အခန်း ၇၄၉
Vol. 37 Ch. 749
အခန်း (၇၄၉) တစ်ပါးကျွန်းသား မိစ္ဆာစစ်တပ်ကြီး
ကျိရှန့်က ဂုဏ်ယူဝင့်ကြွားဟန် အနည်းငယ်ဖြင့် ခေါင်းညိတ်ပြကာ "ဟုတ်တယ်... ငါဟာ လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက နတ်ဘုရားတစ်ပိုင်းအဆင့်ကို ရောက်ရှိခဲ့တာ ဖြစ်တယ်... ဒါကြောင့်သာ ဒီနေရာကို စောင့်ရှောက်နိုင်ခဲ့တာပေါ့..." ဟု ဆိုချေသည်။
"အဖေ... ဒီနေရာမှာ တစ်ယောက်တည်း အထီးကျန်နေခဲ့တာလား..." ချင်ယွမ်ဖုန်းက သိသာထင်ရှားလှသော မေးခွန်းကို မေးမြန်းလိုက်သည်။
ကျိရှန့်က ပြုံးလိုက်ပြီး "ကြာလာရင်တော့ အသားကျသွားတာပါပဲ... ဒါနဲ့ မင်းကရော... ဘာဖြစ်လို့ ငါ့ဆီကို လာဖို့ စိတ်ကူးရတာလဲ..." ဟု မေးမြန်းလေသည်။
"ကျွန်တော်က အဖေ့ဆီကို ဒီအတိုင်း လာကြည့်လို့မရဘူးလား..." ချင်ယွမ်ဖုန်းက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ချေသည်။
ထိုသူသည် နာမည်အရ ၎င်း၏ဖခင်ဖြစ်သော်လည်း ချင်ယွမ်ဖုန်းမှာ ဝိညာဉ်ကူးပြောင်းလာသူတစ်ဦး ဖြစ်ပေရာ မိစုသားသံယောဇဉ်ဟူသည် အားနည်းလှပြီး ယင်းအချက်ကို အချိန်တိုအတွင်း ပြောင်းလဲ၍ မရနိုင်ချေ။
"မဟုတ်ပါဘူး... ငါက အဲဒီလိုသဘောနဲ့ ပြောတာ မဟုတ်ပါဘူး..." ကျိရှန့်က ပျာပျာသလဲ ပြန်လည်ရှင်းပြကာ "ဒီနေရာက သိပ်ပြီးအန္တရာယ်များလွန်းလို့ မင်းလာဖို့ မသင့်တော်ဘူးလို့ ပြောတာပါ..." ဟု ဆို၏။
"အပြင်လောကမှာလည်း အန္တရာယ်တွေက ရှိနေတာပါပဲ..." ချင်ယွမ်ဖုန်းက သက်ပြင်းကို မတတ်သာဘဲ ချလိုက်မိသည်။
တစ်စုံတစ်ယောက်အား ရင်ဖွင့်လို၍လော သို့မဟုတ် စိတ်ထဲတွင် ကြာမြင့်စွာ အောင့်အည်းထားခဲ့ရ၍လော မသိရသော်လည်း ချင်ယွမ်ဖုန်းသည် ယခင်က ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာအားလုံးကို ကျိရှန့်အား ပြောပြလိုက်ရာ ကျိရှန့်မှာ ရင်လှုပ်ရှားရသလို ဒေါသလည်း ဖြစ်ရချေသည်။
သို့သော်ငြားလည်း ထိုအရာများမှာ အတိတ်ကအကြောင်းအရာများ ဖြစ်ပေရာ ချင်ယွမ်ဖုန်းက အသေးစိတ်အချက်အလက် အတော်များများကို ချန်လှပ်ထားခဲ့ပြီး ဘေးလူတစ်ဦးကဲ့သို့ပင် မိမိ ကြုံတွေ့ခဲ့ရသည်များကို ဖြည်းညင်းစွာ ပြောပြခဲ့သည်။
"မြူနှင်းဂိုဏ်းက ငါ့သားကို ဒီလောက်အထိ နှိပ်စက်ရဲတယ်လား... ဒါဟာ တကယ်ကို လွန်လွန်းလှတယ်... ငါ အခုချက်ချင်း အပြင်ကိုထွက်ပြီး မင်းအတွက် ကလဲ့စားချေပေးမယ်..." ကျိရှန့်က ဒေါသတကြီး အော်ဟစ်လိုက်ချေသည်။
ချင်ယွမ်ဖုန်းက ခေါင်းယမ်းလိုက်ပြီး "မလိုပါဘူး... ကျွန်တော့်ကိစ္စကို ကျွန်တော်ကိုယ်တိုင်ပဲ ဖြေရှင်းပါ့မယ်... ဒါ့အပြင် မြူနှင်းဂိုဏ်းမှာလည်း နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်တွေ မရှိတာ မဟုတ်ဘူး..." ဟု ပြန်ပြောလိုက်သည်။
ချင်ယွမ်ဖုန်း၏ စကားကို ကြားရသောအခါ ကျိရှန့်က အေးစက်စက် ပြုံးလိုက်ပြီး "အဲဒီ မဟာအကြီးအကဲ အနည်းငယ်ကို သတ်ပစ်ဖို့ကတော့ ငါ့အတွက် ပြဿနာမရှိပါဘူး..." ဟု ဆိုသည်။
ချင်ယွမ်ဖုန်းမှာ ဆိတ်ဆိတ်သာ နေလိုက်ချေသည်။ ယင်းက ကျိရှန့်ကို ဤကိစ္စတွင် ပါဝင်ပတ်သက်စေလိုခြင်း မရှိသော်လည်း အမှန်တကယ် လိုအပ်လာပါက မိမိဖခင်ထံမှ အကာအကွယ် တောင်းခံခြင်းမှာ ပြဿနာ မရှိနိုင်ပေ။
ကျိရှန့်က ၎င်း၏သားဖြစ်သူ စကားကို ငြိမ်သက်စွာ နားထောင်နေရင်း သားဖြစ်သူတွင် ချစ်သူရှိနေပြီး မြေးမလေးတစ်ဦးပင် ရနေပြီဖြစ်ကြောင်း ကြားလိုက်ရသောအခါ ရင်ထဲ၌ မချိန်းမဆန့် လှုပ်ရှားသွားရချေသည်။
မိမိသား၏ အောင်မြင်မှုနှင့် မြေးမလေးတစ်ဦး ရရှိနေပြီ ဖြစ်သည့်အတွက် ကျိရှန့်မှာ ရုတ်တရက်ဆိုသလို မိမိကိုယ်မိမိ အိုမင်းသွားပြီဟု ခံစားလိုက်ရသည်။
ထိုသို့ ဖခင်နှင့် သားဖြစ်သူတို့ ရင်းနှီးပွင့်လင်းစွာ စကားဆိုနေကြစဉ်မှာပင် မလှမ်းမကမ်းရှိ အမှောင်ထုကြီးသည် တစ်စုံတစ်ခုသော မိစ္ဆာသားရဲကြီးက အမှောင်ထုကို ဖောက်ထွက်ရန် ကြိုးစားနေသည့်အလား ရုတ်တရက် ပြင်းထန်စွာ လှုပ်ခတ်လာချေသည်။
"ဒါက ဘာလဲ..." ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
ကျိရှန့်က ပြုံးလိုက်ပြီး "အဲဒါတွေက အနှောင့်အယှက်ပေးတတ်တဲ့ မိစ္ဆာကောင်လေးတွေပါပဲ... မစိုးရိမ်ပါနဲ့... မင်းက ဒီမှာပဲ ရပ်ကြည့်နေလိုက်... ငါသွားပြီး သူတို့ကို သင်ခန်းစာ ပေးလိုက်ဦးမယ်..." ဟု ဆိုလေသည်။
ချင်ယွမ်ဖုန်းက ခေါင်းယမ်းလိုက်ပြီး ဖခင်ဖြစ်သူ၏ နောက်ကွယ်မှ ဖြည်းညင်းစွာ လိုက်ပါသွားချေသည်။
မကြာမီ အချိန်အတွင်းမှာပင် အမှောင်ထုထဲမှ မရေမတွက်နိုင်သော အရိပ်အာဝါသများစွာသည် စစ်တပ်ကြီးတစ်ခုအသွင် အုန်းအုန်းကျွက်ကျွက် တိုးဝှေ့ထွက်ပေါ်လာချေသည်။
"တစ်ပါးကျွန်းသား မိစ္ဆာတွေပဲ..."
ချင်ယွမ်ဖုန်းက မျက်လုံးများကို မှေးစိုက်ကြည့်လိုက်သည်။ ထို တစ်ပါးကျွန်းသား မိစ္ဆာများ၏ အရေအတွက်မှာ သောင်းချီ၍ ရှိနိုင်ပြီး တစ်ကောင်ချင်းစီ၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော အရှိန်အဝါများမှာ လူသား မဟာဆရာနယ်ပယ် ပညာရှင်တစ်ဦးနှင့် ညီမျှနေချေသည်။
ထိုအထဲတွင် အားကောင်းသောကောင်များနှင့် အားနည်းသောကောင်များ ရှိကြပြီး အားနည်းသော မိစ္ဆာကောင်များမှာမူ သိုင်းပညာရှင်အဆင့်ခန့်သာ ရှိပေလိမ့်မည်။
ထိုသို့ ဖြစ်သော်ငြားလည်း သောင်းနှင့်ချီသော တစ်ပါးကျွန်းသား မိစ္ဆာများ ရုတ်ချည်း ပေါ်ထွက်လာခြင်းက ချင်ယွမ်ဖုန်းကို အတော်ပင် တုန်လှုပ်သွားစေသည်။
သာမန်လူသားအရွယ်အစားရှိသော တစ်ပါးကျွန်းသား မိစ္ဆာများအပြင် ယင်းမိစ္ဆာစစ်တပ်ကြီး၏ နောက်ကွယ်တွင်မူ အရပ်အမောင်း ငါးမီတာခန့်အထိ မြင့်မားပြီး ထွားကျိုင်းလှသော ဧရာမ တစ်ပါးကျွန်းသား မိစ္ဆာကြီးတစ်ကောင် ရှိနေချေသည်။
ထိုမိစ္ဆာကြီးထံမှ ဖြာထွက်နေသော အရှိန်အဝါမှာ အလွန်တရာ အားကောင်းလှပေရာ ချင်ယွမ်ဖုန်းပင်လျှင် မိမိကိုယ်မိမိ သေးငယ်သိမ်ဖျင်းလှသည်ဟု ခံစားလိုက်ရသည်။
"ဟိုကောင်က... ဘယ်သူလဲ..." ချင်ယွမ်ဖုန်းက တစ်ကိုယ်တည်း ရေရွတ်ရင်း မေးမြန်းလိုက်သည်။
"ဟားဟား... အဲဒါက ငါ့ရဲ့ မိတ်ဆွေဟောင်းကြီးပါပဲ... သူကတော့ ကျော်ကြားလှတဲ့ နတ်ဆိုးဘုရင် ဆိုတဲ့ ဘွဲ့အမည် ရှိပြီး မိစ္ဆာမျိုးနွယ်စုရဲ့ မင်းသားတစ်ပါး ဖြစ်တယ်..." ကျိရှန့်က ပေါ့ပေါ့ပါးပါးပင် ပြောကြားလိုက်သည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး "သူ့ကို ကျွန်တော်လည်း သိတာပေါ့... ဟိုတုန်းက နတ်ဘုရားသောင်းချီနယ်မြေမှာ သူဟာ ဝိညာဉ်အစအနတစ်ခုနဲ့ ထွက်ပြေးခဲ့တာ... ဒါပေမဲ့ ကျွန်တော် အဲဒါကို ဖျက်ဆီးပစ်ခဲ့တယ်..." ဟု ဆို၏။
"ကောင်းတယ်... တကယ့်ကို ငါ့ရဲ့မျိုးရိုးပဲ..." ကျိရှန့်က ချင်ယွမ်ဖုန်း၏ ပုခုံးကို ပုတ်ကာ အားရပါးရ ရယ်မောလိုက်ချေသည်။
"ကျိရှန့်... ငါ ထပ်ပြီး ရောက်လာပြန်ပြီ..." နတ်ဆိုးဘုရင်၏ နက်ရှိုင်းလှသော အသံကြီး ထွက်ပေါ်လာသည်။
"ငါပြောမယ်... မင်းတို့တွေ မငြီးငွေ့ကြသေးဘူးလား... တိုက်ခိုက်ရင်လည်း ငါ့ကို မနိုင်ဘဲနဲ့ အကြောင်းမဲ့ သက်သက် လာနေကြတုန်းပဲ... မင်းတို့ မိစ္ဆာတွေ အကောင်ရေ များလွန်းလို့ အသေခံဖို့ လာနေကြတာလား..." ကျိရှန့်က မည်သို့မျှ အားနာခြင်းမရှိဘဲ လှောင်ပြောင် သရော်လိုက်ချေသည်။
၎င်းသည် ဤဟင်းလင်းပြင်ဥမင်လိုဏ်ခေါင်းကို စောင့်ရှောက်ခဲ့သည်မှာ နှစ်ပေါင်း နှစ်ဆယ့်ငါးနှစ်တိုင်တိုင် ရှိခဲ့ပြီ ဖြစ်ရာ ယင်းက ချင်ယွမ်ဖုန်း၏ အသက်နှင့် အတူတူပင် ဖြစ်ချေသည်။
လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ့်ငါးနှစ်ပတ်လုံး ၎င်းသည် မိမိရှေ့မှ နတ်ဆိုးဘုရင်နှင့်သာ ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
လအနည်းငယ်ကြာတိုင်း နတ်ဆိုးဘုရင်သည် ကျိရှန့်ကို သတ်ဖြတ်ရန်နှင့် ဟင်းလင်းပြင်ဥမင်အတွင်းသို့ ဝင်ရောက်ရန်အတွက် မိစ္ဆာစစ်တပ်ကို ဦးဆောင်ကာ ထွက်ပေါ်လာတတ်သည်။
သို့သော်လည်း ယင်းတို့မှာ အကြိမ်တိုင်းတွင် အမြဲတစေ ရှုံးနိမ့်ခဲ့ရသည်သာ ဖြစ်၏။
"ကျိရှန့်... ငါ မင်းကို အသေသတ်ပြီး မင်းရဲ့ဦးခေါင်းနဲ့ ငါတို့ မိစ္ဆာမျိုးနွယ်စုရဲ့ စစ်သည်တော်တွေကို ပူဇော်ပသရစေမယ်..."
နတ်ဆိုးဘုရင်က အားနည်းချက်ကို အထိခံလိုက်ရသည့်အလား ရက်စက်ကြမ်းကြုတ်စွာ ပြောဆိုလိုက်သည်။
"ဒါ့အပြင်... မင်းရဲ့ဘေးမှာ ရင်းနှီးနေတဲ့ အရှိန်အဝါတစ်ခု ရှိနေပါလား..." နတ်ဆိုးဘုရင်က ရုတ်တရက် ဆိုလိုက်ချေသည်။
ချင်ယွမ်ဖုန်းက ရှေ့သို့ ဖြည်းညင်းစွာ လှမ်းထွက်လိုက်ပြီး "မင်း ငါ့ကို မှတ်မိသေးရဲ့လား..." ဟု မေးလိုက်သည်။
နတ်ဆိုးဘုရင်၏ မျက်သူငယ်အိမ်မှာ ရုတ်ချည်း ကျုံ့ဝင်သွားကာ "မင်းပဲလား... မင်းက ငါတို့ရဲ့ မဟာစီမံကိန်းကြီးကို ဖျက်ဆီးပစ်ခဲ့တဲ့ကောင်ပဲ... ဒီနေ့တော့ မင်းကို ငါ အသက်ရှင်လျက် မထားဘူး..." ဟု ဟိန်းဟောက်လိုက်လေသည်။
"ငါ့သားကို သတ်ချင်တယ်ဟုတ်လား... အဲဒါဆိုရင် ငါ့ကို အရင်ကျော်ဖြတ်ရလိမ့်မယ်..." ကျိရှန့်က ရှေ့သို့ ဖြည်းညင်းစွာ လှမ်းလှည့်လိုက်ရာ ၎င်း၏ ခြေလှမ်းတိုင်းတွင် အရှိန်အဝါများမှာ ပိုမို အားကောင်းမောင်းသန် လာချေသည်။
ကိုးလှမ်းမြောက် လှမ်းပြီးသောအခါ ကျိရှန့်၏ အရှိန်အဝါမှာ ထိပ်ဆုံးသို့ ရောက်ရှိသွားပြီး လက်ထဲတွင် ဓားရှည်တစ်လက် ပေါ်ထွက်လာသည်။
ယင်းက အလွန်တရာ ထက်မြက်လှဟန်ရှိပြီး သာမန်မျှ ဝှေ့ယမ်းလိုက်ရုံဖြင့် ဟင်းလင်းပြင်ကိုပင် ဖြတ်တောက်နိုင်မည့်အလား ထင်မှတ်ရပေသည်။
"သူတို့ကို သတ်ပစ်ကြစမ်း..." နတ်ဆိုးဘုရင်က ၎င်း၏ ပုဆိန်ကြီးကို ရှေ့သို့ ပြင်းထန်စွာ ညွှန်ပြလိုက်သည်နှင့် မိစ္ဆာစစ်တပ်ကြီးမှာ အုန်းအုန်းကျွက်ကျွက် ပြေးဝင် တိုက်ခိုက်လေတော့သည်။
၎င်းတို့၏ ကျင့်စဉ်အဆင့်မှာ ကျိရှန့်ထက် များစွာ နိမ့်ကျလှသော်လည်း စိုးရွံ့ထိတ်လန့်ခြင်း လုံးဝမရှိကြချေ။
ကျိရှန့်ကလည်း တိုက်ပွဲအတွင်းသို့ စတင် ပြေးဝင်သွားရာ ရုတ်ချည်းပင် ထို တစ်ပါးကျွန်းသား မိစ္ဆာစစ်တပ်ကြီး၏ ရေလှိုင်းလုံးကြီးအောက်တွင် နစ်မြုပ်သွားချေသည်။
၎င်း၏ ဓားရှည်ကြီးမှာ ထင်ရှားလှသော သင်္ကေတတစ်ခုကဲ့သို့ ဖြစ်နေပြီး ကွက်တိ ခုတ်ချက်တစ်ခုတည်းဖြင့်ပင် တစ်ပါးကျွန်းသား မိစ္ဆာ တစ်ဒါဇင်ကျော်အား ကိုယ်ထည်နှစ်ပိုင်း ပြတ်သွားစေသည်။
အခြားသော မိစ္ဆာကောင်များကမူ အစွယ်တပြူးပြူး၊ လက်နက်တဝင့်ဝင့်ဖြင့် ချင်ယွမ်ဖုန်းထံသို့ ပြေးဝင်လာကြချေသည်။
ချင်ယွမ်ဖုန်းသည်လည်း ကျိရှန့်၏ စိတ်ဓာတ်များ ကူးစက်လာပြီး ထိုအရာမှာ ၎င်းတို့ သားအဖ၏ ကံကြမ္မာပင် ဖြစ်ပုံရသည်။
"လာကြစမ်း..."
ချင်ယွမ်ဖုန်း၏ နှုတ်ခမ်းထက်တွင် စိတ်လှုပ်ရှားဖွယ် အပြုံးတစ်ခု ထင်ဟပ်လာပြီး မျက်ဝန်းအစုံ၌ နီမြန်းသော အလင်းတန်းများ ဖြာထွက်လာကာ ကိုယ်ပေါ်တွင်မူ တောက်လောင်နေသော ခရမ်းရောင်မီးလျှံများ ဝန်းရံသွားချေသည်။
နဂါးကျောရိုးဓားမကြီး ထံမှလည်း အေစက်လှသော အလင်းရောင်များ လက်ခနဲ ထွက်ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ချင်ယွမ်ဖုန်းက ၎င်း၏ ဓားမကြီးကို ဝိုင်းပတ် ဝှေ့ယမ်းလိုက်ရာ ဘေးပတ်ပတ်လည်ရှိ မိစ္ဆာများ၏ ခန္ဓာကိုယ်များမှာ တို့ဟူးတုံးများကဲ့သို့ ကိုယ်ခန္ဓာနှစ်ပိုင်း ပြတ်ထွက်ကုန်ပြီး သွေးများ ပန်းထွက်ကုန်ချေသည်။
နတ်ဆိုးဘုရင်၏ ဘေးနားရှိ အရပ်နှစ်မီတာနီးပါး မြင့်မားသော မိစ္ဆာကောင်များအပါအဝင် ပိုမိုများပြားလှသော မိစ္ဆာကောင်များသည် ချင်ယွမ်ဖုန်းထံသို့ တစ်ဟုန်ထိုး ပြေးဝင်လာကြပြန်သည်။
ထိုအကောင်များမှာ မိစ္ဆာစစ်တပ်အတွင်းရှိ တပ်မှူးငယ်များ ဖြစ်ကြပြီး အဋ္ဌမအဆင့် မဟာဆရာနယ်ပယ် သို့မဟုတ် ယင်းထက်မြင့်မားသော အဆင့်ရှိကာ အချို့မှာ ဘိုးဘေးနယ်ပယ် အဆင့်သို့ပင် ရောက်ရှိနေကြချေသည်။
ချင်ယွမ်ဖုန်းက ၎င်း၏ ဓားမကြီးကို လျင်မြန်စွာ လွှဲယမ်း ခုတ်ပိုင်းလိုက်ရာ မကြာမီပင် ပတ်ဝန်းကျင်တစ်ခုလုံး၌ တစ်ပါးကျွန်းသား မိစ္ဆာများ၏ အလောင်းကောင်များမှာ တောင်ပုံရာပုံ ဖြစ်သွားရချေသည်။
ထို ဧရာမမိစ္ဆာကြီးများ ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ ပြေးဝင်လာချိန်တွင် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်မှာ ရုတ်ချည်း သုံးမီတာအထိ ကြီးမားထွားကျိုင်းသွားပြီး တစ်ကိုယ်လုံးတွင် မီးလျှံများ ဖုံးလွှမ်းသွားရာ ထိုမိစ္ဆာစစ်တပ်ကြီးအတွင်း၌ မီးလျှံလူသားတစ်ဦးကဲ့သို့ လွန်စွာ ထင်ရှားပေါ်လွင်နေချေသည်။
ဖခင်နှင့် သားဖြစ်သူတို့သည် လူသိနည်းလှသော ဤနေရာ၌ လူအနည်းငယ်သာ သတိရနိုင်မည့် ကမ္ဘာလောကကြီးအတွက် အတူတကွ တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပေသည်။
ဟိုဘက်တွင်မူ နတ်ဆိုးဘုရင်သည်လည်း တိုက်ပွဲအတွင်းသို့ ပါဝင်လာပြီး ကျိရှန့်ထံသို့ ပြေးဝင်ကာ ရင်ဆိုင်တိုက်ခိုက်လေတော့သည်။ ၎င်းတို့ တိုက်ပွဲ၏ အရှိန်အဝါ သက်ရောက်မှုမှာ ဘေးပတ်ဝန်းကျင်ရှိ မိစ္ဆာကောင်များကိုပင် ကြေမွပျက်စီးသွားစေရန် လုံလောက်လှချေသည်။