အခန်း ၇၆၄
Vol. 37 Ch. 764
အခန်း (၇၆၄)ကျင့်ကြံခြင်း
ချင်ယွမ်ဖုန်း၏ ပျာပျာသလဲ ဖြစ်သွားသော မျက်နှာပေးကို မြင်လိုက်ရသောအခါ အိုင်နာသည် တခိခိ ရယ်မောလိုက်ပေရာ သူမ၏ ရယ်မောသံကလေးကြောင့် ပိုမို၍ပင် လှပတင့်တယ်သွားတော့သည်။
"အရှင်သခင်... ကျွန်မ ရှင့်ကို ယုံကြည်ပါတယ်... ရှင့်မှာ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တွေ ရှိနေရင်တောင်မှ အိုင်နာက လိုလိုလားလား ရှိပါတယ်ရှင်" အိုင်နာသည် ချင်ယွမ်ဖုန်းအား မြတ်နိုးစုံမက်သော အကြည့်တို့ဖြင့် ငေးကြည့်လိုက်သည်။
ချင်ယွမ်ဖုန်းမှာမူကား စူးစိုက်လှသော ထိုအကြည့်များကြောင့် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသဖြင့် ကပျာကယာပင် အိုင်နာအား ကျောခိုင်းခိုင်းလိုက်ပြီးလျှင် သူ၏ လက်ဝါးကို သူမ၏ ကျောပြင်ပေါ်သို့ တင်လိုက်လေသည်။
အိုင်နာ၏ ခန္ဓာကိုယ်ကလေးမှာ တုန်ရင်သွားပေရာ ချင်ယွမ်ဖုန်း၏ စိတ်အစုံကိုလည်း လှုပ်ခတ်သွားစေတော့သည်။
သို့သော်လည်း သူသည် စိတ်ကို ချက်ချင်းပင် ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး အိုင်နာ၏ ခန္ဓာကိုယ်အတွင်းသို့ မိစ္ဆာအရှိန်အဝါ စွမ်းအင်များကို စတင်စီးဝင်စေကာ သွေးကြောများတစ်လျှောက် လှည့်ပတ် စီးဆင်းစေခဲ့သည်။
အိုင်နာသည်လည်း မေနှင့် တစ်ပုံစံတည်းပင် ခန္ဓာကိုယ်ကလေး တွန့်လိမ်နေရှာပြီး ထူးဆန်းသော ညည်းတွားသံကလေးများ ထွက်ပေါ်လာတော့သည်။
ချင်ယွမ်ဖုန်းသည်လည်း စစ်ဆေးမှုကို ချက်ချင်းပင် အဆုံးသတ်လိုက်ရချေပြီ။
"ကဲ... ရပြီ အိုင်နာ... မင်း သွားပြီး ဟောကို ငါ့ဆီ လွှတ်ပေးလိုက်ပါဦး... ပြီးရင် အနားယူတော့နော်" အိုင်နာ၏ မျက်နှာလေးမှာ အံ့ဩဖွယ်ရာ ကောင်းသော အရာတစ်ခုခုကို ကြုံတွေ့ခဲ့ရသည့်အလား နီမြန်းလျက် ရှိနေသည်။
သူမသည် ချင်ယွုန်းဖုန်းအား တစ်ချက် ငဲ့စောင်းကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြကာ ကပျာကယာ ထရပ်၍ ထွက်ခွာသွားတော့သည်။
"ဟေ့... ငါ ဘာမှ မလုပ်ရပါဘူးနော်... မင်းတို့က ဘာလို့ အဲဒီလို အကြည့်တွေနဲ့ ကြည့်နေကြတာလဲ" ချင်ယွမ်ဖုန်းသည် စိတ်ထဲမှသာ အော်ဟစ် ညည်းတွားလိုက်မိသည်။
ဦးချိုကျိုး မိစ္ဆာများသည် မျက်စိရှေ့မှောက် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုရန် မျှော်လင့်နေကြသော်လည်း ချင်ယွမ်ဖုန်းက မည်သည့်အရာမျှ မလုပ်ဆောင်သဖြင့် ယင်းတို့လည်း စိုးရိမ်ပူပန်မှုများကို ဘေးဖယ်ထားကာ စတင် အိပ်စက်ကြတော့သည်။
မကြာမီပင် ဟောသည် ချင်ယွမ်ဖုန်း၏ အနီးသို့ ရောက်ရှိလာသည်။ ချင်ယွမ်ဖုန်းသည် သူ၏ ထုံးစံအတိုင်း ထိုင်ခိုင်း၍ ကျောခိုင်းခိုင်းလိုက်ပြီးနောက် သူ၏ လက်ဝါးကို ဟော၏ ကျောပြင်ပေါ်သို့ တင်လိုက်လေသည်။
ဟောသည် အမျိုးသားတစ်ဦး ဖြစ်ပေရာ မေနှင့် အိုင်နာတို့ကဲ့သို့ ရှက်ရွံ့ထိတ်လန့်ခြင်း မရှိချေ။ သူ၏ ခန္ဓာကိုယ်အတွင်း၌ ယားကျိကျိ ဝေဒနာကို ခံစားနေရသော်လည်း မည်သည့် စကားမျှ မဆိုဘဲ အောင့်အီးထားရှာသည်။
အရာအားလုံးကို စစ်ဆေးပြီးနောက်တွင်မူ ချင်ယွုန်းဖုန်းက ဟောအား သွားရောက် အနားယူရန် မိန့်ဆိုလိုက်သည်။
"မေ... မင်းလည်း သွားပြီး အနားယူတော့... မနက်ဖြန် ငါတို့ ခရီးဆက်ရဦးမယ်" ချင်ယွမ်ဖုန်းက ပြောလိုက်သည်။
မေသည် ခေါင်းညိတ်ပြကာ ချင်ယွမ်ဖုန်း၏ နံဘေးတွင် ဝင်ရောက်လှဲလျော်၍ အိပ်စက်လေသည်။ ချင်ယွမ်ဖုန်းသည် သူ၏ ဝတ်ရုံရှည်ဖြင့် မေ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ပေးလိုက်သည်။
စစ်ဆေးချက်များအရ တစ်ပါးကျွန်းသား မိစ္ဆာများ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြော တည်ဆောက်ပုံများသည် လူသားများနှင့် ဆင်တူသော်လည်း ထူးခြားချက်မှာ ယင်းတို့၏ သွေးကြောများသည် ဦးခေါင်းခွံမှတစ်ဆင့် ဦးချိုများအတွင်းသို့ တိုက်ရိုက် စီးဝင်နေခြင်း ဖြစ်သည်ကို ချင်ယွမ်ဖုန်း ရှာဖွေတွေ့ရှိခဲ့သည်။
အခြားနည်းဖြင့် ဆိုရသော် ဦးချိုများသည် မိစ္ဆာများအတွက် အလွန်အရေးကြီးသော သွေးကြောမကြီး နှစ်ခု ဖြစ်ပေသည်။ ဦးချိုများ မရှိတော့ပါက မဟာသွေးကြောမကြီး နှစ်ခု ဖြတ်တောက်ခံလိုက်ရသကဲ့သို့ ဖြစ်ပေရာ ယင်းတို့အနေဖြင့် ပိုမို အစွမ်းထက်သော အဆင့်သို့ တက်လှမ်းရန် ခဲယဉ်းသွားရခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် လူအများစုသည် သူတို့၏ ဦးချိုများ ကျိုးပဲ့သွားပြီးနောက် ပြန်လည်ဆက်နိုင်ရန်အတွက် အသည်းအသန် ကြိုးစားကြခြင်း ဖြစ်သည်။
ပြည့်စုံသော ဦးချိုများ ရှိမှသာလျှင် ပိုမိုအစွမ်းထက်သော အဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်ပြီး ဦးချိုများ မရှိပါက ခွန်အားကြီးမားရန် လမ်းစသည် ပြတ်တောက်သွားပေလိမ့်မည်။
သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများသည် လူသားများနှင့် ဆင်တူနေသဖြင့် ချင်ယွမ်ဖုန်းသည် ဦးခေါင်းထိပ်ရှိ ဦးချိုနှစ်ခုကို ကျော်လွှားကာ ကျင့်ကြံနိုင်မည့် ဦးချိုကျိုး မိစ္ဆာများအတွက် သီးသန့် မိစ္ဆာကျင့်ကြံခြင်း ပညာရပ်တစ်ခုကို ဖန်တီးရန် စဉ်းစားလိုက်မိသည်။
ဤနည်းဖြင့် ပါရမီ အရည်အချင်း ကောင်းမွန်သူများသည် မဟာဆရာနယ်ပယ်ရှိ သိုင်းပညာရှင်များနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာပေလိမ့်မည်။ ပါရမီ ညံ့ဖျင်းသူများ ပင်လျှင် ပညာသင်နယ်ပယ် အဆင့်သို့ ရောက်ရှိကာ မိမိကိုယ်မိမိ ကာကွယ်နိုင်ကြပေလိမ့်မည်။
ချင်ယွမ်ဖုန်းသည် ချက်ချင်းပင် စတင်ဖန်တီးတော့သည်။ သူသည် လူအများအပြား၏ ကျင့်စဉ်များကို စုပ်ယူခဲ့ဖူးသူ ဖြစ်ရုံမျှမက ကျင့်ကြံခြင်း ပညာရပ်များကိုလည်း ကောင်းစွာ နားလည်သဘောပေါက်ထားသူ ဖြစ်ပေရာ ရိုးရှင်းသော မိစ္ဆာကျင့်ကြံခြင်း ပညာရပ်တစ်ခုကို ဖန်တီးရန်မှာ သူ၏အတွက် မဖြစ်နိုင်သောအရာ မဟုတ်ချေ။
နောက်တစ်နေ့ အရုဏ်မတက်မီတွင် ချင်ယွမ်ဖုန်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ သူ၏ စိတ်ထဲတွင် ကျင့်ကြံခြင်း ပညာရပ်၏ အကြမ်းဖျင်း ပုံစံသည် ဖြည်းညှင်းစွာ ဖြစ်တည်လာခဲ့ချေပြီ။
ဤကျင့်ကြံခြင်း နည်းလမ်းသည် မကောင်းဆိုးဝါး ကျင့်စဉ်မျိုး မဟုတ်ချေ။ ကျင့်ကြံနိုင်စွမ်း ရှိသူမှန်သမျှ ကျင့်ကြံနိုင်ပေသည်။ ကျင့်ကြံနိုင်စွမ်း မရှိသူများသည် တော်လှန်ရေး အဖွဲ့သို့ ပြန်လည်ရောက်ရှိပြီးမှသာ မကောင်းဆိုးဝါး ကျင့်ကြံသူများ ဖြစ်လာနိုင်ချေ ရှိသည်။
ထိုသို့ ဖြစ်လင့်ကစား လူတိုင်းကို တရားမဝင် ကျင့်ကြံသူများအဖြစ် ပြောင်းလဲပစ်လိုက်ခြင်းထက်စာလျှင်မူ ပိုမို ကောင်းမွန်ပေသေးသည်။
အကယ်၍ မကောင်းဆိုးဝါး လမ်းစဉ်ကို အဆုံးတိုင်အောင် ကျင့်ကြံမိပါက စိတ်အာရုံများကို မထိန်းချုပ်နိုင်တော့ဘဲ အသက်တိုလှသော သွေးဆာ မိစ္ဆာကြီးများအဖြစ် ပြောင်းလဲသွားနိုင်ပေသည်။
မိုးလင်းသောအခါ ချင်ယွမ်ဖုန်းသည် လူတိုင်းကို နှိုးလိုက်သည်။
"အခု မင်းတို့တွေဟာ ကျွန်ဘဝကနေ လွတ်မြောက်လာခဲ့ပြီ ဆိုပေမဲ့ တော်လှန်ရေးအဖွဲ့ထဲကို ဝင်ဖို့ဆိုတာ လွယ်ကူတဲ့အရာ မဟုတ်ဘူး... နောင် အနာဂတ်မှာ မင်းတို့တွေကို ကယ်တင်ရတဲ့ ဖြစ်ရပ်မျိုးတွေ မကြာခဏ ရှိလာဦးမှာ ဖြစ်လို့... မင်းတို့အားလုံး ပိုပြီး အစွမ်းထက်လာဖို့ လိုအပ်တယ်"
ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။
ဦးချိုကျိုး သတ္တဝါများသည် ချင်ယွမ်ဖုန်းအား စူးစမ်းစွာ ကြည့်ရှုကြရင်း "အရှင်သခင်... ကျွန်မတို့တွေက ရှင့်လိုမျိုး ဘယ်လိုလုပ် အစွမ်းထက်လာနိုင်မှာလဲ" ဟု မေးကြလေသည်။
"ငါပြောခဲ့သလိုပဲ... ငါ့လိုမျိုး အစွမ်းထက်လာဖို့ဆိုတာ အခြေခံအားဖြင့် မဖြစ်နိုင်ပါဘူး... ဒါပေမဲ့ သာမန် သိုင်းပညာရှင်တစ်ယောက်လို အစွမ်းထက်လာဖို့ ဆိုတာကတော့ မင်းတို့ရဲ့ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုအပေါ်မှာပဲ မူတည်ပါတယ်" ချင်ယွမ်ဖုန်းက အေးဆေးစွာ ပြောကြားလိုက်သည်။
"အခု ငါ မင်းတို့အားလုံးကို ကျင့်စဉ်ပညာရပ်တစ်ခု သင်ကြားပေးမယ်... မင်းတို့သာ ဝီရိယရှိရှိ လေ့ကျင့်ကြမယ်ဆိုရင် အစွမ်းထက်လာကြမှာပါ"
ချင်ယွမ်ဖုန်းသည် ကျင့်ကြံခြင်း ပညာရပ်ကို လူတိုင်းအား သင်ကြားပေးလိုက်ပြီးနောက် ထိုင်၍ ကျင့်ကြံခြင်းကို ပြုလုပ်စေကာ လွင့်မျောနေသော မိစ္ဆာအရှိန်အဝါများကို အာရုံခံစေခဲ့သည်၊ ဤသည်မှာ ကျင့်ကြံခြင်း၏ အရေးကြီးဆုံးသော အဆင့်ပင် ဖြစ်သည်။
မိစ္ဆာအရှိန်အဝါ တည်ရှိမှုကို အာရုံခံနိုင်စွမ်း ရှိခြင်းသည် ကျင့်ကြံနိုင်ခြင်း ရှိမရှိကို ဆုံးဖြတ်ပေးသည့် အခြေခံအုတ်မြစ် ဖြစ်ပေသည်။
အကယ်၍ မိစ္ဆာအရှိန်အဝါကို စုပ်ယူနိုင်ပါက ကျင့်ကြံနိုင်မည် ဖြစ်ပြီး၊ မိစ္ဆာအရှိန်အဝါကို မစုပ်ယူနိုင်ပါက ပါရမီ အရည်အချင်း မရှိသဖြင့် ကျင့်ကြံနိုင်မည် မဟုတ်ချေ။
ချင်ယွမ်ဖုန်းကို အံ့အားသင့်စေသည်မှာ မိစ္ဆာအရှိန်အဝါကို ပထမဆုံး အာရုံခံမိသူသည် အိုင်နာ ဖြစ်နေခြင်းပင်။
အသက် နှစ်ဆယ်ကျော်မျှသာ ရှိသေးသော အိုင်နာသည် လူသုံးဆယ်ကျော်ထဲတွင် ထူးချွန်ထွက်မြောက်လာခြင်းမှာ အမှန်ပင် ချီးကျူးဖွယ်ရာ ကောင်းလှပေသည်။
နှစ်နာရီခန့် ကြာပြီးနောက် မွန်းတည့်ချိန်နီးပါးသို့ ရောက်ရှိလာသောအခါ ဟောအပါအဝင် အခြားသော မိစ္ဆာအချို့သည်လည်း မိစ္ဆာအရှိန်အဝါကို အာရုံခံမိလာကြသည်။
ချင်ယွမ်ဖုန်းသည် လွန်စွာ ဝမ်းမြောက်မိသည်။ ဤလူနှစ်ဦးသည် ကိုယ်ပိုင် စိတ်ကူးအတွေးအခေါ်များ ရှိရုံမျှမက အစွမ်းထက်သော လူကုံထံများကို မည်သို့ မျက်နှာချိုသွေးရမည်ကို သိရှိကြပြီး၊ ကောင်းမွန်သော ကျင့်ကြံခြင်း ပါရမီ အရည်အချင်းများလည်း ရှိကြသဖြင့် ကျင့်ကြံနိုင်စွမ်း ရှိကြလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိချေ။
ကြိုးစား အားထုတ်မှုများ ရှိပါက မဟာဆရာတစ်ဦးနှင့် ယှဉ်ပြိုင်နိုင်သော သိုင်းပညာရှင် အဆင့်အထိ ကျင့်ကြံနိုင်ချေ ရှိပေသည်။
"ကဲ... မိစ္ဆာအရှိန်အဝါကို အာရုံမခံနိုင်သေးတဲ့ သူတွေလည်း စိတ်ဓာတ်မကျကြပါနဲ့... မင်းတို့တွေ ဆက်ပြီး ကြိုးစားနိုင်ပါသေးတယ်... ဒီနေရာကနေ တော်လှန်ရေးအဖွဲ့ရဲ့ ခံတပ်ဆီကို ပြန်ဖို့ ခုနစ်ရက် ရှစ်ရက်လောက် ကြာဦးမှာပါ... ဒီအချိန်အတွင်းမှာ မင်းတို့တွေ မိစ္ဆာအရှိန်အဝါကို အာရုံခံမိတာနဲ့ ငါသင်ပေးထားတဲ့ ကျင့်စဉ်ကို စတင်လေ့ကျင့်လို့ ရပါပြီ"
"အကယ်၍ ကျွန်တော်တို့ အာရုံမခံနိုင်ရင် ဘာဖြစ်မလဲ" လူတစ်ယောက်က စိုးရိမ်တုန်လှုပ်စွာ မေးမြန်းလိုက်သည်။
"တော်လှန်ရေးအဖွဲ့ထဲမှာ မင်းတို့ လေ့ကျင့်ဖို့အတွက် အခြား ကျင့်ကြံခြင်း နည်းလမ်းတွေ ရှိပါသေးတယ်" ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်ရင်း "မိစ္ဆာအရှိန်အဝါကို အာရုံခံနိုင်တဲ့သူတွေကတော့ သူတို့ရဲ့ ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်နိုင်ပါတယ်" ဟု ပြောကြားလိုက်သည်။
ဤသို့ ပြုလုပ်ပြီးနောက် ချင်ယွမ်ဖုန်းသည် လူတိုင်းကို ဦးဆောင်ကာ တစ်ဖန် ခရီးဆက်ခဲ့သော်လည်း သူ၏ မျက်မှောင်သည် အနည်းငယ် ကြုတ်သွားရသည်။
အကြောင်းမူကား သူ၏ ဝိညာဉ်စွမ်းအား အာရုံခံနိုင်စွမ်းအတွင်း၌ တစ်ပါးကျွန်းသား သိုင်းပညာရှင် နှစ်ဦးကို ရှာဖွေတွေ့ရှိလိုက်ခြင်းကြောင့် ဖြစ်ပေသည်။
"ဆီယာမြို့က သိုင်းပညာရှင်တွေပဲလား... ဒီဦးချိုကျိုးတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကို လိုက်လံနှိမ်နင်းဖို့ ရောက်လာကြတာလား"
ချင်ယွမ်ဖုန်းသည် ချက်ချင်းပင် ခန့်မှန်းမိလိုက်သည်။
ဤလူအုပ်စုသည် အတွေ့အကြုံ မရှိကြသဖြင့် တောအုပ်အတွင်း၌ ခြေရာလက်ရာများစွာ ချန်ထားခဲ့ကြပေရာ၊ ထိုခြေရာများကြောင့် ဆီယာမြို့မှ သိုင်းပညာရှင်များသည် ချင်ယွမ်ဖုန်းနှင့် သူ၏အဖွဲ့ သွားလာခဲ့သော လမ်းကြောင်းကို အလွယ်တကူ ရှာဖွေတွေ့ရှိသွားခြင်း ဖြစ်သည်။
"ငါတို့ ခရီးကို ပိုမြန်မြန် သွားဖို့ လိုအပ်တယ်... ဆီယာမြို့က သိုင်းပညာရှင်တွေ လိုက်လာနေပြီ" ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်ရင်း "အားလုံးပဲ... မင်းတို့ရဲ့ လက်နက်တွေကို ကိုင်ထားပြီး သတိရှိရှိ နေကြပါ... အမျိုးသမီးတွေကို အလယ်မှာ ထားမယ်" ဟု မိန့်ဆိုလိုက်သည်။
ဆီယာမြို့မှ သိုင်းပညာရှင်များ လိုက်လံဖမ်းဆီးနေသည်ဟူသော သတင်းကို ကြားလိုက်ရသောအခါ ယင်းတို့သည် အနည်းငယ် ပြာယာခတ်သွားကြပြီး သူတို့၏ အရှိန်ကို ရုတ်တရက် မြှင့်တင်လိုက်ကြသည်။
သို့သော်လည်း သူတို့သည် မနေ့ညကမှ အစာအနည်းငယ် စားသောက်ခဲ့ကြရသဖြင့် ယနေ့တွင်မူ အကုန်နီးပါး အစာကြေဖျက်ပြီးစီးနေချေပြီ။
ယခုအခါ မွန်းတည့်ချိန်သို့ ရောက်ရှိနေပြီး တောက်လောင်နေသော နေမင်းသည်လည်း ၎င်း၏ အပူရှိန်ကို လျှော့ချခြင်း မရှိပေရာ လူတိုင်းကို အားအင်ချိနဲ့သကဲ့သို့ ခံစားရစေသည်။
"နောက်ထပ် တစ်ရက်လောက် ခရီးဆက်ပြီးရင် ငါတို့ လမ်းမကြီးတစ်ခုဆီကို ရောက်လိမ့်မယ်... အဲဒီလမ်းကို ဖြတ်ကျော်ပြီးတာနဲ့ ငါတို့ ပိုပြီး ဘေးကင်းသွားလိမ့်မယ်... ငါတို့ရဲ့ တော်လှန်ရေး ရဲဘော်တွေနဲ့တောင် ဆုံချင်ဆုံနိုင်တယ်... အားလုံးပဲ အားတင်းထားကြပါ" ချင်ယွမ်ဖုန်းက အားပေးစကား ဆိုလိုက်လေသည်။