အခန်း ၂၁၉
Vol. 22 Ch. 219
အခန်း (၂၁၉) - လျှို့ဝှက်ဆန်းကြယ်သော မဟူရာရေမြွေ (၃)
ကွေ့လီက သူမကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်လိုက်၏။ ခဏချင်းအတွင်းမှာပင် ဤလူနှစ်ဦးသည် လက်ရှိအခြေအနေမှာ ကိုင်တွယ်ရန် မလွယ်ကူကြောင်း သိရှိသွားပြီး ချက်ချင်းပင် ပူးပေါင်းရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်ပေသည်။
ကွေ့လီက အေးစက်စွာ ဆိုလိုက်သည်။
“မင်းတို့ ဟဲဟွမ်ဂိုဏ်းမှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေ အများကြီးရှိတာ မဟုတ်လား။ ဘာလို့ မင်းတစ်ယောက်တည်း အတွင်းပိုင်းထဲကို ရောက်လာတာလဲ”
ကျင်းဖျင်အာက ဖာရှန့်နှင့် ကျန်သူများကို တစ်ချက်ကြည့်လိုက်ရာ သူမ၏မျက်နှာမှာ အရှက်သည်းဟန်ဖြင့် အနည်းငယ် နီရဲသွားပြီး ပို၍ပင် ချစ်စရာကောင်းနေလေသည်။ သူမက တိုးတိုးလေး ဆိုလိုက်၏။
“ငါတို့ ဟဲဟွမ်ဂိုဏ်းက ဂိုဏ်းခွဲအသေးလေးပါ၊ အကယ်၍ ငါက လူတွေအများကြီး ခေါ်လာရင် အပြင်ကလူတွေအားလုံး ဘာအကြောင်းမှမရှိဘဲ ရုတ်တရက် သေသွားကြမှာ စိုးလို့ပါ”
သူမက ပြုံးလျက် ကွေ့လီကို ကြည့်ကာ ဆိုလိုက်သည်။
“အဲဒီအစား သရဲဘုရင်ဂိုဏ်းက အမြဲတမ်းပညာရှင်တွေကို ဖုံးကွယ်ထားတာပဲ။ ဘာလို့ သခင်လေးဘေးမှာ မီးခိုးရောင်မျောက်ကလေးတစ်ကောင်ကလွဲရင် တခြားဘယ်သူမှ ဘာလို့မရှိတာလဲ”
ကွေ့လီမှာ သူမ၏စကားထဲရှိ သရော်မှုကို နားလည်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“ငါတို့က အတူတူပါပဲ၊ တကယ်လို့ ငါသာ လူတွေအများကြီး ခေါ်လာရင် အပြင်က အင်အားစုတွေကို မင်းတို့ ဟဲဟွမ်ဂိုဏ်းနဲ့ ဝမ်တုဂိုဏ်းက ဝါးမျိုသွားမှာ ငါစိုးရိမ်လို့ပဲ”
ဤအကြိမ်တွင် မိစ္ဆာဂိုဏ်း၏ အင်အားကြီးဂိုဏ်းသုံးဂိုဏ်းမှာ အနောက်ဘက်သို့ အင်အားအပြည့်ဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။
အပေါ်ယံတွင်မူ ချန်ရှန်းခန်းမကို နှိမ်နင်းရန် အားလုံးက ပူးပေါင်းထားကြသော်လည်း အတွင်းထဲတွင်မူ တစ်ဦးကိုတစ်ဦး လှည့်ကွက်များဖြင့် စောင့်ကြည့်နေကြခြင်း ဖြစ်ပေသည်။
ဤဂိုဏ်းကြီးသုံးဂိုဏ်းမှာ တစ်ဦးကိုတစ်ဦး ထိန်းကျောင်းနေကြသဖြင့် သူတို့၏ ထိပ်တန်းတပည့်များကို အများအပြား မစေလွှတ်ရဲကြဘဲ ထိုအချက်ကပင် လမ်းမှန်ဂိုဏ်းကို အသာစီးရစေခဲ့ခြင်း ဖြစ်သည်။
ကျန်းရှုရှုမှာ အဝေးတွင် ရပ်နေရင်း စိတ်ထဲမှ စိတ်မကောင်း ဖြစ်နေမိ၏။ ယခင်က ချင်းယွင်တောင်ပေါ်တွင် သူသည် ကျန်းရှောင်ဖန်းနှင့် အမြဲတမ်း ရင်းနှီးခဲ့ပြီး လင်းကျင်းယွီပြီးလျှင် ကျန်းရှောင်ဖန်း၏ အရင်းနှီးဆုံး သူငယ်ချင်းဟု ဆိုနိုင်သည်။
ဝမ်းနည်းစရာမှာ ကံကြမ္မာ၏ အလှည့်အပြောင်းကြောင့် ယနေ့တွင် ဤကဲ့သို့သော အခြေအနေသို့ ရောက်ရှိသွားခဲ့ရခြင်းပင် ဖြစ်ပေသည်။ သူ၏နှလုံးသားထဲတွင် နာကျင်မှုကို မခံစားဘဲ မနေနိုင်ချေ။
သူသည် ကွေ့လီနှင့် စကားပြောရန် ရည်ရွယ်ထား၏။ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ သူ၏သူငယ်ချင်းကို လမ်းမှန်ဂိုဏ်းသို့ ပြန်လာရန် ဖျောင်းဖျလိုပေသည်။
သို့သော် ခဏမျှအကြာတွင် သူ၏အကြည့်မှာ ကျင်းဖျင်အာ၏မျက်နှာထံသို့ ကျရောက်သွားရာ ရုတ်တရက် သူ၏နှလုံးသားမှာ ခုန်သွားလေသည်။
ထိုမိန်းကလေးမှာ မက်မွန်ပွင့်တစ်ပွင့်ကဲ့သို့ အလွန်ပင် ညို့ယူဖမ်းစားနိုင်လှပြီး ရေပြင်ကဲ့သို့ ကြည်လင်သော သူမ၏မျက်ဝန်းအစုံမှာလည်း သူ့ကို ပြန်လည်ကြည့်နေကာ တစ်စုံတစ်ရာကို ပြောဆိုနေသယောင် ရှိပေသည်။
သူက အနည်းငယ် စိုက်ကြည့်မိရုံဖြင့် သူ၏ဦးခေါင်းထဲတွင် တစ်စုံတစ်ခုနှင့် တိုက်မိသကဲ့သို့ ခံစားလိုက်ရပြီး မူးယစ်သွားကာ ထိုမိန်းကလေး၏ မျက်ဝန်းများထဲတွင်သာ နစ်မျောလိုစိတ် ဖြစ်ပေါ်လာရင်း မသိစိတ်ဖြင့် ရှေ့သို့ တစ်လှမ်းတိုးလိုက်မိလေသည်။
“ရပ်စမ်း”
ရုတ်တရက် အော်ဟစ်သံတစ်ခုက ထိုအခြေအနေကို ဖြတ်တောက်လိုက်၏။ ၎င်းမှာ ခေါင်းလောင်းသံကဲ့သို့ သူ၏နားထဲတွင် ရုတ်တရက် ဟိန်းခနဲ မြည်ဟည်းသွားလေသည်။
ဖာရှန့်၏ သင်္ကန်းမှာ လွင့်ပျံ့သွားပြီး သူ၏ရှေ့တွင် ရုတ်တရက် ပေါ်လာကာ ကျင်းဖျင်အာ၏အကြည့်ကို ပိတ်ဆို့လိုက်ပြီး တစ်ချိန်တည်းမှာပင် ကျန်းရှုရှုကို သတိဝင်လာစေရန် ဟိန်းဟောက်လိုက်လေသည်။
ကျန်းရှုရှုမှာ အံ့ဩသွားပြီး သတိပြန်ဝင်လာကာ တစ်ကိုယ်လုံးတွင် ချွေးစေးများ ထွက်လာပြီး ဖာရှန့်ကို ကျေးဇူးတင်စကား ဆိုနေမိ၏။ သူသည် စိတ်ထဲမှလည်း တိတ်တဆိတ် ကျိန်ဆဲနေမိသည်။
‘ဒီမိစ္ဆာဂိုဏ်းက စုန်းမက တကယ့်ကို ကြောက်ဖို့ကောင်းတာပဲ။’
ဖာရှန့်၏မျက်နှာမှာ တည်ကြည်လေးနက်နေပြီး သူသည် လှည့်၍ ကျင်းဖျင်အာကို စိုက်ကြည့်လိုက်၏။
ကျင်းဖျင်အာမှာ ဤနေရာသို့ မလာခင်ကတည်းက သူတို့နှင့် တိုက်ခိုက်ခဲ့ဖူးသဖြင့် ဤဖာရှန့်မှာ လူငယ်လေးတစ်ဦးဟု ထင်ရသော်လည်း သူ၏ ကျင့်ကြံမှုမှာ အမှန်တကယ်ပင် မြင့်မားလှကြောင်း သိထားပေသည်။
သူမ၏ညို့ယူမှုများမှာ သူ၏အပေါ်တွင် မည်သည့်သက်ရောက်မှုမှ မရှိချေ။
ဤလူ၏ စိတ်ထိန်းချုပ်နိုင်စွမ်းမှာ အလွန်ပင် နက်နဲလှသဖြင့် ပြင်ပလွှမ်းမိုးမှုများက မထိခိုက်နိုင်ကြောင်း သိလိုက်ရသဖြင့် သူမက ပြုံးရုံသာ ပြုံးပြလိုက်ပြီး ဘာမှမပြောတော့ချေ။
ဖာရှန့်က မျက်မှောင်ကြုတ်လျက် ကျန်းရှောင်ဖန်းဘက်သို့ ပြန်လှည့်ကြည့်လိုက်ရာ သူ၏မျက်နှာမှာ ယခင်ကကဲ့သို့ တည်ငြိမ်မနေတော့ချေ။
သူ၏အမြဲတမ်း အေးချမ်းလှသော မျက်နှာထက်တွင် အပြစ်ရှိသကဲ့သို့ ခံစားနေရသော အရိပ်အယောင်များ ပေါ်ပေါက်လာပြီး ခဏမျှ တွန့်ဆုတ်နေပြီးနောက် တိုးညင်းစွာ ဆိုလိုက်သည်။
“ညီငယ်ကျန်း...”
ကွေ့လီက ရုတ်တရက် အေးစက်စွာ ဖြတ်ပြောလိုက်၏။
“ငါ့နာမည်က ကွေ့လီပဲ၊ တခြားနာမည် မရှိဘူး”
ဖာရှန့်က အသက်ကို အောင့်ထားလိုက်ရ၏။ သူ၏နောက်မှ ကျန်းရှုရှုမှာမူ ဆက်၍ သည်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်လေသည်။
“ရှောင်ဖန်း... ဒီလိုမျိုး မလုပ်ပါနဲ့၊ ငါတို့အားလုံးက မင်းကို အရင်လိုပဲ...”
ဖာရှန့်က ရုတ်တရက် လက်ကိုမြှောက်ကာ ကျန်းရှုရှု၏ စကားများကို တားဆီးလိုက်ပြီး တစ်ချိန်တည်းမှာပင် တိုးညင်းစွာ ဆိုလိုက်သည်။
“ညီငယ်၊ တချို့စကားတွေကို မဆင်မခြင် မပြောသင့်ဘူး။ အကယ်၍ မင်းရဲ့ ချင်းယွင်ဂိုဏ်းက လူကြီးတွေ သိသွားရင် ဒုက္ခရောက်ကုန်လိမ့်မယ်”
ကျန်းရှုရှုမှာ လန့်သွားပြီး ကွေ့လီကို တစ်ချက်ကြည့်လိုက်သော်လည်း နောက်ဆုံးတွင် ပါးစပ်ပိတ်ထားလိုက်ရတော့၏။
ဖာရှန့်က လှည့်လာပြီး ကွေ့လီကို တစ်စုံတစ်ခု ပြောရန် ကြိုးစားနေဆဲမှာပင် ထိုသစ်ပင်ကြီးမှာ ရုတ်တရက် ထပ်မံ၍ အပြင်းအထန် တုန်ခါသွားပြန်သည်။ ဤတစ်ကြိမ်တွင်မူ တုန်ခါမှုမှာ အလွန်ပြင်းထန်လှပြီး ယခင်တစ်ကြိမ်ထက် များစွာ သာလွန်ပေသည်။
သစ်ပင်ကြီးမှာ လေထုထဲတွင် လှုပ်ခါနေသည်ကို အားလုံး မြင်တွေ့နိုင်သလို၊ သူတို့အားလုံးမှာလည်း ခြေကုပ်မမြဲဘဲ ယိမ်းထိုးသွားကြလေသည်။
အားလုံး၏မျက်နှာမှာ တစ်ပြိုင်နက်တည်း ဖြူဖျော့သွားကြ၏။
တစ်ချိန်တည်းမှာပင် အောက်ဘက်ရှိ မြူထုထဲမှ ကမ္ဘာမြေကြီးကို တုန်ဟည်းသွားစေမည့် ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာပြန်သည်။
၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးတစ်ကောင် ကောင်းကင်ယံသို့ အော်ဟစ်နေသကဲ့သို့ ဖြစ်ပြီး ထိုမမြင်ရသော အသံလှိုင်းများမှာ ပြင်းထန်သော လေမုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ အောက်မှ အထက်သို့ ပင့်တိုက်လိုက်သဖြင့် လူတိုင်း၏ အဝတ်အစားများမှာ တဖျပ်ဖျပ် လွင့်ပျံ့ကုန်လေသည်။
ထိုဟိန်းဟောက်သံကြီးကြားထဲတွင် ထူးဆန်းသော ‘ရွှီးရွှီး’ ဟူသော အသံတစ်ခုလည်း ပါဝင်နေ၏။
၎င်းမှာ အဆိပ်ပြင်းသောမြွေတစ်ကောင် တွားသွားနေသကဲ့သို့ ဖြစ်သလို၊ ကြိုးတစ်ချောင်းက တစ်စုံတစ်ခုနှင့် ပွတ်တိုက်နေသကဲ့သို့သော အသံမျိုးမှာ ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်နေပြီး ပို၍ပို၍ ကျယ်လောင်လာကာ ပို၍လည်း နီးကပ်လာလေသည်။
ကျင်းဖျင်အာက ရုတ်တရက် အော်ဟစ်လိုက်၏။
“ဒုက္ခပဲ... အဲဒီသားရဲကြီးပဲ၊ အဲဒါကြီးက အပေါ်ကို တက်လာနေပြီ”
ကွေ့လီနှင့် လုရွှယ်ချီတို့မှလွဲလျှင် ကျန်သူအားလုံးမှာ မျက်နှာများ ဖြူဖျော့သွားကြလေသည်။
ကွေ့လီက ရုတ်တရက် ခေါင်းကို လှည့်ကြည့်လိုက်ရာ ကျင်းဖျင်အာ၏ ဖြူဖျော့နေသော မျက်နှာကို တွေ့လိုက်ရသဖြင့် သူသည် အံ့ဩသွားမိ၏။
သူမသည် မိတ်ဆွေထက် ရန်သူနှင့် ပိုတူသော်လည်း သူမမှာ အထင်သေး၍မရသော ပညာရှင်တစ်ဦး ဖြစ်ကြောင်းကိုမူ သူ သိထားပေသည်။
လွန်ခဲ့သော ရက်အနည်းငယ်က ချန်ရှန်းခန်းမကို နှိမ်နင်းရာတွင် ပူးပေါင်းခဲ့စဉ်ကလည်း သူမသည် အလွန်စေ့စပ်သေချာပြီး ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို အသုံးပြုသူဖြစ်ကာ ကိုင်တွယ်ရခက်သောသူတစ်ဦး ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
သို့သော် ယခုအချိန်တွင်မူ သူမ၏မျက်နှာထက်၌ပင် ကြောက်ရွံ့မှုများ ပေါ်ပေါက်နေပေသည်။
လေထုထဲတွင် ရုတ်တရက် သွေးညှီနံ့များ လွင့်ပျံ့လာပြီး ထိုအသံကြီးမှာ ပို၍ကျယ်လောင်လာကာ လူတိုင်း၏ နှလုံးသားထဲတွင် ဘီလူးကြီးတစ်ကောင်၏ ခြေသံများကဲ့သို့ ပဲ့တင်ထပ်နေလေသည်။
“ဒါက ဘာကြီးလဲ...”
ကွေ့လီက မေးခွန်းထုတ်ရန် ကြိုးစားနေစဉ်မှာပင် သူ၏စကားလုံးများ ရပ်တန့်သွားပြီး ရှေ့သို့ စိုက်ကြည့်နေမိ၏။
ထို့နောက် သူသည် မသိစိတ်ဖြင့် ဘေးသို့ လှည့်ကြည့်လိုက်ရာ ဆီးနှင်းကဲ့သို့ ဖြူစင်သော အဝတ်အစားများကို ဝတ်ဆင်ထားသော လုရွှယ်ချီမှာလည်း ဘာကြောင့်မှန်းမသိဘဲ သူ့ကို လှည့်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
ကြည်လင်သော ကောင်းကင်ယံ၊ သစ်ကိုင်းကြီးများ ဆန့်ထွက်နေသော လမ်းကြောင်းတွင် ယခင်က ပါးလွှာသော တိမ်တိုက်အချို့သာ ရှိခဲ့သော်လည်း ယခုအခါတွင်မူ တောက်လောင်နေသော ဧရာမ မီးတောက်ကြီးနှစ်ခု ပေါ်ပေါက်လာလေသည်။
အစိမ်းရောင် မီးတောက်ကြီးများပင် ဖြစ်ပေသည်။
ထိုမီးတောက်ကြီးများ၏ အတွင်း၌မူ ရှည်လျားသော မျက်သူငယ်အစုံမှာ အေးစက်သော အလင်းတန်းများဖြင့် ဝင်းလက်နေလေသည်။
လေထုထဲရှိ သွေးညှီနံ့မှာလည်း ရုတ်တရက် ပိုမိုပြင်းထန်လာသဖြင့် အသက်ရှူလိုက်သည်နှင့် အော့အန်ချင်စရာပင် ကောင်းလှသည်။
ကွေ့လီသည် မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ သူ၏ကိုယ်မှာ အနည်းငယ် တုန်ယင်သွားပြီး ခဏမျှ ကြည့်နေပြီးနောက် ရှေ့တွင် ပေါ်ထွက်လာသော စိတ်ကူး၍ပင် မရနိုင်လောက်အောင် ကြီးမားလှသော သားရဲကြီးကို မြင်လိုက်ရတော့၏။
သူ၏အသံမှာ အက်ရှသွားပြီး အတိတ်ကို ပြန်လည်မြင်ယောင်နေသကဲ့သို့ သူကိုယ်တိုင်သာ ကြားနိုင်သော အသံဖြင့် တိုးညင်းစွာ ရေရွတ်လိုက်မိလေသည်။
“မဟူရာရေမြွေ... ဒါ မဟူရာရေမြွေပဲ...”