← Chapters

အခန်း ၇၄၇

Vol. 37 Ch. 747

အခန်း ၇၄၇

Vol. 37 Ch. 747

အခန်း (၇၄၇) သေဘေးမှ လွတ်မြောက်ခြင်း

ချင်ယွမ်ဖုန်းသည် မြူနှင်းဂိုဏ်းမှ ဘိုးဘေးနယ်ပယ် အကြီးအကဲ ခုနစ်ဦးကို တစ်ပြိုင်နက်တည်း ဆုံးရှုံးစေခဲ့သဖြင့် မြူနှင်းဂိုဏ်းတစ်ခုလုံး ဒေါသအမျက် ချောင်းချောင်းထွက်နေခဲ့ချေသည်။

ချင်ယွမ်ဖုန်း သေဆုံးသွားလျှင်ပင် ထိုဒေါသအာဃာတကို ပြေငြိမ်းစေနိုင်မည် မဟုတ်ပေ။

ယခုအခါ ချင်ယွမ်ဖုန်းသည် ကိုယ့်သေတွင်းကိုယ်တူးရန် ရည်ရွယ်ချက်ရှိရှိ ရောက်ရှိလာသဖြင့် မောက်ရူယွန်းသည် ဤအခွင့်အရေးကို လွှတ်လိမ့်မည် မဟုတ်ပေ။

၎င်းတို့သည် မကြာမီ တောအုပ်အတွင်းမှ ထွက်ခွာတော့မည်ဖြစ်ရာ လွင်ပြင်ကျယ်ကြီးသို့ ရောက်ရှိသွားပါက ချင်ယွမ်ဖုန်းသည် သူ၏ အစွမ်းများကို ထုတ်ဖော်နိုင်တော့မည် မဟုတ်ချေ။

".. ဒါကို မြည်းစမ်းကြည့်စမ်း"

ချင်ယွမ်ဖုန်းသည် နောက်သို့လှည့်ကာ မိုးကြိုးမီးလျှံ ဗုံးသီးကို ပစ်လွှတ်လိုက်ချေသည်။

တစ်ချိန်တည်းမှာပင် သူသည် ဟင်းလင်းပြင်ဆိုင်ရာ နေရာပြောင်း အစီအရင်ကို လှုပ်ရှားစေပြီး ကိုက်တစ်ရာခန့်အကွာသို့ ချက်ချင်း ရွှေ့ပြောင်းကာ ပိုမိုမြန်ဆန်စွာ ထွက်ပြေးလေတော့သည်။

မောက်ရူယွန်းသည် ထိုဧရာမ အရာဝတ္ထုကြီးကို မြင်တွေ့ရပြီး ယင်းမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိသောအခါ ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ရဲသဖြင့် ဘေးဘက်သို့ ရှောင်ကွင်းရန် ကြိုးပမ်းချေသည်။

သို့သော်လည်း မိုးကြိုးမီးလျှံ ဗုံးသီးကို ချင်ယွမ်ဖုန်းက ထိန်းချုပ်ထားခြင်းဖြစ်ရာ သူမ ရှောင်တိမ်းလိုက်သည်နှင့် တစ်ပြိုင်နက် နားကွဲမတတ် ထစ်ချုန်းသံကြီး ထွက်ပေါ်လာလေတော့သည်။

စူးရှသော အလင်းတန်းများ ဖြာထွက်လာပြီး ရွှေရောင်မိုးကြိုးလျှပ်စီးစွမ်းအား ထူထပ်စွာ ရစ်သိုင်းနေသော မီးလျှံတိုင်ကြီးသည် ရုတ်တရက် ပေါက်ကွဲထွက်လာရာ တစ်ကီလိုမီတာ ပတ်လည်ရှိ သစ်ပင်အားလုံး ကျိုးပဲ့သွားပြီး ကိုက်တစ်ရာအတွင်းရှိ သစ်ပင်အားလုံးမှာမူ မှုန့်မှုန့်ညက်ညက် ကြေမွသွားရချေသည်။

မြေပြင်ပေါ်တွင် ဧရာမ ကျင်းကြီးတစ်ကျင်း ဖြစ်ပေါ်လာပြီး မှိုပွင့်ပုံသဏ္ဌာန် မီးခိုးတိမ်တိုက်ကြီးသည် ဖြည်းညှင်းစွာ မြင့်တက်လာလေသည်။

ဝေးလံသော စိန်ခေါ်ရာမြို့တော်မှ လူများသည် ထိုနားကွဲမတတ် ပေါက်ကွဲသံကြီးကြောင့် အိမ်ပြင်သို့ ထွက်လာကြပြီး ချီဖုန်းချောက်ကမ္ဘာဘက်သို့ လှမ်းမြော်ကြည့်ရှုကြချေသည်။

ထိုအရာက ဘာလဲ။

"ချင်ယွမ်ဖုန်းရဲ့ မိုးကြိုးမီးလျှံ ဗုံးသီးနဲ့ တူတယ်နော်"

"ချင်ယွမ်ဖုန်းက သေသွားပြီ မဟုတ်ဘူးလား... တခြားလူတစ်ယောက်က ဒီတိုက်ကွက်ကို တတ်နေတာလား"

စိန်ခေါ်ရာမြို့တော်ရှိ လူများသည် ချက်ချင်းပင် တီးတိုးပြောဆိုလာကြပြီး ဤမြင်ကွင်းသည် လွန်ခဲ့သော နှစ်နှစ်က ဖြစ်ရပ်နှင့် အလွန်တူညီနေသဖြင့် ၎င်းတို့၏ အတိတ်မှတ်ဉာဏ်များကို ပြန်လည်နိုးထစေခဲ့ချေသည်။

ထိုစဉ် အခြားတစ်ဖက်၌ ရှိနေသော ချင်ယွမ်ဖုန်းမှာမူ ပေါက်ကွဲမှုကြောင့် တိုက်ရိုက် လွင့်စင်သွားရချေသည်။ ကိုက်သုံးရာခန့်အကွာသို့ ထွက်ပြေးနိုင်ခဲ့သော်လည်း ပေါက်ကွဲမှု၏ ရိုက်ခတ်မှုကို ခံလိုက်ရဆဲပင် ဖြစ်သည်။

သို့သော်လည်း ထိုရိုက်ခတ်မှု အဟုန်ကို အသုံးချကာ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် ရှေ့သို့ ကိုက်တစ်ရာခန့် ချက်ချင်း ပြေးဝင်သွားပြီး နောက်ဆုံးတွင် လျှို့ဝှက်ထားသော နေရာပြောင်း အစီအရင် တည်ရှိရာနေရာသို့ ချဉ်းကပ်မိသွားချေသည်။

"နောက်ဆုံးတော့ ရောက်ပြီ" ချင်ယွမ်ဖုန်းသည် ပိုမိုဆိုးရွားလာသော ဒဏ်ရာများကို ဂရုမစိုက်နိုင်တော့ဘဲ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ နေရာပြောင်း အစီအရင်ဆီသို့ တိုက်ရိုက် ပြေးဝင်သွားလေတော့သည်။

သူသည် ထိုစဉ်က ဤနေရာပြောင်း အစီအရင်ကို အသုံးပြု၍ အလယ်ပိုင်းဒေသသို့ ပြန်လာခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ ယင်းကို ဖျက်ဆီးပစ်ရန် ကြံရွယ်နေချေသည်။

ယန်ရုနှင့် အခြားလူများသည် ဤနေရာပြောင်း အစီအရင်မှတစ်ဆင့် ရောက်ရှိလာပါက မြူနှင်းဂိုဏ်း၏ လက်ရဖမ်းဆီးခြင်းကို ခံရမည် မဟုတ်လော။

ချင်ယွမ်ဖုန်းသည် နေရာပြောင်း အစီအရင်ပေါ်တွင် ရပ်နေရင်း စိတ်ကူးအတွေးပေါင်းစုံဖြင့် ပြည့်နှက်နေခဲ့သည်။

ဝိညာဉ်ကျောက်တုံးသည် နေရာပြောင်း အစီအရင် အထက်ရှိ ကျင်းအတွင်းသို့ ကျရောက်သွားရာ နေရာပြောင်း အစီအရင်သည် ဖြူဖွေးသော အလင်းတန်းများကို စတင်ထုတ်လွှတ်ပြီး ချင်ယွမ်ဖုန်းကို ဖြည်းညှင်းစွာ လွှမ်းခြုံသွားလေတော့သည်။

တစ်ချိန်တည်းမှာပင် ချင်ယွမ်ဖုန်းသည် လက်ညှိုးကို ခါထုတ်လိုက်ရာ အမည်းရောင် ပုတီးစေ့ငယ်တစ်ခုသည် နေရာပြောင်း အစီအရင်၏ အပြင်ဘက်သို့ ကျရောက်သွားချေသည်။

အစွမ်းထက်လှသော ကောင်းကင်ပြိုမိုးကြိုးလုံးသည် ကျိုးထုံက ပေးအပ်ခဲ့သော လက်ဆောင်ဖြစ်ချေသည်။

သူသည် တစ်လုံး သိမ်းဆည်းထားခဲ့သော်လည်း အသုံးမပြုဖြစ်သဖြင့် သိုလှောင်လက်စွပ်အတွင်း၌ ကျန်ရှိနေခဲ့ခြင်း ဖြစ်သည်။

ဤအရာသည် နေရာပြောင်း အစီအရင်ကို ဖျက်ဆီးရန်အတွက် အလွန်ပင် သင့်တော်လှချေသည်။

ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် နေရာပြောင်းလဲတော့မည့် ဆဲဆဲတွင် လူရိပ်တစ်ခုသည် ရုတ်တရက် ပြေးဝင်လာချေသည်။

ထိုလူရိပ်သည် ဒဏ်ရာဗရပွနှင့် ကျွမ်းမြှတ်နေသော အရေပြားများကြောင့် ကြောက်မက်ဖွယ်ကောင်းလှပြီး မီးပုံထဲမှ ထွက်လာသော မိစ္ဆာတစ်ကောင်ကဲ့သို့ ဖြစ်နေကာ ယခင်က ချင်ဝူယန်း၏ ပုံစံနှင့် အလားသဏ္ဌာန်တူလှချေသည်။

ဤမဟူရာလူရိပ်သည် မီးလျှံထဲမှ ပျံထွက်လာသော မောက်ရူယွန်းမှတစ်ပါး အခြားမဟုတ်ပေ။

မောက်ရူယွန်းကိုယ်တိုင်ပင် မိုးကြိုးမီးလျှံ ဗုံးသီးသည် ဤမျှအထိ ပြင်းထန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

သူမ ခန္ဓာကိုယ်ပတ်လည်ရှိ ဝိညာဉ်ချီ ကာကွယ်ရေးအလွှာများကို ဆုတ်ဖြဲပစ်ခဲ့ရုံမျှမက ကာကွယ်ရေး ရတနာလက်နက် အချို့ကိုပါ ဖျက်ဆီးပစ်ခဲ့ချေသည်။

ထိုမျှ ဆုံးရှုံးမှုကြီးမားခဲ့သော်လည်း ပေါက်ကွဲမှု အဟုန်သည် သူမ၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းစေခဲ့သဖြင့် ကြည့်ရဆိုးလှသော သဏ္ဌာန် ဖြစ်သွားရချေသည်။

ဤအခိုက်အတန့်တွင် သူမ၏ ရင်ထဲ၌ ချင်ယွမ်ဖုန်းအပေါ် အဆုံးမဲ့ နာကျည်းမှုကိုသာ ခံစားနေရတော့သည်။ ချင်ယွမ်ဖုန်း နေရာပြောင်းလဲတော့မည်ကို မြင်သောအခါ သူမသည် ဘာမျှမစဉ်းစားတော့ဘဲ ရှေ့သို့ တိုးဝင်လာချေသည်။

"ထပ်ပြီးတော့လား" ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားရချေသည်။ နေရာပြောင်း အစီအရင်၏ အရှိန်သည် မောက်ရူယွန်းထက် သိသိသာသာ နှေးကွေးနေချေသည်။

သို့သော်လည်း ရုတ်တရက်ပင် ချင်ယွမ်ဖုန်း၏ လက်ထဲ၌ ရှေးကျ၍ ရှုပ်ထွေးသော ပုံရိပ်များ ထင်ဟပ်နေသည့် လွန်စွာ လေးလံလှသော ကြေးညိုရောင် တံခါးကြီးတစ်ချပ် ပေါ်လာချေသည်။

"ငါ့လမ်းက ဖယ်စမ်း" ချင်ယွမ်ဖုန်းသည် ကြေးညိုရောင် တံခါးကြီးဖြင့် အားကုန်လွှဲရိုက်ချပစ်လိုက်ချေသည်။

မောက်ရူယွန်းသည် ကျောရိုးထဲအထိ အေးစိမ့်သွားရပြီး ချင်ယွမ်ဖုန်းကို နေရာပြောင်း အစီအရင်ထဲမှ ဆွဲထုတ်ရန်အတွက် ၎င်း၏ တိုက်ကွက်ကို ခန္ဓာကိုယ်ဖြင့် ခုခံရန် ကြံရွယ်လိုက်ချေသည်။

သို့သော်လည်း သူမ ထင်မှတ်မထားသည်မှာ ကြေးညိုရောင် တံခါးကြီး၏ အလေးချိန်သည် သူမ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေခြင်း ဖြစ်သည်။

သူမ၏ နက်ရှိုင်းသော ကျင့်စဉ်အဆင့်ဖြင့်ပင် ယင်းကို မခုခံနိုင်ဘဲ ယင်ကောင်တစ်ကောင်ကဲ့သို့ လွင့်စင်သွားရချေတော့သည်။

"တောက်... ကလိန်ကကျစ်ကောင်" မောက်ရူယွန်းသည် ကျိန်ဆဲလိုက်စဉ်မှာပင် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် နေရာပြောင်း အစီအရင်ထဲမှ လုံးဝ ပျောက်ကွယ်သွားခဲ့ချေပြီ။

"မဖြစ်ဘူး..."

မောက်ရူယွန်းသည် မျက်လုံးများ နီမြန်းလျက် နေရာပြောင်း အစီအရင်ဆီသို့ ပြေးဝင်ကာ လိုက်ပါရန် ကြိုးပမ်းသော်လည်း ထိုအခိုက်အတန့်တွင် နေရာပြောင်း အစီအရင် ဘေးရှိ မိုးကြိုးလုံးသည် ရုတ်တရက် ပေါက်ကွဲသွားလေတော့သည်။

မောက်ရူယွန်းသည် ထပ်မံ ရိုက်ခတ်ခြင်း ခံလိုက်ရသဖြင့် သွေးအန်သွားရပြီး ဒေါသကြောင့် ရူးသွပ်မတတ် ဖြစ်သွားရချေသည်။

နေရာပြောင်း အစီအရင်သည် မိုးကြိုးမီးလျှံ ဗုံးသီးကြောင့် လုံးဝ ပျက်စီးသွားခဲ့ပြီဖြစ်ရာ ထပ်မံ အသုံးပြု၍ မရနိုင်တော့ချေ။

"ချင်ယွမ်ဖုန်း... ချင်ယွမ်ဖုန်း"

မောက်ရူယွန်းသည် သူမ၏ လက်သည်းများဖြင့် ဘေးနံရံမှ ကျောက်တောင်ကို နက်ရှိုင်းစွာ ကုတ်ခြစ်လိုက်ရာ အစင်းကြောင်းရှည်ကြီးများ ထင်ကျန်ရစ်ခဲ့ချေသည်။

ထိုစဉ် မြူနှင်းဂိုဏ်းမှ အခြားအကြီးအကဲများနှင့် မဟာအကြီးအကဲ နှစ်ဦး ရောက်ရှိလာကြသော်လည်း နောက်ကျသွားခဲ့ချေပြီ။

မောက်ရူယွန်းသည် သက်ပြင်းအရှည်ကြီး ချလိုက်ပြီး နှုတ်ခမ်းထောင့်မှ သွေးစများကို သုတ်လိုက်ရာ ကျွမ်းမြှတ်နေသော အရေပြားများသည် လျင်မြန်စွာ ပြန်လည် ကုသလာချေသည်။

သူမသည် မူလကပင် သေခြင်းဆိုင်ရာ နိယာမ စွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်သဖြင့် ဇီဝအသက်စွမ်းအားနှင့် သေဆုံးခြင်းကို ပြောင်းပြန်လှန်နိုင်ကာ ‘သေဆုံး’ သွားသော အရေပြားများအားလုံး ကွာကျသွားပြီး အရေပြားအသစ်များ အစားထိုး ဝင်ရောက်လာချေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မောက်ရူယွန်း၏ ခန္ဓာကိုယ်သည် ပုံမှန်အတိုင်း ပြန်လည် ကောင်းမွန်သွားပြီး လောင်ကျွမ်းသွားသော ဆံပင်များပင် ပြန်လည် ရှည်လျားလာခဲ့ချေသည်။

သူမသည် လက်ကို ဝှေ့ယမ်းကာ ဝတ်ရုံအသစ်တစ်ထည်ကို လဲလှယ်ဝတ်ဆင်ပြီး ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေလေတော့သည်။

"ရူယွန်း... ချင်ယွမ်ဖုန်း ဘယ်ရောက်သွားလဲ" အခြား မဟာအကြီးအကဲ နှစ်ဦးသည် အပြေးအလွှား ရောက်ရှိလာပြီး အံ့အားသင့်စွာ မေးမြန်းကြချေသည်။

"သူ ထွက်ပြေးသွားပြီ" မောက်ရူယွန်းက တည်ငြိမ်စွာ ပြောကြားလိုက်သည်။ "သူ ဘယ်နေရာကို ပြောင်းရွှေ့သွားလဲဆိုတာ ငါ မသိဘူး... ဒါပေမဲ့ သူ့ကို ရှာမတွေ့မချင်း ငါ မြူနှင်းဂိုဏ်းကို ပြန်မှာ မမဟုတ်ဘူး"

ထိုသို့ ပြောကြားပြီးနောက် မောက်ရူယွန်းသည် ချက်ချင်းပင် ထွက်ခွာသွားလေတော့သည်။

"ဟူး... မဟာအကြီးအကဲက ခေါင်းမာလွန်းတယ်" အကြီးအကဲတစ်ဦးက သက်ပြင်းချရင်း အားကိုးရာမဲ့စွာ ဆိုချေသည်။

၎င်းတို့သည် သုံးရက်တိုင်တိုင် ကီလိုမီတာ သောင်းချီ၍ လိုက်လံ ဖမ်းဆီးခဲ့သော်လည်း ချင်ယွမ်ဖုန်းသည် ထွက်ပြေး လွတ်မြောက်သွားဆဲပင် ဖြစ်သည်။

ချင်ယွမ်ဖုန်းသည် ဤနေရာတွင် နေရာပြောင်း အစီအရင်တစ်ခု လျှို့ဝှက် သိမ်းဆည်းထားလိမ့်မည်ဟု မမည်သူမျှ မမျှော်လင့်ထားခဲ့ကြချေ။

"ချင်ယွမ်ဖုန်းက ရူယွန်းရဲ့ စိတ်အာဃာတမိစ္ဆာ ဖြစ်သွားပြီ... ချင်ယွမ်ဖုန်းကို မရှင်းလင်းနိုင်ရင် ရူယွန်းအတွက် ရှေ့ဆက် တိုးတက်ဖို့ မျှော်လင့်ချက် မရှိတော့ဘူး... အလားတူပဲ ချင်ယွမ်ဖုန်းကို ရှာဖွေတွေ့ရှိပြီး စိတ်အာဃာတကို ဖယ်ရှားနိုင်ရင် ရူယွန်းက ထပ်မံ ကျင့်စဉ်အဆင့် တက်လှမ်းနိုင်လိမ့်မယ်" ဝါရင့်အဆင့်အတန်းရှိသူ အကြီးအကဲတစ်ဦးက တည်ငြိမ်စွာ ဆိုချေသည်။

မြူနှင်းဂိုဏ်းမှ အကြီးအကဲ အများအပြားသည် ချင်ယွမ်ဖုန်း အလွန်အမင်း ဝေးကွာသောနေရာသို့ ပြောင်းရွှေ့သွားနိုင်ခြင်း မရှိဟု ယူဆကာ လျင်မြန်စွာ လူစုခွဲလိုက်ကြချေသည်။

တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ချင်ယွမ်ဖုန်း သွားရောက်နိုင်ခြေရှိသော အခြားနေရာများသို့ သွားရောက်ကာ စေ့စေ့စပ်စပ် ရှာဖွေကြလေတော့သည်။

သံသယဖြစ်ဖွယ် နေရာများကိုပင် တိတ်တဆိတ် စောင့်ကြည့်စေခဲ့ချေသည်။

သန့်ရှင်းသော နယ်မြေကဲ့သို့သော အင်အားကြီး အဖွဲ့အစည်းတစ်ခု လှုပ်ရှားလာသောအခါ တစ်လောကလုံးရှိ ရှန်းဝူ စကြဝဠာ တိုက်ကြီးတစ်ခုလုံး တုန်လှုပ်သွားရချေတော့သည်။

မကြာမီမှာပင် သတင်းစကားများ ပျံ့နှံ့သွားလေတော့သည်။

ချင်ယွမ်ဖုန်းသည် သေဆုံးခြင်းမရှိဘဲ အသက်ရှင်နေဆဲဖြစ်ပြီး မြူနှင်းဂိုဏ်း၏ ရက်စက်လှသော တားမြစ်နယ်မြေအတွင်းသို့ပင် ကျူးကျော်ဝင်ရောက်ကာ မုန့်ချီလော့ကို ကယ်ဆယ်သွားခဲ့ချေသည်။

ချင်ယွမ်ဖုန်းသည် အသက်ရှင်ကျန်ရစ်ခဲ့ရုံမျှမက ယမမင်း လူသတ်သမားအဖွဲ့၏ တစ္ဆေကြီးများအနက် တစ်ဦး ဖြစ်လာခဲ့ချေပြီ။

All Chapters