← Chapters

အခန်း ၂၁၈

Vol. 22 Ch. 218

အခန်း ၂၁၈

Vol. 22 Ch. 218

အခန်း (၂၁၈) - လျှို့ဝှက်ဆန်းကြယ်သော မဟူရာရေမြွေ (၂)

ကွေ့လီက တစ်ချက်အော်လိုက်ပြီး လုရွှယ်ချီကို ကြည့်လိုက်ရာ သူ၏မျက်ဝန်းထဲတွင် အနည်းငယ်ချီးကျူးလိုဟန်များ ပါဝင်နေသော်လည်း များမကြာမီ အနီရောင်အလင်းတန်းများက ဖုံးလွှမ်းသွားပြန်သည်။ သူက ဆိုလိုက်၏။

“မျှော်လင့်ထားတဲ့အတိုင်း တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ။ ဆယ်နှစ်အတွင်းမှာတင် ရှန်းချင်းအဆင့်ကို တကယ်ပဲ ချိုးဖောက်နိုင်ခဲ့တာလား။ အဲဒီအချိန်က ချင်းယဲ့တည်ထောင်သူဘိုးဘေးတောင် ဒီလိုအောင်မြင်မှုမျိုး မရှိခဲ့ဘူးထင်တယ်”

လုရွှယ်ချီမှာ ဝေဟင်ထက်တွင် တည်ငြိမ်စွာ ရှိနေပြီး သူမ၏အဝတ်အစားများမှာ လွင့်ပျံ့နေ၏။ သူမ၏လက်က ဓားလက်ဟန်ကို ဖော်ဆောင်လိုက်သည်နှင့် ထျန်းယာဓားမှာ ချက်ချင်းရပ်တန့်သွားပြီး အပြာရောင်အလင်းမှာ ပိုမိုတောက်ပလာပြန်သည်။

တစ်ချိန်တည်းမှာပင် သူမသည် စိတ်ထဲမှ တိတ်တဆိတ် အံ့ဩနေမိ၏။ ဤဆယ်နှစ်အတွင်း သူမ၏ပညာရပ်များမှာ သိသိသာသာ တိုးတက်လာခဲ့သည်။

သူမ၏ပါရမီမှာ အခြားသူများထက် သာလွန်သော်လည်း အဓိကအားဖြင့် သူမသည် အလွန်အမင်း ကြိုးစားကျင့်ကြံခဲ့ခြင်းကြောင့် ဖြစ်ပေသည်။

သူမ ဘာကြောင့် အရာအားလုံးကို လျစ်လျူရှုပြီး ဤမျှကြိုးစားခဲ့ရသနည်းဟူသော အကြောင်းရင်းကိုမူ ဆရာဖြစ်သူ ရွှေ့ယဲ့ကပင် နားမလည်နိုင်ခဲ့ဘဲ အကြိမ်ကြိမ် ဖျောင်းဖျခဲ့ရဖူးသည်။ ၎င်းမှာ ပြင်ပလူများ နားလည်နိုင်သော အကြောင်းရင်း မဟုတ်ပေ။

ပင်ပန်းခက်ခဲသော ကျင့်ကြံမှုခရီးနှင့် ထူးခြားသော ပါရမီတို့ကြောင့် နောက်ဆုံးတွင် လွန်ခဲ့သော နှစ်ဝက်ခန့်ကပင် သူမသည် ချင်းယွင်ဂိုဏ်း၏ မျိုးဆက်သစ်များထဲတွင် ရှန်းချင်းအဆင့်သို့ ပထမဆုံး ရောက်ရှိနိုင်ခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်တစ်ထောင်မှစ၍ ချင်းယဲ့တည်ထောင်သူပြီးလျှင် ဤအဆင့်သို့ အမြန်ဆုံးရောက်ရှိသူ ဖြစ်လာခဲ့သည်။

သူမ၏ လက်ရှိကျင့်ကြံမှုအဆင့်မှာ ချင်းယွင်ဂိုဏ်းရှိ ဂိုဏ်းချုပ်များနှင့် အကြီးအကဲများမှလွဲလျှင် သူမသည် ရှေ့ဆုံးမှ ရှိနေပေသည်။

မျိုးဆက်သစ်တပည့်များထဲတွင် နံပါတ်တစ်ဟု အမြဲသိကြသော ရှောင်ယိချိုင်ပင်လျှင် သူမထက် အနည်းငယ် နိမ့်ကျပေသည်။

သို့သော်လည်း သူမသည် ကွေ့လီနှင့် တိုက်ခိုက်နေချိန်တွင် ယခင်က ကျန်းရှောင်ဖန်းဟု သိကြသော ကွေ့လိ၏ ပညာရပ်များမှာ သူမနှင့် တူညီနေသည်ကို တွေ့ရ၏။

ထိုက်ချိပုံရိပ်ကို ဖော်ဆောင်လိုက်သော ထိုလှုပ်ရှားမှုမှာ ကျွမ်းကျင်ပြီး အတွေ့အကြုံရှိလှကာ ရှန်းချင်းအဆင့်ရှိသော သူမ၏ဓားချက်ကို ခုခံနိုင်ခဲ့သည်။

ထို့ပြင် ၎င်း၏အတွင်း၌ ရှိနေသော အားအင်များမှာ လှိုင်းတံပိုးများကဲ့သို့ အဆက်မပြတ် စီးဆင်းနေပြီး သန်မာလှကာ ဗုဒ္ဓလမ်းစဉ်မှလာသည်ဟု ထင်ရသော်လည်း သူ၏လက်ကွက်များမှာမူ ထိုက်ချိရွှမ်ချင်တာအို၏ လက်ကွက်များဖြစ်နေပြန်သည်။

ဤလူသားသည် ကျင့်ကြံမှုခရီးတွင် မည်သူမျှ မလျှောက်ဖူးသေးသော လမ်းစဉ်တစ်ခုကို နောက်ဆုံးတွင် လျှောက်လှမ်းနိုင်ခဲ့ပြီလော။

သူတို့နှစ်ဦးလုံးမှာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြပြီး သူတို့၏အကြည့်များမှာ တဖြည်းဖြည်း ပိုမိုစူးရှလာ၏။ သို့သော် ထိုအချိန်တွင်ပင် အလွန်ကျယ်လောင်သော ဟိန်းဟောက်သံကြီးတစ်ခုမှာ မြူထုထဲမှနေ၍ ဟိန်းခနဲ ထွက်ပေါ်လာလေသည်။

ထိုအသံမှာ အလွန်ပြင်းထန်ပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသဖြင့် ကွေ့လီနှင့် လုရွှယ်ချီတို့၏ ကျင့်ကြံမှုဖြင့်ပင် အနည်းငယ် မူးဝေသွားရ၏။ တစ်ချိန်တည်းမှာပင် သူတို့၏ခြေဖဝါးအောက်ရှိ သစ်ကိုင်းကြီးမှာလည်း အပြင်းအထန် တုန်ခါသွားလေသည်။

ခိုင်ခံ့လှသော မြေပြင်ကြီး ရုတ်တရက် အပြင်းအထန် လှုပ်ခါသွားသကဲ့သို့ ငလျင်လှုပ်ခြင်းနှင့်ပင် ဆင်တူလှပေသည်။

အော်ဟစ်သံများနှင့်အတူ နတ်ဧကရာဇ်ဘဏ္ဍာတိုက် ကျောက်တံခါးဘေးတွင် ရှိနေသော မျောက်ကလေး ရှောင်ဟွေ့မှာ ရုတ်တရက် တုန်ခါမှုကြောင့် လန့်သွားပြီး တံခါးဘေးရှိ နွယ်ပင်များကို ဆုပ်ကိုင်လျက် အော်ဟစ်နေတော့၏။

ကွေ့လီနှင့် လုရွှယ်ချီတို့ တုံ့ပြန်ရန် မစောင့်နိုင်မီမှာပင် သူတို့လာခဲ့သော လမ်းကြောင်းမှ လူလေးဦးမှာ ရုတ်တရက် ပေါ်လာပြီး လျင်မြန်စွာ ပျံသန်းလာကြသည်။

လူတစ်ဦးက ရှေ့မှဖြစ်ပြီး သုံးဦးမှာ နောက်မှ ဖြစ်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် အနီးသို့ ရောက်ရှိလာ၏။ လုရွှယ်ချီနှင့် ကွေ့လီတို့နှစ်ဦးလုံး လှည့်ကြည့်လိုက်သောအခါ အံ့ဩသွားကြလေသည်။

တစ်လမ်းလုံး လိုက်လံနှောင့်ယှက်လာသော ထိုလူလေးဦးမှာလည်း သူတို့ရှေ့တွင် လူများရှိနေသည်ကို တွေ့သောအခါ အံ့ဩသွားကြပြီး မသိစိတ်ဖြင့် ရပ်တန့်လိုက်ကြ၏။

ထိုလေးဦးလုံးမှာ ရင်းနှီးပြီးသားသူများ ဖြစ်ကြသည်။ ရှေ့ဆုံးမှ တစ်ဦးတည်းသောသူမှာ ညို့ယူဖမ်းစားနိုင်သော မိန်းမပျိုလေးဖြစ်ပြီး သူမမှာ ဟဲဟွမ်ဂိုဏ်းမှ ကျင်းဖျင်အာပင် ဖြစ်လေသည်။

သူမ၏နောက်တွင်မူ လမ်းမှန်ဂိုဏ်းဝင် အမျိုးသားများဖြစ်ကြရာ လုရွှယ်ချီသာမက ကွေ့လီပင်လျှင် သိနေသောသူများ ဖြစ်ကြ၏။

ဖာရှန့်၊ ကျန်းရှုရှုနှင့် အံ့ဩတုန်လှုပ်လျက် ခြေလှမ်းများ ရပ်တန့်သွားကာ အကြည့်ကို ကွေ့လီထံမှ တစ်ချက်ကလေးမျှ မလွှဲနိုင်သောသူမှာ လင်းကျင်းယွီပင် ဖြစ်ပေသည်။

ထိုနေရာမှာ ရုတ်တရက် တိတ်ဆိတ်သွားလေသည်။

ကွေ့လီက သူတို့ကို ကြည့်လိုက်၏။ ဖာရှန့်နှင့် ကျန်သူများမှာ ပျော်ရွှင်မှု၊ အံ့ဩမှု စသော ရှုပ်ထွေးလှသော မျက်နှာအမူအရာများ တစ်ခုပြီးတစ်ခု ဖြတ်ပြေးသွားကြလေသည်။

ကျင်းဖျင်အာ၏မျက်လုံးများက ထိုမြင်ကွင်းကို ဝေ့ကြည့်လိုက်၏။ သရဲဘုရင်ဂိုဏ်းအတွင်းရှိ ကွေ့လီ၏ အရှိန်အဝါကြောင့် သူ၏နောက်ခံအကြောင်းကို သူမက သေချာလေ့လာထားပြီးသား ဖြစ်သည်။

ကွေ့လီနှင့် ဤနေရာရှိ လမ်းမှန်ဂိုဏ်းဝင်များအကြား ယခင်က ရှိခဲ့ဖူးသော ပတ်သက်မှုများကိုလည်း သူမက အနည်းနှင့်အများ သိထားပေသည်။

လက်ရှိအခြေအနေကို ကြည့်ရင်း သူမက အနည်းငယ် တွန့်ဆုတ်နေသော်လည်း သူမ၏ခြေလှမ်းများမှာ ကွေ့လီထံသို့ တိတ်တဆိတ် ရွေ့လျားသွားပြီး သူနှင့်အတူ ယှဉ်ရပ်လိုက်လေသည်။

လမ်းမှန်ဂိုဏ်းဘက်တွင်မူ ဖာရှန့်နှင့် လုရွှယ်ချီတို့သည် ကျင်းဖျင်အာ၏ လှုပ်ရှားမှုကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်ကြသော်လည်း ဘာမှတော့ မပြောကြသေးချေ။

တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သူမှာ အဝေးဆုံးတွင် ရပ်နေသော လင်းကျင်းယွီ ဖြစ်ပေသည်။

သူ၏မျက်ဝန်းထဲတွင် ကျင်းဖျင်အာကို လုံးဝသတိထားမိပုံမရဘဲ သူ၏ရှေ့တွင် ရပ်နေသော ယခင်က ကျန်းရှောင်ဖန်းကိုသာ မြင်နေပုံရသည်။

သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာပြီး နှုတ်ခမ်းများ လှုပ်ရှားနေ၏။ သူ၏အတွက် စကားပြောရန်ပင် ခက်ခဲနေပုံရပေသည်။

“မင်း... မင်း နေကောင်းရဲ့လား”

ကွေ့လီက အကြည့်လွှဲလိုက်ပြီး သူ့ကို မျက်လုံးချင်း မဆုံဝံ့ချေ။ လင်းကျင်းယွီနှင့် ရင်ဆိုင်ရချိန်တွင် ဘာကြောင့်မှန်းမသိဘဲ သူ၏ငယ်သူငယ်ချင်းဖြစ်သူ၏ မျက်လုံးများကို သူ မကြည့်ရဲတော့ဘဲ ဖြစ်သွားရ၏။

လင်းကျင်းယွီက ကွေ့လီ၏မျက်နှာကို မြင်သောအခါ ပို၍စိတ်လှုပ်ရှားလာပုံရပြီး သူ၏အသံမှာလည်း အက်ရှရှ ဖြစ်သွားကာ ခေါ်လိုက်သည်။

“ရှောင်ဖန်း... မင်း...”

ကွေ့လီ၏ကိုယ်မှာ တုန်ယင်သွားပြီး သူသည် မသိစိတ်ဖြင့် ခေါင်းကို မော့လိုက်ရာ ရင်းနှီးသော မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။ ထိုမျက်နှာထက်တွင် ရန်လိုမှုတစ်စုံတစ်ရာမျှ မရှိဘဲ ခံစားချက်များနှင့် ဝမ်းသာမှုများသာ ပြည့်နှက်နေပေသည်။

“ကျင်းယွီ...”

သူ၏အသံမှာ ကြမ်းရှနေလေသည်။

လင်းကျင်းယွီမှာ လွန်ခဲ့သော ဆယ်နှစ်အတွင်း ချင်းယွင်တောင်ရှိ ဘိုးဘေးခန်းမတွင် ကျင့်ကြံနေထိုင်ရင်း ကျန်းရှောင်ဖန်းနှင့် ပြန်လည်ဆုံတွေ့မည့် အခြေအနေများကို အကြိမ်ကြိမ် စိတ်ကူးယဥ်ခဲ့ဖူးသည်။

မိစ္ဆာဂိုဏ်းသို့ ဝင်သွားသော ကျန်းရှောင်ဖန်းကို သူမည်သို့ ရင်ဆိုင်ရမည်နည်းဟုလည်း ကိုယ့်ကိုယ်ကိုယ် မရေမတွက်နိုင်အောင် မေးခွန်းထုတ်ခဲ့ဖူး၏။

လမ်းမှန်နှင့် မိစ္ဆာမှာ အဆိပ်နှင့် ဆေးသဖွယ် ဖြစ်ရာ ဓားချင်းယှဉ်ပြီး အသေအလဲ တိုက်ခိုက်ရမည်လော။

သို့မဟုတ် သူ့ကို လမ်းမှန်ဂိုဏ်းသို့ ပြန်လာရန် အစွမ်းကုန် ဖျောင်းဖျရမည်လော။

သို့သော် ယနေ့ အမှန်တကယ် ဆုံတွေ့ကြသောအခါတွင်မူ သူသည် စကားတစ်လုံးပင် မပြောနိုင်တော့ချေ။ အတိတ်မှ မြင်ကွင်းများမှာ သူ၏နှလုံးသားထဲတွင် တစ်ခုပြီးတစ်ခု တိတ်ဆိတ်စွာ ပေါ်ထွက်လာ၏။

နောက်ဆုံးတွင် အဆုံးအဖြတ်ပေးသောအရာမှာ ချင်းယွင်တောင် မဟုတ်သလို၊ ဓားစီးပြီး ကမ္ဘာအနှံ့ ပျံသန်းနေခြင်းလည်း မဟုတ်ဘဲ ထိုဟောင်းနွမ်းပျက်စီးနေသော မြက်ကျောင်းကျောင်းတော်ထဲတွင် အတူတူ ပြေးလွှားဆော့ကစားခဲ့ကြသော ငယ်သူငယ်ချင်းနှစ်ဦး၏ ပုံရိပ်သာ ဖြစ်ပေသည်။

အချိန်ကာလမှာ သဲကဲ့သို့ လွင့်စင်သွားသော်လည်း မင်း၏နှလုံးသားထဲမှ အဖိုးတန်ဆုံးအရာကို ဖျောက်ဖျက်နိုင်ခဲ့ပါသလား။

ငယ်သူငယ်ချင်း၊ တစ်ချိန်က ညီအစ်ကိုသဖွယ် ရှိခဲ့သူမှာ ဆယ်နှစ်ကြာပြီးနောက် သူ၏ရှေ့တွင် ရပ်နေပေပြီ။

ရှေ့သို့ တစ်လှမ်းတိုးလိုက်ရင်း လင်းကျင်းယွီ၏မျက်နှာမှာ ယခင်က တစ်ခါမျှမပြဖူးသော စိတ်လှုပ်ရှားမှုများကို ပြသနေပြီး ကွေ့လီပင်လျှင် သိသိသာသာ တုန်လှုပ်သွားကာ သူ၏ကိုယ်မှာ အနည်းငယ် လှုပ်ခါသွားလေသည်။

သို့မဟုတ် ကွေ့လီ၏နှလုံးသားထဲတွင်လည်း သူကဲ့သို့ပင် စိတ်လှုပ်ရှားနေပါသလော။

ကွေ့လီ၏ဘေးတွင် ရပ်နေသော ကျင်းဖျင်အာမှာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ သူမအနေဖြင့် ဤညီအစ်ကိုနှစ်ဦးကြားရှိ သံယောဇဉ်များကို စိတ်မဝင်စားသော်လည်း လက်ရှိအခြေအနေအရ လမ်းမှန်ဂိုဏ်းဘက်တွင် လူအင်အား ပိုများနေပေသည်။

အကယ်၍ ကွေ့လီသာ တစ်စုံတစ်ရာ ပြဿနာဖြစ်ပါက သူမတစ်ဦးတည်း ကျန်ရစ်မည် ဖြစ်ပေသည်။

သူမက ချောင်းတစ်ချက်ဟန့်ကာ ပြုံးလျက် ဆိုလိုက်သည်။

“အို... သွေးသခင်လေး၊ ရှင်က အရင်ဒီကိုရောက်နေလိမ့်မယ်လို့ မထင်ထားမိဘူး။ အဲဒီရတနာကို ရှင့်လက်ထဲ ရောက်နေပြီလားလို့ သိပါရစေဦး”

ထိုစကားထွက်လာသည်နှင့် လင်းကျင်းယွီနှင့် ကွေ့လီတို့နှစ်ဦးလုံးမှာ အံ့ဩသွားကြပြီး ဖာရှန့်နှင့် ကျန်ရှုရှုတို့မှာလည်း လုရွှယ်ချီထံသို့ တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြ၏။

လုရွှယ်ချီက ခေါင်းကို ဖြည်းဖြည်းချင်း ခါပြလိုက်သောအခါမှသာ သူတို့ စိတ်သက်သာရာ ရသွားကြသည်။

ရိုးရှင်းသော မေးခွန်းတစ်ခုက သူတို့ကို လက်ရှိအခြေအနေသို့ ပြန်လည်ရောက်ရှိစေခဲ့၏။ ကွေ့လီက မျက်လုံးများကို ခဏမျှ မှိတ်လိုက်ပြီး ပြန်ဖွင့်လိုက်သောအခါတွင်မူ သူ၏မျက်ဝန်းထဲ၌ အနီရောင်အလင်းတန်းများ ဖျတ်ခနဲ ပေါ်လာကာ အကြည့်များမှာလည်း စူးရှသွားလေသည်။

သူက လင်းကျင်းယွီကို လေးနက်စွာ ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် ကျောခိုင်းကာ သူ့ကို ထပ်မကြည့်တော့ဘဲ ကျင်းဖျင်အာနှင့်အတူ ယှဉ်ရပ်လိုက်လေသည်။

ကျင်းဖျင်အာက ပြုံးလိုက်၏။ သူမ၏မျက်ဝန်းများမှာ ရေပြင်ကဲ့သို့ ကြည်လင်နေပြီး သူမ၏အကြည့်များမှာ ကွေ့လီထံသို့ အလုံးစုံ ကျရောက်နေပုံရကာ ညင်သာစွာ ဆိုလိုက်သည်။

“ရှင် နေကောင်းရဲ့လား”

ကွေ့လီက နှာတစ်ချက်မှုတ်လိုက်ပြီး မေးလိုက်၏။

“မင်းနဲ့ ငါ ခနပူးပေါင်းကြမလား၊ ဘယ်လိုလဲ”

ကျင်းဖျင်အာက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

“ကောင်းပြီလေ၊ ဒီကိစ္စပြီးမှပဲ ဆက်ဆွေးနွေးကြတာပေါ့”

All Chapters