အခန်း ၄၃၃
Vol. 44 Ch. 433
အခန်း။၄၃၃
"အထဲမှာ ချက်ပြုတ်နေတာက အထွတ်အထိပ်အဆင့် နဂါးရဲ့ အသားနဲ့ သွေးတွေ မဟုတ်ဘူးလား"
နဂါးရဲ့ အသားနှင့် သွေးများသည် အဆိပ်အတောက် ရှိတတ်ကြောင်း ချန်ကျီရှင်း ကောင်းကောင်း မှတ်မိနေသည်။
အကယ်၍ စားသုံးလိုပါက အသားတွင် ပါဝင်သော အဆိပ်ကို ပြေပျောက်စေရန် ဝိညာဉ်ဆေးမြစ် အမြောက်အမြား လိုအပ်သည်။
ပြဿနာမှာ ရိုးရိုးဆေးမြစ်အိုးနှင့် နဂါးအသားကို ချက်ပြုတ်ပါက အရသာရှိသော ဟင်းလျာဖြစ်လာရန် အလွန်ပင် ခက်ခဲသောကြောင့်ပင်။
သို့သော် ဤထင်းရှူးပင်ကြီးကမူ ချန်ကျီရှင်း စိတ်ကူးမယဉ်ခင်မှာပင် ငြိမ်သက်နေသော ထင်းရှူးပင်ကြီးက အဖြေကို တိုက်ရိုက် ပေးလိုက်သည်။
"ကလေးငယ်ကို အနားကို လာခိုင်းလိုက်ပါ။ အိုးထဲက စွတ်ပြုတ်နေတဲ့ အပြာရောင်သစ်သားချို က သူ့အတွက် ပြင်ဆင်ထားတာပါ"
ချန်ကျီရှင်း၏ နားထဲတွင် တစ္ဆေတစ်ကောင်လို လေးနက်သော အမျိုးသမီးအသံ တစ်သံ ပေါ်လာသည်။ ထိုအသံနှင့်အတူ ပင်စည်၏ လှုပ်ရှားမှုကြောင့် သစ်ပင်ပေါ်ရှိ နဂါးအရေခွံနှင့် အကြေးခွံများမှာ ပိုမို ကြောက်မက်ဖွယ်ကောင်းလာသည်။
ချန်ကျီရှင်း လွှတ်ပေးလိုက်သည်နှင့် ကလေးလေး တစ်ယောက် ကြေးဝါအိုးဆီသို့ ပြေးသွားသည်ကို မြင်လိုက်ရသည်။
သူသည် သူ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် မမျှအောင် သေးငယ်သော လက်ဖြင့် အချင်းသုံးကိုက်ရှိသော အဖုံးကို မလိုက်ပြီး အိုးထဲရှိ အသားတုံးများကို ဆွဲယူတော့သည်။
"အာ မွှေးလိုက်တာ အရသာလည်း ရှိလိုက်တာ"
အသားစားရင်း ကလေးလေးသည် ချန်ကျီရှင်းကို လက်ယပ်ခေါ်နေသည်။ သူနှင့်အတူ လာစားစေချင်ပုံပင်။
ချန်ကျီရှင်းက ခေါင်းခါ၍ ငြင်းဆို လိုက်သည်။
အိုးထဲရှိ နဂါးအသားများသည် ခွန်အားကို အလွန်ပင် တိုးပွားစေနိုင်သော်လည်း ချန်ကျီရှင်း၏ အခြေအနေအရ သူသည် ထိုကဲ့သို့သော အာဟာရမျိုး မလိုပေ။
ထို့ထက် ချန်ကျီရှင်းက နတ်ဘုရားလွီသည် ဤမျှအစွမ်းထက်သော အထွတ်အထိပ်အဆင့် နဂါးကို ဘယ်လို ချက်ပြုတ်လိုက်တာလဲဟူသော နည်းလမ်းကို ပို၍ စိတ်ဝင်စားနေသည်။
ချန်ကျီရှင်း စကားပင် မပြောရသေးခင်မှာပင် သူ့ကို လက်ယပ်ခေါ်နေသော ကလေးလေးမှာ အိုးထဲသို့ ခေါင်းစိုက်ပြီး တစ်စုံတစ်ခုကိုလှမ်းယူနေသည်။
ထို့နောက် သူ့အရွယ်အစားထက် ဆယ်ဆမျှ ကြီးမားသော ကျားခေါင်းကြီးကို သယ်လာပြီး ချန်ကျီရှင်း၏ ဘေးသို့ ခုန်ပေါက်ကာ ရောက်လာသည်။
"ကျား စားမယ် ဝူး... ဦးနှောက်ကြီးကြီးနဲ့ ကျားက မွှေးတယ်"
နောက်ထပ် အထွတ်အထိပ်အဆင့် အဖြူရောင်ကျား နတ်ဆိုးတစ်ကောင်ရဲ့ ခေါင်းကြီးလား။
ချန်ကျီရှင်း တစ်ခုခု မမှန်ကြောင်း အနည်းငယ် ခံစားလိုက်ရသည်။
သူ နောက်ဆုံးအကြိမ် လာစဉ်က ထင်းရှူးပင်ကြီးကို သူ မနိုင်နိုင်သောကြောင့် သူ၏ စကားကို နားထောင်ရမည်ဟု ပြောခဲ့သည်ကို ပြန်အမှတ်ရမိသည်။
ဒီနေ့တော့ အခြေအနေတွေ ပြောင်းပြန်ဖြစ်သွားတာများလား။
အိုး... သူ ထူးကဲနတ်ဘုရားမှန်ကို ယူလာတာပဲ ဘာမှ စိုးရိမ်စရာ မရှိပါဘူး
...
ချန်ကျီရှင်းသည် ကလေးလေးအတွက် အထူးပြင်ဆင်ထားသော ဤအားဆေးကို မစားသုံးပေ။
သူ၏ တပည့်လေး အားရပါးရ စားသောက်နေသည်ကို ကြည့်ရင်း အမှန်အတိုင်းပြောရလျှင် ချန်ကျီရှင်း အနည်းငယ် မနာလို ဖြစ်မိသည်။
သို့သော် များများစားစား မဟုတ်ပေ။
ကလေးလေး စားသောက်နေစဉ် ချန်ကျီရှင်းသည် နတ်ဘုရားလွီနှင့် စကားပြောသည်။
"ကျောက်ရွာကို အဝေးကြီးကနေ ဆင့်ခေါ်ရတာ ဘာများ ညွှန်ကြားချင်တာ ရှိလို့လဲ အကြီးအကဲ"
"ဒီတစ်ခါတော့ မင်းကို ငါ ခြိမ်းခြောက်မှာ မဟုတ်ပါဘူး"
နတ်ဘုရားလွီ၏ စကားပြောဟန်မှာ အနည်းငယ် တွန့်ဆုတ်နေသည်။
"အကြီးအကဲ နောက်နေတာ ဖြစ်ရမယ်။ ဒါတွေအားလုံးက ကလေးလေးအတွက်ပါပဲ။ အရင်က အကြီးအကဲ စိတ်အနှောင့်အယှက် ဖြစ်သွားအောင် လုပ်မိခဲ့တာအတွက် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"
"အို... မပြောပါနဲ့... ငါ မင်းကို... မနိုင်... တော့ဘူး... ကောက်ကျစ်တဲ့... လူသား..."
ဘာကြောင့် ဒီထင်းရှူးပင်ကြီးက ဒီလောက် မတည်မငြိမ် ဖြစ်နေရတာလဲ။ ပုံမှန်အတိုင်း စကားမပြောနိုင်ဘူးလား။
နှစ်ကြိမ်တိုင်တိုင် ယဉ်ကျေးစွာဖြင့် စကားပြောရန် ကြိုးစားသော်လည်း ထင်းရှူးပင်ကြီးက လုံးဝ လျစ်လျူရှုထားသောကြောင့် ချန်ကျီရှင်း စိတ်အနည်းငယ် တိုလာသည်။
ငါ့ဘက်က စိတ်ရင်းနဲ့ ဆက်ဆံနေတာကို သူကတော့ စိတ်မပါတပါနဲ့ ခပ်အေးအေးပဲ ပြန်ပြောနေတယ်ပေါ့လေ...
ထားလိုက်ပါဦး...
အခွင့်အရေးသာ ရလာခဲ့ရင်တော့... သူ လုပ်ခဲ့သမျှတွေအတွက် တန်ရာတန်ကြေး ပြန်ပေးဆပ်ခိုင်းရမှာပေါ့...
နှင်းနတ်ဆိုး ဘုရင်၏ အမှတ်အသားမှ တောက်ပသော နတ်ဘုရားအလင်းရောင်များ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ယင်နှင့်ယန် အရောင်ရှိသော မှန်တစ်ချပ်သည် ချန်ကျီရှင်း၏ နောက်ကျောမှ ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး သူ့ကို နတ်ဘုရားတစ်ယောက်ကဲ့သို့ ခန့်ညားသွားစေသည်။
ဤအချိန်တွင် ထူးကဲနတ်ဘုရားမှန်၏ ရှေ့မျက်နှာစာက နတ်ဘုရားလွီ၏ ပင်စည်ကြီးကို တည့်တည့်ချိန်ရွယ်လိုက်သည်။
အေးစက်စက်ဖြင့် မာနထောင်လွှားနေသော အမူအရာနှင့်အတူ သူ၏မျက်လုံးများမှ နတ်ဘုရားအလင်းရောင်များ ထွက်ပေါ်နေသည်။
ယင်နှင့်ယန်၊ အသက်နှင့်သေဆုံးခြင်းတို့အကြား အဆက်မပြတ် ပြောင်းလဲနေရင်း...
"အကြီးအကဲ ဘာကို ဆိုလိုတာလဲဆိုတာ ကျွန်တော် ကောင်းကောင်း နားမလည်ဘူး။ အကြီးအကဲ စကားတွေကို ပြန်ပြီး စနစ်တကျ ပြောပြပေးလို့ ရမလား"
နတ်ဘုရားလွီ: "..."
ရုတ်တရက် စကားမပြောချင်တော့ဘူးဆိုရင် ဘာလုပ်ရမလဲ။
.....
"အကြီးအကဲ ဆိုလိုတာက မြောက်ဘက်ဒေသ ရေခဲသမုဒ္ဒရာရဲ့ အနက်ရှိုင်းဆုံးနေရာမှာ မငြိမ်သက်မှုတွေ ဖြစ်နေလို့ ဒီနတ်ဆိုး သားရဲနှစ်ကောင်က ကမ်းခြေကို ထွက်ပြေးလာတာ။ ပြီးတော့ သူတို့ ကျောက်ရွာကို ရောက်လာတော့ အကြီးအကဲက သူတို့ကို ဟင်းအိုးထဲ ထည့်ချက်လိုက်တာပေါ့ ဟုတ်လား"
နတ်ဘုရားလွီက အရွက်များ လှုပ်ခါရင်း တရှပ်ရှပ် အသံမြည်လာသည်။
"နောက်ထပ် နတ်ဆိုးကြီးတွေ အများကြီး ကမ်းခြေဘက်ကို မောင်းနှင်ခံနေရတယ်လို့ ဆိုလိုတာလား"
တရှပ်ရှပ်....
"ရေခဲသမုဒ္ဒရာရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ထာဝရအသက်ရှည်ခြင်း နတ်ဆိုးကြီးတစ်ကောင် နိုးထလာနေတယ်လို့ အကြီးအကဲ သံသယရှိတာလား"
တရှပ်ရှပ်....
"လူသားစကားနဲ့ ပြောပါ"
"အင်း...."
"ဒါဆို အကြီးအကဲက ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ"
ချန်ကျီရှင်း မျက်မှောင်ကြုတ်လိုက်သည်။
ရေခဲသမုဒ္ဒရာ အနက်ရှိုင်းဆုံးမှ နတ်ဆိုးကြီးတစ်ကောင် ပေါ်လာခြင်းသည် တောင်ဘက်ဒေသ၏ မြင့်မြတ်သော မိသားစု မိသားစုခေါင်းဆောင်တစ်ဦးဖြစ်သူ သူနှင့် မည်သို့မျှ ပတ်သက်စရာ အကြောင်းမရှိဘူးဟု သူ ယုံကြည်သည်။
ရေခဲပြင်များတွင် ထာဝရအသက်ရှည်ခြင်း နတ်ဆိုးကြီး တစ်ကောင် မည်မျှပင် ရှုပ်ထွေးမှုများ ဖြစ်စေပါစေ ကမ်းပေါ်ရောက်လာလျှင်တော့ တခြားသော မြင့်မြတ်သည့် မိသားစုများ၏ ကိစ္စသာ ဖြစ်သည်။
ထို့အပြင် နတ်ဘုရားနယ်မြေကြီး သုံးခုက သူတို့ကြားတွင် တည်ရှိနေသေးသည်ဖြစ်ရာ ဤရှုပ်ထွေးမှုများသည် တောင်ဘက်ဒေသ၊ ကျန်းကျိုးရှိ ဇီဝေတောင်ကို ထိခိုက်လာမည် မဟုတ်ပေ။
"ငါ... မင်းနဲ့ အရောင်းအဝယ်တစ်ခု လုပ်ချင်တယ်"
လေးနက်သော အမျိုးသမီးအသံမှာ ယုံကြည်ချက် မရှိသကဲ့သို့ ဖြစ်နေသည်။
"ဘာလိုမျိုး အရောင်းအဝယ်လဲ"
"ငါ... အပင်ရဲ့အနှစ်သာရနည်းနည်း လိုအပ်တယ်။ မင်းက ငါ့အတွက် ရှာပေး ငါက ရေခဲသမုဒ္ဒရာထဲကနေ တွားသွားတက်လာတဲ့ နတ်ဆိုးသားရဲတွေနဲ့ လဲပေးမယ်..."
နတ်ဘုရားလွီသည် သူ၏ ကမ်းလှမ်းချက်မှာ အနည်းငယ် အားနည်းနေသည်ဟု ခံစားမိသည်။
ချန်ကျီရှင်း ပြသခဲ့သော စွမ်းအားအရ သူသာ နတ်ဆိုးသားရဲများ လိုအပ်ပါက သမုဒ္ဒရာ ကမ်းစပ်သို့ ကိုယ်တိုင်သွားရောက်ကာ အမဲလိုက်နိုင်သည်။
သူနှင့် လဲလှယ်ရန် လိုအပ်လိမ့်မည် မဟုတ်ပေ။
ထို့နောက်တွင်တော့...
"ဘာအဆင့်ရှိတဲ့ နတ်ဆိုးသားရဲတွေလဲ။ အကြီးအကဲ အိုးထဲမှာ ချက်ထားတဲ့ အဲဒီလိုမျိုးလား"
"ဒီလိုမျိုးက နည်းနည်းပဲရှိတယ်။ အဆင့်နိမ့်တာတွေကတော့ အများကြီးပဲ"
"အပင်ရဲ့ အနှစ်သာရ ဘယ်လောက် လိုအပ်တာလဲ။ ပြီးတော့ လဲလှယ်တဲ့ အချိုးအစားကို ဘယ်လို တွက်ချက်မှာလဲ"
"များရင် များသလောက် ကောင်းတယ် မင်းရဲ့ သဘောပဲ"
"ကျွန်တော့်သဘောလား ဒါဆို ကျွန်တော် ဘယ်လောက်ပဲ ပေးပေး ရတယ်ဆိုတဲ့ သဘောလား"
"အင်း"
"ဒီလောက် ကောင်းတဲ့ အခွင့်အရေးမျိုး ရှိပါ့မလား"
"..."
"သဘောတူတယ်"
နတ်ဘုရားလွီ: "…."
"ကျွန်တော် လူတစ်ယောက်ကို အပင်ရဲ့အနှစ်သာရတွေ အခုချက်ချင်း သယ်လာဖို့ ခိုင်းလိုက်မယ်။ အကြီးအကဲကလည်း လဲလှယ်ဖို့အတွက် နတ်ဆိုးသားရဲတွေကို ပြင်ဆင်ထားပေးပါ။ အသက်ရှင်လျက်ဆိုရင် ပိုကောင်းတယ် မရရင်တော့ သေနေတာပဲ ဖြစ်ဖြစ် ရပါတယ်။ ဒါပေမဲ့ ဈေးနှုန်းတော့ အများကြီး လျော့သွားလိမ့်မယ်။ ဒါကြောင့် အတတ်နိုင်ဆုံး အသက်ရှင်လျက် ဖမ်းမိအောင် ကြိုးစားပါ... အဆင်ပြေတယ်မလား"
"အဆင်ပြေတယ်"
"ဒါဆိုရင် ပြီးတာပဲ"
ချန်ကျီရှင်းမှာ ဤကဲ့သို့သော အရောင်းအဝယ်မျိုးအတွက် အလွန်ပင် ကျေနပ်နေသည်။ အထွတ်အထိပ်အဆင့် နတ်ဆိုးသားရဲတစ်ကောင် သေနေလျှင်ပင် ကျန်ရှိနေသော အကြေးခွံများနှင့် အရေခွံများကို စစ်ချပ်အင်္ကျီနှင့် နတ်ဘုရားလက်နက်များ ပုံသွင်းရာတွင် အသုံးပြုနိုင်သည်။
နှိုင်းယှဉ်ကြည့်လျှင် မြောက်ဘက် ရေခဲပြင်များအနီးတွင် အပင်၏ အနှစ်သာရများ ရှားပါးနိုင်သော်လည်း တောင်ဘက်တွင်မူ ရာစုနှစ်များစွာ ကြာမြင့်စွာ ကြီးထွားလာသော သစ်ပင်ကြီးတိုင်းမှ ၎င်းကို ထုတ်ယူနိုင်သည်။
လူအနည်းငယ်ကို တောင်တန်းပေါင်းတစ်သိန်းသို့ အသွားအပြန် ခိုင်းလိုက်ရုံဖြင့် အပုံလိုက် ပြန်သယ်လာနိုင်သည်။
ချန်မိသားစုအတွက် ဤအရာ၏ ကုန်ကျစရိတ်မှာ နည်းပါးလွန်းသည်။
တောင်တန်းပေါင်းတစ်သိန်းတွင် နေထိုင်ကြသော နတ်ဆိုးမျိုးနွယ်စုနှင့် ရှေးဟောင်းမျိုးနွယ်စုများ၏ မကျေနပ်မှုကိုသာ သတိထားရမည် ဖြစ်သော်လည်း ၎င်းကိုလည်း သူ ဖြေရှင်းနိုင်သည်။