← Chapters

အခန်း ၇၄၅

Vol. 37 Ch. 745

အခန်း ၇၄၅

Vol. 37 Ch. 745

အခန်း (၇၄၅)ပြဿနာရှာခြင်း

“ဒါ ငါတို့လုပ်တာ မဟုတ်ဘူး” ဟု မဟာအကြီးအကဲတစ်ဦးက အေးစက်စွာ ပြောဆိုလိုက်ချေသည်။

မျောက်ဝံကြီးက နှာခေါင်းရှုံ့ကာ အေးစက်စွာ မှုတ်ထုတ်လိုက်ပြီး ၎င်း၏ ရင်ဘတ်ကို လက်သီးဖြင့် တဗုန်းဗုန်း ထုလိုက်ရာ ဧရာမ စည်တော်ကြီးတစ်ခုကို တီးခတ်နေသကဲ့သို့ တုန်ဟိန်းသော အသံကြီး ထွက်ပေါ်လာတော့သည်။

“ဒီနေရာကို ကျူးကျော်တဲ့သူမှန်သမျှဟာ ငါ့ရဲ့ ရန်သူပဲ” ဟု မျောက်ဝံကြီးက နားကွဲမတတ် ဟိန်းဟောက်လိုက်လေသည်။

ချင်ယွမ်ဖုန်းသည် မျောက်ဝံကြီး၏ အနောက်ဘက် အဝေးတစ်နေရာမှ ခေါင်းပြူထွက်လာပြီး မြူနှင်းဂိုဏ်း၏ အကြီးအကဲများကို ပြုံးပြလျက် လက်ပြနှုတ်ဆက်လိုက်၏။

“နင်ဘယ်နေရာကိုပဲ ပြေးပြေး ငါနင့်ကို သတ်ပစ်မယ်”

ထိုအဆိပ်အတောက် ပြည့်နှက်နေသော အသံသည် အဝေးသို့ ပျံ့လွင့်သွားပြီး ချင်ယွမ်ဖုန်း၏ ကျောရိုးတစ်ခုလုံးကို စိမ့်တက်သွားစေချေသည်။

ထိုသူများသည် ဘုရင်နယ်ပယ် အဆင့်ရှိ သန်မာသော ကျင့်ကြံသူများ ဖြစ်ကြပေရာ ထိုကဲ့သို့သော သူမျိုး၏ ပစ်မှတ်ထားခြင်းကို ခံရသည်မှာ အလွန်ပင် စိတ်မသက်မသာ ဖြစ်စရာ ကောင်းလှပေသည်။

သို့သော်လည်း အတော်အတန် ဝေးကွာသော အကွာအဝေးသို့ အပြင်းအထန် ပြေးလွှားပြီးနောက် ချင်ယွမ်ဖုန်းသည် ဖြည်းညှင်းစွာ ရပ်တန့်လိုက်တော့သည်။

ဤနေရာမှ ကြည့်လျှင် မျောက်ဝံကြီးနှင့် မြူနှင်းဂိုဏ်းသားများကို မမြင်ရတော့ချေ။ ဂိုဏ်းကြီးကြပ်သူ အကြီးအကဲများ တိုက်ခိုက်နေကြသော်လည်း သန့်ရှင်းသော သားရဲအဆင့် မျောက်ဝံကြီးတစ်ကောင်တည်း၏ အစွမ်းဖြင့် မြူနှင်းဂိုဏ်းမှ လူများကို တားဆီးရန် မလုံလောက်ပေရာ ဆယ်ဂဏန်းမကသော အရိပ်များသည် ၎င်းတို့နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာကြပြီ ဖြစ်သည်။

ထို့ကြောင့် ချင်ယွမ်ဖုန်းသည် ဝိညာဉ်စွမ်းအားဖြင့် ရှာဖွေတွေ့ရှိထားသော အခြားသော သန့်ရှင်းသော သားရဲအဆင့် မိစ္ဆာသားရဲတစ်ကောင်ထံသို့ အကြည့်ကို ပို့လွှတ်လိုက်ချေသည်။

ယင်းမှာ တောင်ထိပ်ပေါ်တွင် လှဲလျောင်းကာ နေပူဆာလှုံနေသော မီးလျှံခြင်္သေ့တစ်ကောင် ဖြစ်ပေသည်။

“အောက်ကို ဆင်းခဲ့စမ်း” ဟု ချင်ယွမ်ဖုန်းက တိုးတိုးရေရွတ်လိုက်ရင်း ဒူးလေးရှည်ကို ဆွဲဆန့်ကာ မြားတစ်စုံဖြင့် ပစ်ခတ်လိုက်တော့သည်။

သူ၏ မြားချက်များသည် အစွမ်းအလွန်ထက်မြက်သည်တော့ မဟုတ်ပေ၊ ၎င်း၏ ရည်ရွယ်ချက်မှာ သန့်ရှင်းသော သားရဲများကို ဒေါသထွက်အောင် ဆွပေးရန်သာ ဖြစ်ချေသည်။

မီးလျှံခြင်္သေ့သည်လည်း ပြေးဝင်လာသော ဝိညာဉ်ချီမြားကို သတိပြုမိသွား၏။ ယင်းက ရုတ်တရက် ခေါင်းထောင်လာပြီး မူလက ပျင်းရိနေသော အကြည့်များသည် အလွန်တရာ ထက်မြက်လာတော့သည်။

မြားသည် ခြင်္သေ့နှင့် သုံးလက်မခန့်သာ လိုတော့သည့်အချိန်တွင် စတင်လောင်ကျွမ်းသွားပြီး တဖြည်းဖြည်းနှင့် မီးခိုးပြာများအဖြစ်သို့ ပြောင်းလဲသွားချေသည်။

“ဝုန်း”

မီးလျှံခြင်္သေ့သည် နားကွဲမတတ် ဟိန်းဟောက်သံကြီးကို ထုတ်ဖော်လိုက်ပြီး တောင်ထိပ်ပေါ်မှ ခုန်ချကာ မြူနှင်းဂိုဏ်းဝင်များရှိရာသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားတော့သည်။

ချင်ယွမ်ဖုန်းကမူ အရိပ်များထဲတွင် ပုန်းကွယ်သွားပြီးဖြစ်ကာ ဤနေရာမှ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

မြူနှင်းဂိုဏ်း၏ ဂိုဏ်းကြီးကြပ်သူ အကြီးအကဲများနှင့် မဟာအကြီးအကဲများသည် ဒေါသအိုးပေါက်ကွဲမတတ် ဖြစ်နေကြချေသည်။

အကယ်၍ ချင်ယွမ်ဖုန်းကို မိလျှင် ဖိခြေပစ်နိုင်သည်ကို သူတို့ သိသော်လည်း ယခုမူ သူက သန့်ရှင်းသော သားရဲများကို လှုံ့ဆော်နေသည်ကို ဘာမျှမတတ်နိုင်ဘဲ ကြည့်နေရရုံသာ ရှိတော့သည်။

မကြာမီအချိန်၌ပင် ချင်ယွမ်ဖုန်းသည် နောက်ထပ် သန့်ရှင်းသော သားရဲတစ်ကောင်ကို ထပ်မံဆွပေးလိုက်ပြန်ရာ မျှော်လင့်ထားသည့်အတိုင်းပင် ထိုသန့်ရှင်းသော သားရဲသည်လည်း မြူနှင်းဂိုဏ်းဝင်များကို စတင်တိုက်ခိုက်လေတော့သည်။

အစစ်အမှန် တရားခံမှာမူ တိတ်တဆိတ် ကျေနပ်အားရနေချေသည်။

“မင်းတို့ ငါ့နောက်ကို လိုက်ချင်ဦး ဒီတစ်ခါလည်း လိုက်နိုင်ဦးမလား ကြည့်ကြသေးတာပေါ့” ဟု ချင်ယွမ်ဖုန်းက စိတ်ထဲမှ တွေးတောလိုက်၏။

သူသည် သန့်ရှင်းသော သားရဲအဆင့် မိစ္ဆာသားရဲ သုံးကောင်အထိ ဆွပေးခဲ့သော်လည်း မဟာအကြီးအကဲတစ်ဦးကမူ သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်လံနေဆဲဖြစ်ပြီး ၎င်း၏မျက်လုံးထဲတွင် ချင်ယွမ်ဖုန်းတစ်ယောက်တည်းသာ ရှိနေပုံရပေသည်။

ရှေ့တွင်မူ ပင်လယ်ပြင်ကြီး ရှိနေချေသည်။ ထိုကဲ့သို့သော ကွင်းပြင်ကျယ်ကြီးထဲတွင် ချင်ယွမ်ဖုန်းအနေဖြင့် ပျံသန်းခြင်း သို့မဟုတ် ရေထဲသို့ ငုပ်လျှိုးခြင်းသာ ပြုလုပ်နိုင်မည်ဖြစ်ရာ ထိုအရာနှစ်ခုစလုံးသည် သူ၏နောက်မှ လိုက်လာသော အစွမ်းထက်သည့် ဘုရင်နယ်ပယ် ကျင့်ကြံသူကို လှည့်စားနိုင်မည်မဟုတ်ချေ၊

အမှန်စင်စစ် ယင်းက ပို၍ပင် အနီးကပ် လိုက်ပါလာစေမည် ဖြစ်သည်။

ထို့အပြင် ချင်ယွမ်ဖုန်း၏ ဦးတည်ရာမှာ ပင်လယ် မဟုတ်ပေ။

သူ၏ အစီအစဉ်မှာ ဤလူများကို အရင်ဆုံး မျှားခေါ်လာပြီးနောက် မိစ္ဆာသားရဲများဖြင့် ရင်ဆိုင်စေကာ ထို့နောက်မှ တိတ်တဆိတ် လှည့်ပြန်၍ ချီဖုန်းချောက်ကမ္ဘာဆီသို့ ထွက်ပြေးရန် ဖြစ်ချေသည်။

ချင်ယွမ်ဖုန်းသည် ဤသစ်ပင်များကို အကာအကွယ်ယူကာ ဟင်းလင်းပြင်ဆိုင်ရာ နတ်ဘုရားတန်ခိုးတော်ကို အသုံးပြု၍ ပတ်ပြေးနိုင်သေးသော်လည်း ကွင်းပြင်ကျယ်သို့ ရောက်သွားပါက ခရီးမတွင်ဘဲ အမိခံရကာ မြေမြှုပ်ရန် နေရာပင်မရှိဘဲ သေဆုံးသွားရပေလိမ့်မည်။

ထို့ကြောင့် ချင်ယွမ်ဖုန်းသည် ပြတ်သားစွာ ဆုံးဖြတ်ချက်ချကာ အရှေ့ဘက်သို့ တည့်တည့် လှည့်ထွက်ခဲ့တော့သည်။

နေဝင်ချိန် ရှေးဟောင်းတောအုပ်နှင့် စိန်ခေါ်ရာမြို့တော်၏ အနောက်ဘက်ရှိ တားမြစ်နယ်မြေတောအုပ်သည် ဆက်စပ်နေပြီး ကမ်းရိုးတန်းတစ်လျှောက်တွင် မြင့်မားသော တောင်တန်းကြီး ရှိနေကာ တောင်တန်း၏ အတွင်းဘက်တွင်မူ ထူထပ်လှသော တောအုပ်ကြီး ရှိနေချေသည်။

ဤတောအုပ်သည် အရှေ့ဘက်သို့ ဆန့်တန်းသွားပြီး တားမြစ်နယ်မြေတောအုပ်နှင့် ဆက်စပ်နေပေသည်။ ချင်ယွမ်ဖုန်းသည် ဘုရင်နယ်ပယ် အဆင့်ရှိ သန်မာသော ကျင့်ကြံသူနှင့် ပုန်းတမ်းကစားရန်အတွက် ဤတောအုပ်အတွင်း၌သာ ရှိနေရမည် ဖြစ်သည်။

“သူ လမ်းကြောင်းပြောင်းသွားတာလား၊ ဘယ်ကို ထွက်ပြေးမလို့လဲ” ဟု နောက်မှ လိုက်ပါလာသော မဟာအကြီးအကဲသည် ထိတ်လန့်သွားတော့သည်။ သူမ၏ အမည်မှာ မောက်ရူယွန်း ဖြစ်ပြီး ချင်ယွမ်ဖုန်းအား ထိတ်လန့်ဖွယ်ရာ ယုံကြည်မှုတန်ဖိုးများ ပထမဆုံး ပေးစွမ်းခဲ့သူ ဖြစ်ချေသည်။

ထို့အပြင် သူမသည် နတ်ဘုရားတို့၏ ပြစ်ဒဏ်ခတ်ခြင်းကို စတင်စေသည့် အဓိက အင်အားစုလည်း ဖြစ်ပေသည်၊ အကြောင်းမူကား သူမသည် သေဘေးသင့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး မွေးရာပါ သေဆုံးခြင်းဆိုင်ရာ စွမ်းအားကို အသုံးပြုနိုင်စွမ်း ရှိသောကြောင့် ဖြစ်ချေသည်။

မောက်ရူယွန်းသည် ယခင်က နတ်ဘုရားတို့၏ ပြစ်ဒဏ်ခတ်ခြင်းက ချင်ယွမ်ဖုန်းကို မသတ်နိုင်ခဲ့သည့်အတွက် ရင်ထဲတွင် မတင်မကျ ဖြစ်နေဆဲပင်။

သူမ၏ အမြင်အရမူ မျှရုံမျှသာ ဖြစ်သော ဘိုးဘေးနယ်ပယ် အဆင့်ရှိ သိုင်းပညာရှင်တစ်ယောက်ကို လက်တစ်ချက် ဝှေ့ယမ်းရုံမျှဖြင့် သုတ်သင်ချေမှုန်းပစ်နိုင်သင့်ပေသည်။

“ချင်ယွမ်ဖုန်း၊ နင်ဘယ်ကိုပဲ ထွက်ပြေးပြေး ငါ နင့်ကို သတ်မှာပဲ” မောက်ရူယွန်း၏ ခန္ဓာကိုယ်သည် တောအုပ်အတွင်း၌ လေကဲ့သို့ ဖြတ်သန်းသွားပြီး ဝူးဝူးဝါးဝါး လေပြင်းများကို သယ်ဆောင်လာတော့သည်။

သူမ၏ လက်ထဲတွင် မဟူရာ လုံးဝန်းသော အလုံးစုံတစ်ခု ဖြည်းညှင်းစွာ ပေါ်ပေါက်လာပြီး စွဲမက်ဖွယ်ရာ အစွမ်းများကို ဖြာထွက်နေချေသည်။

ရုတ်တရက် ထိုမဟူရာလုံးသည် လွင့်ပျံသွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားကာ မြေပြင်ကို ချက်ချင်းပင် ပြောင်းလဲပစ်လိုက်တော့သည်။

သွေးကြောများနှင့် တူလှသော မဟူရာ အစင်းတန်းများသည် ပေါ်ထွက်လာပြီး မြေပြင်တစ်လျှောက် ရှေ့သို့ အရူးအမူး ဆန့်တန်းသွားကာ ချင်ယွမ်ဖုန်းနောက်သို့ လိုက်လံတိုက်ခိုက်တော့သည်။

ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအားသည်လည်း ဤသွေးကြောကဲ့သို့သော အရာများကို ထောက်လှမ်းမိချေသည်။ သူသည် ယင်းတို့ကို ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း သူ၏ ဝိညာဉ်စွမ်းအားမှာ ယင်းတို့နှင့် ထိမိသည်နှင့် ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

“ဒါက သေဆုံးခြင်းဆိုင်ရာ စွမ်းအားလား” ချင်ယွမ်ဖုန်းမှာ ထိတ်လန့်သွားပြီး ဤသွေးကြောများကို သူ၏ ဝိညာဉ်စွမ်းအားဖြင့် ထပ်မံမထိတွေ့ရဲတော့ချေ။

သေဆုံးခြင်းဆိုင်ရာ စွမ်းအားကို မည်သည့်အရာကမျှ မဆန့်ကျင်နိုင်ပုံရပေသည်။

စနစ် ကဲ့သို့သော ကောင်းကင်ဘုံကို ဆန့်ကျင်သည့် အရာများသာလျှင် ထိုသို့ ပြုလုပ်နိုင်ပေလိမ့်မည်။

ထိုသွေးကြောများ ပြန့်နှံ့သွားသည့် နေရာတိုင်းတွင် သစ်ပင်များနှင့် ပန်းမန်များ ညှိုးနွမ်းခြောက်သွေ့သွားပြီး မြေပြင်သည် ချက်ချင်းပင် မီးလောင်ပြင်ကဲ့သို့ ဖြစ်သွားကာ စိတ်ပျက်အားငယ်မှုကို ဖြစ်ပေါ်စေချေသည်။

ထို့အပြင် ထိုသွေးကြောများသည် အလွန်တရာ လျင်မြန်စွာ ပြန့်နှံ့သွားပြီး မျက်တောင်တစ်ခတ်အတွင်း ချင်ယွမ်ဖုန်း၏ နောက်သို့ ရောက်ရှိလာတော့သည်။

မြေပြင်အောက်မှ မဟူရာ လက်ဝါးကြီးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ ချင်ယွမ်ဖုန်းကို ဖမ်းဆွဲရန် လှမ်းဆန့်လာကြချေသည်။

ဤလက်များသည် ငရဲပြည်မှ လှမ်းဆန့်လာသည့်အလား ထင်ရပြီး ချင်ယွမ်ဖုန်းကို ငရဲသို့ ဆွဲချရန် ကြိုးစားနေကြပေသည်။

“တောက်၊ သောက်ကျိုးနည်းပဲ”

ချင်ယွမ်ဖုန်းက ကျိန်ဆဲလိုက်ရင်း သူ၏ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာတော့သည်။ ရွှေရောင်မိုးကြိုးများသည် သူ၏နောက်မှ လိုက်လာသော လက်ဝါးကြီးများပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားချေသည်။

သို့သော်လည်း ချင်ယွမ်ဖုန်း၏ ကျင့်စဉ်အဆင့်မှာ မောက်ရူယွန်းထက် များစွာ နိမ့်ကျလွန်းလှပေသည်။ ရွှေရောင်မိုးကြိုး၏ စွမ်းအားသည် မဟူရာလက်ဝါး အနည်းငယ်ကိုသာ ဖျက်ဆီးနိုင်ခဲ့ပြီး ငရဲမှ လက်ဝါးများစွာမှာမူ ပိုမိုထွက်ပေါ်လာဆဲပင် ဖြစ်သည်။

“သေမင်းချီ၊ ပစ်ခတ်စမ်း”

မောက်ရူယွန်းက လက်ညှိုးနှင့် လက်ခလယ်နှစ်ချောင်းကို ဆန့်ထုတ်ကာ မြေပြင်သို့ ပြင်းထန်စွာ ညွှန်ပြလိုက်၏။

အမိန့်တော်ကို နာခံသည့်အလား ချင်ယွမ်ဖုန်း၏ အနောက်မှ လက်ဝါးကြီးများသည် လှံရှည်များအဖြစ်သို့ ပြောင်းလဲသွားပြီး မြေပြင်မှ ထိုးထွက်ကာ ပစ်ခတ်လာကြတော့သည်။

ချင်ယွမ်ဖုန်းသည် မျက်လုံးများ ပြူးကျယ်သွားပြီး ဝိညာဉ်စွမ်းအားများကို သူ၏ပတ်ဝန်းကျင်တွင် စုစည်းလိုက်ကာ လှံရှည်အားလုံး၏ တိုက်ခိုက်မှု လမ်းကြောင်းများကို တိကျစွာ တွက်ချက်လျက် ရှောင်တိမ်းလိုက်တော့သည်။

သူ၏ ခန္ဓာကိုယ်သည် လေထဲတွင် လွင့်မျောနေသော စာရွက်တစ်ရွက်ကဲ့သို့ ယိမ်းထိုးလျက် လှံရှည်များ၏ တိုက်ခိုက်မှုကို တိကျစွာ ရှောင်တိမ်းနိုင်ခဲ့သော်လည်း သူ၏ အရှိန်မှာမူ နှေးကွေးသွားခဲ့ရချေသည်။

မောက်ရူယွန်းသည် ထိုအခွင့်အရေးကို အသုံးချကာ အပြင်းအထန် ပြေးဝင်လာပြီး ချင်ယွမ်ဖုန်းနှင့် အကွာအဝေးကို ပိုမိုနီးကပ်စေခဲ့တော့သည်။

“မဟန်တော့ဘူး၊ ငါတို့ ပိတ်မိပြီ။ ရှောင်လင်၊ မင်း ဒါတွေကို ငါ့အတွက် ခေတ္တ တားဆီးပေးနိုင်မလား” ဟု ချင်ယွမ်ဖုန်းက ပျာပျာသလဲ အော်ဟစ်လိုက်၏။

“ရမှတ် တစ်သန်း…”

“ရော့၊ ပေးလိုက်ပြီ” ဟု ချင်ယွမ်ဖုန်းက မဆိုင်းမတွ ပြောဆိုလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို ရှောင်တိမ်းခြင်း မပြုတော့ဘဲ ရှေ့သို့ တည့်တည့်မတ်မတ် တိုးဝင်သွားတော့သည်။

မဟူရာ လှံရှည်များသည် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ထဲသို့ တစ်ခုပြီးတစ်ခု ထိုးစိုက်သွားသော်လည်း ဤလှံများသည် ရုပ်ဝတ္ထုပစ္စည်းများ မဟုတ်ကြပေရာ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ကို တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ မရစေခဲ့ချေ။

သို့သော်လည်း မဟူရာလှံများ ထိမှန်သည့် နေရာတိုင်းတွင် ချင်ယွမ်ဖုန်း၏ အရေပြားပေါ်၌ ကြီးမားသော မဟူရာ အမည်းစက်များ ထွက်ပေါ်လာပြီး အလွန် ကြောက်မက်ဖွယ် ကောင်းလှကာ ထိုအမည်းစက်များသည် ဆက်လက်၍ ပျံ့နှံ့နေတော့သည်။

All Chapters