အခန်း ၇၅၅
Vol. 37 Ch. 755
အခန်း (၇၅၅)
ကံဆိုးမိုးမှောင်ကျသူများမှာမူ တိုရေးသခင်ကြီး၏ အရင်ကကျွန်များကဲ့သို့ပင် အားလုံး အသက်ဘေးသင့် သတ်ဖြတ်ခြင်း ခံရပေလိမ့်မည်။
တိုရေးသည် ချင်ယွမ်ဖုန်းကို အမှန်တကယ်ပင် အလွန်သဘောကျနေချေသည်။
သူ့ကို ဝယ်ယူပြီးလျှင်ပင် ကောင်းမွန်စွာ စောင့်ရှောက်ထားနိုင်ရာ ယင်းက ချင်ယွမ်ဖုန်းအတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ချင်ယွမ်ဖုန်း ပြောလိုက်သော စကားတစ်ခွန်းကြောင့် ဘေးနားရှိ ဦးချိုကျိုးများအားလုံး အံ့အားသင့်ကာ မှင်တက်သွားကြရတော့သည်။
ကျွန်ပိုင်ရှင်သည်လည်း ဆွံ့အသွားရပြီးနောက် မကြာမီပင် ဒေါသတကြီးဖြင့်အော်ဟစ်လေတော့သည်။ "မင်းကို ဤနေရာမှာ စကားပြောခွင့် ဘယ်သူပေးထားလို့လဲ"
ထိုသို့ဆိုကာ နှင်တံရှည်ကို ကိုင်ဆောင်ထားသော အစောင့်တစ်ဦးသည် ချင်ယွမ်ဖုန်းထံသို့ ချဉ်းကပ်လာပြီး နှင်တံဖြင့် ပြင်းထန်စွာ ရိုက်နှက်လိုက်ချေသည်။
ချင်ယွမ်ဖုန်းသည် လက်ကိုဆန့်ထုတ်၍ နှင်တံရှည်ကို ဖမ်းဆွဲလိုက်ရာ ထိုအစောင့်မှာ နှင်တံကို ပြန်လည်ဆွဲယူ၍ မရနိုင်တော့ဘဲ အခြေအနေမှာ အလွန်တရာ အကျပ်ရိုက်သွားရလေသည်။
တိုရေးသည် ချင်ယွမ်ဖုန်းကို စိုက်ကြည့်ရင်း "ဒီလိုမျိုး သွေးမတော် သားမစပ်၊ အရွယ်တောင် မရောက်သေးတဲ့ ဦးချိုကျိုး ငှက်စုတ်မလေးကို ငါက ဘာလုပ်ရမှာလဲ၊ ငါ့အိပ်ရာကို အနွေးဓာတ်ပေးဖို့တောင် အလိုမရှိဘူး" ဟု ဆိုသည်။
"ဒါဆိုရင်တော့ ခင်ဗျား သတိထားရလိမ့်မယ်၊ ကျွန်တော် ထွက်ပြေးသွားနိုင်တယ်" ဟု ချင်ယွမ်ဖုန်းက အေးဆေးတည်ငြိမ်စွာပင် ပြန်လည်ပြောဆိုလိုက်သည်။
"ထွက်ပြေးမယ် ဟုတ်လား၊ မင်းက စစ်သည်တော်တွေရဲ့ လိုက်လံဖမ်းဆီးခြင်းကို မကြောက်ဘူးပေါ့လေ" ဟု တိုရေးက ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် မေးမြန်းလိုက်ချေသည်။
မိစ္ဆာနယ်မြေအတွင်း၌ အမြင့်ဆုံးသော အုပ်ချုပ်သူမှာ မိစ္ဆာမင်းကြီး ဖြစ်ပြီး ၎င်း၏အောက်တွင် မိမိတို့ပိုင်နက်နယ်မြေနှင့် စစ်သည်တော်များကို အသီးသီး ကိုင်တွယ်ထားကြသော မင်းသားအချို့ ရှိကြသည်။
စစ်သည်တော်များမှာလည်း မည်သည့်အခါမျှ အားလပ်နေခြင်း မရှိချေ။ မင်းသားများသည် နယ်မြေလုပ္ပွဲအတွက် အချင်းချင်း စစ်ပွဲများ ဆင်နွှဲနေကြသဖြင့် စစ်မြေပြင်တွင် နေ့စဉ်နှင့်အမျှ သေဆုံးနေကြရာ စစ်သည်တော် အင်အားမှာ အမြဲတစေ ပြတ်လတ်လျက် ရှိနေသည်။
ကျွန်များ ထွက်ပြေးသည့် ကိစ္စရပ်မှာလည်း ထိုမင်းသားများ၏ စီရင်ပိုင်ခွင့်အောက်တွင် ရှိချေသည်။ ၎င်းတို့သည် ပုံမှန်အားဖြင့် အလိုရှိသူအဖြစ် အမိန့်ပြန်တမ်း ထုတ်ပြန်လေ့ရှိပြီး ထွက်ပြေးသွားသော ကျွန်များကို ရှာဖွေဖမ်းဆီးရန်အတွက် စစ်သည်တော်အဖွဲ့ငယ်များကို စေလွှတ်တတ်ကြသည်။
"ဒီဘဝ ဒီအခြေအနေထိ ရောက်လာခဲ့ပြီးမှတော့ ကျွန်တော်က ဘာကို ကြောက်နေရဦးမှာလဲ" ဟု ချင်ယွမ်ဖုန်းက အေးစက်စွာ တုံ့ပြန်လိုက်သည်။
စစ်သည်တော်တစ်ဦးအတွက် ဦးချိုကျိုးသွားရခြင်းဟူသည်ကား မည်သည့်မိစ္ဆာအတွက်မျှ မခံစားနိုင်သော အရာဖြစ်ပြီး ကောင်းကင်ဘုံမှ ငရဲဘုံသို့ ကျရောက်သွားရသကဲ့သို့ ဖြစ်ချေသည်။
ချင်ယွမ်ဖုန်း၏ စကားများထဲတွင် မိမိကိုယ်ကိုယ် အရှုံးပေး စွန့်လွှတ်ထားသည့် အရိပ်အယောင်များ ပါဝင်နေသည်။
တိုရေးသည်လည်း မိမိ၏ ငွေကြေးများ အလဟဿ ဆုံးရှုံးသွားမည်ကို စိုးရိမ်သဖြင့် လက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းလိုက်ပြီး "ကောင်းပြီ... ဒါဆိုရင်လည်း သူ့ကိုပါ တစ်ပါတည်း ခေါ်သွားတော့၊ ငါ့ဆီရောက်ရင် အိမ်သန့်ရှင်းရေး လုပ်ခိုင်းရမယ်" ဟု အမိန့်ပေးလိုက်တော့သည်။
ကျွန်ပိုင်ရှင်မှာမူ အတိုင်းထက်အလွန် ဝမ်းမြောက်သွားရသည်။ ယင်းက ဦးချိုကျိုးနှစ်ယောက်ကို တစ်ပြိုင်နက်တည်း ရောင်းချလိုက်ရခြင်း ဖြစ်သည့်အပြင် ၎င်းတို့အနက် တစ်ဦးမှာ မည်သို့မျှ ရောင်းမထွက်နိုင်သော ဦးချိုကျိုးငယ်လေး ဖြစ်နေ၍ ဖြစ်ချေသည်။
မကြာမီပင် တိုရေးသည် ငွေချေလိုက်ပြီး ချင်ယွမ်ဖုန်း၊ မေတို့နှင့်အတူ ထွက်ခွာရန် ပြင်ဆင်လိုက်တော့သည်။
အတိအကျပင် ထိုအချိန်၌ မလှမ်းမကမ်းဆီမှ အံ့အားသင့် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး လမ်းမပေါ်မှနေ၍ လူရိပ်အချို့သည် နောက်ကွယ်တွင် ရထားလုံးတစ်စီးကို ဆွဲလျက် အတင်းအဓမ္မ ပြေးဝင်လာကြချေသည်။
လမ်းမကြီးတစ်ခုလုံးသည် ရုတ်ချည်းပင် ဖရိုဖရဲ ဖြစ်သွားရပြီး လူများနှင့် မြင်းများမှာ တိုက်မိလဲကျကုန်ကြရာ ထိုအဖွဲ့သည် ဈေးကွက်သို့ အလျင်အမြန် ဆိုက်ရောက်လာပြီး ရပ်တန့်လိုက်ကြတော့သည်။
ချင်ယွမ်ဖုန်းက မျက်လုံးကို မှေးစိုက်ကြည့်လျက် မေကို နောက်သို့ အနည်းငယ် ဆွဲခေါ်ကာ နံရံထောင့်ဆီသို့ ဆုတ်ခွာလိုက်လေသည်။
မေသည် တွန့်ဆုတ်စွာဖြင့် ချင်ယွမ်ဖုန်း၏ လက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားရှာသည်။ သူမသည် ချင်ယွမ်ဖုန်းနှင့် ရက်အနည်းငယ်မျှသာ သိကျွမ်းခဲ့ရသော်လည်း သူမကို တစ်ပါတည်း ခေါ်ဆောင်သွားရန် အတင်းအကျပ် တောင်းဆိုခဲ့သည့်အတွက်ကြောင့် သူ့အပေါ်တွင် မှီခိုအားထားလိုစိတ်များ တဖွားဖွား ပေါ်ပေါက်နေခဲ့ပြီ ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် ပြေးဝင်လာသော လူအုပ်စုကို အကဲခတ်ကြည့်လိုက်သည်။ ၎င်းတို့သည် ခြေဆုံးခေါင်းဆုံး ဝတ်ရုံနက်ကြီးများကို ဝတ်ဆင်ထားကြပြီး ၎င်းတို့၏ မျက်နှာများကိုပင် ဖုံးကွယ်ထားကြချေသည်။
ထို့အပြင် ၎င်းတို့သည် သာမန်မိစ္ဆာများ မဟုတ်ကြပေ။ လူသားသိုင်းပညာရှင်များထဲမှ သိုင်းပညာရှင် အဆင့်အတန်းနှင့် ညီမျှကြပြီး ၎င်းတို့အနက် တစ်ဦးမှာ လူသားသိုင်းပညာရှင်များထဲမှ ပထမအဆင့် မဟာဆရာနယ်ပယ်နှင့်ပင် နှိုင်းယှဉ်နိုင်စွမ်း ရှိချေသည်။
"သူတို့က ဘယ်သူတွေလဲ" ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်မိသည်။ ဤလူစုမှာ မရိုးဖြောင့်သော ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။
ထိုအချိန်၌ပင် အဘိုးအို ရေမွန်သည် ဝတ်ရုံနက်ဝတ် မိစ္ဆာတစ်ဦးနှင့် အဓိပ္ပာယ်ပါပါ မျက်လုံးချင်း အပြန်အလှန် ဖလှယ်လိုက်သည်ကို ချင်ယွမ်ဖုန်းက စူးစိုက်မိသွားသည်။
အဘိုးအို ရေမွန်သည် ဤလူများနှင့် တစ်ကျောင်းတည်း တည်း၊ တစ်အိုးတည်း စားနေကြသူများ ဖြစ်ကြောင်း သူ ချက်ချင်းပင် ရိပ်မိလိုက်တော့သည်။
၎င်းတို့၏ တကယ့်ရည်ရွယ်ချက်က ဘာဖြစ်နိုင်မည်နည်း။
"ဟေ့... မင်းတို့က ဘယ်သူတွေလဲ" မိမိ၏ စီးပွားရေးကို လာရောက်နှောင့်ယှက်နေသည်ကို မြင်သောအခါ ကျွန်ပိုင်ရှင်သည် အမြန်ပင် ရှေ့သို့ တိုးထွက်လာခဲ့သည်။
"ငါ ပြောပြလိုက်မယ်၊ ငါက ဆီယာမြို့ရဲ့ အစောင့်တပ်မှူး စကော့တ်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေဟောင်းကြီးကွ..."
"ဟူး... ငါတို့က တော်လှန်ရေးအဖွဲ့ပဲ" ဝတ်ရုံနက်ဝတ်ထားသော လူတစ်ဦးက ရှေ့သို့ တစ်လှမ်းတိုးလာပြီး နှာခေါင်းရှုံ့ကာ ကျွန်ပိုင်ရှင်၏ မျက်နှာကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်နှက်ပစ်လိုက်တော့သည်။
ကျွန်ပိုင်ရှင်သည် လေထဲတွင် ဝဲပျံကာ လည်ထွက်သွားရပြီး သွားအချို့ ကျိုးပဲ့ထွက်သွားလျက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားရရှာသည်။
ယခုအချိန်တွင် မည်သူမျှ စကားမဟရဲကြတော့ဘဲ တိုရေးသခင်ကြီးပင်လျှင် ကြောက်လန့်တကြားဖြင့် ဘေးတစ်နေရာ၌ သွားရောက်ပုန်းအောင်းနေရချေသည်။
တော်လှန်ရေးအဖွဲ့ဟူသည်ကား ကျော်ကြားလှသော အမည်နာမတစ်ခု ဖြစ်ပေသည်။ မင်းသားများကို အာခံဖီဆန်ဝံ့ကြသော ထိုလူများမှာ အသက်ကို ပဓာနမထားသည့် အရူးအုပ်စုမျှသာ ဖြစ်ရာ မည်သူက ၎င်းတို့ကို သွားရောက် ပတ်သက်လိုပါမည်နည်း။
"အားလုံး မြင်တွေ့ရတဲ့အတိုင်းပဲ၊ ငါတို့က တော်လှန်ရေး စစ်တပ်က ဖြစ်တယ်၊ ကျွန်စနစ်ကို ဖျက်သိမ်းချင်တဲ့ လူတွေပေါ့၊ ငါတို့နဲ့အတူ လိုက်ချင်တဲ့လူတွေ ရထားလုံးပေါ် တက်ကြ" ဟု ဝတ်ရုံနက်ဝတ် လူကြီးက ရှေ့သို့တိုးကာ အေးစက်စွာ ပြောဆိုလိုက်သည်။
သို့သော်လည်း ဦးချိုကျိုး ကျွန်များထဲမှ တစ်ဦးမျှ ရှေ့သို့ ထွက်မလာရဲကြချေ။
တော်လှန်ရေးအဖွဲ့ဟူသည်ကား ဦးချိုကျိုးများအတွက် အမှန်တကယ်ပင် မြင့်မြတ်လှပြီး နေရာအနှံ့အပြားတွင် ကျွန်များကို ကယ်တင်ပေးနေကြသဖြင့် ၎င်းတို့သည် ဦးချိုကျိုးများကြားတွင် သူရဲကောင်းကြီးများ ဖြစ်ကြသည်။
သို့သော်လည်း တော်လှန်ရေးအဖွဲ့ထဲသို့ ဝင်ရောက်ရန်မှာမူ တခြားစီ ဖြစ်ချေသည်။ မည်သို့ပင်ဖြစ်စေ ယင်းက စစ်သည်တော်များနှင့် ထိပ်တိုက် ရင်ဆိုင်ရမည် ဖြစ်သဖြင့် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်းနှင့် အလားသဏ္ဌာန် တူလှပေသည်။
မိမိတို့၏ အင်အား မည်မျှရှိသည်ကို ဦးချိုကျိုးများက ကောင်းစွာ သိရှိကြသည်။
အတန်ကြာပြီးနောက် ဦးချိုကျိုး ဝတ်ဆင်ထားသူတစ်ဦးသည် ဖြည်းသည်းစွာ ရှေ့သို့ တိုးထွက်လာခဲ့သည "တောက်... ဒူးထောက်ပြီး အသက်ရှင်နေရမယ့်အစား မတ်တတ်ရပ်ပြီး သေလိုက်တာကမှ မြတ်ဦးမယ်"
ထိုစကားကို ကြားရသောအခါ အသက်လတ်ပိုင်း အရွယ်ရှိသော ဦးချိုကျိုး အချို့လည်း ရှေ့သို့ ထွက်လာကြပြီး အသက်ကြီးပိုင်း ဦးချိုကျိုး နှစ်ဦးပင် မတ်တတ်ရပ်လာခဲ့ကြချေသည်။
သို့သော်လည်း ဝတ်ရုံနက်ဝတ် လူကြီးက ထိုအဘိုးအို ဦးချိုကျိုးနှစ်ဦးကို ကြည့်ကာ ခေါင်းခါလိုက်ပြီး "ငါတို့ လိုအပ်တာက တိုက်ပွဲဝင်နိုင်တဲ့ လူတွေပဲ၊ မင်းတို့က အရမ်းအိုမင်းနေပြီမို့လို့ သွားပြီး အသေခံမနေပါနဲ့တော့" ဟု ဆိုသည်။
ချင်ယွမ်ဖုန်းက မျက်လုံးကို မှေးစိုက်ကြည့်မိသည်။ ဤတော်လှန်ရေး စစ်တပ်ဟူသည်မှာလည်း ကောင်းမွန်သောအရာ မဟုတ်တန်ရာချေ။
၎င်းတို့သည် အစွမ်းထက်ပြီး သန်မာထွားကျိုင်းသော မိစ္ဆာများကိုသာ သိမ်းသွင်းကြပြီး သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်၊ အားနွဲ့သူများကိုမူ လက်ခံခြင်း မပြုကြချေ။
နောက်ဆုံးတွင် ဝတ်ရုံနက်ဝတ် လူကြီးသည် ချင်ယွမ်ဖုန်းကို ကြည့်ကာ "မင်းလည်း ငါတို့နဲ့အတူ လိုက်ခဲ့ရမယ်" ဟု ပြောဆိုလိုက်သည်။
မေသည် ချင်ယွမ်ဖုန်းက သူမကို စွန့်ပစ်သွားမည်ကို စိုးရိမ်သဖြင့် သူ၏လက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားရှာသည်။
"ကျွန်တော် ဒီသမီးလေးကိုပါ တစ်ပါတည်း ခေါ်သွားချင်တယ်၊ မဟုတ်ရင်တော့ ခင်ဗျားတို့နဲ့ လိုက်မှာမဟုတ်ဘူး" ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။
အဘိုးအို ရေမွန်ပင်လျှင် စိတ်ပျက်သွားရပြီး ဝတ်ရုံနက်ဝတ် လူကြီးကလည်း အလွန်ပင် အံ့အားသင့်သွားရသည်။ "မဖြစ်ဘူး... သူက အရွယ်ငယ်လွန်းသေးတယ်၊ သူ့ကို ခေါ်သွားတာက အသေခံခိုင်းတာနဲ့ အတူတူပဲ"
"ကျွန်တော် သူ့ကို ကာကွယ်နိုင်တယ်" ချင်ယွမ်ဖုန်းက ဤစကားတစ်ခွန်းကိုသာ ပြတ်သားစွာ ပြောဆိုလိုက်သည်။
ဝတ်ရုံနက်ဝတ် လူကြီးသည် ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်လေသည်။ "ကောင်းပြီ... ဒါဆိုရင်လည်း ခေါ်ခဲ့တော့၊ သွားကြစို့"
ချင်ယွမ်ဖုန်းသည် မေကို ရထားလုံးပေါ်သို့ ဆွဲတင်လိုက်ပြီး ဝတ်ရုံနက်ဝတ် လူအုပ်စုသည်လည်း ရထားလုံးပေါ်သို့ လွှားခနဲ ခုန်တက်ကာ အဝေးသို့ အလျင်အမြန် မောင်းနှင်ထွက်ခွာသွားကြတော့သည်။
၎င်းတို့ ထွက်ခွာသွားသည်နှင့် တပြိုင်နက် စစ်သည်တော် အစုအဖွဲ့တစ်ခု ဆိုက်ရောက်လာခဲ့ချေသည်။
ကျွန်ပိုင်ရှင်က အခြေအနေများကို ရှင်းလင်းပြောပြပြီးနောက် စစ်သည်တော်များသည် ဝတ်ရုံနက်ဝတ် လူများကို လိုက်လံဖမ်းဆီးရန်အတွက် ချက်ချင်း ထွက်ခွာသွားကြတော့သည်။
တိုရေးသခင်ကြီးသည် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ရေရွတ်လေသည်။ "ငါ့ရဲ့ ကျွန်တွေပါလား... ဒီတော်လှန်ရေးအဖွဲ့တွေက တကယ့်ကို အောက်တန်းကျလွန်းတယ်
ကျွန်ပိုင်ရှင်သည်လည်း မျက်နှာတစ်ခြမ်းကို လက်ဖြင့်ပွတ်ရင်း နာကျင်စွာဖြင့် ဖြည်းညင်းစွာ ထောက်ကန်ရပ်တည်လာခဲ့သည်။ "မှန်ပါတယ်... အရှက်မရှိတဲ့ ကောင်တွေ၊ ဒါက အဓမ္မ လုယက်တာပဲ"
ထိုအခါ တိုရေးသခင်ကြီးက ကျွန်ပိုင်ရှင်ကို စိုက်ကြည့်ရင်း "ငါ့ရဲ့ ဝိညာဉ်ကျောက်တုံးတွေကို အခု ချက်ချင်း ပြန်ပေးစမ်း" ဟု အော်ဟစ်လိုက်လေတော့သည်။
ချင်ယွမ်ဖုန်းနှင့် မေတို့သည် ရထားလုံးအတွင်း၌ ထိုင်နေကြပြီး ရထားလုံးသည် လမ်းကွေ့များစွာကို စဉ်ဆက်မပြတ် ကွေ့ဝိုက်မောင်းနှင်နေကြောင်း အထင်အရှား ခံစားသိရှိနေရသည်။
ရထားလုံး၏ ရှေ့တွင် ကုန်းရုန်းဆွဲနေသော မြင်းများသည်လည်း သိုင်းဝိညာဉ်တိုက်ကြီးပေါ်ရှိ မြင်းများနှင့် ကွဲပြားခြားနားလှပေသည်။ ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အကြေးခွံများ ဖုံးလွှမ်းနေပြီး အရှိန်အဝါမှာ အလွန်တရာ လေးလံထင်ရှားလှသည်။
၎င်းတို့သည် သိုင်းဝိညာဉ်တိုက်ကြီးရှိ မြင်းများထက် များစွာ ပိုမိုသန်မာကြပြီး အပြေးလည်း ပိုမိုမြန်ဆန်ကြသည်။
မေသည် ရထားလုံးအတွင်း၌ စိုးရိမ်ထိတ်လန့်စွာဖြင့် ချင်ယွမ်ဖုန်း၏ လက်ကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။
အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလုနီးပါး အရပ်သို့ မောင်းနှင်ပြီးနောက် ရထားလုံးသည် ဖြည်းညင်းစွာ ရပ်တန့်သွားခဲ့တော့သည်။