အခန်း ၁၁၃
Vol. 12 Ch. 113
အခန်း (၁၁၃) - တရားထိုင်နည်းကို သင်ယူခြင်း
ရှို့ဝူ၏ စကားများကို ကြားရသောအခါ ကျီယန်မှာ သီးသွားချေသည်။
သူသည် ခဏမျှ တဟွတ်ဟွတ် ချောင်းဆိုးလိုက်ပြီးနောက် မျက်လုံးများကို ပင့်ကာ ရှို့ဝူအား စူးစိုက်ကြည့်လိုက်လေသည်။
စိတ်ငြိမ်သွားစေရန် ရေအနည်းငယ် သောက်လိုက်ပြီးနောက် ကျီယန်က ကျူးလင်ကို ကြည့်ကာ မေးလိုက်သည်။
"ရှောင်လင်... မင်း သူ့ကို ထိန်းလို့မရဘူးလား..."
ကျူးလင်က သူ့ကို ကြည့်ကာ ဇဝေဇဝါဖြင့် ပြန်မေးလိုက်သည်။
"ကျွန်မက ဘာလို့ သူ့ကို ထိန်းရမှာလဲ..."
သူမ၏ စကားကို ကြားပြီးနောက် ကျီယန်မှာ ဆွံ့အသွားရလေသည်။
"....."
ကျီယန်က စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
'တကယ်ပါပဲ... အသွင်တူအိမ်သူတွေကိုမှ သွားပြောမိတာကိုး...'
ထန်ဝေ့မှာ ဆက်၍ မအောင့်ထားနိုင်တော့ဘဲ အူလှိုက်သည်းလှိုက် ရယ်မောလိုက်ချေသည်။
သူသည် ကျီယန်၏ ပုခုံးကို ပုတ်ကာ ပျော်ရွှင်မြူးတူးစွာ ပြောလိုက်သည်။
"လောင်ယန်... မင်း တော်တော်လေး ခံစားလိုက်ရတာပဲ..."
သူတို့ စကားပြောနေကြစဉ် ရွာအပြင်ဘက်၌ လူတစ်စု စုဝေးနေကြလေသည်။
အဖြူရောင် ဓာတ်ခွဲခန်းဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက အဝေးရှိ အိမ်ကို လှမ်းကြည့်ကာ မေးလိုက်သည်။
"ကွပ်ကဲမှုဌာနချုပ်က ဘာသတင်း ထူးသေးလဲ..."
အဖြူရောင် ဓာတ်ခွဲခန်းဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက ရှေ့သို့ လှမ်းလာကာ ပြောလိုက်သည်။
"မထူးသေးပါဘူး... ဒါပေမဲ့ ကျွန်တော် အဖွဲ့၂ဆီကို တောင်းဆိုချက်တစ်ခု ပို့ထားပြီးပါပြီ..."
သူ၏ အဖြေကို ကြားရသောအခါ အမျိုးသမီးက ခေါင်းညိတ်လိုက်ရင်း ပြောလိုက်သည်။
"အဆင်ပြေတယ်... သွားကြစို့..."
ထိုသို့ပြောပြီးနောက် သူမသည် အိမ်ကို တစ်ချက် ထပ်မံကြည့်ရှုလိုက်ပြီး အခြားသူများနှင့်အတူ လှည့်ထွက်သွားလေသည်။
လူတစ်စုက မိမိတို့အား စောင့်ကြည့်နေသည်ကို မသိသည့် ကျူးလင်နှင့် အခြားသူများမှာ အနားယူရန် ပြင်ဆင်လိုက်ကြပေသည်။
ကျီယန်က ရှို့ဝူ၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာကို ကြည့်ကာ ပြောလိုက်သည်။
"လောင်ရှို့... ညဦးပိုင်း ကင်းစောင့်တာကို ငါ တာဝန်ယူလိုက်မယ်... ညသန်းခေါင်ကျော်မှ ရှောင်ဝေ့ကို လွှဲပေးလိုက်မယ်..."
သူ့စကားကို ကြားရသောအခါ ရှို့ဝူက သူ့ကို ကြည့်ကာ ပြောလိုက်သည်။
"ကျေးဇူးပဲ..."
ကျီယန်က သူ့ကို ပြုံးပြလိုက်ပြီး ရှို့ဝူ၏ ခရီးဆောင်အိပ်ရာလိပ်ကို လှမ်းပေးလိုက်ကာ သူ့ကိုယ်ပိုင် ခရီးဆောင်အိပ်ရာလိပ်ကိုမူ ထန်ဝေ့ထံ ပေးလိုက်လေသည်။
ကျူးလင်သည် နှစ်တစ်ထောင် ရေခဲပိုးထည်စပေါ်တွင် တင်ပျဥ်ခွေ ထိုင်နေပြီးဖြစ်သည်ကို ကျီယန် မြင်တွေ့လိုက်ရသဖြင့် သူမအနီးသို့ တိုးကပ်သွားလိုက်၏။
သူသည် အိပ်ရာလိပ်အသစ်တစ်လုံးကို ထုတ်ယူလိုက်ရင်း ပြောလိုက်သည်။
"ရှောင်လင်... မင်း အိပ်တာကို ငါ တစ်ခါမှ မမြင်ဖူးဘူး... ဒီညတော့ ကောင်းကောင်း အနားယူနိုင်ဖို့ ဒီအိပ်ရာလိပ်ကို သုံးလိုက်ပါ..."
ကျူးလင်က ခေါင်းမော့ကာ သူ့ကို ပြုံးပြလိုက်ပေသည်။
သူမသည် ခေါင်းကို အသာအယာ ခါယမ်းလိုက်ရင်း ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ကျီယန်... ဒါပေမဲ့ ကျွန်မ ဒါကို မလိုပါဘူး..."
သူမ၏ စကားကို ကြားရသောအခါ ရနိုင်သမျှ ပစ္စည်းများကို အသုံးပြု၍ ရိုးရှင်းသော အိပ်ရာတစ်ခုကို အလုပ်ရှုပ်ခံ ပြင်ဆင်နေသည့် ဝမ်နက သူမကို လှမ်းကြည့်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"မမကျူးလင်... ဒီည မအိပ်ဖို့ စိတ်ကူးထားတာလား..."
ကျူးလင်က ခေါင်းကို ထပ်မံခါယမ်းလိုက်ရင်း ပြောလိုက်သည်။
"ကျွန်မ တရားထိုင်နေတဲ့အချိန်မှာ အိပ်စရာ မလိုပါဘူး..."
သူမ၏ စကားကို ကြားလိုက်ရသောအခါ ကျီယန်၏ မျက်ဝန်းများမှာ ရုတ်တရက် တောက်ပသွားချေသည်။
သူသည် သူမ၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ပါးစပ်ကို လက်ဖဝါးဖြင့် အုပ်ကာ တိုးတိုးလေး မေးလိုက်သည်။
"ရှောင်လင်... တရားထိုင်တာက အိပ်တာထက် ပိုကောင်းလို့လား... တရားထိုင်ရင် ရှန်းရှဇာတ်လမ်းတွဲတွေထဲက ဇာတ်လိုက်တွေလိုမျိုး ငါတို့ရဲ့ စွမ်းရည်တွေကို တိုးတက်စေနိုင်တာလား..."
ကျူးလင်သည် ရှန်းရှဇာတ်လမ်းတွဲဟူသည် မည်သည့်အရာမှန်း မသိသော်လည်း တရားထိုင်ခြင်းက အားအင်နှင့် ခွန်အားများကို ပြန်လည်ဖြည့်တင်းရာတွင် အိပ်စက်ခြင်းထက် ပိုမိုကောင်းမွန်ကြောင်း သိရှိပေသည်။ တစ်ချိန်တည်းမှာပင် သူမ၏ ကျင့်ကြံမှုကိုလည်း တိုးတက်စေနိုင်ပေသည်။
ကျီယန်၏ တောက်ပနေသော မျက်ဝန်းများကို ကြည့်ကာ သူမက ခေါင်းညိတ်လိုက်ရင်း ပြောလိုက်သည်။
"အင်း... ဝိညာဉ်စွမ်းအင်ကို လည်ပတ်စေတာက ခန္ဓာကိုယ်ကို လန်းဆန်းစေပြီး အသက်စွမ်းအားကို ပြန်လည်ဖြည့်တင်းပေးနိုင်တယ်...”
“ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို သန့်စင်ပေးပြီး စွမ်းအင်လမ်းကြောင်းတွေကိုလည်း ပိုမိုသန်မာစေတယ်..."
သူမက တည်ငြိမ်စွာ ရှင်းပြလိုက်လေသည်။
"အဲဒါအပြင် ဝိညာဉ်စွမ်းအင်ကို လည်ပတ်စေပြီး ဝိညာဉ်စွမ်းအင်ထိန်းချုပ်နိုင်စွမ်းကိုလည်း ပိုပြီး ကျွမ်းကျင်လာစေတယ်...”
“ရှင့်ရဲ့ စွမ်းအင်လမ်းကြောင်းတွေက သန်မာကျယ်ပြန့်ပြီး အညစ်အကြေးတွေ ကင်းစင်နေမယ်ဆိုရင် ရှင့်ရဲ့ ကျင့်ကြံမှုကလည်း သဘာဝအတိုင်း တိုးတက်လာလိမ့်မယ်..."
“ဘာလို့လဲဆိုတော့ ဒန်တျန်ထဲကို ဝိညာဉ်စွမ်းအင် စုပ်ယူတဲ့နှုန်းကလည်း မြင့်တက်လာမှာမို့လို့ပဲ..."
သူမ၏ ရှည်လျားသော ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျီယန်သည် အိပ်ရာလိပ်အသစ်ကို ပြန်သိမ်းလိုက်ပြီး သူ၏ နေရာလွတ်ထဲမှ ယောဂဖျာတစ်ချပ်ကို ထုတ်ယူလိုက်လေသည်။
သူသည် ယောဂဖျာကို သူမ၏ ဘေးတွင် ဖြန့်ခင်းလိုက်ရင်း ပြောလိုက်သည်။
"ရှောင်လင်... ငါ့ကို ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးနိုင်မလား..."
သူ့ကဲ့သို့ အလယ်အလတ် စွမ်းရည်ရှိသူများအတွက်မူ ဓာတ်သဘာဝ စွမ်းရည်ရှိသူများနှင့် နှိုင်းယှဉ်ပါက စွမ်းရည်အဆင့် မြှင့်တင်ရန် အလွန်ခက်ခဲလှပေသည်။
သူတို့ သုံးဦးကို ဥပမာထားကြည့်လျှင် ပြီးခဲ့သည့် တာဝန်ပြီးနောက် ရှို့ဝူမှာ အဆင့် ၄ အစောပိုင်းအဆင့်သို့ ရောက်ရှိသွားခဲ့ပြီး ထန်ဝေ့မှာ အဆင့် ၃ အလယ်ပိုင်းအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
သို့သော် သူကမူ အဆင့် ၂ အစောပိုင်းအဆင့်တွင်သာ ရှိနေဆဲပင်။
ကျီယန်အတွက်မူ သူ့စွမ်းရည်များကို မြှင့်တင်နိုင်မည့် အခွင့်အရေးသည် အလွန်ပင် ရှားပါးလှသဖြင့် ထိုအခွင့်အရေးများကို အလွန်တန်ဖိုးထားပေသည်။
အကယ်၍ သူသည် ဝီရိယကောင်းကောင်းနှင့်ကြိုးစားပြီး သူ၏ စွမ်းရည်များကို မြှင့်တင်ကာ သူငယ်ချင်းများကို လိုက်မီနိုင်မည်ဆိုပါက အခြားသူများထက် နှစ်ဆ၊ သုံးဆ သို့မဟုတ် ဆယ်ဆပင် ပို၍ ကြိုးစားရန် အသင့်ရှိနေပေသည်။
ကျူးလင်က သူ၏ မျှော်လင့်တကြီး ဖြစ်နေသော မျက်ဝန်းများကို ကြည့်ကာ ပြောလိုက်သည်။
"ထိုင်ပုံထိုင်နည်းကို အရင်မှန်အောင် လုပ်ရမယ်... ခန္ဓာကိုယ်ဆိုတာ ကောင်းကင်နဲ့ မြေပြင်ကို ဆက်သွယ်ပေးတဲ့ ကြားခံနယ်တစ်ခုပဲ...”
“အဲဒါကြောင့် ထိုင်ပုံထိုင်နည်း မှန်ဖို့က အရမ်းအရေးကြီးတယ်...”
“တကယ်လို့ ကြားခံနယ်က ပျက်စီးနေတာ ဒါမှမဟုတ် စောင်းနေတာမျိုး ဖြစ်နေရင် ဝိညာဉ်စွမ်းအင်ကို ကောင်းကောင်း လည်ပတ်နိုင်မှာ မဟုတ်ဘူး..."
သူမ၏ စကားကို ကြားရသောအခါ ကျီယန်က ခေါင်းညိတ်လိုက်ပြီး သူမ၏ ညွှန်ကြားချက်များကို အလေးအနက် လိုက်နာလိုက်လေသည်။
ထိုအရာကို မြင်တွေ့လိုက်ရသောအခါ ရှို့ဝူသည် သူ၏ အိပ်ရာလိပ်ကို ဆွဲယူကာ ကျူးလင်၏ ဘေးတွင် ဖြန့်ခင်းလိုက်ပြီးနောက် သူတို့၏ လေ့ကျင့်မှုတွင် ပါဝင်လိုက်ချေသည်။
ထန်ဝေ့သည် သူတို့ သုံးဦးမှာ သူ့ကို ချန်ထားခဲ့ကာ ပျော်ရွှင်နေကြသည်ကို မြင်သောအခါ သူသည်လည်း အိပ်ရာလိပ်ကို ဆွဲယူ၍ ကျီယန်၏ ယောဂဖျာဘေးတွင် ချထားလိုက်လေသည်။
ကျူးလင်သည် သူတို့ သုံးဦးအား တရားထိုင်နည်းနှင့် ဝိညာဉ်စွမ်းအင်ကို စနစ်တကျ လည်ပတ်စေနည်းတို့ကို သင်ကြားပေးနေစဉ် မုန့်ကျယ်လန်နှင့် သူမ၏ သူငယ်ချင်းများက သူတို့ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြလေသည်။
ငါးမိနစ်ခန့် ကြာပြီးနောက် သူတို့ လေးဦးမှာ တရားထိုင်သည့် အခြေအနေသို့ ရောက်ရှိသွားကြပြီး ထူထူကမူ ဘေးမှ စောင့်ကြပ်ပေးနေချေသည်။
ကတ်ထူပြားပေါ်တွင် ထိုင်နေရင်း ဟန်ရှင်းယွဲ့က မေးလိုက်သည်။
"သူတို့ ဘာလုပ်နေကြတာလဲ..."
ဝမ်နက ပုခုံးတွန့်လိုက်ရင်း ပြောလိုက်သည်။
"ငါလည်း မသိဘူး... ဒီအစွမ်းထက်တဲ့သူတွေရဲ့ တွေးခေါ်ပုံကို ငါတို့ နားမလည်နိုင်ဘူး..."
သူမ၏ စကားကို ကြားရသောအခါ မုန့်ကျယ်လန်က သမ်းဝေလိုက်ရင်း ပြောလိုက်သည်။
"အိပ်ကြရအောင်... မနက်ဖြန် စောစောထရဦးမယ်..."
ထိုသို့ပြောပြီးနောက် မုန့်ကျယ်လန်သည် ဝမ်န၏ ဘေးတွင် လှဲချလိုက်ပြီး ကတ်ထူပြားနှင့် ခေါင်းထိသည်နှင့် တပြိုင်နက် အိပ်ပျော်သွားကြလေသည်။
သူတို့နှစ်ဦးမှာ အိပ်မောကျကာ တရှူးရှူး ဟောက်သံများ ထွက်ပေါ်လာသည်ကို မြင်သောအခါ ဟန်ရှင်းယွဲ့က ကျိုးယွီယန်ကို ကြည့်ကာ မေးလိုက်သည်။
"ယွီယန်... နင် မအိပ်သေးဘူးလား..."
ကျိုးယွီယန်က ခေါင်းခါယမ်းလိုက်ရင်း မေးလိုက်သည်။
"ယွဲ့ယွဲ့... သူတို့ရဲ့ ခန္ဓာကိုယ်ပတ်ပတ်လည်မှာ ရှိနေတဲ့ အလင်းရောင်ကို နင် မြင်လား..."