အခန်း ၇၅၉
Vol. 37 Ch. 759
အခန်း (၇၅၉)
“အား...”
တောနက်ကြီးတစ်ခုလုံး တုန်ဟီးသွားလောက်အောင် ထွက်ပေါ်လာသည့် မေ၏ ကြောက်လန့်တကြား အော်ဟစ်သံမှာ ဝေးလံလှသော အရပ်ဆီသို့တိုင် ပျံ့လွင့်သွားချေသည်။
သို့သော်လည်း မကြာမြင့်သော အချိန်ပိုင်းအတွင်းမှာပင် ချင်ယွမ်ဖုန်းသည် မီးပုံတစ်ခုကို အောင်မြင်စွာ ဖိုလိုက်ပြီးနောက် ထိုမိစ္ဆာသားရဲကြီးအား ကျွမ်းကျင်လှသော လက်ကွက်များဖြင့် အရေခွံဆုတ်၊ အသားတစ်စစီ ခုတ်ထိုင်ကာ မီးပေါ်သို့ တင်၍ ကင်လေတော့သည်။
ယင်းသို့သော မိစ္ဆာသားရဲများသည် သာမန်လူသားများအတွက်မူ အလွန်တရာ အစွမ်းထက်လှသည် ဆိုသော်ငြား ချင်ယွမ်ဖုန်း၏ ရှေ့မှောက်တွင်မူ ပုရွက်ဆိတ်တစ်ကောင်ထက် မပိုလှချေ။
မေသည် မီးပုံထက်၌ တရွှဲရွှဲ ကျနေသော ဆီဦးများနှင့်အတူ မွှေးပျံ့စွာ ကျက်မှတ်လာသည့် သားရဲသားကို တံတွေးမြိုချလျက် တမ်းတမ်းတတ စိုက်ကြည့်နေမိရင်း တစ်ဖက်မှလည်း ချင်ယွမ်ဖုန်းအား ခိုး၍ အကဲခတ်နေမိရှာသည်။
“အကိုဖုန်း... က တကယ်ပဲ အစွမ်းထက်တာပဲနော်၊ အရင်ကလည်း အဲဒီလို သားရဲကြီးတစ်ကောင်နဲ့ တိုးဖူးတယ်၊ အဲဒီတုန်းက ဦးချိုကျိုးနေတဲ့ မိစ္ဆာတစ်ယောက်ကို ဆွဲခေါ်သွားပြီး ကိုက်စားပစ်တာ မြင်ဖူးတယ်”
“သူတို့က တကယ်ပဲ အစာငတ်မွတ်နေကြလို့ပါ၊ ဒါကြောင့်မို့လို့သာ ဒီလို မိစ္ဆာသားရဲတွေတောင် တောနက်ထဲကနေ အပြင်ကို အလွယ်တကူ ထွက်လာကြတာပေါ့” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်အေးဆေးစွာပင် ဆိုလိုက်လေသည်။
မေ၏ စိတ်အစုံတွင် အတိုင်းအဆမရှိသော လုံခြုံမှုကို ခံစားလိုက်ရ၏၊ ချင်ယွမ်ဖုန်းသာ သူမ၏ နံဘေးတွင် ရှိနေပါက လောက၌ မည်မျှပင် ခက်ခဲသော ဘေးဒုက္ခမျိုး ကြုံရပါစေ အားလုံးကို ကျော်ဖြတ်နိုင်လိမ့်မည်ဟု သွေးသားထဲမှ ယုံကြည်နေမိသည်။
မကြာမီမှာပင် သားရဲသားမှာ ကောင်းစွာ ကျက်မှတ်သွားချေပြီ၊ ချင်ယွမ်ဖုန်းသည် သားရဲ၏ ပေါင်သားတစ်ဖက်ကို ဆွဲဖဲ့ကာ မေထံသို့ ကမ်းပေးလိုက်ရာ မိန်းကလေးငယ်မှာ ငတ်မွတ်ခေါင်းပါးနေသည့်အလား လောဘတကြီးပင် ကိုက်ဝါးစားသောက်တော့သည်။
ချင်ယွမ်ဖုန်းနှင့်အတူ လိုက်ပါလာသည့် ရက်ပိုင်းမျှသော အချိန်အတွင်း သူမတစ်သက်တွင် တစ်ခါမျှ မစားဖူးလောက်အောင် အသားဟင်းများကို ဝဝလင်လင် စားသောက်ခွင့် ရခဲ့ချေပြီ။
“တကယ် မွှေးတာပဲ” ဟု မေက နှုတ်ခမ်းထက်တွင် ဆီဦးများ ပေကျံနေလျက်နှင့် ရေရွတ်ရှာသည်။
ချင်ယွမ်ဖုန်းကလည်း အသားအချို့ကို မြည်းစမ်းကြည့်မိသော်လည်း မည်သည့် အမွှေးအကြိုင် ဆား၊ အရသာမျှ ခတ်နှိပ်ထားခြင်း မရှိသဖြင့် သိပ်တော့ အရသာမရှိလှပေရာ စားချင်စိတ် သိပ်မရှိလှတော့ပေ။
အမှန်စင်စစ်မူ သူ၏ သိုလှောင်အိတ် လက်စွပ်ထဲ၌ အစားအသောက်များ၊ ဟင်းခတ်အမွှေးအကြိုင်များနှင့် သန့်စင်သော ရေစင်များ အမြောက်အမြား ရှိနေသော်လည်း ချင်ယွမ်ဖုန်းသည် ယင်းကို ထုတ်ဖော်မပြသခဲ့ပေ။
မေသည် ဤလျှို့ဝှက်ချက်ကို စောင့်ထိန်းနိုင်မည် ဆိုစေဦးတော့၊ နောင်တစ်ချိန်တွင် တစ်နည်းနည်းဖြင့် ပေါက်ကြားသွားနိုင်သည်မှာ ဓမ္မတာ ဖြစ်ပေရာ အချိန်အတန်ကြာ၍ ယုံကြည်စိတ်ချရမှသာ သိုလှောင်အိတ်လက်စွပ်အကြောင်းကို ပြောပြရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။
စားသောက်ပြီးကြသောအခါ ချင်ယွမ်ဖုန်းသည် ကျန်ရှိနေသော သားရဲသားများကို မိမိ၏ ဝတ်ရုံရှည်ဖြင့် အုပ်ကာ ကျောပိုးလွယ်လိုက်ပြီး ဦးချိုကျိုးနေသည်ကို ဖုံးကွယ်ရန်အတွက် ဝတ်ရုံဦးထုပ်ကိုသာ ဆောင်းထားလိုက်တော့သည်
ထို့နောက် မြောက်ဘက်အရပ်သို့ ဦးတည်လျက် ဆီယာမြို့၏ အရှေ့ဘက်တံခါးသို့ သွားရာ လမ်းမကြီးကို ဖြတ်ကျော်ကာ မြောက်ဘက်တံခါးသို့ တိုက်ရိုက်ပေါက်သည့် လမ်းမကြီးဆီသို့ ချီတက်ခဲ့၏။
သူ၏ လမ်းဆုံးပန်းတိုင်မှာ ထိုလမ်းမကြီးအတိုင်း လိုက်ပါသွားပါက ဆီယာမြို့တွင်းသို့ ရောက်ရှိမည် ဖြစ်ချေသည်။
ရထားလုံး မရှိသဖြင့် ခြေကျင်ခရီးဖြင့် သွားရမည်ဆိုပါက လမ်းခရီးမှာ အလွန် ကြာမြင့်ပေလိမ့်မည်၊ သို့သော်လည်း ချင်ယွမ်ဖုန်းသည် မေကို ကျောပိုး၍ တစ်လမ်းလုံး အပြင်းနှင်ခဲ့ရာ မြင်းရထားလုံးထက်ပင် မြန်ဆန်နေသေးတော့သည်။
ယင်းသည်ပင် ချင်ယွမ်ဖုန်းက မိမိ၏ စွမ်းအင်များကို တမင်တကာ ထိန်းချုပ် နှိပ်ကွပ်ထားသောကြောင့် ဖြစ်၏၊ သို့မဟုတ်ပါက ဤမျှဝေးသော ခရီးကို သုံးရက်မျှဖြင့် အရောက်သွားနိုင်ချေသည်။
ထိုသို့ ထိန်းချုပ်ထားသည့်တိုင် ချင်ယွမ်ဖုန်းသည် ခုနစ်ရက်မျှသော အချိန်အတွင်းမှာပင် လိုရာခရီးသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိခဲ့လေသည်။
ဤလမ်းမကြီးကား ဆီယာမြို့၏ မြောက်ဘက်တံခါးသို့ သွားရာ လမ်းမကြီးပင် ဖြစ်၏၊ ဆီယာမြို့သို့ ရောက်ရန် မိုင်အနည်းငယ်မျှ လိုပါသေးသော်လည်း ကျွန်ကုန်သည် ဂျရတ်သည် ဤနေရာကို မလွဲမသွေ ဖြတ်သန်းသွားရမည် ဖြစ်သည်။
“ကဲ... ငါတို့ ဒီနေရာမှာပဲ စောင့်ကြတာပေါ့” ချင်ယွမ်ဖုန်းက မေကို ခေါ်ဆောင်၍ လမ်းဘေးတစ်နေရာတွင် ဝင်ထိုင်လိုက်သည်။
သူတို့နှင့် မလှမ်းမကမ်းတွင် ဆင်းရဲသားရပ်ကွက်တစ်ခု ရှိနေပြီး ထိုနေရာရှိ အိမ်များမှာ သစ်ကိုင်း သစ်ခက်များကို ဖြစ်သလို စုစည်း၍ လေဒဏ်မိုးဒဏ် ခံနိုင်ရုံမျှ ဆောက်လုပ်ထားကြခြင်း ဖြစ်၏။
ထိုအရပ်ရှိ မိစ္ဆာများသည် ချင်ယွမ်ဖုန်းနှင့် မေတို့ကို မြင်သောအခါ ထူးထူးခြားခြား စိတ်ဝင်စားခြင်း မရှိကြပေ၊ အကြောင်းမူကား ချင်ယွုန်းဖုန်းနှင့် မေတို့၏ ပုံပန်းသဏ္ဌာန်မှာ အစာရေစာ ငတ်မွတ်ခေါင်းပါးနေသော ဒုက္ခသည်များနှင့် တစ်ပုံစံတည်း တူညီနေပြီး အထူးသဖြင့် မေမှာ အာဟာရချို့တဲ့နေသည့် အသွင် ဆောင်နေသောကြောင့် ဖြစ်တန်ရာသည်။
သို့သော်လည်း အစားစားချိန် ရောက်တိုင်း ချင်ယွမ်ဖုန်းသည် မေကို ခေါ်ဆောင်ကာ လူသူဝေးရာ လျှို့ဝှက်သော နေရာတစ်ခုသို့ သွားရောက်၍ လမ်းခရီးတွင် သိုလှောင်လာခဲ့သော သားရဲသားများကို ထုတ်ယူ စားသောက်တတ်ကြသည်။
ချင်ယွမ်ဖုန်းနောက်သို့ လိုက်ပါလာကတည်းက မေသည် နေ့စဉ်ရက်ဆက် အသားဟင်းများကို စားသုံးခွင့်ရသဖြင့် သူမ၏ စိတ်ထဲတွင် အတိုင်းမသိ ပျော်ရွှင်နေမိတော့သည်။
နောက်ဆုံးတွင် သုံးရက်မျှ စောင့်ဆိုင်းပြီးနောက် ချင်ယွမ်ဖုန်းသည် သူ၏ ပစ်မှတ်ကို လှမ်း၍ မြင်လိုက်ရချေပြီ။
ဝေးလံလှသော အရပ်ဆီမှ မြင်းရထားလုံး အစီးပေါင်း ဒါဇင်ချီ ပါဝင်သော အဖွဲ့ကြီးတစ်ဖွဲ့ ချဉ်းကပ်လာသည်ကို မြင်တွေ့ရ၏၊ ထိုရထားလုံးများပေါ်တွင် ပါလာသူအားလုံးမှာ ဦးချိုကျိုးနေသည့် မိစ္ဆာများ ဖြစ်ကြသည်။
ထို့ပြင် ယင်းဦးချိုကျိုးနေသူများမှာ သန်မာထွားကျိုင်းသော လူငယ်ယောက်ျားများ သို့မဟုတ် ရုပ်ရည်အသင့်အတင့် လှပကြသော အမျိုးသမီးများသာ ဖြစ်ကြချေသည်။
တပ်စုကြီး၏ အရှေ့ဆုံးတွင်မူ အလွန်တရာ ခမ်းနားထည်ဝါလှသော ဝေါယာဉ်တစ်စီး ပါဝင်လာပြီး ထိုဝေါယာဉ်အတွင်း၌ ထိုင်နေသူမှာ ကျွန်ကုန်သည်ကြီး ဂျရတ် ဖြစ်တန်ရာသည်။
ဤသူများသည် ယခုအကြိမ် ကျွန်လေလံပွဲတွင် လေလံတင်ရောင်းချမည့် ဦးချိုကျိုး ကျွန်များ ဖြစ်ကြပေရာ သူတို့၏ အရည်အသွေးမှာ သဘာဝအတိုင်းပင် အလွန် ကောင်းမွန်လှပေသည်။
ကျွန်ကုန်သည်ကြီး ဂျရတ်သည် အလွန် ဩဇာအာဏာ ကြီးမားသူဖြစ်ပြီး သူ ဖမ်းဆီးရောင်းဝယ်သော ဦးချိုကျိုးကျွန်များမှာ အမြဲတမ်း ထိပ်တန်းအဆင့်များသာ ဖြစ်ကြသည်။
“မေလေး... ငါတို့ဆီကို အလုပ်ရှင် ရောက်လာပြီ” ဟု ချင်ယွမ်ဖုန်းက ခပ်အေးအေးပင် ဆိုလိုက်ပြီး လမ်းမကြီး၏ အလယ်ဗဟိုဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားလေတော့သည်။
“ဟေ့လူငယ်... မင်း ရူးနေတာလား၊ အဲဒါ အကြီးစား ကျွန်ကုန်သည်ကြီးရဲ့ အဖွဲ့ကွ၊ မင်း သူတို့ကို သွားပြီး ဒေါသဆွရင် မင်းရဲ့ ဦးချိုကိုပါ ဖြတ်ပြီး ကျွန်အဖြစ် ရောင်းစားပစ်လိမ့်မယ်” ဟု လမ်းဘေးမှ မိစ္ဆာတစ်ဦးက စေတနာဖြင့် လှမ်း၍ သတိပေးရှာသည်။
ထိုအခါ ချင်ယွမ်ဖုန်းက မိမိ၏ ဝတ်ရုံဦးထုပ်ကို ဖြည်းညှင်းစွာ ချွတ်ပစ်လိုက်ရာ သူ၏ ဦးချိုကျိုးနေသော ကတုံးကနတ် ခေါင်းကြီး ပေါ်ထွက်လာတော့သည်။
ထိုသည်ကို မြင်လျှင် မြင်ချင်းပင် စောစောက သတိပေးခဲ့သော မိစ္ဆာသည် ချက်ချင်း နှုတ်ဆိတ်သွားတော့၏။ ဒုက္ခသည်များကြားတွင်ပင် အချင်းချင်း နှိမ်ချတတ်သော အဆင့်အတန်း ခွဲခြားမှု ရှိပေရာ သူတို့သည် ဦးချိုကျိုးနေသော ကျွန်တန်းစားများကို အလွန်တရာ အထင်သေးကြခြင်း ဖြစ်သည်။
ဒုက္ခသည်များမှာ ဆင်းရဲသော်လည်း အနည်းဆုံးတော့ လွတ်လပ်ခွင့် ရှိကြသေး၏၊ သို့သော် ဦးချိုကျိုးကျွန်များအဖို့မူ မိမိတို့၏ အသက်ရှင်သန်ခွင့်နှင့် သေဆုံးခွင့်ကိုပင် ကိုယ်တိုင် ဖန်တီးနိုင်စွမ်း မရှိကြချေ။
ကာကွယ်ရေးအစောင့် ရာဂဏန်းမျှ ခြံရံထားသော ဧရာမ ကျွန်ကုန်သည်တပ်စုကြီးသည် ချင်ယွမ်ဖုန်း၏ ရှေ့မှောက်တွင် ရုတ်တရက် ရပ်တန့်သွားတော့သည်။
ရှေ့ဆုံးမှ ဦးဆောင်လာသော ကာကွယ်ရေးအစောင့်များသည် ချင်ယွမ်ဖုန်းကို မြင်လိုက်ရသောအခါ မျက်နှာများတွင် ဝမ်းသာအားရ ဖြစ်သွားကြ၏။
“သခင်ကြီး ဂျရတ်... ဒီမှာ ဦးချိုကျိုးနေတဲ့ ယောက်ျားတစ်ယောက် ရှိနေပါတယ်၊ ကြည့်ရတာ အတော်လေး ကောင်းမွန်တဲ့ ကုန်ပစ္စည်း ဖြစ်ပုံရပါတယ်” ဟု အစောင့်တစ်ဦးက ဝေါယာဉ်အနီးသို့ အပြေးအလွှား သွားရောက်၍ သတင်းပို့လေသည်။
“ဖမ်းလိုက်လေ၊ ငါတို့ဆီကို အလကား လာအပ်တဲ့ ပစ္စည်းပဲ၊ ဘာလို့ လက်လွတ်ခံရမှာလဲ” ဟု ပျင်းရိငြီးငွေ့ဖွယ် လေသံတစ်ခု ဝေါယာဉ်အတွင်းမှ ထွက်ပေါ်လာသည်။
“ဪ... ဒါနဲ့၊ သူ့အနားမှာ ဦးချိုကျိုးနေတဲ့ မိန်းကလေးငယ်တစ်ယောက်လည်း ပါသေးတယ်ခင်ဗျ၊ အသက် သိပ်မကြီးသေးဘူး” ဟု အစောင့်က ထပ်လောင်း ပြောကြားပြန်သည်။
“သတ်ပစ်လိုက်၊ အလကား အပိုပဲ၊ အရွယ်က သေးလွန်းတော့ ဘယ်သူကမှ ဝယ်မှာ မဟုတ်ဘူး” ထို လေသံမှာ ပျင်းရိမြဲ ပျင်းရိနေဆဲ ဖြစ်ပြီး ဦးချိုကျိုးနေသော သတ္တဝါတစ်ကောင်ကို သတ်ဖြတ်ရခြင်းမှာ သူ၏အတွက် ဖုန်မှုန့်တစ်ခုကို ခါချလိုက်သကဲ့သို့ပင် ဘာမျှ အရေးမပါလှချေ။
“အမိန့်အတိုင်းပါ သခင်ကြီး”
ထိုအစောင့်သည် မိမိ၏ မြင်းဖြတ်ဓားမကြီးကို ဆွဲထုတ်လိုက်ပြီး ချင်ယွမ်ဖုန်းထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာကာ “မင်းက ငါတို့လမ်းကို ပိတ်ရဲတယ်ပေါ့၊ သေချင်နေတာလား” ဟု ဟိန်းဟောက်လိုက်၏။
ချင်ယွမ်ဖုန်းက ပြုံးလိုက်ရင်း “မင်းတို့က တကယ်ပဲ နှေးကွေးလွန်းပါတယ်၊ ငါ ဒီနေရာမှာ စောင့်နေတာ သုံးရက်တောင် ရှိသွားပြီ” ဟု ဆိုလိုက်သည်။
“ဘာ...” အစောင့်သည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ရိပ်မိသွားပြီး “မင်းတို့က အမှန်တကယ် ဘယ်သူတွေလဲ” ဟု မေးမြန်းတော့သည်။
“တော်လှန်ရေးတပ်ဖွဲ့” ဟု ချင်ယွမ်ဖုန်းက ခပ်အေးအေးပင် တုံ့ပြန်လိုက်၏။
“တော်လှန်ရေးတပ်ဖွဲ့” ဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် တပြိုင်နက် ထိုအစောင့်သည် ချက်ချင်းပင် တစ်ကိုယ်လုံး တင်းမာသွားပြီး ပတ်ဝန်းကျင်ကို အကဲခတ်လျက် အနောက်မှ လူများကို တော်လှန်ရေးတပ်ဖွဲ့နှင့် တိုးနေပြီ ဖြစ်ကြောင်း လက်ဟန်ခြေဟန်များဖြင့် အလန့်တကြား အချက်ပြလေတော့သည်။
တော်လှန်ရေးတပ်ဖွဲ့ဟူသည် ကျွန်ကုန်သည်များအတွက် အလွန်တရာ အန္တရာယ်ကြီးမားသော အင်အားစု ဖြစ်၏။
သူတို့သည် ဦးချိုကျိုးနေသော လူရူးစုကြီး ဖြစ်ကြပြီး သာမန်လူများထက် စွမ်းအင် ပိုမို ထက်မြက်ကြသဖြင့် ရင်ဆိုင်ရ အလွန် ခက်ခဲလှပေသည်။
မှန်ပေသည်၊ တော်လှန်ရေးတပ်ဖွဲ့ ရောက်ရှိနေကြောင်း သိလိုက်ရသည်နှင့် ဂျရတ်၏ ကိုယ်ရံတော် အစောင့်တပ်ဖွဲ့ဝင် အားလုံးသည် ပုန်းကွယ်နေသော တော်လှန်ရေးသမားများ ရုတ်တရက် ထွက်ပေါ်လာမည်ကို စိုးရိမ်သဖြင့် သွေးပျက်မတတ် တုန်လှုပ်လျက် ဓားများကို ဆွဲထုတ်ကာ အလန့်တကြား အကြောက်အကန် ကာကွယ်ရေး ပြင်ကြတော့သည်။
သို့သော်လည်း ဝဲယာနှစ်ဖက်စလုံးကို စူးစမ်းကြည့်ရှုကြသော်လည်း မည်သည့် လူရိပ်လူယောင်မျှ မတွေ့ရဘဲ ဆင်းရဲသား ဒုက္ခသည်များကိုသာ မြင်တွေ့ရသဖြင့် ချင်ယွမ်ဖုန်း၏ ရှေ့တွင် ရှိနေသော အစောင့်မှာ ဒေါသတကြီးဖြင့် ဟောက်လိုက်တော့သည်။
“မင်း ငါ့ကို ကစားနေတာလား”
ချင်ယွမ်ဖုန်းက ပခုံးနှစ်ဖက်ကို တွန့်ပြလိုက်ကာ “ငါက တကယ်ပဲ တော်လှန်ရေးအဖွဲ့ဝင်ပါ၊ ဒါပေမဲ့ ငါ လူဘယ်နှစ်ယောက် ခေါ်လာလဲဆိုတာ မင်းတို့မှ မမေးဘဲကိုး” ဟု ဆို၏။
“မင်း လူဘယ်နှစ်ယောက် ခေါ်လာလဲ” ဟု အစောင့်က ပင်ကိုယ်အသိဖြင့် မေးမိသွားသည်။
“တစ်ယောက်တည်း” ချင်ယွမ်ဖုန်းက မေရှိရာသို့ လက်ညှိုးညွှန်ပြလိုက်သည်။
“တောက်... သေချင်နေပြီပဲ” အစောင့်သည် ချင်ယွမ်ဖုန်းအား သတ်ပစ်ရန် စိတ်ကူးမရှိခဲ့ပေ၊ အကြောင်းမူကား ဤမျှ အရည်အသွေးကောင်းမွန်သော ဦးချိုကျိုးကျွန်မျိုးကို တွေ့ရခဲသဖြင့် လေလံပွဲတွင် ဈေးကောင်းရနိုင်သောကြောင့် ဖြစ်သည်။
သို့ဖြစ်၍ သူသည် နှင်တံရှည်ကြီးကို ဆွဲထုတ်ကာ ချင်ယွမ်ဖုန်း၏ မျက်နှာဆီသို့ အရှိန်အဟုန်ဖြင့် ပြင်းထန်စွာ လွှဲရိုက်လိုက်လေတော့သည်။
ချင်ယွမ်ဖုန်းကမူ ဝတ်ကျေတန်းကျေပင် လက်ကို မြှောက်လိုက်ပြီး ထိုနှင်တံရှည်ကို တိကျစွာ ဖမ်းဆုပ်လိုက်ကာ ရုတ်တရက် အားစိုက်၍ ဆွဲလိုက်ရာ ထိုအစောင့်ကြီးမှာ လေထဲသို့ ဝဲပျံလျက် လွင့်ထွက်သွားချေပြီ။
ထိုသည်ကို မြင်သောအခါ ကျန်ရှိနေသော အစောင့်အကြပ်များ အားလုံးသည် တဟုန်ထိုး ပြေးဝင်လာကြပြီး သူတို့၏ မြင်းဖြတ်ဓားမကြီးများမှာ နေရောင်အောက်တွင် အေးစက်စူးရှသော အလင်းတန်းများ ဖြာထွက်လျက် ရှိနေတော့သည်။
မေသည် အလွန် ကြောက်လန့်နေရှာသော်လည်း ချင်ယွမ်ဖုန်းက သူမ၏ နံဘေးတွင် ရှိနေသည်ဟူသော အသိဖြင့် စိတ်ကို တင်းထားကာ ချင်ယွမ်ဖုန်း၏ လက်ကိုသာ တင်းကြပ်စွာ ဆုပ်ကိုင်ထားမိတော့သည်။