← Chapters

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း (၁၁၂) - ဘယ်သူမှ ကြည့်ခိုင်းမထားဘူး

ဝမ်ရှန့်ယဲ့နှင့် စစ်သားများ ထွက်ခွာသွားပြီးနောက် ရှို့ဝူက လက်ပတ်နာရီကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"အားလုံးလည်း ပင်ပန်းနေကြပြီဆိုတော့... စားသောက်ပြီး နားကြတာပေါ့..."

တကယ်ပင် ဆာလောင်မွတ်သိပ်ပြီး ပင်ပန်းနွမ်းနယ်နေကြသဖြင့် အားလုံးက ရှို့ဝူ၏အကြံပြုချက်ကို သဘောတူလိုက်ကြလေသည်။

ညအချိန်ရောက်နေပြီဖြစ်သောကြောင့် သူတို့သည် ပိုမိုကျယ်ဝန်းသော အိမ်တစ်လုံးကို ရှာဖွေကာ ထိုနေရာကို ဦးစွာရှင်းလင်းပြီးနောက် အနားယူလိုက်ကြ၏။

ကျီယန်က ဖုန်ထူနေသော ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ရှို့ဝူ၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက်သူ၏နေရာလွတ်ထဲမှ သယ်ဆောင်ရလွယ်ကူသော မီးဖိုငယ်တစ်လုံး၊ အိုးတစ်လုံး၊ သောက်ရေသန့်နှင့် ခေါက်ဆွဲခြောက် ရှစ်ထုပ်ကို ထုတ်ယူလိုက်လေသည်။ ရေနွေးအိုးတည်နေစဉ်အတွင်း သူက မိန်းကလေး လေးဦးကို လှမ်းကြည့်ကာ ပြောလိုက်သည်။

"အတူတူ စားကြရအောင်..."

ကျော်ယွီယန်နှင့် သူမ၏သူငယ်ချင်းများသည် ယနေ့ညတွင် ဤရွာ၌ တည်းခိုရလိမ့်မည်ဟု မသိထားကြသဖြင့် ရိက္ခာနှင့် ရေကို လုံလောက်အောင် ယူဆောင်မလာခဲ့ကြချေ။

မိမိတို့ထံတွင် ဘီစကစ်မုန့်အနည်းငယ်နှင့် ရေအနည်းငယ်သာ ကျန်တော့သည်ကို တွေးမိရင်း ကျိုးယွီယန်က ခေါင်းညိတ်ကာ ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်..."

ကျီယန်က ပြုံးလျက် ပြောလိုက်သည်။

"ကျေးဇူးတင်စရာမလိုပါဘူး... မင်းတို့ရဲ့ ဝေါ်ကီတော်ကီကို ငှားသုံးခွင့်ပေးတဲ့အတွက် ပေးတဲ့အခကြေးငွေလို့ပဲ သဘောထားလိုက်ပါ..."

ခဏအကြာတွင် ခေါက်ဆွဲခြောက်များ ကျက်သွားလေသည်။ ကျီယန်က ခေါက်ဆွဲများကို လူရှစ်ယောက်စာ ညီတူညီမျှ ခွဲဝေပေးလိုက်၏။

ရှို့ဝူသည် မိမိနှင့် ကျူးလင်တို့၏ ဝေစုကို ယူဆောင်ကာ သူမရှေ့တွင် ထိုင်ချလိုက်ပြီး ခေါက်ဆွဲပြုတ်ပန်းကန်ကို ကမ်းပေးလိုက်သည်။

"ရှောင်လင်... ဒါက မင်းနဲ့ ထူထူအတွက်..."

ကျူးလင်က ပန်းကန်ကို လှမ်းယူရင်း ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်..."

ကျီယန်၏ဘေးတွင် ထိုင်နေသော ထန်ဝေ့က ခေါက်ဆွဲပြုတ်ပန်းကန်ကို ရှို့ဝူထံသို့ ကမ်းပေးလိုက်ပြီးနောက် စတင်စားသောက်လေတော့သည်။

စားသောက်နေစဉ်အတွင်း ကျီယန်က ရုတ်တရက် ပြောလိုက်သည်။

"လောင်ရှို့... မင်းနဲ့ ရှောင်လင်တို့ အဲဒီထူးဆန်းတဲ့ ဖုတ်ကောင်နဲ့ တိုက်ခိုက်နေတုန်းက လူတစ်စုက ငါတို့ကို ချောင်းကြည့်နေကြတယ်...”

“စိတ်မကောင်းစရာက ငါနဲ့ ရှောင်ဝေ့တို့ သူတို့ကို သွားဖမ်းတဲ့အချိန်မှာ သူတို့က ပျောက်သွားကြပြီ... ဒါပေမဲ့ ငါတို့ တစ်ခုခုတော့ ရှာတွေ့ခဲ့တယ်..."

သူက နေရာလွတ်ထဲမှ မှတ်ပုံတင်ကတ်ပြားတစ်ခုကို ထုတ်ယူကာ ရှို့ဝူထံသို့ ကမ်းပေးလိုက်၏။ ရှို့ဝူက မှတ်ပုံတင်ပေါ်ရှိ နာမည်ကို ကြည့်ကာ ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"ဒီမှတ်ပုံတင်ပေါ်မှာ နာမည်တစ်ခုပဲ ရှိတာ... ဒါနဲ့တင် အချက်အလက်တွေ အများကြီးရဖို့ ခက်ခဲပေမဲ့ ငါတို့ ဒီနာမည်ကနေ စပြီး စုံစမ်းလို့ရတယ်..."

ပြောပြီးနောက် သူက မှတ်ပုံတင်ကို ကျီယန်ထံသို့ ပြန်ပေးကာ ပြောလိုက်သည်။

"သတိထားပြီး သိုသိုသိပ်သိပ်လုပ်ဆောင်ရမှာ သိတယ်မလား..."

ကျီယန်က မှတ်ပုံတင်ကို သူ၏နေရာလွတ်ထဲသို့ ပြန်လည်ထည့်သွင်းလိုက်ရင်း ပြောလိုက်သည်။

"ငါ သိပါတယ်..."

စကားဝိုင်း ပြီးဆုံးသွားသည်ကို မြင်သောအခါ ထန်ဝေ့က သူ၏ခေါက်ဆွဲများကို အမြန်စားလိုက်လေသည်။ ပန်းကန်အလွတ်ကို ချလိုက်ပြီးနောက် ထန်ဝေ့က ရှို့ဝူနှင့် ကျူးလင်တို့ကို ကြည့်ကာ မေးလိုက်သည်။

"လောင်ရှို့... ရှောင်လင်... မင်းတို့နှစ်ယောက်က ဘယ်တုန်းကတည်းက ဒီလိုပတ်သက်မှုမျိုး ရှိသွားတာလဲ..."

သူ၏ နားမလည်နိုင်သော မေးခွန်းကြောင့် ရှို့ဝူက မေးလိုက်သည်။

"မင်းက ဘယ်လိုပတ်သက်မှုမျိုးကို ပြောတာလဲ..."

ထန်ဝေ့က သူ၏စကားကို ကြားသောအခါ တဟားဟား ရယ်မောကာ ပြောလိုက်သည်။

"ငါတို့ရှေ့မှာ ဟန်ဆောင်နေဖို့ မလိုပါဘူးကွာ... မင်းတို့ အဲဒီတုန်းက လုပ်နေတုန်းကတော့ ဘာမှဂရုမစိုက်ဘဲနဲ့ အခုကျမှ ရှက်နေတာလား..."

“အဲဒီအချိန်တုန်းက အခြေအနေက အရမ်းကို ပူပြင်းလွန်းလို့ ဟိုမိန်းကလေး လေးယောက်ရဲ့ မျက်နှာတွေတောင် ပြုတ်ထားတဲ့ ဂဏန်းတွေလို နီရဲနေကြပြီ...”

ထန်ဝေ့၏ စကားများကို ကြားပြီးနောက် ကျူးလင်က သူမ၏နတ်ဘုရားစွမ်းအင်များကို သူ၏ခန္ဓာကိုယ်ထဲသို့ လွှဲပြောင်းပေးစဉ်က သူ့အသံကို မထိန်းချုပ်နိုင်ဘဲ ၎င်းတို့ ကြားသွားခဲ့ခြင်းဖြစ်ကြောင်း ရှို့ဝူ ရုတ်တရက် သဘောပေါက်သွားလေသည်။

ထိုနှစ်နာရီစာ ညှဉ်းပန်းနှိပ်စက်မှုကို တွေးမိရင်း ရှို့ဝူ၏မျက်နှာ ရဲတက်သွားသော်လည်း ထန်ဝေ့ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

"လျှောက်မပြောနဲ့..."

သူ၏ နီရဲနေသော မျက်နှာကို ကြည့်ကာ ထန်ဝေ့နှင့် ကျီယန်တို့ ဆွံ့အသွားကြ၏။

သူတို့၏ ဘဝသက်တမ်းတစ်လျှောက်တွင် သူက ရှက်သွေးဖြာနေသော မိန်းကလေးငယ်တစ်ဦးကဲ့သို့ ပြုမူနေသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။ ကျီယန်က နှုတ်ခမ်းထောင့်ကို ကွေးညွတ်ကာ စနောက်လိုက်သည်။

"လောင်ရှို့... မင်း ဒီလိုမျက်နှာနီရဲနေတာကို ငါ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ... မင်း အဆင်ပြေရဲ့လား... ဖျားနေတာတော့ မဟုတ်ပါဘူးနော်..."

၎င်းတို့နှစ်ဦး၏ စနောက်ခြင်းကို ခံရသဖြင့် ရှို့ဝူ၏ တည်ငြိမ်သော မျက်နှာပေးမှာ ရုတ်တရက် ပျက်ယွင်းသွားလေသည်။

သူ ကိုယ့်ကိုယ်ကိုယ် မကာကွယ်ရသေးမီမှာပင် ကျူးလင်က လက်လှမ်းကာ သူ၏ ဘယ်ဘက်လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်၏။

သူမ၏ လက်ချောင်းများက သူ၏လက်ကောက်ဝတ်ကို ထိတွေ့လိုက်သည့် အခိုက်အတန့်တွင် ရှို့ဝူသည် မသိစိတ်က တုန်လှုပ်သွားချေသည်။

သူက သူမဘက်သို့ တောင့်တောင့်ကြီး လှည့်ကြည့်လိုက်ပြီး တံတွေးကို အခါတလဲလဲ မျိုချရင်း စိုးရိမ်တကြီး မေးလိုက်သည်။

"ရှောင်... ရှောင်လင်... မင်း ဘာလုပ်မလို့လဲ..."

ကျူးလင်က ခေါင်းလေးကို အနည်းငယ် စောင်းကာ ဇဝေဇဝါဖြင့် ပြောလိုက်သည်။

"ကျွန်မ ရှင့်ရဲ့ သွေးခုန်နှုန်းကို စမ်းကြည့်မလို့ပါ..."

ဤရင်းနှီးနေသော မြင်ကွင်းကို ကြည့်ရင်း ရှို့ဝူသည် လူတိုင်း၏ရှေ့တွင် ထိုကဲ့သို့သော အရှက်ရဖွယ် အမူအရာမျိုး ထပ်မံပြသမိမည်ကို စိုးရိမ်ကာ ပျာယာခတ်သွားလေသည်။

သူသည် လက်ထဲမှ ပန်းကန်ကို အမြန်ချလိုက်ပြီး ကျူးလင်၏လက်ကို ဆုပ်ကိုင်လိုက်၏။

သူက သူမကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်လိုက်ပြီးနောက် သူမ၏အနားသို့ တိုးကပ်ကာ နားနားတွင် တိုးတိုးလေး ကပ်ပြောလိုက်သည်။

"ရှောင်လင်... နောက်တစ်ခါကျရင် ငါတို့ ဒီလိုအရာတွေကို တံခါးပိတ်ထားတဲ့ အခန်းထဲမှာပဲ လုပ်လို့ရမလား... တခြားလူတွေ ကြားသွားရင် မကောင်းဘူးလေ..."

သူက အသံကို တိုးထားသော်လည်း ဤနေရာတွင် ရှိနေသူအားလုံးမှာ သာမန်လူများထက် အကြားအာရုံ ပိုမိုစူးရှသော သဘာဝလွန်စွမ်းအားရှင်များ ဖြစ်ကြလေသည်။

ဤစကားများ ထွက်လာသည်နှင့် တစ်ပြိုင်နက် ကျန်ရှိနေသော လူခြောက်ယောက်လုံးက သူနှင့် ကျူးလင်တို့ထံသို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။

သူတို့အားလုံး၏ မျက်နှာပေါ်တွင် စူးစမ်းလိုစိတ်အပြည့်ရှိသော အမူအရာများ ရှိနေကြသည်။

ယခင်က ကြားခဲ့ရသော အရှက်ရဖွယ် အသံများနှင့် စကားပြောသံများကို တွေးမိရင်း ကျီယန်နှင့် ထန်ဝေ့တို့နှစ်ဦးစလုံးက ပြုံးစိစိဖြင့် ရှို့ဝူကို စနောက်လိုသော မျက်ဝန်းများဖြင့် ကြည့်လိုက်ကြသည်။

မိန်းကလေးငယ်လေးဦးမှာမူ ဘာမှမကြားလိုက်သကဲ့သို့ ဟန်ဆောင်နေကြသော်လည်း ရှို့ဝူနှင့် ကျူးလင်တို့ထံသို့ မကြာမကြာ ခိုးကြည့်နေကြလေသည်။

ကျူးလင်မှာမူ သူမက သူ၏စွမ်းအင်လမ်းကြောင်းများကို ကုသပေးစဉ်က ရှို့ဝူ၏ အမူအရာကို ပြန်လည်သတိရလိုက်မိသည်။

အခြားသူများက သူ့ကို ထိုကဲ့သို့ မြင်တွေ့သွားမည်ကို တွေးမိသောအခါ သူမ၏ မျက်ခုံးအစုံက အနည်းငယ် တွန့်ကွေးသွားပြီး ရုတ်တရက် စိတ်မသက်မသာ ဖြစ်သွားလေသည်။

မိမိ၏ ဆန္ဒကို သတိမထားမိဘဲ သူမက ခေါင်းညိတ်ကာ ပြောလိုက်သည်။

"အင်း... ရှင် ပြောတဲ့အတိုင်း လုပ်ပါ့မယ်..."

သူမ၏ စကားသံ ဆုံးသွားသည်နှင့် ရှို့ဝူ ဆွံ့အသွားလေသည်။

သူမက ငြင်းပယ်လိမ့်မည်ဟု သူ ထင်ထားခဲ့သော်လည်း သူမက အမှန်တကယ် သဘောတူရုံသာမက ဤမျှအဓိပ္ပာယ်မရေရာသော စကားလုံးများဖြင့် ပြောလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

၎င်းတို့နှစ်ဦး အချင်းချင်း စိုက်ကြည့်နေစဉ်မှာပင် ကျီယန်က ရုတ်တရက် ချောင်းဟန့်လိုက်သည်။

"ဟမ်း... မင်းတို့နှစ်ယောက် နေရာတကာမှာ ချစ်ကြည်နူးပြပြီး ခွေးစာကျွေးနေတာကို ရပ်လို့ရမလား... ဒီက လူပျိုသိုးတွေရဲ့ ခံစားချက်ကိုလည်း နည်းနည်းလောက် ငဲ့ညှာပေးကြပါဦး..."

သူက မျက်နှာတွင် သိသာထင်ရှားသော မကျေနပ်မှုများဖြင့် မေးလိုက်သည်။

သူ၏စကားကို ကြားပြီးနောက် ရှို့ဝူက သူ့ကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဘယ်သူမှ ကြည့်ခိုင်းမထားဘူး..."

All Chapters