← Chapters

အခန်း ၂၁၄

Vol. 22 Ch. 214

အခန်း ၂၁၄

Vol. 22 Ch. 214

အခန်း (၂၁၄) - မိတ်ဆွေဟောင်းတို့၏ သံယောဇဉ် (၁)

သေမင်းနွံတော၏ အပြင်ဘက်၊ ဝမ်ကျန်းရွာမှ အနောက်ဘက်သို့ ဦးတည်ထားသော ရှေးဟောင်းလမ်းမထက်တွင် ကျိုးယိရှန်နှင့် ရှောင်ဟွမ်တို့သည် အေးအေးလူလူ လျှောက်လှမ်းလာကြ၏။

ရှောင်ဟွမ်၏ တောက်ပသော မျက်ဝန်းအစုံသည် ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်ရှုနေလေသည်။ ရှေးဟောင်းလမ်းမတစ်လျှောက်တွင် မြက်ရိုင်းများ ထူထပ်စွာ ပေါက်ရောက်နေပြီး မြေဆီလွှာမှာလည်း ကောင်းမွန်လှ၏။

၎င်းတို့သည် ဝမ်ကျန်းရွာမှ ထွက်ခွာလာခဲ့သည်မှာ အတန်ကြာခဲ့ပြီ ဖြစ်သော်လည်း ယခုအချိန်အထိ လူသူအရိပ်အယောင်မျှပင် မတွေ့ရသေးချေ။

သူမ အဝေးသို့ မျှော်ကြည့်လိုက်သောအခါ မြက်ရိုင်းတောများကိုသာ မြင်တွေ့ရပြီး တောင်ကုန်းဟူ၍ တစ်ခုမျှ မရှိချေ။ ကောင်းကင်ကြီးမှာ မြင့်မားကျယ်ပြောနေပြီး မြက်ပင်များမှာလည်း ရှည်လျားစွာ ပေါက်ရောက်နေ၏။

ရံဖန်ရံခါတိုက်ခတ်လာသော လေအဝှေ့တွင် စိမ်းလန်းသော မြက်ခင်းပြင်ကြီးမှာ လှိုင်းတံပိုးများကဲ့သို့ လှုပ်ခတ်သွားပြီး ကြည့်ရသည်မှာ စိတ်ကြည်နူးဖွယ် ကောင်းလှသည့်အပြင် စိတ်နှလုံးကိုလည်း လန်းဆန်းစေပေသည်။

ဘေးနားမှ ကျိုးယိရှန်၏ ပျင်းရိငြီးငွေ့သော လေသံကို ကြားလိုက်ရ၏။

“ဘာတွေ ကြည့်နေတာလဲ”

ရှောင်ဟွမ်က ပြုံး၍ ပြောလိုက်လေသည်။

“ဖိုးဖိုး... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဒီကိုဖြတ်တော့ အချိန်လုနေရတာနဲ့ ပတ်ဝန်းကျင်ကို သေချာမကြည့်လိုက်ရဘူး။ ဒီနေ့ ရာသီဥတုက သိပ်သာယာတာပဲ၊ ကြည့်ပါဦး၊ ရှုခင်းက တကယ်မဆိုးဘူးနော်”

ကျိုးယိရှန်က ရှေးဟောင်းလမ်းတစ်ဖက်ရှိ မြက်ခင်းပြင်ကို ကြည့်လိုက်သောအခါ စိတ်ကြည်လင်သွားသော်လည်း တစ်ကိုယ်တည်း ညည်းညူလိုက်၏။

“ဘယ်လိုပဲကြည့်ကြည့် မြက်ရိုင်းတွေပဲ မဟုတ်လား။ ဘာကြည့်စရာ ရှိလို့လဲ။ ဒါတွေသာ ရွှေဖြစ်နေရင်တော့ တစ်မျိုးပေါ့”

“ဖိုးဖိုး”

ရှောင်ဟွမ်က စကားကို ဖြတ်ပြောလိုက်ပြီး စိတ်ပျက်သလို ကြည့်ကာ ဆိုလိုက်၏။

“ဖိုးဖိုးက အမြဲတမ်း ပိုက်ဆံအကြောင်းပဲ တွေးနေတာပဲ။ နာမည်ထဲမှာတောင် ‘နတ်ဘုရား’ ဆိုတဲ့ စကားလုံး ပါနေပြီးတော့ တကယ့်ကို အဆင့်အတန်း မရှိတာပဲ”

“အဆင့်အတန်း မရှိဘူး ဟုတ်လား”

ကျိုးယိရှန်က ဒေါသထွက်သွားဟန်ဖြင့် ပြောလိုက်လေသည်။

“ငါ့ကို အဆင့်အတန်း မရှိဘူးလို့ ပြောဝံ့တယ်ပေါ့။ ငါက ဒီလောကထဲက မဟုတ်တဲ့ သူတော်စင်လေ။ မိသားစု ထောင်ပေါင်းများစွာကို ကောင်းကျိုးပြုပြီး သတ္တဝါအားလုံးကို ကယ်တင်နေတဲ့ သက်ရှိဗုဒ္ဓလို့ တစ်ကမ္ဘာလုံးက သိထားကြတဲ့ လူပဲဟာကို”

ရှောင်ဟွမ်က သူ့ကို စိုက်ကြည့်နေ၏။ ကျိုးယိရှန်သည် မြေးမဖြစ်သူ၏ တောက်ပသော မျက်ဝန်းများအောက်တွင် အသံမှာ တဖြည်းဖြည်း တိုးသွားပြီး လေသံမှာလည်း ပျော့သွားလေသည်။ နောက်ဆုံးတွင် ခေါင်းမော့၍ နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

“မင်းလို ကောင်မလေးက မင်းရဲ့ အဘိုး ဘယ်လောက်စွမ်းလဲဆိုတာ ဘယ်သိပါ့မလဲ”

ရှောင်ဟွမ်က ခေါင်းခါရင်း တဟားဟား ရယ်မောလိုက်ပြီး အခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်၏။ ကျိုးယိရှန်မှာ မြေးမဖြစ်သူ၏ လှောင်ပြောင်မှုကို ခံရသဖြင့် စိတ်ပျက်သွားကာ သက်ပြင်းချရင်း ဆိုလေသည်။

“အဲဒီတုန်းက ငါ ဘာလို့ မင်းနဲ့တွေ့ရတာလဲ။ အစောကတည်းကသာ သိရင် လမ်းဘေးမှာပဲ ပစ်ထားခဲ့ပြီး မင်းကို သေအောင် ငိုခိုင်းလိုက်ရမှာ”

ရှောင်ဟွမ်က လျှာထုတ်ပြလိုက်၏။ သူမ၏ ဖြူစင်သော မျက်နှာလေးတွင် အပြစ်ကင်းစင်ကာ ချစ်စရာကောင်းသော အမူအရာ ပေါ်လွင်နေပြီး ပြုံး၍ ဆိုလိုက်သည်။

“ဒါက ဖိုးဖိုးက စိတ်ရင်းကောင်းလို့ မဟုတ်ဘူးလား”

ကျိုးယိရှန်က ရှောင်ဟွမ်ကို စိုက်ကြည့်ကာ စိတ်တိုတိုဖြင့် ပြောလိုက်သည်။

“မင်းကို ဒီလောက်နှစ်တွေအထိ ကျွေးမွေးစောင့်ရှောက်လာတာ၊ မင်းကတော့ ငါ့ကို အမြဲတမ်း စိတ်အနှောင့်အယှက် ပေးနေတာပဲ”

ရှောင်ဟွမ်မှာ ကြောက်ရွံ့ခြင်း မရှိသလို စိတ်လည်း မဆိုးချေ။ ဤစကားမျိုးကို အကြိမ်ပေါင်းများစွာ ကြားဖူးပုံရ၏။ သူမက ကျိုးယိရှန်အနားသို့ လျှောက်သွားပြီး မျက်လုံးအစုံကို ဝေ့ဝဲကာ ရုတ်တရက်မေးလိုက်သည်။

“အော်... ဖိုးဖိုး။ အဲဒီတုန်းက သမီးကို ဘာလို့ ခေါ်လာတာလဲ”

ကျိုးယိရှန်မှာ အံ့အားသင့်သွား၏။ အမှန်စင်စစ် သူနှင့် ရှောင်ဟွမ်တို့မှာ အမြဲတမ်း ရင်းနှီးပွင့်လင်းစွာ နေထိုင်တတ်ကြသဖြင့် အမှန်တကယ် ဒေါသထွက်လေ့ မရှိချေ။

သို့သော် ရှောင်ဟွမ်၏ မေးခွန်းကို ကြားလိုက်ရသောအခါ အတိတ်မှ မှတ်ဉာဏ်အချို့ ပြန်လည်ပေါ်ပေါက်လာပြီး သူ၏ မျက်နှာမှာ ညှိုးငယ်သွားကာ ညင်သာစွာ သက်ပြင်းချ၍ ဆိုလိုက်လေသည်။

“အဲဒီတုန်းက ဟယ်ယန်မြို့မှာ မင်းက လမ်းဘေးမှာ မေ့လဲနေတဲ့ အသက် နှစ်နှစ်၊ သုံးနှစ်အရွယ် ကောင်မလေးတစ်ယောက်ပဲ ရှိသေးတယ်။ ဆာလွန်းလို့ သေလုနီးပါး ဖြစ်နေပြီး မင်းရဲ့ ငိုသံတွေကတောင် အက်ကွဲနေပြီ။ ငါလည်း စိတ်မကောင်းဖြစ်သွားတာနဲ့ မင်းကို ချီလာခဲ့တာပဲ”

သူက ရုတ်တရက် ရှောင်ဟွမ်ကို ကြည့်ကာ ဆက်ပြော၏။

“အဲဒီတုန်းက မင်းက အရမ်းငယ်သေးပေမဲ့ တော်တော်လေးတော့ ထက်မြက်တယ်လို့ ပြောရမယ်။ ငါချီလိုက်တာနဲ့ ချက်ချင်း ငိုသံတိတ်သွားတာပဲ။ အဲ့တာနဲ့ ငါလည်း ငါတို့ကြားမှာ ရေစက်ရှိတယ်လို့ ထင်သွားတာနဲ့ မင်းကို ပစ်မထားနိုင်တော့တာပေါ့”

ရှောင်ဟွမ်က ပြုံးစစ မျက်နှာလေးဖြင့် သူ၏ အင်္ကျီကို ဆွဲကာ ချွဲနွဲ့လိုက်၏။

“ဒါက စိတ်ရင်းကောင်းတာ မဟုတ်လား။ နောင်ကျရင် ဖိုးဖိုးမှာ ကောင်းတဲ့ ကံကြမ္မာတွေ သေချာပေါက် ရှိလာမှာပါ။ ကြည့်ပါဦး၊ ဒီနှစ်တွေအတွင်းမှာ သမီးက ဖိုးဖိုးကို ဗေဒင်ဟောဖို့ ကူညီပေးခဲ့လို့ ပိုက်ဆံတွေ အများကြီး ရခဲ့တယ် မဟုတ်လား”

ကျိုးယိရှန်က ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်လိုက်ပြီး ပြုံးကာ ဆိုလေသည်။

“အင်း၊ ဒါကလည်း ဟုတ်တာပဲ”

ရုတ်တရက် သူ သတိဝင်လာပြီး မျက်နှာပျက်သွားကာ ဒေါသတကြီး ပြောလိုက်၏။

“ဘာဟုတ်တာလဲ။ လျှောက်မပြောနဲ့”

ရှောင်ဟွမ်က ပါးစပ်ကို ပိတ်၍ တခိခိ ရယ်မောလိုက်ပြီး ခဏအကြာတွင် တစ်စုံတစ်ခုကို တွေးမိကာ ဆိုလိုက်သည်။

“အင်း၊ ဖိုးဖိုး။ ဒါနဲ့ အဲဒီတုန်းက ဖိုးဖိုးက ဘာလို့ ဟယ်ယန်မြို့ကို ရောက်နေတာလဲ။ အဲဒါ ချင်းယွင်တောင်ခြေရင်းမှာ မဟုတ်လား။ ဖိုးဖိုးက အဲဒီနားကို သွားဖို့ အမြဲတမ်း ဝန်လေးနေတာ သမီး မှတ်မိနေတယ်”

“လွန်ခဲ့တဲ့ တစ်ဆယ်နှစ်လောက်က ချင်းယွင်ဂိုဏ်းသား ကျန်းရှောင်ဖန်းကြောင့် စပ်စုချင်တာနဲ့ သွားကြည့်ခဲ့တာကလွဲရင် အဲဒီနားကို အနားမကပ်ခဲ့ဘူး မဟုတ်လား”

ကျိုးယိရှန်၏ မျက်နှာမှာ အနည်းငယ် ညိုးကျသွားပြီး သက်ပြင်းချကာ ဆိုလေသည်။

“ဒါတွေအားလုံးက မင်း မမြင်လိုက်ရတဲ့ မင်းရဲ့ အဖေကြောင့်ပေါ့။ သူ့ရဲ့ အရိုးပြာနဲ့ ဝိညာဉ်အုတ်ဂူက ဟယ်ယန်မြို့မှာ ရှိနေတာ။ အဲဒီနှစ်က သူ့ရဲ့ ကွယ်လွန်တဲ့နေ့မှာ ငါ သူ့အုတ်ဂူနားမှာ အကြာကြီးနေခဲ့တယ်”

“အဲဒီကနေ လမ်းပေါ်ကို ထွက်လာတော့ မင်းကို တွေ့တာပဲ။ အဲဒီအချိန်မှာ ငါကလည်း ဝမ်းနည်းနေတဲ့အချိန်ဆိုတော့ မင်းရဲ့ သနားစရာကောင်းတဲ့ အခြေအနေကို ကြည့်ပြီး မွေးစားဖို့ ဆုံးဖြတ်လိုက်တာပဲ”

ရှောင်ဟွမ်မှာ ထိုစကားကို ကြားပြီးနောက် တိတ်ဆိတ်သွား၏။ ခဏအကြာတွင် သူမက ပြောလိုက်သည်။

“ဖိုးဖိုး၊ အဲဒါဆိုရင် သမီးတို့ အဖေ့ဆီကို မသွားဖြစ်တာ ဆယ်နှစ်တောင် ရှိနေပြီပေါ့”

ကျိုးယိရှန်က တွက်ချက်ကြည့်ပြီး ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ်။ အချိန်တွေက ကုန်မြန်တာပဲ။ နောက်ထပ် တစ်ဆယ်နှစ် ရှိသွားပြန်ပြီ”

သူက ခပ်နွမ်းနွမ်း ပြုံးလိုက်ပြီး ဆက်ပြောသည်။

“ကောင်းပြီလေ။ အခုလောလောဆယ် ငါတို့ သွားစရာ နေရာမရှိသေးတာနဲ့ ဟယ်ယန်မြို့ကို သွားပြီး မင်းအဖေဆီ ဂါရဝပြုကြတာပေါ့”

ရှောင်ဟွမ်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။

“ကောင်းတာပေါ့”

ကျိုးယိရှန်က လက်ယမ်းပြကာ ဆိုလေသည်။

“သွားကြစို့။ ဒီလို လူသူဝေးတဲ့နေရာက စိတ်ရှုပ်စရာ ကောင်းတယ်”

၎င်းတို့ နှစ်ဦး ရှေ့သို့ လျှောက်လာကြ၏။ ရှောင်ဟွမ်မှာ ငယ်ရွယ်သူ ဖြစ်သည့်အပြင် လွန်ခဲ့သော ကိစ္စများမှာလည်း ကြာခဲ့ပြီ ဖြစ်သဖြင့် သူမ၏ တက်ကြွသော စရိုက်ကြောင့် ဝမ်းနည်းမှုများကို မကြာမီပင် မေ့ပျောက်သွားလေသည်။

လမ်းလျှောက်နေရင်း ပတ်ဝန်းကျင် ရှုခင်းများကို ကြည့်ရှုနေစဉ် နောက်သို့ လှည့်ကြည့်လိုက်ရာ သူမမှာ အံ့အားသင့်သွားပြီး ပြောလိုက်သည်။

“ဖိုးဖိုး၊ သမီးတို့ နောက်ကို ကြည့်လိုက်ဦး”

ကျိုးယိရှန်မှာ ကြောင်သွားပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။

“ဘာဖြစ်လို့လဲ”

ရှောင်ဟွမ်က ပြောလိုက်၏။

“ဟို ခွေးရိုင်းတာအိုဆရာက သမီးတို့နောက်ကို လိုက်လာနေပုံပဲနော်”

ကျိုးယိရှန်က သေချာကြည့်လိုက်သောအခါ အမှန်ပင် ခွေးရိုင်းတာအိုဆရာသည် ၎င်းတို့ နောက်မှ ခပ်လှမ်းလှမ်းမှ လိုက်ပါလာပြီး အကွာအဝေး တစ်ခုကိုလည်း ထိန်းထားသည်။

၎င်းတို့ ရပ်တန့်၍ နောက်သို့ လှည့်ကြည့်လိုက်သောအခါ ခွေးရိုင်းတာအိုဆရာမှာလည်း အံ့အားသင့်သွားပြီး သူပါ ရပ်တန့်သွား၏။

သူက ဝေခွဲမရဖြစ်ကာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီးနောက် ဘေးတစ်ဖက်တွင် ရပ်၍ ကောင်းကင်ကြီးကို မော့ကြည့်နေလေသည်။

ကျိုးယိရှန်မှာ သံသယဖြစ်သွားပြီး သူ့ကို အတန်ကြာအောင် စိုက်ကြည့်နေ၏။ ထို့နောက် လှည့်ကာ ရှောင်ဟွမ်ကို ဆွဲ၍ ဆက်လျှောက်ရင်း တိုးတိုးလေး မေးလိုက်လေသည်။

“အဲဒီလူက ဘာလို့ နောက်က လိုက်လာရတာလဲ”

ရှောင်ဟွမ်ကိုယ်တိုင်လည်း ထိုမေးခွန်းကို ဝေခွဲမရဖြစ်နေလေသည်။

“ဖိုးဖိုးက သမီးကို မေးနေတော့ သမီးက ဘယ်သူ့ကို သွားမေးရမှာလဲ”

ကျိုးယိရှန်က အသက်ကို ခဏမျှ အောင့်ထားပြီးနောက် ရုတ်တရက် ရှောင်ဟွမ်ကို စိုက်ကြည့်ကာ ဆိုလိုက်သည်။

“အဲဒီလူက မင်းအပေါ် မကောင်းတဲ့ စိတ်ကူးတွေ ရှိနေပြီး တစ်ခုခု လုပ်ဖို့ ကြံစည်နေတာများလား”

ရှောင်ဟွမ်မှာ လန့်သွားပြီး မျက်နှာလေး ချက်ချင်းနီမြန်းသွားကာ ပြန်ပြောလိုက်၏။

“ဖိုးဖိုး၊ ဘယ်လိုတောင် ပြောလိုက်တာလဲ”

ကျိုးယိရှန်က နှာခေါင်းရှုံ့ကာ ဆိုလေသည်။

“ဘာလို့ မပြောနိုင်ရမှာလဲ။ အခုခေတ် လောကကြီးမှာ လူဆိုးတွေက သောင်းကျန်းနေတာ။ မင်းကလည်း ချောချောလှလှလေးဆိုတော့ ပြောရခက်တယ်”

ရှောင်ဟွမ်က သူ့ကို စိတ်တိုတိုဖြင့် ကြည့်ကာ ဆိုလိုက်၏။

“သမီး ထင်တာတော့လေ။ ခွေးရိုင်းတာအိုဆရာက မိစ္ဆာဂိုဏ်းကမိုလို့ နာမည်ပျက်ရှိပေမဲ့ သူက မိန်းကလေးတွေကို ဒုက္ခပေးတယ်လို့ မကြားဖူးပါဘူး။ ဒါပေမဲ့ လူသတ်တာ၊ မီးရှို့တာ၊ လုယက်တာတွေ လုပ်တယ်လို့တော့ အများကြီး ကြားဖူးတယ်”

ကျိုးယိရှန်မှာ မျက်နှာ ဖြူလျော့သွားပြီး ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားကာ ပြောလိုက်၏။

“အဲဒီလူက ငါတို့လို ဆင်းရဲသားနှစ်ယောက်ကို လုဖို့ ကြံနေတာတော့ မဟုတ်ဘူး မဟုတ်လား”

ရှောင်ဟွမ်က ဆိုလေသည်။

“ပြောရခက်တယ်။ ဖိုးဖိုးဆီမှာ ရှိတဲ့ ငွေတွေက ဆင်းရဲသား တစ်ယောက်ထက်တော့ ပိုပြီးချမ်းသာနေတာ အမှန်ပဲ”

ကျိုးယိရှန်က အလျင်အမြန် အသံနှိမ့်ကာ ပြောလိုက်၏။

“ရှူး...အကျယ်ကြီး မပြောနဲ့”

သူက ပတ်ဝန်းကျင်ကို ကြည့်ကာ မျက်မှောင်ကြုတ်ပြီး ဆိုလေသည်။

“မကောင်းဘူး။ ဒီမှာ လူပြတ်တော့ လုယက်ဖို့ နေရာကောင်းပဲ။ မြန်မြန် ပြေးကြရအောင်”

ရှောင်ဟွမ်မှာ အံ့အားသင့်သွားပြီး ကျိုးယိရှန်က ရင်ဘတ်ထဲမှ အဝါရောင်စာရွက်မန္တန်တစ်ခုကို ထုတ်ယူလိုက်သည်ကို မြင်လိုက်ရ၏။

All Chapters