← Chapters

အခန်း ၂၁၅

Vol. 22 Ch. 215

အခန်း ၂၁၅

Vol. 22 Ch. 215

အခန်း (၂၁၅) - မိတ်ဆွေဟောင်းတို့၏ သံယောဇဉ် (၂)

သူသည် ဘိုးဘေးများထံမှ လျှို့ဝှက်စွာ လက်ဆင့်ကမ်းလာသော ‘မြေလျှိုးခြင်းပညာ’ ကို အသုံးပြု၍ ထွက်ပြေးရန် ပြင်ဆင်နေပုံရသဖြင့် သူမမှာ ရယ်လည်းရယ်ချင်သလို စိတ်လည်း ပျက်သွားကာ ကျိုးယိရှန်ကို ဆွဲထားပြီး ပြောလိုက်သည်။

“ဖိုးဖိုး၊ ခဏစောင့်ပါဦး”

ကျိုးယိရှန်က နောက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။

“ဟိုလူက နောက်က ထပ်လိုက်လာနေပြီ။ ဘာလို့ စောင့်ရမှာလဲ”

ရှောင်ဟွမ်က ပြုံး၍ ပြောလိုက်လေသည်။

“ဖိုးဖိုး၊ ဒီမြေလျှိုးခြင်းပညာက ဘိုးဘေးတွေဆီက လက်ဆင့်ကမ်းလာတဲ့ လျှို့ဝှက်ပညာ ဖြစ်ပေမဲ့ ဖိုးဖိုးက အဲဒါကို သုံးပြီးရင် ဘယ်နေရာကို ရောက်သွားမလဲဆိုတာ မထိန်းချုပ်နိုင်ဘူး မဟုတ်လား။ သမီး ပြောပြမယ်”

“သမီးတို့က သေမင်းနွံတောနဲ့ သိပ်မဝေးသေးဘူး။ အဲဒီထဲကိုသာ မှားပြီး ရောက်သွားရင်တော့ တကယ်သေသွားလိမ့်မယ်”

ကျိုးယိရှန်မှာ ကြောင်သွားပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် ဆို၏။

“ငါတို့ ကံက အဲဒီလောက် မဆိုးနိုင်ပါဘူးနော်”

ရှောင်ဟွမ်က သူ့ကို စိုက်ကြည့်ကာ မေးလိုက်သည်။

“ဖိုးဖိုးရဲ့ ကံက ကောင်းတယ်လို့ ထင်လား၊ ဆိုးတယ်လို့ ထင်လား”

ကျိုးယိရှန်က စဉ်းစားလိုက်ပြီးနောက် အခိုင်အမာ ပြောလိုက်၏။

“ဆိုးတယ်”

ရှောင်ဟွမ်က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး ဆိုလေသည်။

“အဲဒါဆိုရင် ပြီးတာပဲ မဟုတ်လား။ အန္တရာယ်တောထဲကို မစွန့်စားသင့်ဘူးလေ”

ထို့နောက် သူမက ကျိုးယိရှန်အနားသို့ ကပ်ကာ သူမ၏ ဘယ်ဘက်လက်ကို မျက်စိဖြင့် အချက်ပြရင်း တိုးတိုးလေး ပြောလိုက်၏။

“ဖိုးဖိုး၊ သမီးဆီမှာ အစ်မပေးထားတဲ့ ကာကွယ်ရေးအဆောင် ရှိသေးတာကို မေ့နေပြီလား။ ပြီးတော့ ဒီခွေးရိုင်းတာအိုဆရာက မိစ္ဆာဂိုဏ်းထဲမှာ အဆင့်မြင့်တဲ့သူ မဟုတ်ဘူး။ သူ့ကို ကိုင်တွယ်ရတာ မခက်ပါဘူး”

ကျိုးယိရှန်က ခေါင်းငုံ့၍ စဉ်းစားလိုက်ပြီးနောက် သက်ပြင်းအရှည်ကြီး တစ်ခု ချလိုက်ကာ ဆိုလေသည်။

“မင်း ပြောတာ မှန်ပါတယ်။ အား။ ဒီရက်ပိုင်းမှာ ဘာလို့ ငါ့စိတ်တွေ ဂယောက်ဂယက် ဖြစ်နေရလဲ မသိဘူး။ သေမင်းနွံတောထဲမှာ အဆင့်မြင့်ကျင့်ကြံသူတွေကို အများကြီး တွေ့ခဲ့ရလို့ ခွေးရိုင်းတာအိုဆရာကိုလည်း အဲဒီလိုလူမျိုးလို့ ထင်နေမိတာ ဖြစ်မှာပါ”

ရှောင်ဟွမ်က ပြုံး၍ ဆို၏။

“ပြီးတော့ အဲဒီ ခွေးရိုင်းတာအိုဆရာက လူဆိုးတစ်ယောက် မဟုတ်ပါဘူး။ အဲဒီတုန်းက သူ သမီးတို့ကို ထီးငှားပေးခဲ့သေးတယ် မဟုတ်လား”

ကျိုးယိရှန်က အသံတစ်ချက် ပြုလိုက်ပြီး ပြောလိုက်၏။

“ဘာငှားတာလဲ။ မင်းကိုပဲ ငှားတာပါ။ ငါကတော့ မိုးထဲမှာ စိုရွှဲပြီး သေကာနီးဖြစ်နေတာတောင် မင်းကတော့ ဘာမှမဖြစ်သလိုနေနေတာ။ တကယ့်ကို အဖိုးအပေါ် မရိုသေတဲ့ မြေးမိုက်ပဲ”

ရှောင်ဟွမ်က လျှာထုတ်ပြလိုက်ပြီး ပြုံးကာ ဆိုလေသည်။

“ဖိုးဖိုး၊ သမီး ဖိုးဖိုးကို အတူတူဆောင်းရအောင် ပေးသားပဲ။ ဖိုးဖိုးကမှ မဆောင်းချင်တာ”

ကျိုးယိရှန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ရှေ့သို့ အားပါပါ လှမ်းလျှောက်ရင်း ညည်းတွားနေ၏။

“ဘာပဲဖြစ်ဖြစ် မင်းနဲ့ မင်းရဲ့ အဖေက အတူတူပဲ။ ငါ့ကို အမြဲတမ်း စိတ်ဆိုးအောင် လုပ်နေတာ။ စကားကို နားမထောင်ကြဘူး”

ရှောင်ဟွမ်က ပြုံး၍ ခေါင်းခါရင်း နောက်မှ လိုက်ပါသွားလေသည်။

ရှေးဟောင်းလမ်း၏ နောက်ဘက်တွင်မူ ခွေးရိုင်းတာအိုဆရာသည် ရှေ့မှ ရယ်သံများကို ကြားနေရပုံရ၏။ သူက မျက်မှောင်ကြုတ်လိုက်ပြီး မျက်နှာ အမူအရာ ပြောင်းလဲသွားသော်လည်း နောက်ဆုံးတွင် ၎င်းတို့နောက်မှ ဆက်လက်လိုက်ပါလာလေသည်။

ကောင်းကင်နှင့် မြေကမ္ဘာအကြားတွင် မြက်ရိုင်းတောများပေါ်သို့ လေပြည်များ တိုက်ခတ်နေပြီး လေတိုးသံများ ထွက်ပေါ်နေ၏။

တစ်နာရီမပြည့်မီမှာပင် ကျိုးယိရှန်မှာ မောပန်းလာသဖြင့် ရှောင်ဟွမ်ကို ဆွဲလိုက်ပြီး ပြောလိုက်သည်။

“ခဏနားရအောင်”

ရှောင်ဟွမ်က ခေါင်းညိတ်လိုက်ပြီး လမ်းဘေးတွင် ကျောက်တုံးပြား တစ်ခုကို ဖုန်ခါလိုက်ပြီး ပြောလိုက်လေသည်။

“ဖိုးဖိုး၊ ဒီမှာ လာထိုင်ပါဦး”

ကျိုးယိရှန်က ခေါင်းညိတ်လိုက်ပြီး ‘နတ်ဘုရားလမ်းညွှန်’ ဟူသော စာလုံးများ ပါသည့် အဖြူရောင်အလံစိုက်ထားသော ဝါးလုံးကို ကျောက်တုံးတွင် မှီထားကာ ထိုင်ချလိုက်၏။ သူက မောပန်းနေပြီး ခေါင်းကို အနည်းငယ် ခါယမ်းကာ ဆိုလေသည်။

“ဘာလို့ မကြာသေးခင်က ငါ့ခန္ဓာကိုယ်က အားနည်းလာတယ်လို့ ခံစားနေရလဲ မသိဘူး။ ခဏလေးပဲ လမ်းလျှောက်ရသေးတာကို မောနေပြီ”

ရှောင်ဟွမ်က သူမ၏ အထုပ်ထဲမှ ရေသန့်ဘူးကို ထုတ်ယူလိုက်၏။ ထိုစကားကို ကြားသောအခါ သူမ၏ မျက်ဝန်းများတွင် စိုးရိမ်ရိပ်များ ဖြတ်ပြေးသွားပြီး ကျိုးယိရှန်အနားသို့ လျှောက်သွားကာ ရေသန့်ဘူးကို ကမ်းပေးရင်း ဆိုလိုက်သည်။

“ဖိုးဖိုး၊ ရေသောက်လိုက်ပါဦး”

ကျိုးယိရှန်က ခေါင်းညိတ်၍ ရေသန့်ဘူးကို ယူကာ ခေါင်းမော့၍ အနည်းငယ် သောက်လိုက်၏။

သက်ပြင်းအရှည်ကြီး တစ်ခု ချလိုက်ပြီးနောက် နောက်သို့ လှည့်ကြည့်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်း အလှမ်းဝေးဝေးတွင် ရပ်နေသည်ကို မြင်လိုက်ရလေသည်။

ကျိုးယိရှန်က အတန်ကြာအောင် ကြည့်နေပြီးနောက် ရုတ်တရက် ရယ်မောလိုက်ကာ ထိုလူကို လျစ်လျူရှုပြီး ရေသန့်ဘူးကို ရှောင်ဟွမ်ထံ ပြန်ပေးလိုက်၏။ သို့သော် သူ လှည့်လိုက်သောအခါ အံ့အားသင့်သွားရပေသည်။

ရှောင်ဟွမ်မှာ သူ၏ ဘေးတွင် ထိုင်နေပြီး အနီရောင် သကြားရည်လောင်းထားသည့် သစ်သီးချောင်းကို ပျော်ရွှင်စွာ စားနေလေသည်။

ကျိုးယိရှန်က ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်ပြီး လေးလေးနက်နက် ဆိုလေသည်။

“ငါ ပြောမယ် ရှောင်ဟွမ်။ မင်း အခု ဘယ်အရွယ်ရှိနေပြီလဲ ကြည့်ဦး။ ဘယ်လိုဖြစ်လို့ ကလေးမလေး တစ်ယောက်လို သစ်သီးချောင်းကိုပဲ အရမ်းကြိုက်နေရတာလဲ”

ရှောင်ဟွမ်က သစ်သီး၏ အစေ့လေးကို လမ်းဘေးသို့ ညင်သာစွာ ထွေးထုတ်လိုက်ပြီး ကျိုးယိရှန်ကို ချိုသာစွာ ပြုံးပြကာ ဆို၏။

“ဒါပေမဲ့ သမီးက ဒါစားရတာ ကြိုက်တာကို”

ကျိုးယိရှန်မှာ ဘာပြန်ပြောရမှန်း မသိတော့ဘဲ သက်ပြင်းချကာ ဆိုလေသည်။

“လွန်ခဲ့တဲ့ဆယ်နှစ်က ဟယ်ယန်မြို့မှာ မုန့်တွေအများကြီး ရှိနေတာကို ငါက ဘာလို့လမ်းကြားထဲကဆိုင်မှာ မင်းအတွက် ဒီသစ်သီးချောင်းကို သွားဝယ်ပေးမိပါလိမ့်”

ပြောပြီးနောက် သူက ခေါင်းခါရင်း သက်ပြင်းချနေ၏။ ရှောင်ဟွမ်ကမူ ဘာမှပြန်မပြောဘဲ သူမလက်ထဲရှိ အရသာရှိသော မုန့်ကို ဖြည်းညှင်းစွာ မြိန်ယှက်စွာ စားနေလေသည်။

သစ်သီးချောင်း၏ တောက်ပသော အနီရောင်ကြောင့်လားမသိ၊ သူမ၏ နှုတ်ခမ်းလေးမှာလည်း အနီရောင်များ စွန်းထင်းနေလေ၏။

ကျိုးယိရှန်မှာ ခဏမျှ ထိုင်နားပြီးနောက် အားအင်များ ပြန်ပြည့်လာသဖြင့် ရှောင်ဟွမ်ကို ခရီးဆက်ရန် ပြောရန် ပြင်လိုက်သော်လည်း သူ ခေါင်းလှည့်လိုက်သောအခါ သူ၏ မျက်လုံးထောင့်မှ လူတစ်ဦး၏ ခြေထောက်တစ်စုံ သူ့ရှေ့တွင် ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားလေသည်။

ကျိုးယိရှန်မှာ ထိတ်လန့်သွားပြီး တွေးလိုက်မိ၏။

‘ငါတို့ ခဏလောက် သတိလက်လွတ် ဖြစ်သွားတဲ့အချိန်မှာ ဒီခွေးရိုင်းက အခွင့်ကောင်းယူပြီး ချဉ်းကပ်လာတာလား။ တကယ့်ကို ကြောက်စရာ ကောင်းလိုက်တာ။'

‘ဒီကောင်မလေးရဲ့ စကားကို အလွယ်တကူ ယုံလို့မရဘူးပဲ။ ငါ လောကထဲမှာ ကျင်လည်လာတာ နှစ်ပေါင်း ရာချီနေပြီ၊ ဒီနေ့မှ မြောင်းထဲမှာ လှေမှောက်ရတော့မှာလား’

သူက အတွေးများနေပြီး ရှောင်ဟွမ်ကို ထရန် ခေါ်ရန် ကြံရွယ်နေစဉ် ရုတ်တရက် ထိုလူက ညင်သာတည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်ကို ကြားလိုက်ရ၏။

“ခင်ဗျား ဗေဒင်ဟောနေတုန်းပဲလား”

ကျိုးယိရှန်နှင့် ရှောင်ဟွမ်တို့ နှစ်ဦးလုံး မတ်တပ်ရပ်လိုက်ကြပြီး ခေါင်းမော့ကြည့်လိုက်ရာ ၎င်းတို့ရှေ့တွင် လူလတ်ပိုင်း အမျိုးသားတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရ၏။

သူသည် သွယ်လျသော မျက်ခုံးများနှင့် လေးထောင့်ကျသော မျက်နှာရှိပြီး ကျောင်းတော်သားတစ်ဦးကဲ့သို့သော အသွင်အပြင် ရှိသည်။

သူ၏ မျက်ဝန်းအစုံမှာ တောက်ပကာ စူးရှနေပြီး နဖူးမှာ ပြည့်စုံကာ ခန့်ညားထည်ဝါသော အငွေ့အသက်များ ရှိနေ၏။

သူသည် ကျောင်းတော်သားဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ခရမ်းဖျော့ရောင် ကျောက်စိမ်းတစ်ခုကို ချိတ်ဆွဲထားရာ ၎င်းမှာ အနုစိတ်စွာ ထုလုပ်ထားပြီး မင်္ဂလာရှိသော အရှိန်အဝါများ ထွက်ပေါ်နေသဖြင့် သာမန်ပစ္စည်း မဟုတ်ကြောင်း သိသာလှပေသည်။

သို့သော် သူ၏ နဖူးဘေးရှိ ဆံပင်ဖြူအချို့မှာ သူ၏ မျက်နှာနှင့် လိုက်ဖက်မှုမရှိဘဲ သူ့ကို အသက်အနည်းငယ် ပိုကြီးသွားစေပုံရ၏။

ကျိုးယိရှန်၏ အမူအရာမှာ ရုတ်တရက် ထူးဆန်းသွားပြီး ထိုသူကို စိုက်ကြည့်နေ၏။ မည်သူမျှ မမြင်နိုင်သော သူ၏ အင်္ကျီလက်အောက်တွင် လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားလေသည်။

သူ၏ မျက်နှာပေါ်တွင်မူ အစပိုင်း ထိတ်လန့်မှုပြီးနောက် စိတ်သက်သာရာရမှုနှင့် ဘဝ၏ အခက်အခဲများကို ကျော်ဖြတ်လာခဲ့ရသူ တစ်ဦး၏ အမူအရာများ ပေါ်ပေါက်လာလေသည်။

ရှောင်ဟွမ်က ထိုလူကို သေချာကြည့်လိုက်ပြီးနောက် သူမ၏ အဘိုးကို ပြန်ကြည့်လိုက်ရာ ကျိုးယိရှန်၏ အမူအရာမှာ ထူးဆန်းနေသည်ကို သတိပြုမိသဖြင့် တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း ကျိုးယိရှန်က ရုတ်တရက် ပြောလိုက်လေသည်။

“ရှောင်ဟွမ်၊ ဘေးကို ခဏသွားနေဦး။ ဖိုးဖိုး ခေါ်မှ လာခဲ့”

ရှောင်ဟွမ်မှာ အံ့အားသင့်သွား၏။ ဤသို့သော အခြေအနေမျိုး တစ်ခါမျှ မဖြစ်ဖူးသော်လည်း ကျိုးယိရှန်၏ တည်ကြည်သော မျက်နှာကို ကြည့်ရသည်မှာ သူက နောက်ပြောင်နေခြင်း မဟုတ်ဘဲ ၎င်းတို့ နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး သိနေပုံရသဖြင့် သူမက ခေါင်းညိတ်ကာ အထုပ်ကို ပြင်ဆင်ပြီး နောက်ဘက်သို့ လျှောက်သွားလေသည်။

သူမသည် လမ်းလျှောက်နေရင်း နောက်သို့ မကြာခဏ လှည့်ကြည့်နေမိရာ သူမ၏ အဘိုးနှင့် ထိုသတ်လတ်ပိုင်း အမျိုးသားတို့မှာ တစ်ဦးကိုတစ်ဦး ရင်ဆိုင်ကြည့်နေကြပြီး ဘာစကားမျှ မပြောကြသေးသည်ကို မြင်တွေ့ရ၏။

သူမမှာ စိုးရိမ်စိတ်များ ဖြစ်ပေါ်လာမိသည်။ ထိုလူကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သော်လည်း ခဏတာအတွင်းမှာပင် သူမ၏ စိတ်ထဲတွင် သူ့အပေါ် အမည်မသိသော ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုများ ဖြစ်ပေါ်လာစေသည်။

လွန်ခဲ့သော တစ်ဆယ်နှစ်ကျော်အတွင်း သူမသည် ကျိုးယိရှန်နှင့် အမြဲတူတူ ရှိနေခဲ့သော်လည်း သူမ၏ အဘိုးက ဤမျှ စွမ်းအားကြီးသော ပုဂ္ဂိုလ်မျိုးနှင့် သိကျွမ်းနေလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့မိချေ။

သူမ အတွေးများနေစဉ်မှာပင် အတန်ဝေးသော နေရာသို့ ရောက်လာသည်ကို သတိမထားမိဘဲ သူမရှေ့တွင် လူရိပ်တစ်ခု ပေါ်လာသဖြင့် ချက်ချင်းရပ်လိုက်ရပြီး ထိုလူကို ဝင်တိုက်မိလုနီးပါး ဖြစ်သွား၏။ သူမ သေချာကြည့်လိုက်သောအခါ ခွေးရိုင်းတာအိုဆရာ ဖြစ်နေသဖြင့် အလျင်အမြန် ပြောလိုက်လေသည်။

“တောင်းပန်ပါတယ် တာအိုဆရာ”

မထင်မှတ်ဘဲ ခွေးရိုင်းတာအိုဆရာ၏ မျက်နှာမှာလည်း အလွန်ထူးဆန်းနေပြီး ထိတ်လန့်မှုများ ဖြစ်ပေါ်နေကာ ရှေ့တည့်တည့်ကိုသာ ကြောက်လန့်တကြား စိုက်ကြည့်နေလေသည်။

ရှောင်ဟွမ်မှာ ထပ်မံအံ့အားသင့်သွားပြီး သူ ကြည့်နေသော နေရာသို့ ကြည့်လိုက်ရာ ထိုသက်လတ်ပိုင်းအမျိုးသား ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ ခွေးရိုင်းတာအိုဆရာကိုပင် ဤမျှကြောက်ရွံ့စေနိုင်သူမှာ အမှန်စင်စစ် မည်သူဖြစ်ပါသနည်း။

ရှောင်ဟွမ်က စဉ်းစားနေပြီးနောက် ခွေးရိုင်းတာအိုဆရာကို တိုးတိုးလေး မေးလိုက်မိသည်။

“တာအိုဆရာ၊ ဟိုလူက ဘယ်သူလဲ။ သူ့ကို သိလို့လား”

All Chapters