← Chapters

အခန်း ၇၆၁

Vol. 37 Ch. 761

အခန်း ၇၆၁

Vol. 37 Ch. 761

အခန်း (၇၆၁) ရွေးချယ်မှု

"ကောင်းပြီ၊ ကျွန်တော်တို့ ခင်ဗျားနဲ့အတူ လိုက်ခဲ့ပါ့မယ်။"

ထိုအချိန်တွင် လူအများအပြားက ဝိုင်းဝန်းအော်ဟစ်ကြလေသည်။ ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်၏။ စုစုပေါင်း ဦးချိုကျိုးနေသူ အရေအတွက်မှာ တစ်ရာခန့်သာ ရှိပြီး ထက်ဝက်မှာ အမျိုးသားများဖြစ်ကာ ကျန်ထက်ဝက်မှာ အမျိုးသမီးများ ဖြစ်ကြသည်။

လှောင်အိမ်ထဲမှ ထွက်ခွာရန် သတ္တိရှိသူမှာ ငါးဆယ်ခန့်သာ ရှိသော်လည်း နောက်ဆုံးတွင် သုံးဆယ့်ခြောက်ယောက်သာ ကျန်ရစ်တော့သည်။

အမျိုးသား သုံးဆယ်နှင့် အမျိုးသမီး ခြောက်ဦးတို့မှာ ၎င်းတို့၏ ဦးချိုများကို ဆုံးရှုံးခဲ့ရသူများ ဖြစ်ချေသည်။

အရေးကြီးသည်မှာ ထိုဦးချိုကျိုးနေသူများကို မည်သို့ခေါ်ဆောင်သွားရမည်ဟူသော အချက်ပင် ဖြစ်သည်။ ယခုနေရာမှ တပ်ဖွဲ့ခွဲ၏ စခန်းချရာနေရာသို့ အနည်းဆုံး ဆယ်ရက်ခန့် ခရီးနှင်ရမည်ဖြစ်ရာ ဤကဲ့သို့သော လူအုပ်စုနှင့်ဆိုပါက ဆီယာမြို့မှ စစ်သည်တော်များ၏ ရိပ်မိခြင်းကို ရှောင်လွှဲနိုင်ရန် အလွန်ခက်ခဲလှပေလိမ့်မည်။

တပ်ဖွဲ့ခွဲအတွင်းရှိ အခြားအဖွဲ့ငယ်များတွင်မူ ဆုတ်ခွာရန် အစီအစဉ်ကိုယ်စီ ရှိကြပြီး ဖြစ်သည်။ ၎င်းတို့သည် ဤဦးချိုကျိုးများကို လုယူပြီးနောက် မြင်းရထား သို့မဟုတ် အခြားသော သယ်ယူပို့ဆောင်ရေးယာဉ်များကို အသုံးပြု၍ တောင်ပေါ်စခန်းသို့ လျင်မြန်စွာ ပြန်လည်ဆုတ်ခွာကြမည် ဖြစ်ချေသည်။

သို့သော်လည်း ချင်ယွမ်ဖုန်း၌မူ ထိုကဲ့သို့သော အရာများ မရှိသဖြင့် ဤလူများကို ခေါ်ဆောင်ကာ ဖြည်းညှင်းစွာသာ ခရီးနှင်နိုင်ပေတော့မည်။

"ကောင်းပြီ၊ မင်းတို့ စိတ်ဆုံးဖြတ်ပြီးပြီဆိုမှတော့ ငါ့နောက်ကသာ လိုက်ခဲ့ကြတော့၊ နောက်ကျမကျန်ခဲ့စေနဲ့။"

ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောကြားလိုက်ပြီးနောက် လမ်းမကြီးဘေးရှိ လမ်းကြားလေးအတိုင်း တိုက်ရိုက် လျှောက်လှမ်းသွားလေသည်။

မကြာမီအချိန်၌ပင် ၎င်းတို့သည် ထိုနေရာမှ ပျောက်ကွယ်သွားကြရာ ကျန်ရစ်ခဲ့သော အစောင့်များနှင့် ဦးချိုကျိုးနေသူများသည် အကျပ်ရိုက်လျက် တစ်ဦးကိုတစ်ဦး ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်၍ ကျန်ရစ်ခဲ့တော့သည်။

ချင်ယွမ်ဖုန်း ထွက်ခွာသွားသည်ကို သေချာစေပြီးနောက်တွင်မူ အစောင့်များသည် လှောင်အိမ်၏ သံကြိုးများကို ပြန်လည်ခတ်လိုက်ကြပြီး ဂျရတ်၏ ရုပ်အလောင်းကို ဆီယာမြို့သို့ သယ်ဆောင်သွားကြလေသည်။

ထိုနေ့၌ပင် ဂျရတ် တိုက်ခိုက်ခံရ၍ သေဆုံးသွားသည့် သတင်းသည် ပျံ့နှံ့သွားခဲ့ရာ သူတစ်ဦးတည်းတင်မကဘဲ အခြားသော ကျွန်ပိုင်ရှင်ကြီးများလည်း တိုက်ခိုက်ခံခဲ့ရပေသည်။

ဆီယာမြို့၏ စစ်သည်တော်များသည် သူပုန်များကို ဖမ်းဆီးရန် အရေးပေါ် ထွက်ခွာခဲ့ကြသော်လည်း ထိုသူပုန်အုပ်စုမှာ ကြိုတင်ကြံစည်ကာ စနစ်တကျ ဖွဲ့စည်းထားခြင်း ဖြစ်သဖြင့် လျင်မြန်စွာ ဆုတ်ခွာပျောက်ကွယ်သွားခဲ့ရာ မည်သည့်ခြေရာလက်ရာမျှ ရှာမတွေ့တော့ချေ။

ဤအကြောင်းကို ကြားသိရသောအခါ ဆီယာမြို့ရှိ အဆင့်မြင့် မင်းစိုးရာဇာတစ်ဦးသည် အလွန်အမင်း ဒေါသထွက်သွားပြီး သူပုန်များကို အလုံးအရင်းဖြင့် လိုက်လံဖမ်းဆီးရန်နှင့် တွေ့ရှိပါက တစ်ဦးမျှ မချန်ဘဲ ကွပ်မျက်ပစ်ရန် အမိန့်ထုတ်ပြန်လိုက်လေသည်။

ချက်ချင်းဆိုသလိုပင် ဆီယာမြို့ ပတ်ဝန်းကျင် တစ်ဝိုက်လုံးတွင် ထိတ်လန့်ခြောက်ခြားမှုများ လွှမ်းမိုးသွားတော့သည်။

သို့သော် ဤအရာအားလုံးသည် ချင်ယွမ်ဖုန်းနှင့် မည်သို့မျှ မသက်ဆိုင်တော့ချေ။ ချင်ယွမ်ဖုန်းသည် မေအပြင် ဦးချိုကျိုးနေသူ သုံးဆယ့်ခြောက်ယောက်နှင့်အတူ တောတောင်အထပ်ထပ်ထဲသို့ တိုက်ရိုက် တိုးဝင်သွားခဲ့ပြီး ကြမ်းတမ်းခက်ခဲသော လမ်းများကိုသာ တမင်တကာ ရွေးချယ်ခရီးနှင်ခဲ့သည်။

နံနက်တစ်ပိုင်းခန့်သာ ခရီးနှင်ရသေးသော်လည်း အချို့သူများသည် ဆက်လက်မလျှောက်လှမ်းနိုင်ကြတော့ဘဲ ဦးချိုကျိုးနေသည့် အမျိုးသမီးတစ်ဦးမှာမူ အားအင်ကုန်ခမ်းကာ မြေပြင်ပေါ်သို့ လဲကျသွားရှာလေသည်။

ချင်ယွမ်ဖုန်း အနီးသို့ လျှောက်လာပြီး ကြည့်ရှုလိုက်သောအခါ ဤတစ်ပါးကျွန်းသား မိစ္ဆာသည် ရေရှည် အာဟာရချို့တဲ့မှုကြောင့် အားအင်အားလုံး ကုန်ခမ်းသွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိလိုက်ရ၏။

သူမတင်မကဘဲ အခြားသော မိစ္ဆာအားလုံးနီးပါးသည်လည်း ဤကဲ့သို့ပင် အားအင်ချိနဲ့နေကြချေသည်။

"ကဲ... အားလုံးပဲ ခဏနားကြရအောင်။"

ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ ဦးချိုကျိုးနေသည့် သတ္တဝါများသည် ဝမ်းသာအားရ ထိုင်ချလိုက်ကြသော်လည်း ၎င်းတို့အားလုံးမှာ ဆာလောင်မွတ်သိပ်နေကြသဖြင့် ထိုင်နေရခြင်းသည်ပင် သက်သောင့်သက်သာ မရှိလှပေ။

ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအားသည် အပြင်ဘက် မီတာငါးထောင်ပတ်လည်အထိ ပျံ့နှံ့သွားပြီး တစ်ဖက်မှ ရန်သူများကို သတိထား စောင့်ကြည့်ရင်း အခြားတစ်ဖက်မှလည်း ရေအရင်းအမြစ်ကို လိုက်လံရှာဖွေနေခဲ့သည်။

နောက်ဆုံးတွင်မူ မီတာတစ်ထောင်ခန့်အကွာရှိ ဘေးဘက်တောင်စောင်းမှ စီးဆင်းလာသော စမ်းချောင်းငယ်လေးတစ်ခုကို ချင်ယွမ်ဖုန်း ရှာဖွေတွေ့ရှိသွားလေသည်။

ချင်ယွမ်ဖုန်းသည် သူ၏ကိုယ်ပေါ်မှ ရေဘူးကို ထုတ်ယူကာ သတိမေ့မြောလုနီးပါး ဖြစ်နေသည့် မိစ္ဆာမလေးထံသို့ ကမ်းပေးလိုက်ရာ ထိုမိစ္ဆာမလေးသည် ရေဘူးကို အလျင်အမြန် လှမ်းယူ၍ အငန်းမရ သောက်သုံးတော့သည်။

ပတ်ဝန်းကျင်ရှိ ဦးချိုကျိုးနေသည့် သတ္တဝါများသည် ၎င်းတို့၏ နှုတ်ခမ်းများကို လျှာဖြင့် သပ်နေကြသော်လည်း ချင်ယွမ်ဖုန်း၏ ကြီးမားလှသော စွမ်းပကားကို ကြောက်ရွံ့သဖြင့် မည်သူမျှ မိုက်ရူးရဲဆန်စွာ မပြုဝံ့ကြချေ။

"ရှေ့နား မီတာတစ်ထောင်လောက်မှာ စမ်းချောင်းတစ်ခု ရှိတယ်၊ အဲဒီမှာ မင်းတို့အားလုံး ဝအောင်သောက်လို့ရတယ်၊ ဒီနေရာမှာ ရေငတ်လို့ မသေချင်ဘူးဆိုရင်တော့ ဆက်လျှောက်ကြ။"

ချင်ယွမ်ဖုန်းက အေးဆေးစွာ ပြောလိုက်သည်။ ၎င်းတို့မှာ ခဏမျှသာ နားရသေးသဖြင့် အလွန်အမင်း ပင်ပန်းနေကြသော်လည်း ရှေ့တွင် စမ်းချောင်းရှိသည်ဟူသော စကားကို ကြားလိုက်ရသောအခါ သွားရည်များပင် ထိန်းမနိုင်သိမ်းမရ စီးကျလာပြီး ခန္ဓာကိုယ်ထဲမှ နောက်ဆုံးကျန်ရှိသော အားအင်များကို စုစည်းကာ မတ်တတ်ရပ်လိုက်ကြတော့သည်။

လူသုံးဆယ့်ကျော်ခန့်ရှိသော ထိုအုပ်စုသည် တောအုပ်၏ အပြင်ဘက်အစွန်းအတိုင်း ဆက်လက်လျှောက်လှမ်းလာခဲ့ကြရာ နောက်ဆုံးတွင် ချင်ယွမ်ဖုန်း ပြောခဲ့သည့် စမ်းချောင်းသို့ ရောက်ရှိလာကြပေသည်။

"တကယ်ကြီး ရေရှိတာပဲ။"

မိစ္ဆာတစ်ကောင်က ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး စမ်းချောင်းနံဘေးသို့ ပြေးသွားကာ ဒူးထောက်၍ ငုံ့သောက်လေတော့သည်။

ကျန်ရှိသော မိစ္ဆာများသည်လည်း ထိုနည်းတူစွာ စမ်းချောင်း၏ ဝဲယာနှစ်ဖက်တွင် ဒူးထောက်ကာ သောက်သုံးကြလေသည်။

မကြာမီအချိန်တွင်မူ မိစ္ဆာများသည် ရေဝလင်စွာ သောက်သုံးပြီးနောက် စမ်းချောင်းဘေးတွင် ဖရိုဖရဲ လဲလျောင်းနေကြတော့သည်။

ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လိုက်မိ၏။

ဤဦးချိုကျိုးနေသူ အများစုမှာ မွေးရာပါ ကျွန်များဖြစ်ကြသဖြင့် မည်သည့်စိုးရိမ်ပူပန်မှုမျှ မရှိကြဘဲ တစ်ရက်ပြီးတစ်ရက် အသက်ရှင်သန်နိုင်ရန်သာ တွေးတောတတ်ကြပေသည်။

ထိုသို့သော လူများကို စစ်မှန်သော စစ်သည်တော်များ ဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးရခြင်းမှာ အလွန်ပင် မလွယ်ကူလှသည့် ကိစ္စရပ်တစ်ခု ဖြစ်ချေသည်။

"အားလုံး မတ်တတ်ရပ်ကြ၊ ဒီနေရာက အန္တရာယ်များတယ်၊ ဒီမှာ နားလို့မဖြစ်ဘူး။"

ချင်ယွမ်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။ မိစ္ဆာတစ်ကောင်က ချင်ယွမ်ဖုန်းကို ကြည့်လိုက်၏။

ချင်ယွမ်ဖုန်းသည် အစွမ်းထက်လှသော်လည်း ထိုမိစ္ဆာက

"အရှင်... ကျွန်တော်တို့ တကယ် ဆက်မလျှောက်နိုင်တော့လို့ပါ၊ ဒီမှာ ခဏလောက် နားပါရစေ၊ မဟုတ်ရင် ပင်ပန်းပြီး သေသွားပါလိမ့်မယ်။"

ဟု မဝံ့မရဲ ပြောရှာသည်။

"ဒီတောထဲမှာ ဒီတစ်ချောင်းတည်းသော စမ်းချောင်းပဲ ရှိတာ၊ သတ္တဝါအားလုံးက ဒီကို ရေသောက်ဖို့ လာကြမှာ၊ မိစ္ဆာသားရဲတွေ မင်းတို့ရဲ့ အနံ့ကို ရသွားရင်တော့ မင်းတို့အားလုံး သူတို့ရဲ့ အစာဖြစ်သွားလိမ့်မယ်။"

ချင်ယွမ်ဖုန်းက ခပ်အေးအေး ပြောလိုက်ချေသည်။ ဤသည်မှာ ချင်ယွမ်ဖုန်းက ၎င်းတို့ကို ခြောက်လှန့်နေခြင်းမဟုတ်ဘဲ အမှန်တရားကိုသာ ပြောပြနေခြင်း ဖြစ်သည်။ ထိုစကားကို ကြားသောအခါ မိစ္ဆာအချို့ မတ်တတ်ရပ်လာကြသည်။

ချင်ယွမ်ဖုန်းကို အံ့အားအသင့်စေဆုံးအချက်မှာ အမျိုးသမီးမိစ္ဆာ ခြောက်ဦးစလုံး ထရပ်ကြခြင်း ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းက အမျိုးသမီးမိစ္ဆာလေးအား ရေပေးခဲ့သည့် လုပ်ရပ်ကြောင့် ထိုအမျိုးသမီးများသည် ချင်ယွမ်ဖုန်းကို ယုံကြည်ကိုးစားထိုက်သူဟု သတ်မှတ်လိုက်ကြပုံရပေသည်။

"ငါ ကြိုမပြောဘူးလို့တော့ မပြောနဲ့၊ ရှေ့နား တောင်ခြေနားမှာ နားလို့ရမယ့် မြေပြန့်တစ်ခု ရှိတယ်၊ ငါနဲ့အတူ လိုက်ချင်တဲ့သူတွေ လိုက်ခဲ့ကြ။"

ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။ သူသည် ဤဦးချိုကျိုးများကို အဓမ္မမတိုက်တွန်းဘဲ ၎င်းတို့ဘာသာ ရွေးချယ်ခွင့် ပေးထားခြင်း ဖြစ်ပေရာ မိမိနှင့်အတူ လိုက်ပါလိုစိတ်ရှိသူများကိုသာ တောင်ပေါ်စခန်းသို့ ခေါ်ဆောင်သွားရန် ဖြစ်သည်။

ဆယ်ဂဏန်းခန့်သော လူများသည် ချင်ယွမ်ဖုန်းနှင့် မေတို့၏ နောက်မှ လိုက်ပါလာကြသော်လည်း ကျန်ရှိသော နှစ်ဆယ်ခန့်မှာမူ မလှုပ်မယှက်ဘဲ မြေပြင်ပေါ်တွင် ဆက်လက်လဲလျောင်းနေကြသည်။

"ဟက်... ဘယ်သူ့ကို လာခြောက်နေတာလဲ၊ မင်းက အစွမ်းထက်နေလို့သာ လိုက်နေရတာ၊ ငါတို့ကိုသာ အိမ်ကောင်းကောင်းတစ်ခုဆီ ရောင်းလိုက်ရင် ရေသောက်ရရုံတင်မကဘူး၊ အစာပါ ကောင်းကောင်းစားရမှာ။"

ဦးချိုကျိုးနေသူတစ်ဦးမှာ ကျေးဇူးတင်ရမည့်အစား ချင်ယွမ်ဖုန်းက ၎င်းတို့ကို လှည့်စားခေါ်ဆောင်လာခြင်းဖြစ်ကြောင်း မကျေမနပ် ရေရွတ်နေလေသည်။

သို့သော် ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိ ဦးချိုကျိုးနေသူများသည် ရုတ်တရက် ထရပ်လိုက်ကြပြီး ထိုမကျေမနပ်ပြောနေသော လူကို ထိတ်လန့်တကြား ကြည့်လိုက်ကြချေသည်။

"ဟေး... မင်းတို့ ငါ့ကို ဘာလို့ အဲဒီလို ကြည့်နေကြတာလဲ၊ ဘာဖြစ်လို့လဲ။"

ထိုဦးချိုကျိုးနေသူသည် ခန္ဓာကိုယ် တောင့်တင်းသွားပြီး သူ၏ လည်ပင်းနောက်ဘက်သို့ တစ်စုံတစ်ဦးက လေပူများ မှုတ်ထုတ်နေသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

မကောင်းသော အတိတ်နိမိတ်တစ်ခုက သူ့ထံသို့ လွှမ်းမိုးလာခဲ့ရာ ထိုဦးချိုကျိုးနေသူသည် သူ၏ဦးခေါင်းကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သောအခါ သွေးနီရောင် ပါးစပ်ကြီးကို ဟထားသည့် အလွန်ကြောက်မက်ဖွယ်ကောင်းသော ကျားကြီးတစ်ကောင်၏ ဦးခေါင်းကို မြင်တွေ့လိုက်ရတော့သည်။

"အား..."

ထိုကျားမိစ္ဆာက ဦးချိုကျိုးနေသူ၏ ဦးခေါင်းကို တစ်ကိုက်တည်းဖြင့် ကိုက်ဖြတ်ပစ်လိုက်သဖြင့် အော်ဟစ်သံသည် ချက်ချင်းဆိုသလို ရုတ်ခြည်း ပြတ်တောက်သွားရလေသည်။

ကျန်ရှိနေသော မိစ္ဆာများသည် ယုန်များထက်ပင် မြန်ဆန်သော အရှိန်ဖြင့် ချင်ယွမ်ဖုန်း၏ နောက်သို့ အတင်းအဓမ္မ လိုက်လံပြေးလွှားကြတော့သည်။

ထိုကျားနှင့်တူသော မိစ္ဆာသားရဲသည် ၎င်းတို့နောက်သို့ လိုက်လံမဖမ်းဆီးတော့ဘဲ ပါးစပ်ထဲရှိ တစ်ပါးကျွန်းသား မိစ္ဆာကိုသာ တလုပ်ချင်း ဝါးမြိုနေတော့သည်။

နောက်ကွယ်မှ အော်ဟစ်သံများကို ကြားလိုက်ရသဖြင့် မေသည် ချင်ယွမ်ဖုန်းကို စိုးရိမ်တကြီး ကြည့်လိုက်မိ၏။ ပတ်ဝန်းကျင်ရှိ မိစ္ဆာများသည်လည်း လှည့်ကြည့်မိကြရာ ၎င်းတို့၏ ခန္ဓာကိုယ်များမှာ တုန်ရင်နေကြချေသည်။

"ငါ သူတို့ကို အခွင့်အရေး ပေးခဲ့ပြီးပြီ၊ ဒါပေမဲ့ သူတို့က ငါ့စကားကို မနားထောင်ကြဘူး၊ ဒါဟာ သူတို့ရဲ့ ရွေးချယ်မှုပဲမို့ ငါနဲ့ ဘာမှမဆိုင်ဘူး။"

ချင်ယွမ်ဖုန်းက မေအား တည်ငြိမ်စွာ ပြောကြားလိုက်လေတော့သည်။

All Chapters