အခန်း ၇၄၈
Vol. 37 Ch. 748
အခန်း (၇၄၈)အကူးအပြောင်း ဟင်းလင်းပြင်သို့ တစ်ဖန်ပြန်လည်ဝင်ရောက်ခြင်း
ထိုသတင်းစကားများသည် ရှန်းဝူ စကြဝဠာ တိုက်ကြီးတစ်ခုလုံးတွင် တောမီးပမာ အလျင်အမြန် ပျံ့နှံ့သွားချေသည်။ တစ်ချိန်က ယမမင်းနှင့် မြူနှင်းဂိုဏ်းဟူသော ဘီလူးကြီးနှစ်ကောင်၏ လိုက်လံသုတ်သင်ခြင်းကို ခံခဲ့ရသည့် လူသားသည် တစ်ဖန်ပြန်လည် ရောက်ရှိလာလေသလောဟု လူအများက တွေးတောတသ ဖြစ်ကြရသည်။
ယင်းသို့ ဖြစ်သော်လည်း ချင်ယွမ်ဖုန်း၏ ပေါ်ပေါက်လာမှုသည် ကောင်းကင်ယံမှ ကြယ်ပျံတစ်စင်းကဲ့သို့ ခဏတာမျှသာ လျှပ်ခနဲလင်းလက်ပြီး ပျောက်ကွယ်သွားခဲ့ရာ ထို့နောက်ပိုင်းတွင် သူနှင့်ပတ်သက်၍ မည်သည့်သတင်းမျှ ထပ်မံမကြားသိရတော့ပေ။
ထိုသို့သော အခြေအနေတွင် ချင်ယွမ်ဖုန်းသည် မြူနှင်းဂိုဏ်း၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ခြင်း မဟုတ်ဘဲ လူသူမသိသော နေရာတစ်ခုသို့သာ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်ကြောင်း ယခုအကြိမ်တွင်မူ အတပ်အသေ သိရှိသွားကြပြီ ဖြစ်သည်။
ဤသတင်းသည် ချင်ယွမ်ဖုန်းအား လေးစားအားကျကြသူ အပေါင်းကို လွန်စွာ စိတ်လှုပ်ရှား တက်ကြွသွားစေသည်။
ချင်ယွမ်ဖုန်းသည် သေဆုံးခြင်းမရှိသည့်အပြင် ထိုအရှက်မဲ့လှသော မြူနှင်းဂိုဏ်းကိုလည်း တစ်ဖန်ပြန်၍ ရန်စရဲသေးရာ သူသည် တကယ့်ကို အားကိုးအားထားပြုရာ စံပြပုဂ္ဂိုလ်ကြီးပင် ဖြစ်ပေတော့သည်။
သို့သော်လည်း ချင်ယွမ်ဖုန်းသည်ကား ဤအချိန်၌ မည်သည့်အရာကိုမျှ မသိရှိရှာပေ။ သူသည် နတ်ဘုရားသောင်းချီနယ်မြေသို့ ဝင်ရောက်ပြီးသည်နှင့် ချက်ချင်းပင် သတိလစ် မေ့မြောသွားခဲ့ရသည်။
သုံးရက်ဆက်တိုက် အသက်လုကာ ထွက်ပြေးခဲ့ရသဖြင့် သူ၏ အာရုံကြောများသည် အဆုံးစွန်အထိ တင်းမာနေခဲ့ရသည် ဖြစ်ရာ ယခုအခါ သေဘေးမှ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သဖြင့် ချင်ယွမ်ဖုန်းသည် စိတ်သက်သာရာရကာ မြေပြင်ပေါ်သို့ ခွေခနဲလဲကျ၍ အိပ်ပျော်သွားခဲ့ချေသည်။
ချင်ယွမ်ဖုန်း တစ်ဖန်ပြန်လည် နိုးထလာချိန်တွင် မိုးချုပ်လုနီးပြီ ဖြစ်သည်။ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုကာ ထူးခြားမှုတစ်စုံတစ်ရာ မရှိသည်ကို တွေ့ရမှသာ သူသည် စိတ်အေးသွားနိုင်တော့သည်။
"ဒီနေရာက ဘာလို့ မိစ္ဆာအရှိန်အဝါတွေ ပြန်ပြည့်နေရတာလဲ။ ငါနဲ့ ရှူးကျူးတို့ ချမှတ်ခဲ့တဲ့ ဝိညာဉ်အဆောင်ပုံရိပ်တွေ ထပ်ပြီး ပျက်စီးသွားပြန်ပြီ ထင်တယ်" ဟု ချင်ယွမ်ဖုန်းသည် မိမိဘာသာ ရေရွတ်ကာ တွေးတောနေမိသည်။
ဤနေရာရှိ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများသည် ချင်ယွမ်ဖုန်း ယခင်နှစ်ကြိမ် လာရောက်ခဲ့စဉ်ကကဲ့သို့ပင် ထူထပ်သိပ်သည်းလျက် ရှိနေချေသည်။
ဖြစ်နိုင်ခြေ တစ်ခုတည်းသော အကြောင်းပြချက်မှာ ၎င်းတို့ ချမှတ်ခဲ့သည့် ဝိညာဉ်အဆောင်ပုံရိပ်များ ထပ်မံဖျက်ဆီးခြင်း ခံလိုက်ရခြင်းပင် ဖြစ်တန်ရာသည်။
ချင်ယွမ်ဖုန်းသည် ကုသရန် လိုအပ်နေသေးသော ဒဏ်ရာဒဏ်ချက်များစွာ ရှိနေသေးသဖြင့် လောလောဆယ်တွင် ထိုအရာများကို ဂရုမစိုက်နိုင်သေးဘဲ ဘေးဖယ်ထားလိုက်ရသည်။
ချင်ယွမ်ဖုန်း၏ ရှေ့မှောက်တွင် မီးပုံလေးတစ်ခု တဖြည်းဖြည်း တောက်လောင်လာပြီး နွေးထွေးမှု အရိပ်အယောင်ကို ဆောင်ကြဉ်းပေးသည်။
ညဉ့်နက်ပိုင်းသို့ ရောက်ရှိသောအခါ ချင်ယွမ်ဖုန်းသည် မိမိ၏ ဒဏ်ရာများကို ကုသပြီး ဆေးလုံးအချို့ကို ဖော်စပ်ကာ သောက်သုံးလိုက်သည်။ ထို့နောက်တွင်မူ သူ၏ ခန္ဓာကိုယ်သည် များစွာ သက်သာလာပြီး ဒဏ်ရာများလည်း အလျင်အမြန်ပင် ပြန်လည်ကျန်းမာလာခဲ့သည်။
သို့သော်လည်း သူသည် ကျင့်ကြံခြင်း တရားမှတ်ထဲသို့ ဝင်ရောက်ခါစတွင်ပင် ဧရာမ မဟူရာ အရိပ်ကြီးတစ်ခုသည် တရွေ့ရွေ့ဖြင့် နီးကပ်လာခဲ့ချေသည်။
ယင်းက ရုပ်သေးတစ်ရုပ် ဖြစ်ပြီး ၎င်း၏ ခြေလက်လေးဖက်သည် မြေပြင်တွင် စိုက်ထူထားသော လှံလေးစင်းကဲ့သို့ ဖြစ်နေသည်။ ၎င်းသည် ဤနေရာ၌ လူသားတစ်ဦး၏ အသက်ရှူသံကို အာရုံခံမိသဖြင့် တဖြည်းဖြည်းချင်း လိုက်လံရှာဖွေလာခြင်း ဖြစ်သည်။
နတ်ဘုရားသောင်းချီနယ်မြေအတွင်းရှိ ကြီးမားလှသော မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးထဲတွင် ပိတ်လှောင်ထားသည့် ရုပ်သေးများသည် အချင်းချင်း ဝါးမြိုခဲ့ကြသဖြင့် ယခုအခါ အကြီးမားဆုံးသော ရုပ်သေးအနည်းငယ်သာ ကျန်ရှိတော့ပြီး နတ်ဘုရားသောင်းချီနယ်မြေ တစ်ခွင်တွင် လွတ်လပ်စွာ လှည့်လည်သွားလာနေကြသည်။
အစီအရင်ကြောင့်သာ ၎င်းတို့သည် အပြင်သို့ ဖောက်ထွက်နိုင်ခြင်း မရှိကြခြင်း ဖြစ်သည်။
ထိုရုပ်သေးသည် လက်သည်းတစ်ခုကို မြှောက်ကာ ချင်ယွမ်ဖုန်းအား ထိုးသတ်ရန် ကြံရွယ်လိုက်စဉ်မှာပင် ချင်ယွမ်ဖုန်းသည် ရုတ်တရက် မျက်လုံးများကို ပွင့်လာပြီး သူ၏လက်ထဲရှိ နဂါးကျောရိုးဓားမကြီးသည် မှောင်မိုက်ခြင်း ထဲတွင် စူးရှတောက်ပသော အလင်းတန်းတစ်ခုကို ဆွဲခြစ်လိုက်ချေသည်။
ချင်ယွမ်ဖုန်းသည် ဟင်းလင်းပြင်ထဲသို့ ခုန်တက်လိုက်ပြီး မြေပြင်ပေါ်သို့ ညင်သာစွာ ပြန်လည်သက်ဆင်းလာခဲ့ရာ ထိုရုပ်သေးကြီးသည်လည်း ဒုန်းခနဲ မြည်ဟည်းသံနှင့်အတူ လဲပြိုသွားပြီး ၎င်း၏ ဦးခေါင်းသည် ဘေးဘက်သို့
လိမ့်ထွက်သွားတော့သည်။
ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူ ထုတ်လွှတ်လိုက်သော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများကြောင့် ရုပ်သေးများသည် တစ်ဖန်ပြန်၍ လှုပ်ရှားလာကြပြန်ပြီ ဖြစ်သည်။
သို့သော်လည်း အချင်းချင်း ဝါးမြိုမှုများကြောင့် ရုပ်သေးအရေအတွက်သည် လွန်စွာ နည်းပါးသွားခဲ့ပြီ ဖြစ်သည်။
ရုပ်သေးအား ရှင်းလင်းပြီးနောက် ချင်ယွမ်ဖုန်းသည် ဖြည်းညှင်းစွာ ပြန်လည်ထိုင်လိုက်ပြီး မိမိ၏ ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။
ဤအချိန်တွင် ချင်ယွမ်ဖုန်း ကျင့်ကြံနေသည်ဟု ပြောပါက တိကျမည်မဟုတ်ပေ။ အမှန်စင်စစ် သူသည် စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ်ကို လည်ပတ်စေပြီး ဤနေရာရှိ မိစ္ဆာအရှိန်အဝါများကို ရူးသွပ်စွာ စုပ်ယူကာ မိမိကိုယ်တွင်းစွမ်းအင်နှင့် ပေါင်းစပ်နေခြင်း ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် မိမိကိုယ်မိမိ လွန်စွာ စိတ်ပျက်နေမိသည်။ သူ ပထမဆုံး ထိတွေ့ခဲ့ရသည်မှာ မိစ္ဆာအရှိန်အဝါ ဖြစ်ပါလျက်နှင့် ယင်းမိစ္ဆာအရှိန်အဝါနှင့် ပေါင်းစပ်ရန် အဘယ်ကြောင့် ကြိုတင်မတွေးတောမိခဲ့ပါလိမ့်။ ထိုသို့သာ ပေါင်းစပ်နိုင်ခဲ့ပါက မိစ္ဆာအရှိန်အဝါများ ပြည့်နှက်နေသည့် နေရာသို့ ရောက်ရှိလျှင်ပင် ချင်ယွမ်ဖုန်းအနေဖြင့် ကြောက်ရွံ့နေစရာ လိုအပ်တော့မည် မဟုတ်ပေ။
သာမန်သိုင်းပညာရှင် တစ်ဦးအနေဖြင့် စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ ထူထပ်လှသော နေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ပါက အကောင်းဆုံးရလဒ်အနေဖြင့် ကျင့်စဉ်ဖောက်ပြန်ခြင်းကို ခံစားရမည် ဖြစ်ပြီး အချို့မှာမူ မိစ္ဆာအရှိန်အဝါများကို ရှူရှိုက်မိခြင်းကြောင့် ခန္ဓာကိုယ် ပေါက်ကွဲကာ သေဆုံးရသည်အထိ ဖြစ်တတ်သည်။
ချင်ယွမ်ဖုန်းသည် စင်ကြယ်လှသော မိစ္ဆာအရှိန်အဝါများနှင့် တဖြည်းဖြည်း ပေါင်းစပ်သွားခဲ့ရာ ထိုမိစ္ဆာအရှိန်အဝါများသည် သူ၏အပေါ်တွင် မည်သို့မျှ သက်ရောက်မှု မရှိနိုင်တော့ပေ။
နေမင်းသည် ထုံးစံအတိုင်း ထွက်လာပြီး မည်သည့်နေရာတွင် တည်ရှိမှန်းမသိသော ဤနတ်ဘုရားနယ်မြေကို လင်းပွားစေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးသည် ပင်လယ်ပြင်ကြီး ဖြစ်နေသည်ကို ဝေဝေဝါးဝါး မြင်တွေ့နိုင်သဖြင့် ဤနေရာသည် သမုဒ္ဒရာထဲ၌ ရှိနေရမည် ဖြစ်သည်။
စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများသည် နတ်ဘုရားသောင်းချီနယ်မြေ၏ ကောင်းကင်ယံကို ဖုံးလွှမ်းထားသဖြင့် နေရောင်ခြည်ပင် ထိုးဖောက်ရန် ခက်ခဲလှရာ နတ်ဘုရားသောင်းချီနယ်မြေသည် မှောင်မိုက်မြုံမှိုင်းလျက်ပင် ရှိနေဆဲ ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် မိမိ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ တစ်ညတာလုံးတွင် သူသည် စင်ကြယ်သော မိစ္ဆာအရှိန်အဝါကို ပေါင်းစပ်နိုင်ခဲ့ပြီး ယခုအခါ မိစ္ဆာအရှိန်အဝါကိုပင် စုပ်ယူနိုင်ပြီ ဖြစ်သည်။
"ငါ အခုချက်ချင်း အပြင်ကို သွားလို့မရသေးဘူး။ မြူနှင်းဂိုဏ်းက ငါ့ကို ရူးမတတ် လိုက်ရှာနေတုန်းပဲ ဖြစ်လိမ့်မယ်။ အကူးအပြောင်း ဟင်းလင်းပြင်ထဲကို သွားပြီးတော့ သွားကြည့်ရင် ကောင်းမလား" ဟု ချင်ယွမ်ဖုန်းသည် မိမိဘာသာ တွေးတောနေမိသည်။
အဖြစ်အပျက်များစွာကို ကြုံတွေ့ခဲ့ရပြီးနောက် ချင်ယွမ်ဖုန်းသည် မိမိ၏ဖခင်ဖြစ်သူ ကျိရှန့်ကို တဖြည်းဖြည်းချင်း နားလည်လာခဲ့ပြီ ဖြစ်သည်။
ဖခင်ဖြစ်သူ ထွက်ခွာသွားရခြင်းမှာ အကူးအပြောင်း ဟင်းလင်းပြင်ကို စောင့်ရှောက်ရန် ဖြစ်ပြီး နှုတ်မဆက်ဘဲ ထွက်ခွာသွားရခြင်းမှာလည်း မိခင်ဖြစ်သူကို မပတ်သက်စေချင်သောကြောင့် ဖြစ်သည်။
သို့သော်လည်း မျှော်လင့်မထားဘဲ ဖခင်ဖြစ်သူ၏ ထွက်ခွာသွားမှုကြောင့် မိခင်ဖြစ်သူသည် နေရာအနှံ့တွင် အတင်းအဖျင်း ကောလာဟလများကို ခံစားခဲ့ရပြီး မိမိကိုယ်တိုင်လည်း အနှိမ်ခံခဲ့ရသည်။
နောက်ပိုင်းတွင် သူ၏ ပါရမီအရည်အချင်းများ ပေါ်ပေါက်လာပြီး ချင်မိသားစု၏ လေးစားမှုကို ရရှိခဲ့သဖြင့် သူနှင့် မိခင်ဖြစ်သူအား ခေါ်ဆောင်ကာ အတူတူနေထိုင်စေခဲ့ပြီး ကောင်းမွန်သော လူနေမှုဘဝကို ခဏတာ ခံစားခဲ့ရသည်။
ထို့နောက်တွင်မူ အဖြစ်အပျက်များစွာ ထပ်မံကြုံတွေ့ခဲ့ရပြီး မိခင်ဖြစ်သူသည်လည်း မိမိကိုယ်မိမိ အဆုံးစီရင်သွားခဲ့ရချေသည်။
ချင်ယွမ်ဖုန်းသည် ကျိရှန့်ကို ခွင့်မလွှတ်နိုင်စရာကောင်းသည်ဟု ခံစားရသော်လည်း ကျိရှန့်၏ ပြောမပြနိုင်သော အခက်အခဲများကိုမူ နားလည်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။
မိမိကိုယ်တိုင်ပင်လျှင် အမြစ်မဲ့ကျွန်းများသို့ နှစ်နှစ်တိုင်တိုင် သွားရောက်ခဲ့စဉ်က မြောင်ယွီလန်သာ ကျိုးထုံ၏ အကူအညီကို မရရှိခဲ့ပါက မိမိ၏ မိခင်ကဲ့သို့ ကောလာဟလများနှင့် အတင်းအဖျင်း အမျိုးမျိုးကို ခံစားရမည် မဟုတ်လော။
ထို့အပြင် ကျိရှန့်သည် ရှန်းဝူ စကြဝဠာ တိုက်ကြီးတစ်ခုလုံးကို ကာကွယ်ရန်အတွက် မိမိကိုယ်ကိုယ်နှင့် မိသားစုကို စနစ်တကျ စွန့်လွှတ်အနစ်နာခံကာ ဤအရာများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ချင်ယွုန်းဖုန်းသည် ယခုအခါ ကျိရှန့်ကို ရင်ဆိုင်ရန် အသင့်ရှိနေပြီ ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုး၏ ခြေရင်းသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့သည်။
ရွှေရောင် မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးသည် ထူထပ်လှသော ပြာမှုန်များဖြင့် ဖုံးလွှမ်းနေချေသည်။
ဤအရာသည် သူ ပထမဆုံး ရောက်ရှိလာစဉ်ကကဲ့သို့ တောင်ကြီးတစ်လုံးပမာ ပြန်လည်ပြောင်းလဲသွားရန် မည်မျှကြာဦးမည်ကို သူ တွေးတောနေမိသည်။
မော့ကြည့်လိုက်သောအခါ သူနှင့် ရှူးကျူးတို့ ချမှတ်ခဲ့သည့် ဝိညာဉ်အဆောင်ပုံရိပ်များသည် အမှန်ပင် ပျက်စီးနေခဲ့ပြီး ဧရာမ အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေကာ ထိုနေရာမှ မိစ္ဆာအရှိန်အဝါများ အဆက်မပြတ် ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။
"သွားကြည့်ရအောင်" ချင်ယွမ်ဖုန်းသည် အပေါ်သို့ ခုန်တက်လိုက်ပြီး အပေါက်ကြီး၏ ထိပ်ဆုံးသို့ ဖြည်းညှင်းစွာ ရောက်ရှိကာ အတွင်းသို့ ခုန်ချလိုက်တော့သည်။
သူ၏ ခန္ဓာကိုယ်သည် အဆုံးမရှိသကဲ့သို့ အောက်သို့ အဆက်မပြတ် ကျဆင်းနေခဲ့သည်။ ယခုအကြိမ်တွင် ချင်ယွမ်ဖုန်းသည် ယခင်အကြိမ် ဝင်ရောက်ခဲ့စဉ်ကထက် မိမိ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်များ လျင်မြန်စွာ ရွေ့လျားနေမှုကို ပိုမို၍ သိရှိခံစားနေရသည်။
ယင်းက ကမ္ဘာနှစ်ခုကို ဆက်သွယ်ပေးထားသည့် လမ်းကြောင်းတစ်ခု ဖြစ်ပြီး ချင်ယွမ်ဖုန်းသည် လက်ရှိတွင် သူ ဤနေရာသို့ ပထမဆုံး ခရီးဆန့်စဉ်က လုပ်ဆောင်ခဲ့သည့် အတိုင်းကိုပင် လုပ်ဆောင်နေခြင်း ဖြစ်သည်။
အောက်သို့ ကျဆင်းမှုသည် ကြာမြင့်ခြင်း မရှိခဲ့ပေ။ ချင်ယွမ်ဖုန်း မျက်လုံးများကို ထပ်မံဖွင့်လိုက်သည့် အချိန်တွင် သူသည် ထိုအကူးအပြောင်း ဟင်းလင်းပြင်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ဤနေရာသည် ကမ္ဘာဦး အစကတည်းကပင် ပြောင်းလဲခြင်း မရှိဘဲ ဆိတ်သုဉ်းခြင်း အရှိန်အဝါများဖြင့် ပြည့်နှက်နေသည့်အတိုင်း ရှိနေဆဲ ဖြစ်သည်။
ကောင်းကင်ယံ အထက်တွင် ဧရာမ ကြယ်တာရာကြီးများကိုပင် မြင်တွေ့နိုင်ရာ ကမ္ဘာမြေပေါ်ရှိ သိပ္ပံစိတ်ကူးယဉ် ဝတ္ထုတစ်ပုဒ်ထဲတွင် ဖော်ပြထားသော မြင်ကွင်းတစ်ခုကဲ့သို့ပင် ဖြစ်ချေသည်။
ကျိရှန့်သည် မိမိ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး အတိုင်းထက်အလွန် အံ့အားသင့်သွားသော အရိပ်အယောင်ကို ပြသလိုက်သည်။
"ယွမ်ဖုန်း မင်း ဘာလို့ ဒီကို ရောက်လာတာလဲ" ကျိရှန့်၏ မျက်နှာထက်တွင် မယုံကြည်နိုင်မှုနှင့် ဝမ်းမြောက်မှုတို့ ရောပြွမ်းနေချေသည်။
"ကျွန်တော် အဖေ ဆီကို လာကြည့်တာပါ" ချင်ယွမ်ဖုန်းက ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။
ကျိရှန့်၏ ရင်ထဲတွင် လှုပ်ခတ်သွားခဲ့ပြီး သူ၏ စိတ်နှလုံးထဲမှ အနူးညံ့ဆုံးသော အစိတ်အပိုင်းသည် နက်ရှိုင်းစွာ ထိခိုက်သွားခဲ့ရသည်။
"ငါ... ငါ နေကောင်းပါတယ်"
သူသည် မိမိ၏ သားဖြစ်သူကို ရင်ဆိုင်ရသည့် အခါတွင် မျှော်လင့်မထားဘဲ စိတ်လှုပ်ရှား တုန်ရင်နေမိသည်။
ချင်ယွမ်ဖုန်းသည် ကျိရှန့်ကို ကြည့်လိုက်ရာ ကျိရှန့်၏ အရှိန်အဝါသည် သူ့ကို လိုက်လံသတ်ဖြတ်ခဲ့သည့် မောက်ရူယွန်းထက် များစွာ သာလွန်နေပြီး ရှောင်ပိုင်နှင့် အဆင့်တူလောက်သာ ရှိသည်ကို တွေ့ရှိလိုက်ရသည်။
"အဖေက နတ်ဘုရားတစ်ပိုင်းအဆင့် ကို ရောက်နေတာလား" ချင်ယွမ်ဖုန်းက သိလိုစိတ်ဖြင့် မေးမြန်းလိုက်ပေတော့သည်။