← Chapters

အခန်း ၇၅၁

Vol. 37 Ch. 751

အခန်း ၇၅၁

Vol. 37 Ch. 751

အခန်း (၇၅၁) ရှေးဟောင်းအမွေအနှစ်များ

အကူးအပြောင်း ကြားခံဟင်းလင်းပြင်သည် စခန်းတစ်ခုမျှသာ ဖြစ်သော်လည်း အပေါ်ယံ မြင်တွေ့ရသကဲ့သို့ အေးချမ်းတည်ငြိမ်လှသည်တော့ မဟုတ်ချေ။

ချင်ယွမ်ဖုန်းသည် ယင်းနေရာ၌ ဖခင်ဖြစ်သူ ကျိရှန့်နှင့်အတူ နေထိုင်ခဲ့ပြီး ကျိရှန့်က သူ့အား ကျင့်ကြံခြင်းဆိုင်ရာများကို လမ်းညွှန်ပြသပေးခဲ့ပေသည်။

ထို့ပြင် သူသည် ထိုအကူးအပြောင်း ဟင်းလင်းပြင်အကြောင်းကိုလည်း အများအပြား သိရှိနားလည်ခဲ့ရလေသည်။

ဥပမာအားဖြင့် ဆိုရသော် အကူးအပြောင်း ဟင်းလင်းပြင်သည် အတိုင်းအဆမရှိ ကျယ်ပြောလှပေရာ ရှန်းဝူ စကြဝဠာ တိုက်ကြီးသို့ ဦးတည်သည့် တစ်ခုတည်းသော ဟင်းလင်းပြင်လမ်းကြောင်း မဟုတ်ချေ။

နတ်ဘုရားက လောကဓာတ်သုံးထောင်ရှိသည်ဟု မိန့်ကြားတော်မူခဲ့ပေရာ ဤနေရာ၌ အနည်းဆုံး ဟင်းလင်းပြင်လမ်းကြောင်း သုံးထောင်ခန့် ရှိနေရမည် ဖြစ်သော်လည်း အများစုမှာ ပိတ်ဆို့တံဆိပ်ခတ်ခြင်း ခံထားရပြီး ဖြစ်တန်ရာသည်။

အလွန်အမင်း ဝေးကွာလှသော အရပ်ဒေသများတွင်လည်း မိစ္ဆာများ၏ တိုက်ခိုက်မှုကို တွန်းလှန်နေကြသည့် ကျိရှန့်ကဲ့သို့သော အစောင့်အရှောက်များ ရှိနေနိုင်သော်လည်း အလွန်ဝေးကွာလှသဖြင့် ယင်းတို့အကြောင်းကို သူတို့ လုံးဝမသိရှိကြချေ။

သုံးလတာ ကာလကုန်လွန်ပြီးနောက်တွင်မူ ကျိရှန့်၏ လမ်းညွှန်ပြသမှုအောက်၌ ချင်ယွမ်ဖုန်း၏ ကျင့်စဉ်အဆင့်မှာ လျင်မြန်စွာ တိုးတက်လာခဲ့ပေသည်။

တစ်ချိန်တည်းမှာပင် ကျိရှန့်၏ သွန်သင်မှုကြောင့် သူသည် နတ်ဘုရားအဆင့် သိုင်းပညာရပ်တစ်ခုကိုလည်း တတ်မြောက်ခဲ့ရလေသည်။

ချင်ယွမ်ဖုန်းသည် ကျင့်ကြံခြင်းနှင့် ပတ်သက်၍ မိမိ၌ရှိသော သံသယမေးခွန်းများစွာကို ကျိရှန့်ထံမှ အဖြေရရှိခဲ့သော်လည်း သူ၏ ကျင့်စဉ်အဆင့်မှာမူ ဆက်လက်၍ တိုးတက်အဆင့်တက်မလာခဲ့သေးချေ။

မိစ္ဆာစစ်တပ်က တစ်ဖန် ပြန်လည်တိုက်ခိုက်လာပြန်သည်။ မိစ္ဆာစစ်တပ် တိုက်ခိုက်ရခြင်း၏ ရည်ရွယ်ချက်ကို သိရှိသွားပြီးနောက်တွင်မူ ချင်ယွမ်ဖုန်းသည် စိတ်အားထက်သန်ခြင်း မရှိတော့ဘဲ မိမိစိတ်နှလုံးအတွင်းရှိ ဒေါသမာန်နှင့် ရက်စက်လိုစိတ်များကိုသာ ဖိနှိပ်ရန် ကြိုးပမ်းနေခဲ့ပေသည်။

ဇာတ်သိမ်းကမူ အတူတူပင် ဖြစ်ပြီး မိစ္ဆာများသည် နှစ်ပေါင်းတစ်ရာကျော်တိုင်အောင် ဤသံသရာအတွင်း လည်ပတ်နေခဲ့ကြရာ ယခုတိုက်ပွဲမှာ အလုပ်သဘော လုပ်ဆောင်ခြင်းမျှသာ ဖြစ်ချေသည်။

ချင်ယွမ်ဖုန်းအနေဖြင့် ယင်းကို အလွန်အမင်း ပျင်းရိဖွယ်ကောင်းလှသည်ဟု ခံစားရပြီး ဤကဲ့သို့သော ကျင့်ကြံမှုမျိုးက သူ၏ ကျင့်စဉ်အဆင့်ကို သိသာထင်ရှားစွာ တိုးတက်စေမည်မဟုတ်ပေ။

" ဒီနေရာက ဘဝကို တကယ် သဘောမကျဘူးဆိုတာ အဖေ သိပါတယ်"

တွေးတောငေးမောနေသော ချင်ယွမ်ဖုန်းအား ကြည့်ကာ ကျိရှန့်က ပြုံး၍ ဆိုလိုက်သည်။

"အိမ်ပြန်ပါတော့၊ အကယ်၍ တစ်ခုခုဖြစ်လာရင် ဒီကို ပြန်လာခဲ့၊ အဖေ ဘာပဲလုပ်ရလုပ်ရ မင်းအတွက် ကလဲ့စားချေပေးမယ်"

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး "ကျွန်တော်လည်း အဲဒီလိုပဲ တွေးထားတာ၊ ဒါပေမဲ့ ကျွန်တော် ဟိုဘက်ကို သွားချင်တယ်" ဟု ပြောလိုက်သည်။

ထိုသို့ပြောဆိုရင်း သူက လက်ကိုမြှောက်ကာ မိစ္ဆာများရှိရာ ဘက်သို့ ညွှန်ပြလိုက်ပေသည်။

ကျိရှန့်၏ မျက်လုံးများ ပြူးကျယ်သွားကာ "မင်း ရူးနေတာလား၊ အဲဒါ ရှန်းဝူ စကြဝဠာ တိုက်ကြီး မဟုတ်ဘူး၊ အဲဒီက မိစ္ဆာတွေက သားရဲတွေလို တိုက်ခိုက်ရတာကို ခေါင်းပုံဖြတ် နှစ်သက်ကြတာ၊ မင်း အဲဒီကိုသွားရင် ကိုယ့်ဖတ်ကိုယ် သေတွင်းတူးတာ မဟုတ်ဘူးလား" ဟု အံ့အားသင့်စွာ ပြောလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းခါလိုက်ပြီး "ကျွန်တော် ရှန်းဝူ စကြဝဠာ တိုက်ကြီးကို အမြန်ဆုံးပြန်ပြီး ကျင့်စဉ်အဆင့်ကို မြှင့်တင်ချင်တယ်၊ ပြီးတော့ ကျွန်တော် တွေ့ချင်တဲ့လူတွေကိုလည်း တွေ့ချင်တယ်၊ ဒါပေမဲ့ ဒီမှာ ကျင့်ကြံရတာက အရမ်းနှေးလွန်းတယ်၊ သေချာစဉ်းစားကြည့်ပြီးတဲ့နောက် အဲဒီနေရာက ကျွန်တော့်အတွက် ပိုပြီး သင့်တော်မယ်လို့ ထင်တယ်" ဟု ဆိုလေသည်။

"ဟိုးတုန်းက ဘိုးဘေးတစ်ယောက် မိစ္ဆာနယ်မြေထဲကို ဝင်သွားခဲ့ဖူးတယ်၊ အဲဒီနောက်ပိုင်း ဘာသတင်းမှ မကြားရတော့ဘဲ အသက်ရှင်လား သေလားတောင် မသိရတော့ဘူး၊ မင်းကို အဖေ လုံးဝ အသွားမခံနိုင်ဘူး"

ကျိရှန့်က ဒေါသတကြီး ပြောလိုက်သည်။

သူ့အနေဖြင့် သားဖြစ်သူနှင့် အတူရှိရသည့် သားအဖသံယောဇဉ်ကို ခံစားရသည်မှာ မကြာသေးပေရာ မိမိသား သေတွင်းထဲသို့ သက်ဆင်းသွားမည်ကို မည်သို့လျှင် ကြည့်ရက်ပါအံ့နည်း။

"အဖေ သဘောတူမှာပါ"

ချင်ယွမ်ဖုန်းက မည်သို့မျှ စိုးရိမ်ပူပန်ခြင်းမရှိဟန်ဖြင့် ပြုံးလျက် "အဲဒီက အန္တရာယ်တွေနဲ့ ရင်ဆိုင်ရတဲ့ ခံစားချက်က ကျွန်တော့်ကို ပိုပြီး သန်မာလာစေမှာပါ" ဟု ဆိုလိုက်သည်။

ကျိရှန့်က သက်ပြင်းချလိုက်မိသည်။ ကျိမိသားစု၏ သဘာဝမှာ ဤကဲ့သို့ပင် ခေါင်းမာလှပေရာ တစ်ကြိမ်တစ်ခါ ဆုံးဖြတ်ချက်ချပြီးပါက မည်သူမျှ ပြောင်းလဲ၍ မရနိုင်ချေ။

"မင်း တကယ်ပဲ သွားချင်တာ သေချာလို့လား၊ အကယ်၍ တစ်ခုခု..."

ချင်ယွမ်ဖုန်းက ခေါင်းခါပြလိုက်သည်။ သူ၌ ကြီးမားသော အားသာချက်တစ်ခု ရှိနေပေရာ ယင်းမှာ စနစ်ပင် ဖြစ်ချေသည်။ စနစ်ရှိနေသရွေ့ ချင်ယွမ်ဖုန်း၏ အသက်ရှင်သန်နိုင်ခြေမှာ သိသိသာသာ မြင့်မားနေမည် ဖြစ်သည်။

ထို့ပြင် ချင်ယွမ်ဖုန်းသည် ယုံကြည်မှုတန်ဖိုးများကို လိုအပ်နေပေသည်။ သူ၏ထံသို့ ယုံကြည်မှုတန်ဖိုးများ အဆက်မပြတ် စီးဝင်နေဆဲ ဖြစ်သော်လည်း တစ်ပါးကျွန်းသား မိစ္ဆာများထံမှလည်း ယုံကြည်မှုတန်ဖိုး အချို့ကို ရယူလိုစိတ် ရှိနေသေးသည်။

မောက်ရူယွန်း၏ သေခြင်းတရားစွမ်းအားကို ရှောင်ရှားရန်အတွက် ချင်ယွမ်ဖုန်းသည် တစ်ကြိမ်လျှင် ယုံကြည်မှုတန်ဖိုး တစ်သန်းခန့် အသုံးပြုရပေသည်။ ယခုအချိန်တွင် ချင်ယွမ်ဖုန်း၌ စုစုပေါင်း ယုံကြည်မှုတန်ဖိုး တစ်သန်းကျော်မျှသာ ရှိတော့သည်။

သူ အသက်ရှင်နေသေးသည့်အပြင် ဤကာလအတွင်း မြူနှင်းဂိုဏ်းကို သွားရောက်ရန်စခဲ့သည့် သတင်းများ ပျံ့နှံ့သွားပုံရသဖြင့် နေ့စဉ်နှင့်အမျှ ယုံကြည်မှုတန်ဖိုးများကို ရရှိနေခြင်း ဖြစ်တန်ရာသည်။

ထိုသို့ရရှိနေသည့်တိုင်အောင် သူ၌ ယုံကြည်မှုတန်ဖိုး သုံးသန်းကျော်မျှသာ ရှိသေးရာ ယခင် ချင်ယွမ်ဖုန်း ချမ်းသာကြွယ်ဝစဉ် အချိန်များနှင့် နှိုင်းယှဉ်ပါက လွန်စွာ နည်းပါးလှပေသည်။

"ကျွန်တော် ပြန်လာခဲ့ပါ့မယ်"

ချင်ယွမ်ဖုန်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

အမှုကိစ္စတစ်ခုကို အောင်မြင်အောင် ဆောင်ရွက်ရန်အတွက် ပမထဦးဆုံး လိုအပ်သည်မှာ ယုံကြည်ချက်ပင် ဖြစ်ပေသည်။

"ဒါဆို မင်း အဲဒီထဲကို ဘယ်လိုဝင်မှာလဲ၊ မင်းက လူသားတစ်ယောက်ပဲလေ၊ မိစ္ဆာတွေကြားထဲမှာဆိုရင် အရမ်းသိသာလွန်းနေလိမ့်မယ်၊ ဒါ့အပြင် မိစ္ဆာနယ်မြေထဲမှာ ဝိညာဉ်စွမ်းအင် မရှိဘူး၊ မိစ္ဆာအရှိန်အဝါတွေပဲ ရှိတာ၊ မင်း အဲဒီမှာ ဘယ်လို အသက်ရှင်မှာလဲ"

ကျိရှန့်က အခြားတစ်ဖက်မှနေ၍ ချင်ယွမ်ဖုန်းအား ဖျောင်းဖျရန် ကြိုးပမ်းလိုက်သည်။

ထိုစဉ် မျှော်လင့်မထားဘဲ ချင်ယွမ်ဖုန်းက သူ၏လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ရာ လက်ဖဝါးထက်၌ စစ်မှန်သော မိစ္ဆာအရှိန်အဝါလုံးတစ်ခု စုစည်းလာပြီး မဟူရာတိမ်တိုက်တစ်ခုကဲ့သို့ ဖြစ်ပေါ်လာသဖြင့် ကျိရှန့်မှာ ဆွံ့အမှင်သက်သွားရရှာသည်။

"မင်း... မင်းဆီမှာ မိစ္ဆာအရှိန်အဝါတွေ ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ"

ကျိရှန့်၏ မျက်လုံးများမှာ ပြူးကျယ်သွားရတော့သည်။

"ကျွန်တော့်ရဲ့ ကျင့်စဉ်ပညာရပ်ကြောင့် မိစ္ဆာအရှိန်အဝါတွေနဲ့ ပေါင်းစပ်နိုင်တာပါ၊ ပြီးတော့ အဲဒီမိစ္ဆာအရှိန်အဝါတွေကို အခုလို စုပ်ယူပြီး အသုံးပြုလို့ရတယ်၊ ဒါကြောင့် ဒီပြဿနာက ကျွန်တော့်အတွက် မရှိပါဘူး"

ချင်ယွန်းဖုန်းက ပြုံးလျက် ဆိုလိုက်သည်။

ကျိရှန့်မှာ ပြောစရာ စကားပင် ဆွံ့အသွားရလေသည်။ မိမိသားသည် မည်သို့သော ထူးဆန်းသည့် အရာများကို တတ်မြောက်ထားပါသနည်း။

မိစ္ဆာအရှိန်အဝါကို စုပ်ယူနိုင်သူများမှာ ပုံမှန်အားဖြင့် မိစ္ဆာကျင့်ကြံသူများသာ မဟုတ်လော။

မဟုတ်သေးချေ၊ သူက မိစ္ဆာကျင့်ကြံသူ ဖြစ်နေပါစေဦးတော့၊ သူက ငါ့ရဲ့ သားပဲ ဖြစ်ရမည်။ သူ့ကို ရန်ပြုချင်တဲ့သူမှန်သမျှ ငါ့ကို အရင်ကျော်ဖြတ်ရလိမ့်မည်။ ကျိရှန့်၏ စိတ်ကူးထဲ၌ အတွေးပေါင်းစုံ လျင်မြန်စွာ လည်ပတ်နေခဲ့ပေသည်။

"ဒါပေမဲ့ မင်းက လူသားတစ်ယောက် ဖြစ်တယ်ဆိုတဲ့ အချက်ကိုတော့ ပြောင်းလဲလို့မရဘူးလေ"

ချင်ယွမ်ဖုန်းက ကျိရှန့်အား စူးစိုက်ကြည့်ကာ "အဖေ့မှာ ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းရှိမှာ သေချာပါတယ်၊ ကျိမိသားစုရဲ့ ဘိုးဘေးက မိစ္ဆာနယ်မြေထဲကို ဝင်သွားနိုင်ခဲ့တာဆိုတော့ သူ့မှာ ထူးခြားတဲ့ လျှို့ဝှက်နည်းလမ်းတစ်ခုခု ရှိရမယ်" ဟု ပြောလိုက်သည်။

ချင်ယွမ်ဖုန်း၏ စူးစိုက်လှသော အကြည့်ကြောင့် ကျိရှန့်မှာ အနည်းငယ် နေရခက်သွားကြပေသည်။

"နည်းလမ်းတော့ ရှိပါတယ်... ဒါပေမဲ့... အဲဒါက အန္တရာယ် သိပ်များလွန်းတယ်..."

ကျိရှန့်က ဝေခွဲမရဟန်ဖြင့် တုံ့ဆိုင်းစွာ ပြောလိုက်သည်။

ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး "ယောက်ျားကောင်းတစ်ယောက်ဟာ ကောင်းကင်နဲ့ မြေကမ္ဘာကြားမှာ မွေးဖွားလာတာပဲ၊ အကယ်၍ သာမန်ဘဝလေးနဲ့တင် မရောင့်ရဲနိုင်ဘူးဆိုရင်တော့ တစ်ချက်လောက် စွန့်စားပြီး လောင်းကြေးထပ်ကြည့်ရမှာပေါ့" ဟု ဆိုလေသည်။

ချင်ယွမ်ဖုန်း၏ စကားများကြောင့် စိတ်လှုပ်ရှားသွားဟန်ဖြင့် ကျိရှန့်က ခေါင်းညိတ်လိုက်ရုံမှတစ်ပါး အခြားမရှိတော့ဘဲ "ကောင်းပြီလေ၊ မင်းကို မိစ္ဆာနယ်မြေထဲ ဝင်ခွင့်ပြုပါ့မယ်၊ ဒါပေမဲ့ အထဲရောက်ရင် အရာရာကို သတိထားပြီး အသက်ရှင်လျက် ပြန်လာရမယ်နော်" ဟု မှာကြားလိုက်ရတော့သည်။

"ကျွန်တော့်အသက်က အမြဲတမ်း ကံကောင်းတတ်ပါတယ်"

ချင်ယွမ်ဖုန်းက မိမိ၏ ရင်ဘတ်ကို ပုတ်ကာ သေဘေးမှ အကြိမ်ကြိမ် လွတ်မြောက်ခဲ့ဖူးခြင်းအပေါ် ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ပြောဆိုလိုက်သည်။

ကျိရှန့်က ခေါင်းညိတ်ပြီးနောက် ချင်ယွမ်ဖုန်းအား ကျိမိသားစု ဘိုးဘေးများ၏ ဂူဗိမာန်ကျောက်စာတိုင်များရှိရာသို့ ခေါ်ဆောင်သွားခဲ့ပေသည်။

သူသည် ပထမဦးစွာ အမွှေးတိုင်သုံးတိုင်ကို ထွန်းညှိလိုက်ပြီးနောက် မြေပြင်ပေါ်၌ ဒူးထောက်ကာ သုံးကြိမ်တိုင်တိုင် ဦးချကန်တော့လေသည်။

ချင်ယွမ်ဖုန်းက ဘေးတွင် မတ်တပ်ရပ်နေသော်လည်း ကျိရှန့်က သူ့အား ဆွဲချကာ အတူတူ ဒူးထောက်စေခဲ့သည်။

"ဘိုးဘေးတို့၊ ကျိမိသားစုရဲ့ မျိုးဆက်ဖြစ်တဲ့ ကျွန်တော်က ယွမ်ဖုန်းကို စောင့်ရှောက်ပေးဖို့နဲ့ မိစ္ဆာနယ်မြေကနေ ဘေးကင်းကင်း ပြန်လာနိုင်ဖို့ ကာကွယ်စောင့်ရှောက်ပေးပါလို့ ဆုတောင်းလိုက်ပါတယ်"

ကျိရှန့်က တိုးညင်းစွာ ရေရွတ်လိုက်သည်။

ချင်ယွမ်ဖုန်းက သက်ပြင်းချလိုက်မိသော်လည်း မည်သည့်ငြင်းဆန်စကားမျှ မဆိုခဲ့ချေ။

ကျိရှန့်က စိတ်ထဲကနေ ပြုံးလိုက်မိသည်။ ချင်ယွမ်ဖုန်း ဒူးထောက်လိုက်ပြီ ဖြစ်ရာ ဘိုးဘေးများကို အသိအမှတ်ပြု လက်ခံလိုက်ပြီဟု ယူဆ၍ ရပေသည်။

"ကဲ... ထတော့"

ကျိရှန့်က ချင်ယွမ်ဖုန်းအား တွဲထူပေးလိုက်ပြီးနောက် နောက်ဘက်နားရှိ ကျောက်စာတိုင်တစ်ခု၏ အနီးသို့ လျှောက်လှမ်းခဲ့ကြရာ ယင်းကျောက်စာတိုင်ပေါ်တွင် "ဘိုးဘေး ကျိရန်၏ ဂူဗိမာန်" ဟု ရေးထိုးထားသည်ကို မြင်တွေ့ရပေသည်။

"ဒါက မိစ္ဆာနယ်မြေထဲ ဝင်သွားပြီး ဘယ်တော့မှ ပြန်မလာတော့တဲ့ ဘိုးဘေးပဲ၊ ဒီနေရာမှာ ရှိနေတာကတော့ အထိမ်းအမှတ် အလောင်းမဲ့ဂူသင်္ချိုင်းတစ်ခုပဲ ဖြစ်တယ်"

ကျိရှန့်က တည်ငြိမ်စွာ ပြောဆိုရင်း ဂူသင်္ချိုင်းကို စတင်တူးဆွလေတော့သည်။

မကြာမီ အချိန်အတွင်းမှာပင် ကျိရှန့်သည် ခေါင်းတလားတစ်ခုကို တူးဖော်မိလိုက်ပေသည်။ ယင်းကို ဖွင့်လှစ်ကြည့်လိုက်သောအခါ အတွင်း၌ ပုလင်းအသေးအချို့၊ မဟူရာရောင် ဆလင်ဒါပုံစံ အရာဝတ္ထုနှစ်ခုနှင့် မည်သည့်အရာမှန်း ခွဲခြားရခက်သော အခြားပစ္စည်းအစုံအလင်တို့သာ ရှိနေသည်ကို တွေ့ရလေသည်။

နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီ ဖြစ်သော်လည်း ဤအရာများသည် ပျက်စီးခြင်းမရှိဘဲ နဂိုအတိုင်း ရှိနေသည့်အပြင် မှိန်ဖျော့သော အလင်းတန်းများကိုပင် ထုတ်လွှတ်နေသေးသည်။

ကျန်ရှိနေသော အဝတ်အစားများမှာမူ လုံးဝနီးပါး ဆွေးမြည့်ပျက်စီးနေပြီ ဖြစ်ချေသည်။

"ဒါတွေက ဘာပစ္စည်းတွေလဲ"

ချင်ယွမ်ဖုန်းက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်ပေတော့သည်။

All Chapters