← Chapters

အခန်း ၇၅၇

Vol. 37 Ch. 757

အခန်း ၇၅၇

Vol. 37 Ch. 757

အခန်း (၇၅၇)

စစ်ဆင်ရေးတာဝန်ခံ မိန်းကလေးဖြစ်သူ ရှီလင်သည် ချင်ယွမ်ဖုန်း၏ စိုးရိမ်ပူပန်နေသော မျက်နှာရိပ်မျက်နှာကဲကို ရိပ်မိသွားပုံရချေသည်။ သူမက မဆိုင်းမတွပင် ဖွဖွလေး နှစ်ကြိမ်မျှ ရယ်မောလိုက်ရင်း

"ကျေးဇူးပြုပြီး ငါတို့ကို ခွင့်လွှတ်ပေးပါဦး၊ ဒီနေရာက သိုင်းပညာရှင်တွေရဲ့ စခန်းတွေနဲ့ယှဉ်ရင် ဘယ်လိုမှ နှိုင်းယှဉ်လို့ မရနိုင်တာ အမှန်ပါပဲ၊ ဒါပေမဲ့ ငါတို့ ဒီနေရာကို တာဝန်ကျတာ မကြာသေးတော့ လူအင်အား အခြေအနေအရ လိုအပ်ချက်တွေ မပြည့်စုံသေးလို့ပါ" ဟု ဆိုလေသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်မိချေသည်။ ယခုနေရာသည် တော်လှန်ရေးတပ်ဖွဲ့၏ အခြေစိုက်စခန်းတစ်ခုမျှသာ ဖြစ်ကြောင်း သူ သဘောပေါက်သွားတော့သည်။

မကြာမီတွင် သူတို့အုပ်စုသည် တောင်ပေါ်စခန်းအတွင်းသို့ ချင်းနင်းဝင်ရောက်ခဲ့ကြချေသည်။ စခန်းတွင်းရှိ ဦးချိုကျိုးနေကြသူများအားလုံးက ရှီလင်အား ပြုံးရွှင်စွာဖြင့် ဆီးကြိုနှုတ်ဆက်ကြသည်ကို ကြည့်ခြင်းအားဖြင့် ရှီလင်သည် ထိုနေရာ၌ လူချစ်လူခင် အလွန်ပေါများသောသူ ဖြစ်တန်ရာသည်။

"တပ်မှူးလား... မင်းက တပ်မှူးတစ်ယောက်လား" တော်လှန်ရေးအဖွဲ့သားများက ရှီလင်အား ခေါ်ဝေါ်နေကြသည့် နာမ်စားကို ကြားလိုက်ရသဖြင့် ချင်ယွမ်ဖုန်းက သိလိုဇောဖြင့် မေးမြန်းလိုက်ပေသည်။

ရှီလင်က ခေါင်းညိတ်ပြလျက်

"ဟုတ်ပါတယ်၊ ငါက ဆီယာမြို့တော် အသင်းခွဲရဲ့ တပ်မှူးပါ၊ ဒီနေရာကို ရောက်နေတာ သုံးလပဲ ရှိပါသေးတယ်" ဟု ပြန်လည်ဖြေကြားချေသည်။

ထိုအခါမှ ချင်ယွမ်ဖုန်းလည်း ဆက်လက်မေးမြန်းခြင်း မပြုတော့ဘဲ မေ၏ လက်ကလေးကိုသာ တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်တော့သည်။

ထိုတောင်ပေါ်ရွာကြီး၏ အတွင်းပိုင်းတွင်မူ လူပေါင်းရာချီ၍ သက်သောင့်သက်သာ နေထိုင်နိုင်လောက်သည့် ဧရာမ လိုဏ်ဂူကြီးတစ်ခု တည်ရှိနေပေရာသည်။

လိုဏ်ဂူ၏ အနက်ရှိုင်းဆုံး အပိုင်းတွင်မူ ခုံတန်းလျား ပတ်လည်ဝိုင်းရံထားသော စားပွဲရှည်ကြီးတစ်လုံး ရှိနေချေသည်။

ထိုစဉ်မှာပင် အခြားလူတစ်စုသည်လည်း တောင်ပေါ်စခန်းအတွင်းသို့ ရောက်ရှိလာကြပြန်သည်။

၎င်းတို့သည်လည်း ပြင်ပသို့ ထွက်ခွာ၍ ဦးချိုကျိုးများကို သွားရောက်ကယ်ဆယ်ခဲ့ကြပုံရပြီး သန်မာထွားကျိုင်းသော ဦးချိုကျိုးမိစ္ဆာအချို့ကို ခေါ်ဆောင်လာခဲ့ကြပေသည်။

ထိုလူစုကို ဦးဆောင်လာသူသည် ခေါင်းကို မော့၊ ရင်ကိုကော့လျက် လွန်စွာမောက်မာ စုကုတ်သော အမူအရာ ရှိချေသည်။ သူ၏ ရုပ်ဆင်းသဏ္ဌာန်နှင့် ဝတ်စားဆင်ယင်မှုကို ကြည့်ခြင်းအားဖြင့် သူသည် ဦးချိုကျိုးတစ်ဦးလည်း မဟုတ်၊ သာမန်လူတန်းစားလည်း မဟုတ်ဘဲ ရှီလင် ပြောပြခဲ့ဖူးသော မှူးမတ်မျိုးနွယ်တစ်ဦး ဖြစ်တန်ရာသည်။

"မင်းတို့ အချိန်ကိုက် ပြန်ရောက်လာကြတာပဲ" ရှီလင်က ထိုလူကို မြင်လျှင် ပြုံးရွှင်စွာ ခေါင်းညိတ်ပြရင်း

"အားလုံးပဲ ခဏလောက် တိတ်တိတ်နေပေးကြပါဦး၊ ဒါကတော့ ငါတို့ ဆီယာမြို့တော်အဖွဲ့ရဲ့ ဒုတိယတပ်မှူး ဇေခါ ပါပဲ" ဟု မိတ်ဆက်ပေးလိုက်ချေသည်။

ဇေခါကမူ တည်တင်းအေးစက်သော မျက်နှာထားကို မပျက်စေဘဲ ခေါင်းကို အနည်းငယ်မျှသာ ညိတ်ပြလိုက်တော့သည်။

"မိုရီ... သူတို့ကို ခေါ်သွားပြီး ရေမိုးချိုး၊ အဝတ်အစားလဲပေးလိုက်ဦး၊ ပြီးမှ ငါတို့ တူတူ ညစာစားကြတာပေါ့" ဟု ရှီလင်က အမိန့်ပေးလိုက်သည်။

မိုရီက ခေါင်းညိတ်ကာ သူတို့ ကယ်ထုတ်လာသော ဦးချိုကျိုးများနှင့် ဇေခါ ခေါ်ဆောင်လာသော လူများကိုပါ လိုဏ်ဂူ၏ အခြားတစ်ဖက်ဆီသို့ ဦးဆောင်ခေါ်သွားချေသည်။

၎င်းတို့သည် စမ်းချောင်းငယ်တစ်ခု ရှိရာ အခြားထွက်ပေါက်တစ်ခုဆီသို့ ထွက်ခွာသွားကြခြင်း ဖြစ်ပေသည်။

"ဖုန်း... ငါနဲ့ ခဏလိုက်ခဲ့ပါဦး" ရှီလင်က ချင်ယွမ်ဖုန်းအား လက်ဟန်ပြ၍ ခေါ်လိုက်ချေသည်။

ချင်ယွမ်ဖုန်းက မိုရီနှင့် သူ၏ လူများကို လှမ်းကြည့်လိုက်ရာ အားလုံးက အမျိုးသားများသာ ဖြစ်နေသဖြင့် မေအား ၎င်းတို့နှင့်အတူ မလိုက်ပါစေလိုတော့ချေ။

ထို့ကြောင့် သူသည် မေ၏ လက်ကိုဆွဲကာ ရှီလင်၏ နောက်သို့သာ လိုက်ပါခဲ့ရာ ရှီလင်ကလည်း တစ်စုံတစ်ရာ ကန့်ကွက်ခြင်း မပြုခဲ့ပေ။

ဒုတိယတပ်မှူး ဇေခါကမူ ချင်ယွမ်ဖုန်းအား ရန်လိုသော မျက်လုံးများဖြင့် စိုက်ကြည့်နေချေသည်။

ချင်ယွမ်ဖုန်းသည် ထိုဒုတိယတပ်မှူး ဇေခါ၏ အင်အားမှာ ရှီလင်ထက်ပင် သန်မာပြီး ပဉ္စမအဆင့် ဘိုးဘေးနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတိပြုမိသွားပေသည်။

ဤတော်လှန်ရေးတပ်ဖွဲ့သည် တပ်မှူးနှင့် ဒုတိယတပ်မှူး ရာထူးနေရာများကို မည်သို့သော စံနှုန်းများဖြင့် သတ်မှတ်ခွဲဝေကြသည်ကို သူ တွေးတောမရနိုင်အောင် ဖြစ်ရချေသည်။

အရာရှိကြီးများနှင့် တူသော လူအချို့သည် ရှီလင်၏ နောက်သို့ လိုက်ပါလာကြပြီး ဂူအတွင်းပိုင်းရှိ စားပွဲရှည်ကြီးတွင် ဝင်ရောက်ထိုင်ခုံနေရာ ယူလိုက်ကြပေသည်။

ချင်ယွမ်ဖုန်းနှင့် မေတို့ကမူ အောက်ခြေ ခုံတန်းလျားတွင် ဝင်ထိုင်လိုက်ကြရင်း ရှီလင် တစ်ဦးတည်း မည်သို့သော အကြံအစည် ရှိနေသည်ကို စောင့်ကြည့်နေမိတော့သည်။

"ဒီတစ်ကြိမ်မှာ အားလုံးပဲ အစွမ်းကုန် ကြိုးစားခဲ့ကြတာ လွန်စွာ ချီးကျူးဖို့ ကောင်းပါတယ်၊ ငါတို့အဖွဲ့ဟာ အဖွဲ့ဝင်သစ် တစ်ဒါဇင်ကျော်ကိုလည်း စည်းရုံးနိုင်ခဲ့ပြီ ဖြစ်တယ်၊ နောက်နောင် နည်းနည်းလောက် လေ့ကျင့်ပေးလိုက်ရင် သူတို့အားလုံးဟာ စစ်မှန်တဲ့ သိုင်းပညာရှင်တွေ ဖြစ်လာကြမှာပါ" ရှီလင်က အထက်ဆုံးနေရာမှနေ၍ ဖြည်းညှင်းစွာ ပြောကြားလိုက်ချေသည်။

ချင်ယွမ်ဖုန်းသည် စခန်းတွင်းသို့ ဝင်လာကတည်းက အနည်းငယ် ဇဝေဇဝါ ဖြစ်နေခဲ့ရပေသည်။ ရှီလင်၏ ပြောပြချက်အရ ဤနေရာကို တည်ထောင်ခဲ့သည်မှာ သုံးလမျှသာ ရှိသေးပြီး လူအင်အား တစ်ရာပင်မပြည့်သေးသော်လည်း ထိုလူများအားလုံး၏ ခန္ဓာကိုယ်မှ ကိုယ်တွင်းစွမ်းအင် အရှိန်အဝါ ဖျတ်ခနဲ လှုပ်ခတ်မှုများ ထွက်ပေါ်နေသည်ကို သူ ခံစားမိနေ၍ ဖြစ်ချေသည်။

တစ်နည်းအားဖြင့် ဆိုရသော် ထိုဦးချိုကျိုးများသည် သာမန်လူတန်းစားအဆင့်မှ ရုန်းထွက်ကာ သိုင်းပညာရှင်များ ဖြစ်လာကြခြင်း ဖြစ်ပေသည်။

၎င်းတို့သည် ဤမျှလောက်သော အခြေအနေကို မည်သို့ ဖန်တီးနိုင်ခဲ့ကြပါသနည်း။

ဤတော်လှန်ရေးအဖွဲ့တွင် ကျင့်ကြံခြင်း မပြုနိုင်သော သာမန်လူများကို သိုင်းပညာရှင်များအဖြစ် ပြောင်းလဲပေးနိုင်သည့် လျှို့ဝှက်နည်းလမ်း ရှိနေ၍လော။

"ဒါ့အပြင်... ငါတို့ဟာ အလွန်အစွမ်းထက်တဲ့ အပေါင်းအဖော်သစ် 'ဖုန်း' ကိုလည်း တွေ့ရှိခဲ့ရတယ်၊ ဒါကြောင့် ငါ့အနေနဲ့ ခြွင်းချက်အနေနဲ့ သူ့ကို ငါ့တို့အဖွဲ့ရဲ့ အရာရှိတစ်ယောက်အဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်" ရှီလင်က ချင်ယွမ်ဖုန်းကို ကြည့်ကာ လေသံကို မြှင့်၍ ပြောလိုက်ချေသည်။

ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လိုက်မိသည်။ သူ ဤနေရာသို့ ရောက်ရှိလာသည့် ပထမဆုံးနေ့မှာပင် အရာရှိတစ်ဦး ဖြစ်လာရသည်။ ဤမျှအထိ ပေါ့ဆလွန်းလှချေသည်။ ၎င်းတို့တွင် မည်သည့် နောက်ကြောင်းရာဇဝင် စိစစ်မှုမျှ မရှိကြပါသလော။

သူ ထင်သည့်အတိုင်းပင် ရှီလင်၏ စကား ဆုံးသည်နှင့်တစ်ပြိုင်နက် ဒုတိယတပ်မှူး ဇေခါက ခေါင်းကို တွင်တွင်ခါယမ်းလျက်

"ကျွန်တော် ကန့်ကွက်ပါတယ်" ဟု ဆိုလာတော့သည်။

"ဘာဖြစ်လို့လဲ" ရှီလင်က ပြန်လည်မေးမြန်းလိုက်သည်။

"ပထမအချက်အနေနဲ့... ဒီလူက ဒီကို ရောက်တာ မကြာသေးဘူး၊ သူ့မှာ ဘယ်လို ရည်ရွယ်ချက်အကောက်ကြံမှုတွေ ရှိနေလဲဆိုတာ ကျွန်တော်တို့ လုံးဝမသိရသေးဘူး၊ ဒုတိယအချက်အနေနဲ့... အရာရှိတစ်ယောက် ဖြစ်လာပြီဆိုရင် ပိုပြီးကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်ရတော့မှာ၊ သူကော အဲဒီလို အရည်အချင်းမျိုး ရှိလို့လား" ဇေခါက ချင်ယွမ်ဖုန်းအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်ချေသည်။

ချင်ယွမ်ဖုန်းကမူ ဆိတ်ဆိတ်သာ နေလိုက်ပေသည်။ အရာရှိ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ သူ့အတွက် မည်သို့မျှ အရေးမကြီးပေ။

သူ ဤနေရာသို့ လာခဲ့ခြင်းမှာ ဘေးအန္တရာယ် အကျပ်အတည်းများကို ကြုံတွေ့ရင်ဆိုင်ရင်း မိမိ၏ ဝိညာဉ်အဆင့်အတန်းကို မြှင့်တင်ရန်အတွက်သာ ဖြစ်ပေသည်။

ထို့အပြင် သူသည် အခွင့်သာလျှင် တပ်မှူး သို့မဟုတ် မှူးမတ်အချို့ကို လုပ်ကြံသတ်ဖြတ်ပြီး ဖခင်ဖြစ်သူ ကျိရှန့်၏ ဖိအားများကို လျှော့ချပေးရန်နှင့် မိမိ၏ ရှေးဟောင်းဘိုးဘေး ကျိရန်၏ သတင်းအစအနများကို စုံစမ်းရန် ရည်ရွယ်ချက်သာ ရှိပေသည်။

ထို့ကြောင့် သူသည် မိမိကိုယ်မိမိ အမြဲတစေ အန္တရာယ်ရှိသော အခြေအနေများကြားသို့ တွန်းပို့နေရမည်ဖြစ်ရာ သိုင်းပညာရှင် ဖြစ်စေ၊ တော်လှန်ရေးသမား ဖြစ်စေ သူ့အဖို့ မည်သို့မျှ ကွာခြားမှုမရှိချေ။

"ငါတို့ အသင်းခွဲကို တည်ထောင်ခဲ့တာ သုံးလပဲ ရှိသေးတယ်၊ အခုအချိန်က အရည်အချင်းရှိတဲ့သူတွေကို ပိုပြီး စည်းရုံးရမယ့် အချိန်ပဲ၊ ဖုန်းက ငါတို့နဲ့အတူ စိတ်လိုလက်ရ လိုက်လာခဲ့ပြီဆိုမှတော့ ငါတို့ဘက်က သူ့ကို အပြည့်အဝ ယုံကြည်ပေးရမယ်၊ သူ့မှာ အရည်အချင်း ရှိမရှိ ဆိုတာကတော့ နောက်နောင်ကျမှ သိရမှာပေါ့" ရှီလင်က အေးစက်စက် လေသံဖြင့် ပြန်လည်တုံ့ပြန်လိုက်ချေသည်။

ဇေခါက ခေါင်းကို ခါယမ်းရင်း —

"ကျွန်တော်ကတော့ သဘောမတူနိုင်သေးဘူး၊ ကျွန်တော်တို့ အပတ်တကုတ် ကြိုးစားပြီး ကယ်တင်လာခဲ့ရတဲ့ လူတွေကို ဘာမှမသိတဲ့ လူစိမ်းတစ်ယောက်ကြောင့် အညွန့်ကျိုး ပျက်စီးသွားမှာမျိုးကိုတော့ ကျွန်တော် ဒီအတိုင်း ကြည့်မနေနိုင်ဘူး" ဟု ဇွတ်တရွတ် ဆိုလေသည်။

"ငါက တပ်မှူး... ငါ ဆုံးဖြတ်တာပဲ အတည်ဖြစ်ရမယ်" ရှီလင်သည် လွန်စွာ ဒေါသထွက်သွားပုံရပြီး စားပွဲကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ပုတ်လျက် မတ်တတ်ထရပ်လိုက်တော့သည်။

ဇေခါက ရှီလင်အား ဒေါသမျက်လုံးများဖြင့် စိုက်ကြည့်လိုက်သော်လည်း ဆက်လက်၍ တစ်စုံတစ်ရာ မပြောရဲတော့ချေ။

ရှီလင် ပြောသည်က မှန်ပေသည်။ သူက အင်အားပိုမိုသန်မာပြီး ပိုမိုအမြော်အမြင် ရှိသည်ဆိုစေဦးတော့၊ သူသည် ဒုတိယတပ်မှူးမျှသာ ဖြစ်ချေသည်။

အဖွဲ့တွင်းရှိ အရေးကိစ္စ အားလုံးကိုမူ တပ်မှူးဖြစ်သူကသာ အချုပ်အာဏာဖြင့် ဆုံးဖြတ်ပိုင်ခွင့် ရှိပေရာသည်။

"ဖုန်း... အခုကစပြီး မင်းဟာ ဒီအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်သွားပြီ၊ မင်းက အရင်က သိုင်းပညာရှင်တစ်ယောက် ဖြစ်ခဲ့ဖူးတာဆိုတော့ သိုင်းပညာရှင်တွေအကြောင်းကို အများကြီး သိထားမှာပဲ၊ မင်းရဲ့ စွမ်းဆောင်ရည်တွေကို ငါ ယုံကြည်ပါတယ်" ရှီလင်က ချင်ယွမ်ဖုန်းအား ကြည့်ကာ လေးနက်စွာ ဆိုလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်သော်လည်း စိတ်ထဲတွင်မူ ရှီလင်သည် စိတ်ကူးယဉ်ဆန်လွန်းလှသည်ဟု မှတ်ချက်ချမိချေသည်။

အကယ်၍ သူသာ သိုင်းပညာရှင်များဘက်မှ စေလွှတ်လိုက်သော သူလျှိုတစ်ဦး ဖြစ်နေပါက ဤအဖွဲ့ငယ်လေးတစ်ခုလုံး မြေလှန်သုတ်သင်ခြင်း ခံရမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပေတော့မည်။

ထိုသို့ ဆုံးဖြတ်ချက် ချပြီးသွားသောအခါမှသာ ရှီလင်၏ တင်းမာနေသော မျက်နှာထားသည် အနည်းငယ် ပြေလျော့သွားတော့သည်။

"ငါသတင်းတစ်ခု ရထားတယ်၊ နောက်ရက်အနည်းငယ်အတွင်းမှာ ကျွန်ကုန်သည်အဖွဲ့ အတော်များများ ဆီယာမြို့တော်ကို ရောက်လာကြလိမ့်မယ်၊ ဆီယာမြို့က အချက်အချာကျတဲ့ လမ်းဆုံလမ်းခွ ဖြစ်နေတော့ သူတို့က ဒီနေရာမှာပဲ ကျွန်လေလံပွဲတစ်ခု ကျင်းပဖို့ စီစဉ်နေကြတယ်" ဟု ရှီလင်က တည်ငြိမ်စွာ ပြောကြားလိုက်ချေသည်။

ထိုစကားကို ကြားလိုက်ရလျှင် စားပွဲဝိုင်းရှိ အရာရှိများအားလုံး စိတ်လှုပ်ရှား တက်ကြွသွားကြတော့သည်။ ၎င်းတို့ထဲမှ အများစုသည် ကျွန်အဖြစ် ဖိနှိပ်ချုပ်ချယ်ခံနေရဆဲဖြစ်သော မိမိတို့၏ ဦးချိုကျိုး မျိုးနွယ်စုဝင်များကို ကယ်တင်ရန်အတွက် တော်လှန်ရေးအဖွဲ့သို့ ဝင်ရောက်လာကြသူများ ဖြစ်ပေသည်။

"အကောင်းဆုံးပဲ တပ်မှူး... ကျွန်တော်လည်း အလုပ်ကြီးကြီးမားမားတစ်ခုခု လုပ်ချင်နေတာ ကြာပြီ၊ ငါတို့ ဆီယာမြို့တော် အသင်းခွဲကို တည်ထောင်တာ မကြာသေးတော့ ဟိုမင်းသားရဲ့ လက်ပါးစေ အခိုင်းအစေတွေကို ခြောက်လှန့်ပစ်ဖို့ သတင်းအကြီးအကျယ်တစ်ခု ဖန်တီးဖို့ လိုအပ်နေတာ အမှန်ပဲ" ဟု သန်မာထွားကျိုင်းသော အရာရှိတစ်ဦးက ကျယ်လောင်စွာ ရယ်မောရင်း ထောက်ခံလေသည်။

"ကြီးမားတဲ့ အလုပ်တွေကို လုပ်တာက ငါတို့ကို နာမည်ကျော်ကြားစေမှာ အမှန်ပဲ၊ ဒါပေမဲ့အဲ့သိုင်းပညာရှင်တွေရဲ့ ပြင်းထန်တဲ့ လက်တုံ့ပြန် ကလဲ့စားချေမှုတွေကိုလည်း ဆွဲဆောင်ရာ ရောက်လိမ့်မယ်၊ ဒါကြောင့် လူတိုင်း ကြိုတင်ပြင်ဆင်ထားကြဖို့ လိုအပ်တယ်" ရှီလင်က တည်ငြိမ်စွာ သတိပေးလိုက်ချေသည်။

၎င်းတို့သည် အချိန်အတော်ကြာ တိုင်ပင်ဆွေးနွေးကြပြီးနောက် နောက်ဆုံးတွင် အစီအစဉ်တစ်ခုကို အတည်ပြုနိုင်ခဲ့ကြပေသည်။

အကယ်၍ ထိုကျွန်ကုန်သည်အုပ်စုများကို ဆီယာမြို့တွင်းသို့ ဝင်ရောက်ခွင့်ပြုလိုက်ပါက မြို့စောင့်တပ်ဖွဲ့ဝင်များ၏ အကာအကွယ်ကို ရရှိသွားကြမည်ဖြစ်ရာ ၎င်းတို့ကို တိုက်ခိုက်ရန်မှာ အလွန်တရာ အန္တရာယ်ကြီးမားလှပေလိမ့်မည်။

ထို့ကြောင့် ၎င်းတို့သည် ကျွန်ကုန်သည်အုပ်စုများ ဆီယာမြို့သို့ မရောက်ရှိမီ လမ်းခုလတ်၌ပင် ကြားဖြတ်တိုက်ခိုက်ရန်၊ ဦးချိုကျိုးများကို ကယ်ထုတ်ရန်နှင့် တော်လှန်ရေးတပ်ဖွဲ့သို့ ဝင်ရောက်လိုသူများကို စည်းရုံးသိမ်းသွင်းကာ ကျန်ရှိသောလူများကို စွန့်ပစ်ခဲ့ရန် ဆုံးဖြတ်လိုက်ကြပေသည်။

ယင်းက ၎င်းတို့အတွက် နောက်ဆုံး ရွေးချယ်စရာ နည်းလမ်းတစ်ခု ဖြစ်ပေသည်။ အကြောင်းမူကား တောင်ပေါ်စခန်းရှိ ရိက္ခာထောက်ပံ့မှုသည် လုံလောက်ခြင်းမရှိဘဲ အထက်အဖွဲ့အစည်းထံမှ ခြောက်လတစ်ကြိမ် ပေးပို့သော ရိက္ခာများကိုသာ မှီခိုအားထားနေရသောကြောင့် ဖြစ်ချေသည်။

ထို့ကြောင့် ၎င်းတို့သည် လူအင်အားကို တိုးချဲ့ရမည်ဖြစ်သလို ရိက္ခာခွဲဝေမှုကိုလည်း အသေအချာ ထိန်းချုပ်ရမည် ဖြစ်ပေတော့သည်။

All Chapters