← Chapters

အခန်း ၇၅၂

Vol. 37 Ch. 752

အခန်း ၇၅၂

Vol. 37 Ch. 752

အခန်း (၇၅၂) မိစ္ဆာအသွင် ပြောင်းလဲခြင်း

"ဒီအရာအားလုံးက ငါတို့ ဘိုးဘေး ချန်ရစ်ခဲ့တဲ့ အမွေအနှစ်တွေပဲ ၊ သူ ထွက်ခွာသွားပြီး ဒီပစ္စည်းတွေ ကျန်ရစ်တော့တာ" ဟု ကျိရှန့်က သက်ပြင်းချရင်း မတတ်သာသည့်ဟန်ဖြင့် ပြောလိုက်လေသည်။

"ဒါဆိုရင် ဒီပစ္စည်းတွေက ဘာအတွက် အသုံးဝင်မှာလဲ" ချင်ယွမ်ဖုန်းက မျက်လုံးအစုံ ပြူးကျယ်သွားရင်း မေးလိုက်သည်။

ချင်ယွမ်ဖုန်း၏ စကားကို ကြားရသောအခါ ကျိရှန့်က ပြုံး၍ ခေါင်းခါယမ်းလိုက်ပြီး "မင်းက မိစ္ဆာနယ်မြေထဲကို ဝင်ချင်နေတာ မမဟုတ်ဘူးလား၊ ဒီအရာတွေက မင်းကို မိစ္ဆာနယ်မြေထဲ ဝင်ရောက်နိုင်အောင် ကူညီပေးမယ့် အရာတွေပေါ့" ဟု ဆိုလေသည်။

ချင်ယွမ်ဖုန်း၏ ရင်ထဲ၌ စိတ်လှုပ်ရှားမှုတို့ ချက်ချင်းပင် တောက်လောင်လာချေသည်။ သူသည် မိစ္ဆာနယ်မြေအပေါ် အတန်ငယ် ကြောက်ရွံ့စိတ် ရှိနေဆဲ ဖြစ်ပေရာ၊ အကြောင်းမူကား သူသည် နတ်ဆိုးဘုရင်နှင့် မသေမျိုးဘုရင် ဟူသော မိစ္ဆာမင်းသားနှစ်ပါး၏ စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရပြီး ဖြစ်သောကြောင့်ပင်။

ထိုသို့ဖြစ်သော်လည်း သူသည် ထိုနေရာသို့ သွားရောက်ရန် အလွန် တောင့်တနေမိသည်။ စက္ကန့်ပိုင်းမျှပင် စိတ်မလျှော့ရဲလောက်အောင် လွန်စွာ အန္တရာယ်ကြီးမားသော အခြေအနေမျိုး၌သာ ချင်ယွမ်ဖုန်းအနေဖြင့် မိမိ၏ ကျင့်စဉ်အဆင့်ကို အချိန်တိုအတွင်း တိုးတက်အောင် ပြုလုပ်နိုင်မည် ဖြစ်တန်ရာသည်။

"ဒီအရာတွေကို ဘယ်လို သုံးရမှာလဲ" ချင်ယွမ်ဖုန်းက သိလိုစိတ်ပြင်းပြစွာဖြင့် မျက်လုံးအစုံကို ဖွင့်ကြည့်ရင်း မေးလိုက်သည်။

ကျိရှန့်သည် ခေါင်းတလားထဲမှ ပစ္စည်းအားလုံးကို ထုတ်ယူလိုက်ပြီးနောက် ခေါင်းတလားကို ပြန်ပိတ်၍ မြေမြှုပ်လိုက်လေသည်။

"ငါတို့ရဲ့ ဘိုးဘေးတွေကတော့ ဒီပစ္စည်းတွေကို ဘယ်သူမှ ပြန်သုံးတော့မှာ မဟုတ်ဘူးလို့ ထင်ခဲ့ကြတာ၊ ဒါပေမဲ့ မင်း ရောက်လာလိမ့်မယ်လို့ ဘယ်သူ သိမှာလဲ" ဟု ကျိရှန့်က မတတ်သာသလို ခေါင်းခါရင်း ပြောလိုက်ပြီး "ကဲ... အိမ်ထဲ ပြန်ဝင်ကြစို့" ဟု ဆိုသည်။

ထိုပစ္စည်းများကို အိမ်ထဲသို့ ယူဆောင်လာပြီးနောက် ကျိရှန့်သည် ချင်ယွမ်ဖုန်း သေချာစွာ မြင်နိုင်စေရန် စားပွဲပေါ်၌ ဖြန့်ခင်းပေးလိုက်သည်။ ယင်းတို့ကား လက်နက်သွန်းလုပ်ရာတွင် သုံးသော ပစ္စည်းအချို့နှင့် တူလှပေသည်။

အထူးသဖြင့် ဆလင်ဒါပုံသဏ္ဌာန် အရာဝတ္ထုနှစ်ခုမှာ ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်ရှိ တစ်ပါးကျွန်းသား မိစ္ဆာများ၏ ကျိုးပဲ့နေသော ဦးချိုများနှင့် တစ်ပုံစံတည်း တူညီနေချေသည်။

"ငါ နောက်ဆုံးတစ်ခေါက် ထပ်မေးမယ်၊ မင်း သေချာ စဉ်းစားပြီးပြီလား" ဟု ကျိရှန့်က လေးနက်သော လေသံဖြင့် မေးလိုက်သည်။

"ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ" ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ၊ မင်း စိတ်မပြောင်းဘူးဆိုရင်တော့ ဒီအရာတွေကို ဘယ်လိုသုံးရမလဲဆိုတာ ငါ ပြောပြမယ်" ဟု ကျိရှန့်က ဆိုကာ ကျောက်စိမ်းပုလင်းငယ်လေးတစ်ခုထဲမှ ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်လေသည်။

"ဒီဆေးလုံးက မင်းကို မိစ္ဆာတစ်ကောင်အဖြစ် တိုက်ရိုက် ပြောင်းလဲပေးနိုင်တယ်၊ အခြား ကျောက်စိမ်းပုလင်းထဲက ဆေးလုံးကို သောက်မှသာ မင်းက လူသားအသွင် ပြန်ပြောင်းနိုင်မှာ၊ မင်း သေသေချာချာ စဉ်းစားပြီးပြီလား"

ချင်ယွမ်ဖုန်းသည် ကျိရှန့်၏လက်ထဲမှ ဆေးလုံးကို စိတ်လှုပ်ရှားမှု အပြည့်ဖြင့် စိုက်ကြည့်နေမိသည်။ ဤမျှ ဆန်းကြယ်လှသော ဆေးလုံးမျိုး ရှိလိမ့်မည်ဟု သူ မယုံကြည်နိုင်လောက်အောင် ဖြစ်ရချေသည်။

"ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ၊ လူအသွင် ပြန်ပြောင်းလို့ရရင် ရပါပြီ" ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုလိုက်သည်။

ကျိရှန့်က ခေါင်းညိတ်၍ ဆေးလုံးကို ချင်ယွမ်ဖုန်းထံ ကမ်းပေးလိုက်ရာ သူသည် ယင်းကို တစ်ငုံတည်းဖြင့် မြိုချလိုက်လေတော့သည်။

ခေတ္တမျှ ကြာသော် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် စတင် ပြောင်းလဲလာချေသည်။ သူ၏ အရေပြားသည် တဖြည်းဖြည်း မည်းမှောင်လာပြီး မြွေအရေပြားကဲ့သို့ သေးငယ်သော အကြေးခွံများ စတင် ပေါက်ဖွားလာသည်။

ချင်ယွမ်ဖုန်းသည် မိမိ၏ အရေပြားကို လှီးဖြတ်ခံနေရသကဲ့သို့ ပြင်းထန်လှသော ဝေဒနာကို ခံစားလိုက်ရပြီး အသစ်ထွက်လာသော အကြေးခွံများပေါ်တွင် သွေးစများ စွန်းထင်နေချေသည်။

ကျိရှန့်က စားပွဲပေါ်ရှိ ဆလင်ဒါပုံသဏ္ဌာန် အရာဝတ္ထုနှစ်ခုကို ချင်ယွမ်ဖုန်းထံ အလျင်အမြန် ကမ်းပေးလိုက်ပြီး "ဒါတွေက တစ်ပါးကျွန်းသား မိစ္ဆာရဲ့ ဦးချိုတွေပဲ၊ ဒါပေမဲ့ ကျိုးပဲ့နေတဲ့ ဦးချိုတွေပဲ သုံးလို့ရမယ်၊ ငါတို့ ဘယ်နှစ်ကြိမ်ပဲ စမ်းစမ်း ကျိုးပဲ့နေတဲ့ ဦးချိုတွေကပဲ အောင်မြင်တာ၊ အကောင်းအတိုင်းရှိတဲ့ ဦးချိုတွေဆိုရင် ချက်ချင်း ပြုတ်ကျသွားတတ်တယ်" ဟု ပြောလိုက်သည်။

ချင်ယွမ်ဖုန်းသည် နာကျင်မှုကို အံတုရင်း ခေါင်းညိတ်ပြကာ ထိုကျိုးပဲ့နေသော ဦးချိုနှစ်ခုကို ယူ၍ မိမိ၏ ဦးခေါင်းထိပ်ပေါ်၌ တင်လိုက်လေသည်။

ချက်ချင်းပင် သူ၏ ဦးခေါင်းထိပ်၌ စူးခနဲ နာကျင်မှုကို ခံစားလိုက်ရပြီး ဦးခေါင်းထဲမှ အမြစ်များ ထွက်လာကာ ထိုကျိုးပဲ့နေသော ဦးချိုနှစ်ခုကို ခေါင်းပေါ်၌ မြဲမြံစွာ တွယ်ကပ်စေသကဲ့သို့ ဖြစ်သွားချေသည်။

ဤပြောင်းလဲမှုသည် ခေတ္တမျှသာ ကြာမြင့်ပြီးနောက် နာကျင်မှုများ ရုတ်တရက် ရပ်တန့်သွားသည်။ ချင်ယွမ်ဖုန်းသည် အကြေးခွံများ ဖုံးလွှမ်းနေသော မိမိ၏ လက်မောင်းနှစ်ဖက်ကို ငေးမောကြည့်နေမိသည်။

သူက စိတ်အာရုံကို လှုပ်ရှားလိုက်သောအခါ ထိုအကြေးခွံများသည် အရေပြားအောက်သို့ တဖြည်းဖြည်း ပြန်လည် နစ်ဝင်သွားပြီး ကွယ်ပျောက်သွားကြတော့သည်။

သို့သော်လည်း ထိုအချိန်တွင် ချင်ယွမ်ဖုန်း၏ အရေပြားမှာ စစ်မှန်သော မိစ္ဆာတစ်ကောင်ကဲ့သို့ လွန်စွာ မည်းမှောင်သွားချေပြီ။

"ကဲ... အခုဆိုရင် မင်းက စစ်မှန်တဲ့ မိစ္ဆာတစ်ကောင် ဖြစ်သွားပြီ၊ ဒါတင်မကသေးဘူး မင်းက မိစ္ဆာအရှိန်အဝါကို စုပ်ယူပြီး အသုံးပြုနိုင်တာကြောင့် မင်းရဲ့ ဘိုးဘေးတွေထက် အများကြီး ပိုသာလွန်သွားပြီး မိစ္ဆာနယ်မြေထဲမှာ ပိုပြီး အဆင်ပြေပြေ ရှင်သန်နိုင်လိမ့်မယ်"

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်သော်လည်း ခေါင်းထဲ၌ အနည်းငယ် မူးဝေနေဆဲ ဖြစ်သည်။ ဆေးလုံးတစ်လုံးတည်းဖြင့် မိမိ၏ မျိုးနွယ်စုကို လုံးဝ ပြောင်းလဲပစ်နိုင်ပြီး မိစ္ဆာတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားစေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

စစ်မှန်သော တစ်ပါးကျွန်းသား မိစ္ဆာတစ်ကောင် ဖြစ်သွားရချေပြီ။

"ကဲ... မင်း ခဏလောက် အနားယူလိုက်ဦး၊ မနက်ဖြန်ကျရင် ငါ မင်းကို မိစ္ဆာနယ်မြေထဲ ပို့ပေးမယ်" ဟု ကျိရှန့်က လေးနက်စွာ ပြောလိုက်သည်။

ချင်ယွမ်ဖုန်းသည် ခေါင်းထဲ၌ ဝေဝေဝါးဝါး ဖြစ်နေဆဲဖြင့် ခေါင်းညိတ်ပြကာ မိမိ၏ အခန်းသို့ ပြန်၍ ကုတင်ပေါ်တွင် ဖြည်းညင်းစွာ လှဲလျောင်းလိုက်လေသည်။

ချင်ယွမ်ဖုန်းသည် တစ်ညလုံး မိမိ၏ ခန္ဓာကိုယ်ကို စမ်းသပ်စစ်ဆေးရင်း ထိုဆေးလုံးသည် အပြင်ပန်းသဏ္ဌာန်နှင့် အကြေးခွံများကိုသာ ပြောင်းလဲပေးခြင်း ဖြစ်ကြောင်း သိရှိလိုက်ရသည်။

သူသည် ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်ဆဲ ဖြစ်ပြီး လူသားတို့၏ သိုင်းပညာရပ်များကိုလည်း ဆက်လက် အသုံးပြုနိုင်ဆဲ ဖြစ်ပေသည်။

ယင်းကား ချင်ယွမ်ဖုန်းအတွက် အလွန်အရေးကြီးလှပေရာ၊ အကြောင်းမူကား သူ ရှင်သန်ရန် အားကိုးအားထားပြုရသော သိုင်းပညာရပ်များမှာ မရှိမဖြစ် လိုအပ်သောကြောင့် ဖြစ်ချေသည်။

တစ်ရက်တာ အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ကျိရှန့်သည် အိပ်ပျော်နေသော ချင်ယွမ်ဖုန်းကို နှိုးလိုက်ပြီး မိစ္ဆာတပ်မတော် ဝင်ရောက်ခဲ့သည့် နေရာဆီသို့ ဖြည်းညင်းစွာ ခေါ်ဆောင်သွားလေသည်။

ထိုနေရာ၌ မဟူရာရည်ကဲ့သို့သော ပါးလွှာသည့် အမြှေးပါးတစ်ခု ရှိနေချေသည်။

"ဒါကတော့ အကူးအပြောင်း ကြားခံဟင်းလင်းပြင်ရဲ့ အနားသတ်စည်းပဲ၊ မိစ္ဆာတွေက မိစ္ဆာနယ်မြေကနေ ဒီနေရာကို အတင်းအဓမ္မ ထိုးဖောက် ဝင်ရောက်လာကြတာ၊ မင်းလည်း ဒီနေရာကနေပဲ ဝင်ရလိမ့်မယ်၊ ဘာလို့လဲဆိုတော့ ဒီနေရာက မိစ္ဆာနယ်မြေ ဟင်းလင်းပြင်ရဲ့ အားအနည်းဆုံး အမှတ် ဖြစ်လို့ပဲ" ဟု ကျိရှန့်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ကျွန်တော် နားလည်ပါပြီ" ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်သည်။

"ဩော်... ဒါနဲ့ ငါ မင်းကို ပြောဖို့ မေ့သွားတယ်၊ ဦးချိုကျိုးနေတဲ့ မိစ္ဆာတွေက မိစ္ဆာနယ်မြေထဲမှာ အဆင့်အတန်း အရမ်းနိမ့်တယ်၊ သူတို့ကို ကျွန်တွေအဖြစ်ပဲ သတ်မှတ်ကြတာ၊ ဘာလို့လဲဆိုတော့ ဦးချိုကျိုးနေတာက မိစ္ဆာတွေအတွက် သိက္ခာကျစရာ ဖြစ်လို့ပဲ" ဟု ကျိရှန့်က ဆိုသည်။

ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး "အဲဒီလိုလား၊ ဒါဆို ကျွန်တော် ဝင်သွားရင် အခြေအနေ တော်တော် ဆိုးမှာပေါ့" ဟု မေးလိုက်၏။

"မင်းကိုယ်တိုင် သွားဖို့ ရွေးချယ်ခဲ့တာလေ" ဟု ကျိရှန့်က ပခုံးတွန့်ပြရင်း "ဒါမှမဟုတ်ရင်လည်း အခြား ဆေးလုံးတစ်လုံးကို သောက်လိုက်ရုံပဲပေါ့" ဟု ဆိုသည်။

ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လျက် အံကြိတ်ကာ ဆုံးဖြတ်ချက် ချလိုက်သည်။ "ဟင့်အင်း... ကျွန်တော် သွားရမယ်၊ တစ်ပါးကျွန်းသား မိစ္ဆာတွေထဲမှာ အနိမ့်ဆုံး အဆင့်ပဲ ဖြစ်ဖြစ်၊ အခွင့်အရေးတွေ အများကြီး ရှိလာနိုင်တာပဲ"

"ဒါဆိုရင် ဒီအဝတ်အစားတွေကို လဲလိုက်ဦး၊ ဒါတွေက ဒီနေရာမှာ သေဆုံးသွားတဲ့ မိစ္ဆာတွေ ချန်ထားခဲ့တဲ့ အဝတ်အစားတွေပဲ" ကျိရှန့်သည် မိစ္ဆာဝတ်စုံတစ်စုံကို လှမ်းပစ်ပေးလိုက်သည်။

ဝတ်စုံဟု ဆိုသော်ငြား အမှန်စင်စစ် တိရစ္ဆာန်အကြောကဲ့သို့သော အရာဖြင့် ချုပ်လုပ်ထားသည့် သားရေစအချို့မျှသာ ဖြစ်ပေရာ လွန်စွာ ရိုးရှင်းလှသည်။

ချင်ယွမ်ဖုန်းသည် မိမိ၏ အဝတ်အစားများကို လျင်မြန်စွာ ချွတ်လိုက်ပြီး ထိုတစ်ပါးကျွန်းသား မိစ္ဆာ၏ ဝတ်စုံကို ဝတ်ဆင်လိုက်လေသည်။

သူသည် သိုလှောင်အိတ်နှင့် ကြေးညိုရောင် တံခါးကြီးကိုပါ ချွတ်ယူကာ ခါးတွင် ကြိုးဖြင့် ချည်နှောင်ပြီး သားရေစဖြင့် ဖုံးအုပ်လိုက်ချေသည်။

"ကဲ... ယွမ်ဖုန်း၊ ဒီတစ်ခေါက်တော့ သတိထားပါဦး၊ အဲဒီမှာ တခြား လူသားတွေ မရှိဘူး၊ အသက်ရှင်လျက် ပြန်လာနိုင်အောင် သေချာ ဂရုစိုက်ပါ" ဟု ကျိရှန့်က မှာကြားရင်း ကျိရန်၏ ဂူသင်္ချိုင်းမှ တူးဖော်ရရှိခဲ့သော ပစ္စည်းများကို မြေပြင်ပေါ်၌ ထူးဆန်းသော အစီအရင် ပုံသဏ္ဌာန်အတိုင်း စီစဉ်လိုက်လေသည်။

"ကျွန်တော် နားလည်ပါတယ်၊ ကျွန်တော် အသက်ရှင်လျက် သေချာပေါက် ပြန်လာခဲ့ပါ့မယ်" ဟု ချင်ယွမ်ဖုန်းက လေးနက်စွာ ပြောလိုက်ပြီး "ဒါနဲ့... ဘိုးဘေး ကျိရန်ကလည်း မိစ္ဆာနယ်မြေထဲမှာ သူ့နာမည်ရင်းပဲ သုံးခဲ့တာလား" ဟု မေးလိုက်သည်။

"မဟုတ်ဘူး၊ သူ့ရဲ့ မိစ္ဆာနာမည်က ယာဘို တဲ့" ဟု ကျိရှန့်က ဆိုလေသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ရင်း "ယာဘို... ငါတို့ရဲ့ ဘိုးဘေးက ဘဲလည်ပင်း စားရတာ ကြိုက်လို့လား" ဟု ဆိုသည်။

ကျိရှန့်က ပြုံးလိုက်ပြီး ဘာမျှ ထပ်မပြောတော့ဘဲ မြေပြင်ပေါ်ရှိ ပစ္စည်းများထဲသို့ မိမိ၏ ကိုယ်တွင်းစွမ်းအင်များကို ထည့်သွင်းလိုက်လေသည်။

ချက်ချင်းပင် မြေပြင်မှ ရောင်စုံအလင်းတန်းများ ဖြာထွက်လာပြီး ထိုအလင်းတန်းများသည် မီးတောက်များကဲ့သို့ မဟူရာရည်သဏ္ဌာန် ရှိသော အနားသတ်စည်းကို တဖြည်းဖြည်း အရည်ပျော်စေကာ ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။

ချင်ယွမ်ဖုန်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် အတွင်းထဲသို့ တိုးဝင်ကာ တွားသွား၍ ဝင်ရောက်သွားလေတော့သည်။

"ယွမ်ဖုန်း... မင်းကို အဲဒီကို သွားခွင့်ပြုလိုက်တာက မင်းအတွက် ကောင်းသလား၊ ဆိုးသလားဆိုတာ ငါ မသိပေမယ့် မင်း အသက်ရှင်လျက် ပြန်လာဖို့ပဲ ငါ ဆန္ဒရှိပါတယ်"

ကျိရှန့်သည် တဖြည်းဖြည်း ပြန်လည် စေ့ပိတ်သွားသော အပေါက်ကြီးကို ကြည့်ရင်း သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်မိလေသတည်း။

All Chapters