← Chapters

အခန်း ၁၁၄

Vol. 12 Ch. 114

အခန်း ၁၁၄

Vol. 12 Ch. 114

အခန်း (၁၁၄) - ကျင့်စဉ်ခိုးယူခြင်း

ဟန်ရှင်းယွဲ့သည် ကျိုးယွီယန်၏ အကြည့်နောက်သို့ လိုက်ကြည့်ရင်း ကျူးလင်နှင့် အခြားသူများကို လှမ်းကြည့်လိုက်လေသည်။

သူမ၏ အကြည့်များက ထိုလူလေးဦးကို လွှမ်းခြုံထားသည့် မှိန်ပျပျ ရွှေရောင်အလင်းတန်းပေါ်သို့ ကျရောက်သွားချိန်တွင်မူ အိပ်ချင်စိတ်များအားလုံး ချက်ချင်းပင် လွင့်ပြယ်သွားခဲ့ချေပြီ။

မိမိ၏သူငယ်ချင်းဖြစ်သူလည်း ထိုမှိန်ပျပျ ရွှေရောင်အလင်းတန်းကို မြင်တွေ့လိုက်ရသည်ကို သိရှိသွားသဖြင့် ကျိုးယွီယန်က တိုးညင်းစွာ မေးလိုက်သည်။

"ယွဲ့ယွဲ့... သူတို့တွေ ဒီလောက်တောင် အစွမ်းထက်တာက သူတို့ရဲ့ ကျင့်ကြံတဲ့ နည်းလမ်းကြောင့်များ ဖြစ်မလား..."

သူမ၏ စကားကို ကြားပြီးနောက် ဟန်ရှင်းယွဲ့က ခဏမျှ စဉ်းစားကာ ပြောလိုက်သည်။

"ဖြစ်နိုင်တယ်... ဒီနေ့ ထူးဆန်းတဲ့ ဖုတ်ကောင်နဲ့ တိုက်ခိုက်ခဲ့တဲ့ သူတို့ရဲ့ တိုက်ပွဲကို ကြည့်ရသလောက်ဆိုရင် သူတို့ရဲ့ အစွမ်းက အဆင့် ၃ သဘာဝလွန်စွမ်းအားရှင်တွေထက်တောင် ပိုပြီး အစွမ်းထက်ပုံရတယ်...”

“ဒါပေမဲ့ အခုအချိန်အထိ မှတ်တမ်းတင်ထားတဲ့ စွမ်းရည်တွေထဲမှာ အမြင့်ဆုံးအဆင့်က အဆင့် ၃ ပဲ ရှိသေးတာ...”

“သူတို့က ဖုတ်ကောင်တွေနဲ့ သန္ဓေပြောင်းသတ္တဝါတွေကို တိုက်ခိုက်ရုံသက်သက်နဲ့တင် အဆင့် ၃ ထက်ကျော်တဲ့ စွမ်းရည်တွေကို တကယ်ပဲ ရရှိထားတာဆိုရင် သူတို့တွေ ဖုတ်ကောင်တွေနဲ့ သန္ဓေပြောင်းသတ္တဝါတွေကို အများကြီး သတ်ခဲ့ရမှာပဲ..."

ထိုသို့ပြောပြီးနောက် သူမက ကျိုးယွီယန်ကို ကြည့်ကာ ဆက်ပြောလိုက်သည်။

"ပုံဆောင်ခဲအမြုတေတွေအကြောင်း သတင်းက လွန်ခဲ့တဲ့ ရက်ပိုင်းလေးတင်မှ ထွက်ပေါ်လာတာလေ..."

“သူတို့ဆီမှာ ပုံဆောင်ခဲအမြုတေတွေ ဘယ်လောက်ပဲ ရှိနေပါစေ..."

“တစ်နေ့ကိုတစ်နေ့ကို စုပ်ယူနိုင်တဲ့ ပုံဆောင်ခဲအမြုတေ အရေအတွက်က ကန့်သတ်ချက် ရှိတယ်...”

“ပြီးတော့ ပုံဆောင်ခဲအမြုတေတွေကို စုပ်ယူတာက ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနေသေးတယ်..."

“ဒီအချက်တွေကိုပဲ အခြေခံပြီး စဉ်းစားကြည့်ရင် သူတို့ရဲ့ အစွမ်းထက်မှုနောက်ကွယ်က တစ်ခုတည်းသော အဖြေက သူတို့ကျင့်ကြံတဲ့ နည်းလမ်းပဲ ဖြစ်ရမယ်..."

ကျိုးယွီယန်က ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။

"ငါလည်း အဲဒီလိုပဲ ထင်တယ်..."

ထို့နောက်တွင်မူ သူတို့နှစ်ဦးစလုံး တိတ်ဆိတ်သွားကြပြီး မှိန်ပျပျ ရွှေရောင်အလင်းတန်း လွှမ်းခြုံထားသည့် လူလေးဦးကို ပြန်လည်ကြည့်ရှုလိုက်ကြလေသည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကျိုးယွီယန်၏ ရင်ခုန်သံများ မြန်ဆန်လာကာ တိုးညင်းစွာ မေးလိုက်သည်။

"ယွဲ့ယွဲ့... နင်ရော စမ်းကြည့်ချင်လား..."

သူတို့အဖွဲ့ထဲတွင် တိုက်ခိုက်နိုင်စွမ်းရှိသူဟူ၍ သူတို့နှစ်ဦးသာ ရှိပေသည်။

ဤကဲ့သို့ ဘေးအန္တရာယ်များလှသော ကမ္ဘာပျက်ကပ်လွန်လောကကြီးထဲတွင် ရှင်သန်နိုင်ရန်အတွက် သူတို့၏ စွမ်းရည်များကို မြှင့်တင်ရန်နှင့် တိုက်ပွဲဝင် အတွေ့အကြုံများကို လေ့ကျင့်ယူရန် လိုအပ်လှသည်။

အကယ်၍ ယနေ့သာ ကျူးလင်တို့နှင့်အတူ မလာခဲ့ပါက ထိုထူးဆန်းသော ဖုတ်ကောင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူတို့လေးဦးလုံး ချက်ချင်း သေဆုံးသွားကြပေလိမ့်မည်။

နေ့ခင်းဘက်က မိမိကိုယ်ကိုယ် ကူကယ်ရာမဲ့ဖြစ်ခဲ့ရသည့် အခြေအနေကို ပြန်လည်တွေးတောမိရင်း ဟန်ရှင်းယွဲ့သည် လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။ သူမက ခေါင်းညိတ်ကာ ပြောလိုက်သည်။

"အင်း... ငါတို့တွေ သိက္ခာရှိရှိ ရှင်သန်ချင်တယ်ဆိုရင် ပိုပြီးတော့ အစွမ်းထက်လာအောင် လုပ်ရမယ်..."

သူမ၏ ပြတ်သားသော မျက်နှာပေးကို ကြည့်ကာ ကျိုးယွီယန်က ပြုံးလျက် ပြောလိုက်သည်။

"အစ်မကျူးလင်က ဗိုလ်ကြီးရှို့တို့အဖွဲ့ကို သင်ပေးတုန်းက ပြောခဲ့တဲ့ စကားတွေကို ငါအကုန် ကြားခဲ့တယ်...”

“ပြီးတော့ အကုန်လုံးကိုလည်း မှတ်မိနေတယ်... ငါတို့တွေ သူမ ညွှန်ကြားခဲ့တဲ့အတိုင်း တစ်ဆင့်ချင်းစီ လိုက်လုပ်ကြည့်ရုံပဲ..."

"အင်း..."

ကျူးလင်၏ ပေါင်ပေါ်တွင် လှဲလျောင်းနေသော ထူထူသည် ထိုနှစ်ဦးက အူကြောင်ကြောင်နိုင်စွာဖြင့် တင်ပျဥ်ခွေထိုင်ရန် ကြိုးစားနေသည်ကို စောင့်ကြည့်နေခဲ့သည်။

မိနစ်အနည်းငယ်ခန့် ရုန်းကန်လှုပ်ရှားပြီးနောက်တွင်မူ သူတို့နှစ်ဦးသည် နောက်ဆုံး၌ မှန်ကန်သော ထိုင်ပုံထိုင်နည်းကို ရရှိသွားကြလေသည်။

သူတို့နှစ်ဦးက မျက်လုံးများကို ပိတ်ကာ ဝိညာဉ်စွမ်းအင်ကို စတင်လည်ပတ်စေသည့်အချိန်တွင် ထူထူသည် ဒုတိယမြောက် ဧရာမမုန်လာဥနီကြီးကိုပင် စားသောက်ပြီးစီးသွားချေပြီ။

ယုန်ကလေးက ထိုနှစ်ဦးကိုကြည့်ကာ တွေးလိုက်မိသည်။

'ပါရမီလည်းမရှိဘဲနဲ့ ဆင်ခြင်မဲ့လိုက်ကြတာ... လူသားတွေရဲ့ သဘာဝက တကယ်ပဲ ပြောင်းလဲရခက်တာပဲ...'

တစ်နာရီခန့် ကြာပြီးနောက်တွင်မူ ထူထူသည် လေထုထဲ၌ သူတို့ထံမှ ထွက်ပေါ်လာသော အားနည်းလှသည့် ဝိညာဉ်စွမ်းအင် စီးဆင်းမှုကို အာရုံခံမိလိုက်လေသည်။

ယုန်ကလေးသည် ဧရာမမုန်လာဥနီကြီးပေါ်မှ အကြည့်ကို လွှဲလိုက်ပြီး သူတို့နှစ်ဦးက စွမ်းအင်လမ်းကြောင်းများတစ်လျှောက် ဝိညာဉ်စွမ်းအင်ကို နှေးကွေးရူးနှမ်းစွာ မည်သို့ရွေ့လျား‌အောင်လုပ်မည်ကို စောင့်ကြည့်နေခဲ့သည်။

နာရီဝက်ခန့်ကြာပြီးနောက်တွင် ဟန်ရှင်းယွဲ့သည် စွမ်းအင်ပတ်လမ်းတစ်ခုကို အောင်မြင်စွာ လည်ပတ်နိုင်ခဲ့ပြီး ကျိုးယွီယန်မှာမူ စွမ်းအင်ပတ်လမ်းတစ်ခု ပြီးမြောက်ရန်အတွက် မိနစ်လေးဆယ်ခန့် အချိန်ယူခဲ့ရချေသည်။

ပထမဆုံးသော နေရောင်ခြည်တန်းသည် ပျက်စီးနေသော ပြတင်းပေါက်မှတစ်ဆင့် ပျက်စီးယိုယွင်းနေသည့် အိမ်အိုကြီးထဲသို့ ဖြာကျလာချိန်တွင် ကျူးလင်သည် သူမ၏ မျက်လုံးများကို ဖွင့်လိုက်လေသည်။

သူမသည် ခန္ဓာကိုယ်တွင်းရှိ မသန့်စင်သော လေထုကို သက်ပြင်းတစ်ချက်နှင့်အတူ မှုတ်ထုတ်လိုက်ပြီး တစ်ကိုယ်လုံးကို ဆန့်ထုတ်လိုက်ရာ လန်းဆန်းပေါ့ပါးမှုကို ခံစားလိုက်ရသည်။

သူမက ထူထူကို နှိုးရန် ပြင်လိုက်စဉ်မှာပင် အခန်းတွင်း၌ မိစ္ဆာစွမ်းအင်တစ်ခု ရှိနေသည်ကို ရုတ်တရက် အာရုံခံမိလိုက်လေသည်။

ကျူးလင်က ထိုမိစ္ဆာစွမ်းအင် ထွက်ပေါ်ရာအရပ်သို့ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ဟန်ရှင်းယွဲ့နှင့် ကျိုးယွီယန်တို့၏ ခန္ဓာကိုယ်များပေါ်တွင် မှိန်ပျပျ အမည်းရောင်စွမ်းအင်များ ဖုံးလွှမ်းနေပြီး ၎င်းတို့၏ မျက်နှာများတွင်လည်း နာကျင်နေသော အမူအရာများ ပေါ်ပေါက်နေသည်ကို မြင်တွေ့လိုက်ရသည်။

သူမသည် အချိန်ဆွဲမနေဘဲ ချက်ချင်းထရပ်ကာ သူတို့၏ စွမ်းအင်လမ်းကြောင်း အချို့ကို ပိတ်ဆို့၍ ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်စီးဆင်းမှုကို အတင်းအကျပ် ဖြတ်တောက်လိုက်လေသည်။

ဟန်ရှင်းယွဲ့သည် ကျိုးယွီယန်ထက် ပိုမိုမြန်ဆန်စွာ နိုးထလာခဲ့ပြီး အမည်းရောင် သွေးအချို့ကို အဆက်မပြတ် အန်ထုတ်လိုက်မိသည်။

"အဟွတ်... အဟွတ်..."

ကျိုးယွီယန်မှာမူ သူမ၏ ဝိညာဉ်စွမ်းအင် လည်ပတ်မှုမှာ ဟန်ရှင်းယွဲ့ထက် ပိုမိုနှေးကွေးသောကြောင့် အမည်းရောင်သွေး အနည်းငယ်သာ အန်ထုတ်လိုက်ရလေသည်။

"ဝေါ့... အဟွတ်... အဟွတ်..."

ကျူးလင်သည် သူတို့၏ရှေ့တွင် ရပ်ကာ မျက်နှာသေဖြင့် စိုက်ကြည့်နေခဲ့သည်။

သူတို့နှစ်ဦးက ခေါင်းမော့ကြည့်လိုက်ရာ သူမ စိုက်ကြည့်နေသည်ကို မြင်တွေ့ရသဖြင့် စိတ်ထဲတွင် အပြစ်မကင်းသလို ခံစားလိုက်ရလေသည်။

သူတစ်ပါး၏ ကျင့်စဉ်ကို ခိုးယူကျင့်ကြံရင်း လက်ပူးလက်ကျပ်မိသွားရခြင်းမှာ အလွန်ပင် စိတ်မသက်မသာဖြစ်စရာ ကောင်းလှသလို အရှက်ရစရာလည်း ကောင်းလှပေသည်။

ကျိုးယွီယန်က နှုတ်ခမ်းပေါ်မှ အမည်းရောင်သွေးများကို သုတ်လိုက်ရင်း ပြောလိုက်သည်။

"အစ်မကျူးလင်... အစ်မရဲ့ ကျင့်စဉ်ကို ခိုးယူခဲ့တာ ကျွန်မပါ... အပြစ်တင်ချင်တယ်ဆိုရင် ကျွန်မကိုပဲ အပြစ်တင်ပါ..."

ကျူးလင် စကားမပြောရသေးမီမှာပင် ဟန်ရှင်းယွဲ့က ပျာပျာသလဲ ဝင်ပြောလိုက်သည်။

"ဒါ ယွီယန်ရဲ့ အပြစ်မဟုတ်ပါဘူး... ကျွန်မကိုယ်တိုင် စမ်းကြည့်ချင်လို့ လုပ်ခဲ့တာပါ... အပြစ်တင်ချင်တယ်ဆိုရင် ကျွန်မကိုပဲ အပြစ်တင်ပါ..."

သူတို့နှစ်ဦး စကားပြောနေကြစဉ်မှာပင် မုန့်ကျယ်လန်နှင့် ဝမ်နတို့သည် ထိုဆူညံသံများကြောင့် နိုးလာခဲ့ကြသည်။

ရှို့ဝူ၊ ကျီယန်နှင့် ထန်ဝေ့တို့မှာမူ လေထုထဲ၌ မိစ္ဆာစွမ်းအင်များ ပေါ်ပေါက်လာသည့် အချိန်ကတည်းက နိုးထနေခဲ့ကြပြီး ဖြစ်ပေသည်။

ဟန်ရှင်းယွဲ့နှင့် ကျိုးယွီယန်တို့၏ နှုတ်ခမ်းများပေါ်ရှိ အမည်းရောင်သွေးများကို မြင်တွေ့လိုက်ရသဖြင့် ဝမ်နက အံ့အားသင့်စွာ မေးလိုက်သည်။

"နင်တို့နှစ်ယောက် ဘာဖြစ်တာလဲ... အဆင်ပြေရဲ့လား..."

ဝမ်န၏ အံ့အားသင့်ပြီး စိုးရိမ်ပူပန်နေသော အသံကို ကြားလိုက်ရသဖြင့် မုန့်ကျယ်လန်လည်း သတိဝင်လာခဲ့သည်။

သူမသည် မိမိ၏သူငယ်ချင်းများက အဘယ်ကြောင့် သွေးများအန်နေရပြီး ကျူးလင်ကမူ သူတို့ကို မည်သည့်စိတ်ခံစားချက်မျှမရှိဘဲ အဘယ်ကြောင့် စိုက်ကြည့်နေရသည်ကို နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ကျူးလင်သည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဟန်ရှင်းယွဲ့၏ ညာဘက်လက်ကောက်ဝတ်ကို ကိုင်လိုက်လေသည်။

သူမသည် သွေးခုန်နှုန်းကို ခဏမျှ စမ်းသပ်ကြည့်ပြီးနောက် ကျိုးယွီယန်၏ သွေးခုန်နှုန်းကိုလည်း ဆက်လက်စမ်းသပ်ပေးလိုက်သည်။ နှစ်မိနစ်ခန့် ကြာပြီးနောက်တွင်မူ သူမက သူတို့နှစ်ဦးကို ကြည့်ကာ ပြောလိုက်သည်။

"နင်တို့နှစ်ယောက် ကံကောင်းသွားတယ်... တကယ်လို့ ဒီအမည်းရောင်သွေးတွေကို အန်မထုတ်နိုင်ခဲ့ရင် နင်တို့တွေ ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားလိမ့်မယ်..."

သူမ၏ စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် ဟန်ရှင်းယွဲ့နှင့် ကျိုးယွီယန်တို့၏ မျက်နှာများမှာ ချက်ချင်းပင် ဖြူလျော်သွားကြလေသည်။

သူတို့၏ ကြောက်ရွံ့ထိတ်လန့်မှုကို အာရုံခံမိလိုက်သဖြင့် ကျူးလင်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ကြိုတင်ပြင်ဆင်မှုမရှိဘဲနဲ့ မလုပ်ဖူးတဲ့အရာကို လုပ်တာ... လမ်းညွှန်မှုမရှိဘဲနဲ့ အသစ်အဆန်းကို စမ်းသပ်တာက တကယ်ပဲ ဆင်ခြင်မဲ့လွန်းတယ်...”

“တရားထိုင်တာက လွယ်တယ်လို့ထင်ရပေမဲ့ နင်တို့ထင်သလောက် မရိုးရှင်းဘူး... မှတ်ထား... နေရောင်အောက်မှာ ဘယ်တော့မှ တရားမထိုင်ပါနဲ့...”

“တကယ်လို့ နေ့ခင်းဘက်မှာ လုပ်ချင်တယ်ဆိုရင်လည်း နင်တို့ရဲ့ ခန္ဓာကိုယ်ကို နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့စေနဲ့..."

All Chapters