← Chapters

အခန်း ၁၃၀၁

Vol. 114 Ch. 1301

အခန်း ၁၃၀၁

Vol. 114 Ch. 1301

အခန်း ၁၃၀၁

“ဒီဂလက်ဆီတစ်ခုလုံးမှာ ငါ့ထက်ကံဆိုးတဲ့လူ ရှိပါဦးမလား။”

ရှောင်းယီ တစ်ယောက်ထဲ စိတ်ထဲကနေ ရေရွတ်မိလိုက်သည်။

ယခုအချိန်သည် ဒုတိယအဆင့်၏ အစောပိုင်းကာလသာ ရှိသေးသဖြင့် ပစ္စည်းအသစ်အဆန်း အမြောက်အမြားကို ရရှိသင့်သော်လည်း သူရရှိသည့်ပစ္စည်းများမှာ တစ်နေ့ထက်တစ်နေ့ နည်းပါးလာသည်။

ယခုတစ်ကြိမ်တွင်မူ ပို၍ပင် အဓိပ္ပာယ်မရှိတော့ချေ။ ရိက္ခာသေတ္တာထဲတွင် အုတ်မြစ်ကျောက်မှလွဲ၍ အခြားဘာမှမပါဝင်ဘဲ အစားအစာ၊ ရေ သို့မဟုတ် ထုတ်လုပ်မှုပုံစံ တစ်ခုမျှပင် မပါလာခဲ့ပေ။

ရှောင်းယီသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကိုသာ ခါယမ်းမိလိုက်ပြီးနောက် အာကာသသံချိတ်ကြိုးကို ဆက်လက်အလုပ်လုပ်ခိုင်းလိုက်သည်။

“ဒီနေ့ပါ ထောက်ပံ့ရေးသေတ္တာ နှစ်လုံးပဲ ထပ်ရမယ်ဆိုရင် လူတစ်ယောက်ချင်းစီအတွက် ၂၄ နာရီမှာ ထောက်ပံ့ရေးသေတ္တာ နှစ်လုံးစီပဲ ပေါ်လာမယ်ဆိုတဲ့ စည်းမျဉ်းကို အတည်ပြုနိုင်ပြီ။”

သူက တိတ်တဆိတ် တွေးလိုက်သည်။

ဤစည်းမျဉ်းကို အတည်ပြုနိုင်ရန်အတွက် ရှောင်းယီ၏ အာကာသသံချိတ်ကြိုးကို နှစ်ရက်ကျော်တိုင်အောင် အလိုအလျောက် ပတ်မောင်းထားခဲ့ခြင်း ဖြစ်သည်။ ယနေ့ကုန်ဆုံးသွားသည်နှင့် ရလဒ်ကို သိရပေတော့မည်။

ရှောင်းယီသည် အလုပ်ရုံထဲမှ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိရာသို့ ပြန်လည်မျောလွင့်လာခဲ့သည်။ အများသုံးချန်နယ်ထဲတွင်မူ ရှောင်းယီ၏ ၁၂၈ ရက်မြောက် ရှင်သန်လွတ်မြောက်မှုအကြောင်းကို ဆက်လက်မဆွေးနွေးကြတော့ပေ။

အဆုံးစွန်၌မူ ထိုကိစ္စသည် သတင်းအတင်းအဖျင်းတစ်ခုအဖြစ် နားထောင်ပြီး ကြည့်ရုံသာ တတ်နိုင်ကာ လက်တွေ့တွင်မူ မည်သည့်အရေးပါမှုမျှ မရှိချေ။

“ညီအစ်ကိုတို့... ငါ ဘာရလာလဲ ကြည့်လိုက်စမ်း။ [အဆင့်တစ် ယဉ်ကျေးမှုပျက်သုဉ်းရာနေရာဟောင်း၏ မြေပုံ] ၁။”

“ဒါက ဘာပစ္စည်းလဲ။ ငါ့ကို ပြန်ရောင်းပါလား။”

“အားလုံးပဲ ဒီလိုမျိုး မရောင်းတဲ့ပစ္စည်းကို ဝယ်ဖို့ မကြိုးစားကြပါနဲ့။ ကြည့်ရုံတင် ကြည့်ပြီး စိတ်အာသာဖြေလိုက်ကြပါ။”

“အဆင့်တစ် ယဉ်ကျေးမှု ပျက်သုဉ်းရာနေရာဟောင်း ဟုတ်လား။ ဒီမြေပုံအတိုင်း လိုက်ရှာရင် တကယ်ပဲ ယဉ်ကျေးမှုတစ်ခုခုကို ရှာတွေ့နိုင်လောက်လား။”

“ဖြစ်နိုင်တယ်။ ဒါက လက်မည်းကြီး ဖန်တီးပေးထားတဲ့ ဝင်္ကပါတစ်ခု ဖြစ်လိမ့်မယ်လို့ ငါ သံသယရှိမိတယ်။”

“ညီအစ်ကို... အဲဒီပျက်သုဉ်းရာနေရာက ဘယ်မှာလဲ။ မျှဝေပေးပါဦး။ ငါတို့အားလုံး အတူတူ သွားရောက်စူးစမ်းကြရအောင်။”

“ဟုတ်တယ်။ တစ်ယောက်တည်း သွားစူးစမ်းတာက အရမ်းအန္တရာယ်များတယ်။ အားလုံးစုပြီး သွားရင် ပိုပြီးစိတ်ချရတာပေါ့။”

“ဒီဝင်္ကပါထဲ သွားမယ့်အထဲမှာ ငါ့ကိုပါ တစ်ယောက် အမည်စာရင်း သွင်းထားလိုက်။”

“ညီအစ်ကိုတို့... လက်တွေ့ကို မျက်စိဖွင့်ပြီး ကြည့်ကြစမ်းပါ။ အခုအချိန်မှာ မင်းတို့မှာ ဝင်္ကပါတစ်ခုကို သွားရောက်စူးစမ်းနိုင်တဲ့ စွမ်းရည် တကယ်ရှိလို့လား။”

“အတိအကျပဲ။ ကိုယ့်မှာ လောင်စာဆီ၊ လျှပ်စစ်၊ အစားအစာနဲ့ ရေ ဘယ်လောက်တောင် ရှိနေလို့လဲဆိုတာ အရင်ပြန်ကြည့်ကြပါဦး။”

“ဘာမှ ကြိုတင်မပြင်ဆင်ထားဘဲ အဲနေရာကို သွားစူးစမ်းချင်တယ် ဟုတ်လား။ ငါ့အမြင်မှာတော့ မင်းတို့ သေတွင်းထဲ ခုန်ချချင်နေကြတာပဲ။”

“မှန်တယ်။ အဲနေရာကို စူးစမ်းမယ်ဆိုရင်တောင် သင့်တော်တဲ့ အာကာသယာဉ် တစ်စီးတော့ လိုအပ်တယ်မဟုတ်ဘူးလား။ အာကာသယာဉ် မရှိဘဲနဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ် လေးတစ်ခုတည်းနဲ့တော့ အားလုံးပဲ ငြိမ်ငြိမ်လေးနေကြပါ။ ဇွတ်မလုပ်ကြပါနဲ့။”

“ဒါလည်း ဟုတ်တာပဲ။ ငါတို့တွေ ဒီဂြိုဟ်ခါးပတ်ထဲကနေ ထွက်ခွာသွားရင် နောက်ပိုင်းမှာ အရင်းအမြစ်တွေ အရမ်းရှားပါးသွားနိုင်တယ်။”

“ဒါဆိုရင် ဘာကိုစောင့်နေကြဦးမလဲ။ မြန်မြန် ဥက္ကာပျံတွေကို တူးဖော်ပြီး ထောက်ပံ့ရေးပစ္စည်းတွေ စုဆောင်းကြစို့။ ပြီးရင် အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို အဆင့်မြှင့်တင်ပြီးမှ အဲဒီနေရာတွေကို သွားပြီးစူးစမ်းကြတာပေါ့။”

“အကယ်၍ အဲဒီနေရာက ငါတို့ကို အာကာသယာဉ်တွေ ထောက်ပံ့ပေးမယ့် နေရာမျိုး ဖြစ်နေရင်ကော။”

“ဟုတ်တယ်။ အဆင့်တစ် ယဉ်ကျေးမှုပျက်သုဉ်းရာနေရာတစ်ခုဆိုရင် အာကာသထဲ စူးစမ်းရှာဖွေနိုင်တဲ့ စွမ်းရည်ရှိနေပြီပဲ။”

“အဲဒီနေရာမှာ အဆင့်မြင့်အာကာသယာဉ်တွေ အများကြီး ရှိနေနိုင်တယ်။ အဲဒါတွေကို ရှာတွေ့ရုံနဲ့ ငါတို့ သူဌေးဖြစ်ပြီပဲ။”

“ဖူး... အိပ်မက်မက်မနေပါနဲ့ဦး။ မင်း အဲဒါကို ရှာတွေ့ရင်တောင် အဲဒီယဉ်ကျေးမှုရဲ့ ဘာသာစကားကို အရင်ဆုံး ဘာသာပြန်နိုင်ဖို့ လိုသေးတယ်။ မဟုတ်ရင် မင်းကို အာကာသယာဉ် ပေးထားရင်တောင် မောင်းတတ်မှာ မဟုတ်ဘူး။”

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အခု ဘာသာပြန်ပေးနိုင်တယ် မဟုတ်ဘူးလား။”

“ဒါက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှာ ပို့လိုက်တဲ့ စာသားတွေပဲ အကျုံးဝင်တာလေ။ မင်းက အဆင့်တစ် ယဉ်ကျေးမှုပျက်သုဉ်းရာနေရာက စာသားတွေကို ရိုက်ထည့်နိုင်လို့လား။”

“အာ... အဲဒါတော့ တကယ် မဖြစ်နိုင်ဘူးထင်တယ်။”

“ငါ အသံဖိုင် တစ်ခု ပို့လိုက်မယ်။ အားလုံး နားလည်နိုင်မလားဆိုတာ ကြည့်ရအောင်။”

အသက်ရှင်ကျန်ရစ်သူတစ်ယောက်က အများသုံးချန်နယ်ထဲသို့ အသံဖိုင်တစ်ခု ပို့လိုက်သည်။ လူတိုင်း နှိပ်ပြီး နားထောင်ကြည့်လိုက်သောအခါ မည်သူမျှနားမလည်နိုင်သော ဗလုံးဗထွေး အသံများသာ ထွက်ပေါ်လာခဲ့သည်။

မည်သူမျှ နားမလည်နိုင်သကဲ့သို့ ရှောင်ယီလည်း သဘာဝအတိုင်း နားမလည်နိုင်ခဲ့ချေ။

ရှောင်းယီ၏ တကယ်လီပသီစွမ်းရည်သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ဖြစ်စေ၊ လူချင်းဖြစ်စေ မျက်နှာချင်းဆိုင် စကားပြောဆိုနေသည့် အခြေအနေမျိုးတွင်သာ အသုံးပြုနိုင်ခြင်း ဖြစ်သည်။

“မျှော်လင့်ထားတဲ့အတိုင်းပဲ... ငါ လုံးဝနားမလည်ဘူး။ မင်း ဘာငှက်ဘာသာစကားတွေ ပြောနေတာလဲ။”

“မင်းကမှ ငှက်ဘာသာစကား ပြောနေတာကွ။”

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က စာသားတွေကိုပဲ ဘာသာပြန်ပေးနိုင်တာဆိုတော့ အသံဖိုင်တွေကိုပါ ဘာသာပြန်ပေးလိုက်ရင် မပြီးဘူးလား။”

“စာသားတွေကို ဘာသာပြန်ပေးနိုင်တာတင်ပဲ တော်တော်လေး ဟုတ်နေပါပြီ။ ပထမအဆင့်တုန်းကဆို စာသားတောင် ဘာသာပြန်မပေးနိုင်ဘူး။ ငါတို့ဘာသာ အရင်သင်ယူပြီးမှ ဘာသာပြန်ခဲ့ရတာ။”

“ဘာသာပြန်အကြောင်းပြောလို့... စောစောက ယီရန်ပင်း အော်ပရေတာကြီးကို လျှောက်မြှောက်ပေးနေတဲ့ကောင်...မင်း တစ်ခါလောက်ဖြစ်ဖြစ် တွေးဖူးလား။ ဒေသခံတွေနဲ့ စကားပြောဖို့နဲ့တင်ပဲ သူ့အချိန်အများစု ကုန်သွားလောက်တယ်။ ၁၂၈ ရက်တည်းနဲ့ ရှင်းလင်းနိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး”

“တော်ပါတော့...။ မင်းက မဖြစ်နိုင်ဘူးထင်ရင်လည်း မဖြစ်နိုင်ဘူးပေါ့။ ဒါကိုပဲ ခဏခဏ လာပြောမနေနဲ့။ ဒါက မင်း အဓိပ္ပါယ်မရှိ ငြင်းခုံနေတာကိုပဲ ပြရာရောက်တယ်။”

“အတိအကျပဲ။ နောက်ပိုင်းမှာ ငါတို့ ဘယ်လိုရှင်သန်ပြီး ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမလဲဆိုတာကိုပဲ အချိန်ပိုပေးပြီး လေ့လာကြရအောင်။”

“ဟင်... ငါ အာကာသယာဉ်တစ်စီး မြင်လိုက်ရသလိုပဲ။”

“ဘာ... မင်း မျက်စိမှားတာပဲ ဖြစ်ရမယ်။”

“သောက်ကျိုးနည်း... တကယ်ကြီးဟ။ အဲဒါ တကယ်ကြီး အာကာသယာဉ်တစ်စီးပဲ။”

“ဝိုး... ညီအစ်ကို မင်းတော့ ကံထူးပြီပဲ။ အာကာသယာဉ်တစ်စီးကို တကယ်ကြီး ရှာတွေ့သွားတာပဲ။ မြန်မြန်သွားသိမ်းပိုက်လိုက်တော့။ မင်းကတော့ လူတိုင်းရဲ့ ရှေ့ကို ရောက်သွားပြီ။”

“ဟားဟားဟား... ငါတော့ ချမ်းသာပြီ။ အာကာသယာဉ်ပေါ် တက်ပြီးရင် အားလုံးနဲ့ ပြန်လာပြီးစကားပြောမယ်။ အော်ပရေတာကြီး... ငါ့ကို လောင်စာဆီ အမှတ် ၁၀၀ လောက် ပေးပါဦး။”

အများသုံးချန်နယ်ထဲက မက်ဆေ့ခ်ျများကို ကြည့်ပြီး ရှောင်းယီ မျက်မှောင် အနည်းငယ်ကြုတ်သွားကာ မနေနိုင်ဘဲ သတိပေးလိုက်သည်။

“သတိထားပါ။ အဲဒီအာကာသယာဉ်နားကို ကိုယ့်သဘောနဲ့ကိုယ် အတင်းမချဉ်းကပ်တာ အကောင်းဆုံးပဲ။”

“ဟိုး... အော်ပရေတာကြီးက တကယ်ကြီး စကားပြောလာတာပဲ။ ငါကတော့ မင်းကို အ၊နေတယ် အောက်မေ့နေတာ။”

“အမှန်ပဲ...ဘာဖြစ်လို့လဲ။ မင်းရဲ့ ခွေးနှစ်ကောင်က မဟောင်ပေးတော့လို့ ကိုယ်တိုင် ဝင်ပါရတာလား။”

ရှောင်းယီ မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်သည်။

“အပေါ်က နှစ်ယောက်... မင်းတို့ ကျင်ကြီးကျင်ငယ် စွန့်ပစ်ပစ္စည်း စုဆောင်းတဲ့စက် မရသေးဘူးလား။”

“မရသေးဘူး။”

နှစ်ယောက်သား ပြိုင်တူ ပြန်ဖြေလိုက်ကြသည်။

“မထူးဆန်းတော့ပါဘူး...။ အနံ့က မင်းတို့ ပါးစပ်တွေအထိ ရောက်နေတာကိုး။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

“ဖူး...”

အသက်ရှင်ကျန်ရစ်သူ အားလုံးသည် ထိုစကားဝိုင်းကို မြင်ပြီးနောက် အူလှိုက်သဲလှိုက် ရယ်မောကြတော့သည်။

“အော်ပရေတာကြီးကတော့ အလန်းစားပဲ။ ဆဲရေးတိုင်းထွာတဲ့ စကားလုံးတစ်လုံးမှ မပါဘဲ လူကို နာအောင် ပြောသွားတယ်။”

“တစ်ဖက်လူရဲ့ ပါးစပ်ပုပ်နေတယ်ဆိုတာကို ဒီလိုလည်း ပြောလို့ရတာကိုး။ ပညာရသွားပြီ၊ ပညာရသွားပြီဟေ့။”

“ငါကတော့ အော်ပရေတာကြီးက အဲဒီနှစ်ယောက်ကို ကျင်ကြီးကျင်ငယ် စုဆောင်းတဲ့စက် တစ်စုံစီ ပေးမလို့လို့ အောက်မေ့တာ။”

ထိုနှစ်ယောက်သည် အဖြစ်မှန်ကို သဘောပေါက်သွားပြီးနောက် အများသုံးချန်နယ်ထဲတွင် ဒေါသတကြီးဖြင့် အော်ဟစ်ဆူပူကြတော့သည်။

“ယီရန်ပင်း... မင်း စောင့်နေလိုက်။ ငါ မင်းကို ရှာတွေ့တဲ့နေ့က မင်း သေရမယ့်နေ့ပဲ။”

“သေစမ်း...ယီရန်ပင်း မင်းကို ငါ့ရဲ့ သတ်ရမယ့်စာရင်းထဲ ထည့်ထားလိုက်ပြီကွ။”

ရှောင်းယီသည် ထိုနှစ်ယောက်ကို ဂရုမစိုက်တော့ဘဲ တိုက်ရိုက်ပိတ်ဆို့လိုက်ပြီး အများသုံးချန်နယ် တစ်ခုလုံး ရုတ်တရက် ပို၍ စိတ်ချမ်းသာစရာ ကောင်းသွားတော့သည်။

“ပထမအဆင့်တုန်းက ဒေသခံတွေရဲ့ သင်္ဘောတွေကို မင်းတို့ မှတ်မိသေးလား။”

ရှောင်းယီက အများသုံးချန်နယ်ထဲတွင် ဆက်ပြောလိုက်သည်။

ရှောင်းယီ၏ ထိုအရိပ်အမြွက်စကားကြောင့် လူတိုင်းသည် သူဆိုလိုသည်ကို ချက်ချင်း သဘောပေါက်သွားကြ၏။

“အော်ပရေတာကြီး ဆိုလိုတာက... ဒီအာကာသယာဉ်က ဒီအာကာသထဲက ဒေသခံတစ်ဦး ဖြစ်နေဖို့ အလားအလာ အရမ်းများတယ်လို့ ပြောချင်တာလား။”

“ဟုတ်တယ်။ ဖြစ်နိုင်ခြေ အရမ်းများတယ်။ ဒါပေမဲ့ ငါမှတ်မိသလောက်တော့ ပထမအဆင့်တုန်းက ဒေသခံတွေရဲ့ တိုက်ခိုက်မှုက ဒေသအတော်များများကို ပေါင်းစည်းပြီးမှ စတင်တာ မဟုတ်ဘူးလား။ အခု ဒုတိယအဆင့်မှာကျတော့ စစချင်းကတည်းက ဒေသခံတွေ ပါဝင်နေတာလား။”

“ပြီးတော့ ဒီလောက် အဆင့်မြင့်တဲ့ ဒေသခံတွေဆိုရင် ငါတို့တွေ လုံးဝ ယှဉ်တိုက်လို့ မရဘူး။ ပုန်းနေရုံပဲ တတ်နိုင်မှာ မဟုတ်ဘူးလား။”

“အခုပုံစံအတိုင်းဆိုရင်တော့ ပုန်းနေရုံပဲ ရှိတော့တယ်။ စောစောက ညီအစ်ကို ဇွတ်တရွတ် ပြေးမသွားမိဖို့ပဲ မျှော်လင့်ရတော့မယ်။”

အတိအကျပင် ထိုအချိန်၌ စောစောက အာကာသယာဉ်ကို ရှာဖွေတွေ့ရှိခဲ့သော လူသည် အများသုံးချန်နယ်ထဲသို့ ရုတ်တရက် စကားလုံးနှစ်လုံး ပို့လာ၏။

“ကယ်ပါ...”

ထို့နောက်တွင်မူ မည်သည့်သတင်းမျှ ထပ်မလာတော့ချေ။ အချို့သော အသက်ရှင်ကျန်ရစ်သူများက သူ့ထံသို့ သီးသန့်မက်ဆေ့ခ်ျပို့ရန် ကြိုးစားခဲ့ကြသော်လည်း ရလဒ်တွင်မူ ထို အိုင်ဒီကို ရှာမတွေ့တော့ဘဲ သီးသန့်မက်ဆေ့ခ်ျ ပို့၍မရတော့ကြောင်းသာ ပြသနေတော့သည်။

All Chapters