အခန်း ၇၅၈
Vol. 37 Ch. 758
အခန်း (၇၅၈)
“ ငါတို့ တာဝန်ခံတွေအနေနဲ့ အဖွဲ့အသီးသီး ခွဲခြားပြီး တစ်ပြိုင်နက်တည်း လှုပ်ရှားကြရမယ်” ဟု ရှီလင်က တည်ငြိမ်စွာ ဆိုလေသည်။
ဇေခါကလည်း ထိုစကားကို ထောက်ခံသည့်သဘောဖြင့် ခေါင်းညိတ်ပြကာ “ကျွန်တော်လည်း သဘောတူပါသည်၊ တပ်မှူးအနေဖြင့် ဖုန်းကိုအလေးအနက်ထားနေမှတော့ ခုအကြိမ်မှာ သူ့ကို အဖွဲ့တစ်ဖွဲ့အား ဦးဆောင်ခွင့် ပေးလိုက်သင့်တယ်မဟုတ်လား” ဟု ဆို၏။
“မဖြစ်သေးပါဘူး၊ ဖုန်းက ငါတို့ဆီ ရောက်ခါစပဲ ရှိသေးတယ်၊ တိုက်ပွဲရဲ့ ဓားချက်လှံချက်တွေကြားမှာ အတွေ့အကြုံ ယူရဦးမယ်၊ ယခုအကြိမ်တော့ သူ့ကို ငါနဲ့အတူ ခေါ်သွားပြီး အတွေ့အကြုံ ရင့်ကျက်လာမှသာ အဖွဲ့တစ်ဖွဲ့ကို အမိန့်ပေးစေရမယ်” ဟု ရှီလင်က ခေါင်းခါလျက် ငြင်းပယ်လိုက်သည်။
ထိုစဉ်မှာပင် ချင်ယွမ်ဖုန်းက မတ်တတ်ထရပ်လိုက်ပြီး “ကျွန်တော်တစ်ယောက်တည်း သွားပါ့မယ်” ဟု ပြောချလိုက်လေသည်။
“နင်.” ရှီလင်မှာ အံ့အားသင့်သွားရပြီး “နင်တကယ်ပဲ တစ်ယောက်တည်း တတ်နိုင်ပါ့မလား” ဟု မေးရှာသည်။
ဇေခါ၏ မျက်နှာထက်တွင်မူ လှောင်ပြောင် သရော်လိုသော အပြုံးတစ်ခု ထင်ဟပ်လာပြီး “ကောင်းပြီလေ၊ မင်းက အစွမ်းပြချင်နေမှတော့ ခုတစ်ကြိမ်မှာ အဖွဲ့ငယ်တစ်ခုကို အလိုရှိသလို ဦးဆောင်ခွင့်ပေးရုံပေါ့၊ ဒီနေရာရှိ အရာရှိတွေထဲက ကြိုက်တဲ့လူကို ရွေးချယ်ခေါ်ဆောင်သွားနိုင်တယ်” ဟု ဆို၏။
မျှော်လင့်မထားဘဲ ချင်ယွမ်ဖုန်းက ခေါင်းခါပြလိုက်ကာ “မလိုပါဘူး၊ ကျွန်တော် မေတစ်ယောက်တည်းကို ခေါ်သွားရင် ရပါပြီ” ဟု အေးဆေးစွာပင် တုံ့ပြန်လိုက်လေသည်။
ဤစကားသည် စားပွဲဝိုင်းတွင် ထိုင်နေကြသော တာဝန်ခံအရာရှိအားလုံးကို စော်ကားလိုက်သလို ဖြစ်သွားသဖြင့် ထိုသူများအားလုံးက ချင်ယွမ်ဖုန်းအား မကျေမနပ် ဒေါသတကြီး စိုက်ကြည့်လာကြပြီး စကားတစ်ခွန်း မှားသည်နှင့် လက်ပါတော့မည့် အသွင်မျိုး ဆောင်နေကြတော့သည်။
“မင်းစကားက ငါတို့အားလုံးဟာ မိန်းကလေးငယ်တစ်ယောက်ကိုတောင် မမှီဘူးလို့ ဆိုလိုတာလား” ဟု အရာရှိတစ်ဦးက ရွဲ့စောင်း၍ ဆိုလာသည်။
ချင်ယွမ်ဖုန်းကမူ စိတ်ထဲကသာ သက်ပြင်းချမိတော့၏၊ သူသည် မေကို ခေါ်သွားချင်သော်လည်း အပိုဝန်ထုပ်ဝန်ပိုးများကို မလိုချင်သလို အများအပြားရှေ့တွင် မိမိ၏ အစွမ်းအစ အစစ်အမှန်ကိုလည်း မပြသချင်ပေ။
ယင်းကျွန်ကုန်သည်အဖွဲ့များက အစွမ်းထက်သည် ဆိုသော်လည်း ငှားရမ်းထားသော ကိုယ်ရံတော်အများစုမှာ သာမန်တစ်ပါးကျွန်းသား မိစ္ဆာများသာ ဖြစ်ကြပြီး သိုင်းပညာရှင်အချို့ ပါဝင်လျှင်ပင် အဆင့်နိမ့်ကျလှသူများသာ ဖြစ်ကြပေရာ စိုးရိမ်စရာမရှိဟု တွေးမိသည်။
အကြောင်းမူကား အနည်းငယ်မျှ အစွမ်းထက်သော တစ်ပါးကျွန်းသား မိစ္ဆာမှန်သမျှသည် စစ်သည်တော်များ ဖြစ်လာကြသောကြောင့် ဖြစ်ချေသည်။ ထိုမိစ္ဆာနယ်မြေအတွင်း၌ လူတိုင်းသည် စစ်သည်တော်များသာ ဖြစ်ကြကုန်၏။
ထို့ပြင် မိစ္ဆာနယ်မြေရှိ မိစ္ဆာများသည် မျိုးပွားနိုင်စွမ်း အလွန်တရာ မြင့်မားကြပြီး အမျိုးသမီးမိစ္ဆာများသည် ကလေးယူခြင်းကို ပျော်စရာတစ်ခုလို သဘောထားကာ တစ်ယောက်ပြီးတစ်ယောက် မနားတမ်း မွေးဖွားကြသဖြင့် လူဦးရေမှာ အစဉ်သဖြင့် တိုးပွားနေခြင်း ဖြစ်သည်။
“ခင်ဗျားတို့ကို ခေါ်သွားရင် ကျွန်တော့်အတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်လိမ့်မယ်လို့ ပြောတာပါ” ဟု ချင်ယွမ်ဖုန်းက ရှည်ရှည်ဝေးဝေး ရှင်းမပြတော့ဘဲ ဒဲ့တိုးပင် ဆိုလိုက်သည်။
“ကောင်းပြီလေ၊ မင်းမှာ ဘယ်လောက်အစွမ်းရှိလဲဆိုတာ ငါကိုယ်တိုင် ကြည့်ရသေးတာပေါ့” ဟု ဆိုကာ တာဝန်ခံတစ်ဦးက ချင်ယွမ်ဖုန်းကို စိန်ခေါ်ရန် မတ်တတ်ထရပ်လိုက်လေသည်။
“တော်ကြတော့၊ ဒီလိုဆိုရင် ဖုန်းက ဆီယာမြို့ရဲ့ မြောက်ဘက်ကနေ လာမယ့် ကျွန်ကုန်သည် ဂျရတ်ကို သွားရောက် တားဆီးချေမှုန်းပေတော့”
ဟု ရှီလင်က တည်ငြိမ်လှသော လေသံဖြင့် အမိန့်ပေးကာ အငြင်းပွားမှုကို ဖြန်ဖြေလိုက်၏။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး ဘာစကားမျှ ထပ်မဆိုတော့ပေ။ ကျန်ရှိနေသော တာဝန်ခံများလည်း ပြန်လည်ထိုင်လိုက်ကြသော်လည်း သူတို့အားလုံးကမူ ချင်ယွမ်ဖုန်းတစ်ယောက် အရှက်ရမည့်အရေးကိုသာ မျှော်လင့်နေကြပြီး အကောင်းဆုံးအနေဖြင့် ထိုနေရာတွင်ပင် အသက်ပျောက်သွားသည့် သတင်းကို ကြားချင်နေကြခြင်း ဖြစ်သည်။
မေမှာမူ ကြောက်ရွံ့နေသဖြင့် စကားတစ်ခွန်းမျှ မဟရဲရှာဘဲ ချင်ယွမ်ဖုန်း၏ လက်ကိုသာ တင်းကြပ်စွာ ဆုပ်ကိုင်ထားမိတော့သည်။
မကြာမီပင် အဖွဲ့များ ခွဲဝေပြီးစီးသွားခဲ့၏၊
ဆီယာမြို့သို့ လာရောက်မည့် ကျွန်ကုန်သည် စုစုပေါင်း ကိုးဦးရှိရာ ချင်ယွမ်ဖုန်းကို ဖယ်ထုတ်လျှင်ပင် ကျန်ရှိနေသော တာဝန်ခံများက တစ်ဖွဲ့လျှင် နှစ်ဦးစီ တာဝန်ယူကာ တစ်ဖွဲ့ချင်းစီ၌ လူဆယ်ဦးစီ ခေါ်ဆောင်သွားရန် အကွက်ကျကျပင် ဖြစ်သွားတော့သည်။
ဤတစ်ကြိမ် စစ်ဆင်ရေးသည် စခန်းတစ်ခုလုံး၏ အစွမ်းကုန် ထုတ်သုံးရသော တိုက်ပွဲကြီးဟု ဆိုရပေမည်။
အစည်းအဝေးအပြီးတွင် ညစာ စတင်ကျွေးမွေးလေသည်၊ တောင်ပေါ်စခန်းတွင် ရိက္ခာ သိပ်မပေါများသော်လည်း ချင်ယွမ်ဖုန်းနှင့် အခြားလူသစ်များကို ကြိုဆိုသည့်အနေဖြင့် အသားဟင်းများ အပါအဝင် စားသောက်ဖွယ်ရာ အမြောက်အမြားကို ထုတ်ပေးထားကြ၏။
မေမှာမူ နှုတ်ခမ်းတွင် ဆီများ ပေကျံနေသည်အထိ အသားများကို ငတ်မွတ်တကြီး စားသောက်နေရှာသည်၊ သူမအနေဖြင့် အသားမစားရသည်မှာ အလွန်ကြာမြင့်ခဲ့ပြီ မဟုတ်လော။
“အကိုဖုန်း... မစားဘူးလား” ဟု ချင်ယွမ်ဖုန်းက ရေအနည်းငယ်သာ သောက်နေသည်ကို မြင်သဖြင့် မေက လှမ်းမေးလေသည်။
ချင်ယွမ်ဖုန်းက ပြုံးပြလိုက်ကာ “မင်းပဲ စားပါ၊ မင်းဗိုက်ပြည့်အောင် စားပြီးရင် ငါတို့ အရေးကြီးတဲ့ အလုပ်တစ်ခု သွားလုပ်ရမယ်” ဟု ဆို၏။
မေက နားမလည်နိုင်သလိုဖြင့် ခေါင်းညိတ်ပြသည်၊ သူမသည် အစည်းအဝေးတွင် ပါဝင်ခဲ့သဖြင့် ဖုန်းပြောသော အရေးကြီးသည့်အလုပ်မှာ ဘာလဲဆိုတာကို သိနေပေရာ လေသံကို လျှော့၍ “ဖုန်း... မေကို ခေါ်သွားရင် အကိုအတွက် တကယ်ပဲ ဝန်ထုပ်ဝန်ပိုး မဖြစ်ဘူးလားဟင်” ဟု တိုးတိုးလေး မေးရှာသည်။
“မဖြစ်ပါဘူး၊ အဲ့ကိစ္စမျိုး ဘယ်တော့မှ မရှိစေရဘူး” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် မေ၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။
သူမကို ခေါ်ဆောင်သွားချင်သည့် အကြောင်းရင်းတစ်ခုမှာ မိမိ၏ သမီးငယ် နန်ယွင်ကြောင့်လည်း ဖြစ်၏၊ မေကို မြင်ရသည်မှာ မိမိသမီးလေးကို မြင်ရသည်နှင့် တူနေသဖြင့် ချင်ယွမ်ဖုန်းက စောင့်ရှောက်ပေးချင်နေခြင်း ဖြစ်ပေသည်။
မကြာခင်မှာပင် လူတိုင်း စားသောက်ပြီးစီးသွားကြပြီး နောက်တစ်နေ့ နံနက်အစောပိုင်းတွင် တောင်ပေါ်မှ ဆင်းကာ မိမိတို့ တာဝန်ကျရာ အရပ်အသီးသီးသို့ သွားရောက် စောင့်ဆိုင်းကြရန် ရှီလင်က အမိန့်ပေးလိုက်သဖြင့် လူတိုင်း အနားယူရန် ပြင်ကြတော့သည်။
ချင်ယွမ်ဖုန်းနှင့်အတူ ပါလာသော လူသစ်များကိုမူ ဗဟိုစခန်း၌ပင် ချန်ထားရစ်ခဲ့ပြီး မိုရီက သူတို့ကို သိုင်းပညာရပ်များ သင်ကြားပေးရန် တာဝန်ယူရလေသည်။
ညဉ့်နက်ပိုင်းတွင် ချင်ယွမ်ဖုန်းသည် မိုရီက လူသစ်များကို ကျင့်ကြံခြင်းပညာရပ် သင်ကြားပေးနေသည်ကို စောင့်ကြည့်ရင်း စိတ်ထဲတွင် အံ့အားသင့်သွားရသည်၊ အကြောင်းမူကား ယင်းကျင့်ကြံခြင်းပညာရပ်သည် မိမိ၏ သက်တမ်းကို စွမ်းအင်နှင့် လဲလှယ်ရသော ကျင့်စဉ်မျိုး ဖြစ်နေသောကြောင့် ဖြစ်၏။
ရှန်းဝူ စကြဝဠာ တိုက်ကြီးတွင်မူ ဤသို့သော ကျင့်စဉ်သည် အခြားလူများ သို့မဟုတ် မိမိ၏ ဇီဝအသက်စွမ်းအားကို လုယူပြီး စွမ်းအင်ရယူရသည့် မိစ္ဆာကျင့်စဉ်အဖြစ်ချေသည်။
ဤကျင့်စဉ်ကို ကျင့်ကြံသူများသည် အသက်ရှည်ရှည် မနေရဘဲ အသက်သုံးဆယ် သို့မဟုတ် လေးဆယ်အရွယ်တွင် သေဆုံးသွားတတ်ကြသည်မှာ ထုံးစံလို ဖြစ်နေပြီး တိုက်ပွဲတိုင်းတွင်လည်း မိမိ၏ အသက်စွမ်းအားကို မီးရှို့အသုံးပြုရသဖြင့် သက်တမ်းမှာ ပို၍ပင် တိုတောင်းလှပေလိမ့်မည်။
သို့သော်လည်း ချင်ယွမ်ဖုန်းက ဘာမှ ဝင်မပြောခဲ့ပေ၊ ဤဦးချိုကျိုးနေသော ဒုက္ခသည်များအတွက်မူ စွမ်းအင်ရရှိရန် မိမိတို့၏ အသက်မှတစ်ပါး အခြားလဲလှယ်စရာ အရင်းအနှီး မရှိရှာတော့သည်ကို နားလည်မိသောကြောင့် ဖြစ်တန်ရာသည်။
နောက်တစ်နေ့ အရုဏ်မတက်မီမှာပင် ချင်ယွမ်ဖုန်းသည် ရှီလင်ကို နှုတ်ဆက်ကာ မေကို ခေါ်ဆောင်လျက် တောင်ပေါ်မှ ဆင်းခဲ့တော့သည်။
“တပ်မှူး... ငါတို့ ဒီဖုန်း ဆိုတဲ့လူကို တကယ်ပဲ ယုံကြည်လို့ရပါ့မလား” ဟု ချင်ယွမ်ဖုန်းတို့ ပုံရိပ် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း မိုရီနှင့် အခြားလူများက ရှီလင်၏အနောက်သို့ ရောက်လာကာ မေးကြ၏။
“ငါလည်း သေသေချာချာတော့ မသိဘူး၊ ဒါပေမဲ့ ငါ့ရဲ့ အာရုံခံစားချက်အရတော့ ဖုန်းက လူကောင်းတစ်ယောက်ပါ၊ ယခုတစ်ကြိမ်မှာတော့ ငါ့အာရုံ မှန်ကန်ပါစေလို့ပဲ မျှော်လင့်ရတာပေါ့” ဟု ရှီလင်က အေးဆေးစွာပင် ဆိုလိုက်လေသည်။
ချင်ယွမ်ဖုန်း ထွက်ခွာသွားပြီးနောက် တာဝန်ခံအသီးသီးကလည်း မိမိတို့အဖွဲ့ကို ဦးဆောင်ကာ တောင်ပေါ်မှ ဆင်းသွားကြသဖြင့် စည်ကားခဲ့သော တောင်ပေါ်စခန်းကြီးမှာ ချက်ချင်းပင် ခြောက်ကပ်တိတ်ဆိတ်သွားတော့သည်။
“အကိုဖုန်း... ငါတို့ ဘယ်ကို သွားကြမှာလဲ” ဟု ချင်ယွမ်ဖုန်း၏ ပုခုံးပေါ်တွင် ထိုင်နေသော မေက လှမ်းမေးသည်။
“ဟိုဘက်ကို သွားကြမယ်၊ ကျွန်ကုန်သည် ဂျရတ်က အဲဒီအရပ်ကနေ ဆီယာမြို့ကို လာလိမ့်မယ်လို့ ရှီလင် ပြောထားတယ်” ဟု ချင်ယွုန်းဖုန်းက မြောက်ဘက်အရပ်ကို လက်ညှိုးညွှန်ပြရင်း ဆိုလိုက်၏။
သူတို့ ထွက်ခွာလာစဉ်က ဦးချိုကျိုးနေသည်ကို ဖုံးကွယ်နိုင်ရန်အတွက် ရှီလင်က ချင်ယွမ်ဖုန်းနှင့် မေတို့ကို ဝတ်ရုံရှည် နှစ်ထည် ပေးအပ်ခဲ့ပေသည်။
တောင်ပေါ်မှ ဆင်းလာပြီး မကြာမီမှာပင် လမ်းမကြီး၏ ဝဲယာနှစ်ဖက်စလုံး၌ ပိန်လှီဖျော့တော့နေသော တစ်ပါးကျွန်းသား မိစ္ဆာအမြောက်အမြားကို ချင်ယွမ်ဖုန်း မြင်တွေ့လိုက်ရသည်။
ထိုမိစ္ဆာများသည် ငတ်မွတ်ခေါင်းပါးနေသော ဒုက္ခသည်များပမာ ဖြစ်ကြပြီး ကောက်ပဲသီးနှံ အနည်းငယ် စိုက်ပျိုးနိုင်မည့် နေရာများတွင် စုဝေးနေကြကာ အစာရေစာ ရရှိရန် ထိုမြေရိုင်းများကိုသာ အမှီပြု၍ မသေရုံတမယ် ရုန်းကန်နေကြရရှာသည်။
ဤသို့ဖြင့် ထိုနေရာများသည် ဆင်းရဲသားရပ်ကွက်များ ဖြစ်လာခဲ့ရပြီး မိစ္ဆာနယ်မြေအတွင်း၌ ဤသို့သော ဆင်းရဲသားရပ်ကွက်များမှာ ရေတွက်၍ပင် မရနိုင်တော့ပေ။
မြို့တွင်းရှိ သာမန်လူများသည် အနည်းဆုံး အစာရေစာ ဝဝလင်လင် စားရသော်လည်း ဤနေရာမှ လူများကမူ တကယ်ပင် ငတ်မွတ်ခေါင်းပါးနေကြခြင်း ဖြစ်သည်။
မေသည် လမ်းဘေးဝဲယာရှိ လူများကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေရှာသည်၊ သူမသည် ငယ်စဉ်ကတည်းက ကျွန်ကုန်သည်များနောက်သို့သာ လိုက်ပါခဲ့ရပြီး မည်သူကမျှ ဝယ်ယူခြင်း မရှိခဲ့သဖြင့် ပြင်ပလောကကြီးကို တစ်ခါမျှ မမြင်ဘူးခဲ့ပေ။
“သွားကြစို့၊ ငါတို့လည်း သနားစရာကောင်းတဲ့ လူတွေပါပဲ၊ မင်းရဲ့ သနားဂရုဏာတွေ သူတို့အတွက် မလိုပါဘူး” ဟု ဆိုကာ ချင်ယွမ်ဖုန်းက မေကို ခေါ်၍ ခပ်သွက်သွက်ပင် ထွက်ခွာလာခဲ့သည်။
သူတို့သည် လမ်းမကြီးကို ရှောင်ကွင်းကာ သစ်ပင်ကျဲကျဲ ရှိသော တောအုပ်တစ်ခုအတွင်းသို့ ဝင်ရောက်လာခဲ့ကြ၏။ မိစ္ဆာနယ်မြေတွင်လည်း မိစ္ဆာသားရဲများနှင့် တောအုပ်များ ရှိပေသည်။
တောအုပ်၏ အစွန်အဖျားရှိ သစ်ပင်များအားလုံးမှာ အခွံများ ဆိတ်ဖြတ်စားသောက်ခြင်း ခံထားရသည်ကို ချင်ယွမ်ဖုန်း သတိပြုမိသည်၊ ထိုဆင်းရဲသားများမှာ တောနက်ပိုင်းသို့ မဝင်ရဲကြသဖြင့် တောအုပ်၏ အနက်ရှိုင်းဆုံးပိုင်းရှိ သစ်ပင်များသာ မပျက်မစီးဘဲ ကျန်ရှိနေခြင်း ဖြစ်သည်။
“အကိုဖုန်း... ငါတို့ တကယ်ပဲ အထဲကို ဝင်ကြမှာလား” ဟု မေက အနည်းငယ် ကြောက်ရွံ့နေသည့် အသွင်ဖြင့် ချင်ယွမ်ဖုန်း၏ လက်ကို ဆွဲကာ မေးရှာသည်။
ထိုမှောင်မိုက်နေသော တောနက်ကြီးက သူမအား ပင်ကိုယ်ဗီဇအရ ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေပုံရသည်။
“မစိုးရိမ်ပါနဲ့၊ ငါ ရှိနေတာပဲ၊ ဘာမှမဖြစ်စေရဘူး” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် နှစ်သိမ့်လိုက်၏။
သူတို့ တောအုပ်ထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် သန်မာထွားကျိုင်းလှသော သတ္တဝါကြီးတစ်ကောင်သည် သူတို့နှစ်ဦး၏ ရှေ့မှောက်တွင် ရုတ်တရက် ပေါ်လာတော့သည်။
၎င်းမှာ အလွန်တရာ ဆာလောင်မွတ်သိပ်နေပုံရပြီး မျက်လုံးများ သွေးဆာသလို နီမြန်းနေသည့် အကြေးခွံပါသော သားရဲကြီးတစ်ကောင် ဖြစ်ချေသည်၊ ထိုသားရဲကြီးသည် ချင်ယွမ်ဖုန်းနှင့် မေတို့ကို မြင်သည်နှင့် စိတ်ရူးပေါက်သွားသည့်အလား သူတို့ထံသို့ တဟုန်ထိုး ပြေးဝင် တိုက်ခိုက်လာလေတော့သည်။