်တောက်ရှန်း၏ စကားကို ဖြတ်ပြောလိုက်ပြီးနောက် "ဘိုးဘေးအနေနဲ့ ဖောက်ထွက်နိုင်မယ့် အံ့ဖွယ်နည်းလမ်းကို မတွေ့ခဲ့ရင်တောင်မှ အများဆုံး နှစ်ပေါင်း ၁၀၀ အတွင်းမှာ ကျွန်တော် ထာဝရအသက်ရှည်ခြင်း အဆင့်ကို ရောက်ရှိနိုင်ပါတယ်။ စိတ်ချပါ အကြီးအကဲ"
"ကောင်းတယ် ကောင်းတယ် ကျီရှင်း။ မင်း ဒီလို နားလည်ထားရင် တော်ပါပြီ။ အကြီးအကဲတွေက အိုမင်းနေကြပြီ။ မင်းကို အများကြီး မကူညီနိုင်ကြဘူး။ ဒါပေမဲ့ စိတ်ချပါ ကျီရှင်း မင်း လိုအပ်တာမှန်သမျှ အမိန့်သာ ပေးလိုက်ပါ။ အခုလက်ရှိမှာ ချန်မိသားစုအတွက် မင်းရဲ့ ကျင့်စဉ်က အရေးကြီးဆုံးပဲ။ ကျန်တဲ့အရာအားလုံးက မင်းအတွက်ပဲ လမ်းဖယ်ပေးရမှာ"
"ကျေးဇူးတင်ပါတယ် အကြီးအကဲ"
"ဒါက ငါတို့ လုပ်ရမယ့် တာဝန်ပါ..."
သူ့ရှေ့တွင် ဦးညွှတ်နေသော ချန်ကျီရှင်းကို ကြည့်ရင်း ချန်တောက်ရှန်းမှာ တိုးတိုးလေး ရေရွတ်လိုက်သည်။
ချန်ကျီရှင်း၏ ကောင်းကင်စံအိမ်တော်သို့ ခရီးစဉ်မှာ သူ အမှန်တကယ် သွားလို၍ မဟုတ်ကြောင်း သူ သိသည်။ ချန်ကျီရှင်းသည် ကောင်းကင်စံအိမ်တော်၏ ဖိတ်ကြားချက်ကို တစ်ခါက ငြင်းပယ်ခဲ့ဖူးသည်။
သို့သော် မိသားစုကို စိတ်အေးစေရန်နှင့် မိသားစုခေါင်းဆောင်တစ်ဦးအနေဖြင့် ပခုံးပေါ်တွင် ရှိနေသော တာဝန်ကြောင့် ချန်ကျီရှင်းသည် ဤကြီးမားသော ဂုဏ်သိက္ခာကျဆင်းမှုကို ခံယူပြီး ကောင်းကင်စံအိမ်တော်ရှေ့တွင် အားနည်းဟန် ပြသခဲ့ခြင်းပင်။
"ချန်မိသားစုရဲ့ ပါရမီရှင်ကို ဆွဲချမိနေတဲ့ ငါတို့လို လူအိုတွေက တကယ်ကို အသုံးမကျလိုက်တာ..."
ကောင်းကင်စံအိမ်တော်မှ ပြန်လာသည့်လမ်းတွင် မျိုးနွယ်စု အကြီးအကဲ ချန်တောက်ရှန်းမှာ ချန်မိသားစုသည် ချန်ကျီရှင်းကို ဝန်ပိစေကြောင်းနှင့် ချန်ကျီရှင်းက သူ့ကို နှစ်သိမ့်ရန် ကြိုးစားနေသည့်တိုင် မိသားစုက သူ့ကို ဆွဲချနေကြောင်းကိုသာ တောက်လျှောက် ညည်းတွားနေခဲ့သည်။
အိမ်သို့ ပြန်ရောက်သည့်အခါ အကြီးအကဲသည် ချက်ချင်းပင် ချန်မိသားစုဝင်များ၏ အရေးပေါ် အစည်းအဝေးကို ခေါ်ယူလိုက်သည်။
အစည်းအဝေး၏ အကြောင်းအရာမှာ ချန်ကျီရှင်း၏ ကျင့်စဉ်အတွက် မည်သည့်ကုန်ကျစရိတ်ကိုမဆို ပေးဆပ်ရန်နှင့် ချန်မိသားစု ပါရမီရှင်ကို မကြာမီ ထာဝရအသက်ရှည်ခြင်း အဆင့်သို့ ရောက်ရှိစေရန် ဖြစ်သည်။
မျိုးနွယ်စု အစည်းအဝေးအပြီးတွင် သက်ကြီးရွယ်အို အကြီးအကဲများသည် ချန်ကျီရှင်းကို မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ကြည့်ကြသည်။
သို့သော် ထိုမျက်ရည်များအောက်တွင်မူ ပြတ်သားသော ဆုံးဖြတ်ချက်များ ရှိနေကြသည်။
နောက်ထပ် လဝက်အတွင်းတွင် ဇီဝေတောင်ရှိ ချန်မိသားစု၏ လေထုမှာ ပြောင်းလဲသွားသည်။
ချန်ကျီရှင်းသည် ကမ္ဘာ့ထိပ်တန်း ပါရမီရှင် ဖြစ်လာပြီးနောက် ပေါ်ပေါက်လာခဲ့သည့် မောက်မာမှုများ လျော့ကျသွားပြီး လင်ကျန်းမြို့တွင် ချန်မိသားစုဝင်များ၏ အနိုင်ကျင့် ဗိုလ်ကျမှုများ သိသိသာသာ လျော့နည်းသွားသည်။
မိသားစုသည် ပိုမိုစည်းလုံးလာပြီး ပိုမိုညီညွတ်လာကာ ဒုက္ခရှာဖွေမည့် အန္တရာယ်များကို လျှော့ချနိုင်ခဲ့သည်။
ဤအကျိုးကျေးဇူးများ ရရှိရန်အတွက် ပေးဆပ်လိုက်ရသည်မှာ ချန်ကျီရှင်းတစ်ယောက် ကောင်းကင်စံအိမ်တော်သို့သွားပြီး မျက်နှာအနည်းငယ် ပျက်ရုံသာ ဖြစ်သည်။
ချန်မိသားစုကဲ့သို့သော မြင့်မြတ်သည့် မိသားစု၏ မိသားစုခေါင်းဆောင်တစ်ဦးအတွက်မူ ဤသည်မှာ အမှန်တကယ်ပင် တန်ဖိုးရှိသော အရောင်းအဝယ်တစ်ခု ဖြစ်သည်။
ဇီဝေတောင်၏ နောက်ကွယ်တွင်။
ချန်ကျီရှင်းသည် ဘိုးဘေး ချန်တျန်ရှင်းနှင့် မျက်နှာချင်းဆိုင် ထိုင်ကာ စစ်တုရင် ကစားနေသည်။
ကျောက်တုံးလေးများ တစ်လုံးပြီးတစ်လုံး ချထားရာတွင် ချန်တျန်ရှင်းက သူ့ကို လှောင်ပြောင်လိုက်သည်။
"ငယ်ငယ်ရွယ်ရွယ်နဲ့ အမြတ်အရှုံးကို ဒီလောက် ရှင်းရှင်းလင်းလင်း တွက်ချက်နိုင်တာက ကောင်းတဲ့အရာတစ်ခုတော့ မဖြစ်နိုင်ဘူး"
အဖြူရောင် ကျောက်တုံးကို ချလိုက်ပြီးနောက် အနက်ရောင် ကျောက်တုံးကို ကောက်ယူရင်း ချန်ကျီရှင်းက ပြုံးလျက် ပြောလိုက်သည်။
"ဘိုးဘေးက ဘာကို ဆိုလိုတာလဲ။ ကျွန်တော် မလုပ်နိုင်တဲ့အရာ တစ်ခုခု ရှိနေလို့လား"
ဘုတ်ပေါ်တွင် သူ၏ အနက်ရောင် ကျောက်တုံး ခြောက်လုံးကို ထပ်မံ ဖမ်းဆီးခြင်း ခံလိုက်ရသည်ကို မြင်လိုက်ရသောအခါ ချန်တျန်ရှင်း၏ မျက်နှာမှာ ညိုမည်းသွားသည်။
"မလုပ်နိုင်တာလား ဟား မင်းလောက် လုပ်နိုင်တဲ့သူ ဘယ်သူမှ မရှိဘူး။ မင်းရဲ့ အဘိုး ချန်တောက်ယန်သာ မင်းလောက် ပရိယာယ်ကြွယ်ခဲ့ရင် ပြီးခဲ့တဲ့ ရာစုနှစ်အတွင်း ဇီဝေချန်မိသားစု ဘယ်လိုလုပ် ယိုယွင်းပြီး ကျဆင်းသွားပါ့မလဲ။ အဲဒီတုန်းက မင်းအဘိုးက နားမလည်ခဲ့လို့ မဟုတ်ဘူးလား။ ကြီးမားတဲ့ ဂုဏ်သတင်းတွေကို တည်ဆောက်ထားပြီးမှ မာနကြီးစွာနဲ့ ဖက်တွယ်ထားခဲ့လို့ နတ်ဘုရားနယ်မြေကြီး သုံးခုက သူ့ကို သတိထားလာပြီး အနီးနားက တခြား မိသားစုတွေကလည်း ငါတို့ကို ရှောင်ဖယ်သွားကြလို့ ဒီလို ဆိုးရွားတဲ့ အခြေအနေမျိုး ရောက်ခဲ့ရတာပေါ့"
"အာ..."
"ဘာလဲ မင်းအဘိုးကို ငါဆဲဆိုလို့ စိတ်ကောက်နေတာလား။ ဟားဟား သူ့ကို မဆဲသင့်ဘူးလား။ အထွတ်အထိပ်အဆင့်အောက်မှာ ရှုံးနိမ့်ခြင်းမရှိသလို အထွတ်အထိပ်အဆင့်မှာလည်း တစ်ခြားသူတွေနဲ့ အားတူနေပြန်တယ်။ ဒါပေမဲ့ ဒီနှစ်တွေအတွင်း သူ အထွတ်အထိပ်အဆင့်ကို ရောက်အောင် ဖောက်ထွက်နိုင်ခဲ့လို့လား။ အထွတ်အထိပ်အဆင့်အောက်မှာပဲ ပိတ်မိနေပြီး တိုးတက်မှု မရှိတာတင်မကဘဲ အခုဆို သူ့ရဲ့ ကျင့်စဉ်အဆင့်တောင် သူ့မြေးက ကျော်တက်တော့မယ့် အခြေအနေရောက်နေပြီ"
"မင်း သူ့ကို ပြန်ခေါ်လာဖို့ ငါ့ကို ပြောခိုင်းနေတာလား။ ချန်တောက်ယန်ကို ကိုယ်တိုင်သာ သွားမေးလိုက်စမ်းပါ။ အထွတ်အထိပ်အဆင့်ကို မရောက်မချင်း သူ ငါတို့ အိမ်ကို ပြန်လာဖို့ မျက်နှာပူစရာ မရှိဘူးလားလို့"
"အဟမ်း…အဟမ်း..... ဘိုးဘေး ကျွန်တော်တို့ စစ်တုရင်ပဲ ကစားနေတာပါ။ ဒေါသထွက်စရာ မလိုပါဘူး"
"စစ်တုရင် ကစားတာလား။ ဟားဟား မင်းရဲ့ အကြံအစည်ကို ငါမသိဘူးလို့ မထင်နဲ့။ မင်း ငါ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ထာဝရအသက်ရှည်ခြင်း ကျင့်စဉ်တွေကို လိုချင်နေတာ မဟုတ်ဘူးလား။ ချန်ကျီရှင်း မင်းက ကမ္ဘာပေါ်မှာ အတော်ဆုံး ပါရမီရှင် မဟုတ်ဘူးလား။ ၁၀ နှစ်သားအရွယ်ကတည်းက မင်းရဲ့ ဘိုးဘေးကို ကျင့်စဉ် အမှားတွေ ထောက်ပြခဲ့တဲ့သူလေ။ အဲဒီလောက် ပါရမီထူးချွန်တဲ့သူက ဘာလို့ ဒီဘိုးဘေးဆီက ကျင့်စဉ်တွေကို တောင်းနေတာလဲ အစကနေ ပြန်ပြီး ကိုယ်တိုင်ပဲ နားလည်အောင် လုပ်လိုက်စမ်းပါ"
"ဘိုးဘေး ကျွန်တော်က ဘိုးဘေးရဲ့ စစ်တုရင် ခဲတုံးအချို့ကို ယူလိုက်မိရုံပါ။ ဒီလောက်ထိတော့..."
"ဟမ် မင်းက မင်းရဲ့ ဘိုးဘေးက ရှုံးမပေးနိုင်ဘဲ သူငယ်ပြန်ပြီး မင်းကို လက်တုံ့ပြန်နေတယ်လို့ ပြောချင်တာလား"
"ကျီရှင်း မလုပ်ရဲပါဘူး"
ချန်ကျီရှင်းမှာ ခါးခါးသီးသီး ပြုံးလိုက်သည်။
ဒါကို ပြောဖို့တောင် လိုသေးလို့လား ဒါက အမှန်တရားပဲလေ။
"မလုပ်ရဲဘူး... အဲဒါဆို မင်း စိတ်ထဲမှာတော့ အဲဒီအတိုင်း တွေးထားတာပဲ မဟုတ်လား"
အသက် ၁,၆၉၈ နှစ်အရွယ်၊ အထွတ်အထိပ် အဋ္ဌမအလွှာရှိ၊ ကမ္ဘာ့ထိပ်တန်း အစွမ်းထက်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဘိုးဘေး တျန်ယွမ်မှာ စစ်တုရင် ရှုံးသည့်အတွက် အပြစ်ရှာပြီး သူ့မြေးကို သားစဉ်မြေးဆက် မိုက်ရာကျသူဟု ဆဲဆိုနေပြီဖြစ်သည်။
သူ့နှလုံးသားကို ထွင်းဖောက်ကာ မြင်နေရသော မျက်လုံးများဖြင့် ကြည့်နေသည့် ဘိုးဘေးကို မြင်သောအခါ ချန်ကျီရှင်းမှာ ခြင်းတောင်းထဲမှ အနက်ရောင် ကျောက်တုံးများကို လက်တစ်ဆုပ်စာ ကောက်ယူပြီး ဘုတ်ပေါ်သို့ တစ်လုံးချင်း ပြန်တင်ပေးရုံသာ တတ်နိုင်တော့သည်။
ထို့နောက်...
"ကိုးကနေ ဆယ့်သုံး ဖြစ်သွားပြီ"
ချန်ကျီရှင်း: "….."
ဒါက နည်းနည်း လွန်မသွားဘူးလား။
ချန်တျန်ရှင်းက သူ့ကို စိုက်ကြည့်လိုက်သည်။
"ဘာလဲ မင်းမှာ ပြဿနာ ရှိလို့လား"
"မရှိပါဘူး မရှိပါဘူး မြေးဖြစ်သူက ဘယ်လိုလုပ် အပြစ်ပြောရဲပါ့မလဲ"
ဒီလောက် လူကြီး လူငယ် အဆင့်အတန်းအကြောင်း ပြောနေမယ့်အစား ကိုယ့်ကိုကိုယ် မြေးလို့ပဲ ခေါ်ပြီး အဆုံးသတ်လိုက်ပါတော့….
"ဟွန်း မင်း မလုပ်ရဲဘူးဆိုတာ သိတယ်။ လာ ကစားတာ ဆက်ကြမယ်။ ဒီတစ်ခါတော့ ဒီဘိုးဘေးက မင်းကို ဘယ်လိုမျိုး အနိုင်ယူပြမလဲဆိုတာ ကြည့်ထား"
"..."
"ချန်ကျီရှင်း…..ဒီဘိုးဘေးရဲ့ အနက်ရောင် ကျောက်တုံးကို ချလိုက်စမ်း။ ဒီဘိုးဘေးက မင်းကို ငါ့ကျောက်တုံးတွေကို ရွှေ့ခိုင်းလို့လား"