အခန်း ၁၁၆
Vol. 12 Ch. 116
အခန်း (၁၁၆) - ဆက်သွယ်ပြောဆိုခြင်း
မကြာမီအချိန်အတွင်းမှာပင် လမ်းကွေ့တစ်ခုမှ ကျောင်းဝတ်စုံဝတ်ဆင်ထားသော အသက်ဆယ်နှစ်ခန့်ရှိသည့် မိန်းကလေးငယ်တစ်ဦး လမ်းလျှောက်ထွက်လာခဲ့လေသည်။
ကျူးလင်က သူမ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော ထူထပ်လှသည့် မည်းနက်သော မိစ္ဆာစွမ်းအင်များကို မြင်လိုက်ရသည့်အခါ တည်ငြိမ်စွာ ပြောလိုက်သည်။
"သူမက ဖုတ်ကောင်ပဲ..."
သူမ၏ စကားသံအဆုံးတွင် ရှို့ဝူ၊ ထန်ဝေ့နှင့် ကျီယန်တို့သည် ချက်ချင်းပင် တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်ကြချေသည်။
သူတို့လေးဦးလုံးသည် မိမိတို့ထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာနေသော ဖုတ်ကောင်လေးကို စူးစိုက်ကြည့်နေမိကြ၏။
အကယ်၍ ကျူးလင်သာ ဖုတ်ကောင်လေး၏ ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ မိစ္ဆာစွမ်းအင်များကို မမြင်နိုင်ခဲ့ပါက ဤမျှချစ်စရာကောင်းသော မိန်းကလေးငယ်လေးကို ဖုတ်ကောင်တစ်ကောင်ဖြစ်မှန်း သိရှိနိုင်လိမ့်မည် မဟုတ်ပေ။
သူမ၏ ရုပ်ရည်သွင်ပြင်အရ လူသားများနှင့် ကွဲပြားခြားနားနေသည့် တစ်ခုတည်းသော အချက်မှာ ဖြူဆွတ်နေသော မျက်လုံးတစ်စုံသာ ဖြစ်ချေသည်။
မျက်လုံးနီနီများရှိပြီး ပုပ်သိုးနေသော ခန္ဓာကိုယ်မှ သွေးညှီနံ့များ ထွက်ပေါ်နေတတ်သည့် အခြားသော ဖုတ်ကောင်များနှင့်မတူဘဲ ဤဖုတ်ကောင်လေး၏ ခန္ဓာကိုယ်ပေါ်တွင် သွေးစွန်းပေနေခြင်း မရှိပေ။
ကျူးလင်သည် ဤဖုတ်ကောင်လေးအပေါ် အတော်ပင် စိတ်ဝင်စားသွားမိသည်။
ဖုတ်ကောင်လေးကို ကြည့်ရင်း သူမသည် အတိတ်တုန်းက သူမပိုင်ဆိုင်ခဲ့ဖူးသော အဆင့်မြင့် ရုပ်သေးရုပ်တစ်ရုပ်ကို သတိရသွားမိ၏။
ထိုရုပ်သေးရုပ်သည် လောကဘုံခြောက်ပါးတွင် တစ်ရုပ်တည်းသာရှိသော အဆင့်မြင့်ရုပ်သေးရုပ်ဖြစ်ပြီး ၎င်းကို ဖန်တီးခဲ့သူမှာ မိစ္ဆာနတ်ဘုရားပင် ဖြစ်ချေသည်။
အမှန်တော့ ထိုရုပ်သေးရုပ်သည် ကျူးလင်၏ အသက်တစ်ထောင်ပြည့် မွေးနေ့အတွက် မိစ္ဆာနတ်ဘုရားက ပေးအပ်ခဲ့သော မွေးနေ့လက်ဆောင်တစ်ခု ဖြစ်သည်။
သူသည် သူမ၏ ကမ္ဘာဦးဝိညာဉ်မှ အစိတ်အပိုင်းတစ်ခုကိုပင် ထိုရုပ်သေးရုပ်၏ ဝိညာဉ်အဖြစ် အသုံးပြုခဲ့သေး၏။
နှမြောစရာကောင်းသည်မှာ မိစ္ဆာနတ်ဘုရား ပျောက်ကွယ်သွားပြီးနောက် ထိုရုပ်သေးရုပ်သည် ကျူးလင်အတွက် မိုးကြိုးဘေးဒဏ်ကို ကာကွယ်ပေးရင်း ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေသည်။
ထိုချစ်စရာကောင်းသော ရုပ်သေးရုပ်လေးကို တွေးတောမိရင်း သူမ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
သူမ၏ ဘေးတွင် ရပ်နေသော ရှို့ဝူသည် သူမ၏ မျက်နှာပေါ်ရှိ လွမ်းဆွတ်တသနေသော အမူအရာနှင့် နှုတ်ခမ်းထက်မှ နူးညံ့သောအပြုံးကို မြင်တွေ့လိုက်ရ၏။
သူမ ဘာတွေးနေသည်ကို သူ မသိသော်လည်း ယခုအချိန်တွင် သူမ တွေးနေသည့်အရာမှာ သူ မဟုတ်ကြောင်းကိုမူ ကောင်းစွာ သိရှိနေသည်။
ကျူးလင်နှင့် ရှို့ဝူတို့ ကိုယ်စီ အတွေးလွန်နေကြစဉ် ထန်ဝေ့က ဖုတ်ကောင်လေးထံသို့ မီးကြိုးမျှင်များကို လှမ်းပစ်လိုက်လေသည်။
သို့သော် မီးကြိုးမျှင်များသည် ဖုတ်ကောင်လေး၏ အဝတ်အစားများကို မထိတွေ့မီမှာပင် တစ်စုံတစ်ခု၏ တားဆီးခြင်းကို ခံလိုက်ရ၏။
ချွင်...
ချွင်...
မမြင်နိုင်သော အတားအဆီးနှင့် ထန်ဝေ့၏ မီးကြိုးမျှင်များ ထိတွေ့မိရာမှ ထွက်ပေါ်လာသော တိုက်ခိုက်သံများကို ကြားလိုက်ရသည့်အခါ ရှို့ဝူသည် ကျူးလင်ထံမှ အကြည့်လွှဲလိုက်ပြီး ပြောလိုက်သည်။
"ရှောင်ဝေ့... မင်းရဲ့ စွမ်းအင်တွေကို မဖြုန်းတီးနဲ့တော့..."
မီးကြိုးမျှင်များသည် ထိုအတားအဆီးကို မဖျက်ဆီးနိုင်မှန်း သိရှိသွားသဖြင့် ထန်ဝေ့သည် မီးကြိုးမျှင်များကို ပြန်လည်ရုပ်သိမ်းလိုက်လေသည်။
နောက်တစ်စက္ကန့်တွင် ရှို့ဝူသည် ဖုတ်ကောင်လေးထံသို့ နေရာလွတ်ဓားသွား အနည်းငယ်ကို လှမ်းပစ်လိုက်ချေသည်။
ဝုန်း...
ရွှပ်...
ယခုတစ်ကြိမ်တွင်မူ နေရာလွတ်ဓားသွားများသည် ဖုတ်ကောင်လေး၏ ပတ်ပတ်လည်ရှိ အတားအဆီးကို အောင်မြင်စွာ ဖျက်ဆီးသွားနိုင်ခဲ့ပြီး သူမ၏ လက်မောင်းတစ်ဖက်ကို ဖြတ်တောက်လိုက်လေသည်။
ဗုန်း...
ပြတ်တောက်သွားသော လက်မောင်းတစ်ဖက် မြေပြင်ပေါ်သို့ ကျသွားသည့်အခါ ဖုတ်ကောင်လေးသည် ထိုနေရာတွင် ရပ်သွားခဲ့သည်။
သူမသည် ခေါင်းငုံ့ကာ မြေပြင်ပေါ်ရှိ ပြတ်တောက်နေသော လက်မောင်းကို တိတ်ဆိတ်စွာ ကြည့်နေမိ၏။
အချိန်အတော်ကြာပြီးနောက် ဖုတ်ကောင်လေးသည် ခေါင်းပြန်မော့လာပြီး အကြိမ်အနည်းငယ် ဟိန်းဟောက်လိုက်လေသည်။
"ဂါး... ဂါး..."
'ဘာလို့ ငါ့လက်မောင်းကို ဖြတ်ပစ်လိုက်တာလဲ...'
ရှို့ဝူ၊ ကျီယန်နှင့် ထန်ဝေ့တို့အတွက်မူ သူတို့ ကြားလိုက်ရသည်မှာ ကြောက်မက်ဖွယ်ကောင်းပြီး စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည့် အသံနိမ့်ဟိန်းဟောက်သံသာ ဖြစ်သည်။
သို့သော် ကျူးလင်နှင့် ထူထူတို့အတွက်မူ ထိုမေးခွန်းကို မေးမြန်းနေသည့် ကလေးငယ်တစ်ဦး၏ အသံကို ရှင်းလင်းစွာ ကြားလိုက်ရချေသည်။
ဖုတ်ကောင်လေး၏ မျက်နှာပေါ်ရှိ ဇဝေဇဝါဖြစ်နေသော အမူအရာကို မြင်လိုက်ရသည့်အခါ ကျူးလင်သည် ရုတ်တရက် အကြံတစ်ခု ရရှိသွားခဲ့သည်။
သူမသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်သော်လည်း ရှို့ဝူက သူမ၏ လက်ကောက်ဝတ်ကို လျင်မြန်စွာ ဖမ်းဆွဲထားလိုက်သည်။
သူမက သူ့ကို ကြည့်ကာ ပြောလိုက်သည်။
"အဆင်ပြေပါတယ်... သူမ ကျွန်မတို့ကို တိုက်ခိုက်မှာ မဟုတ်ဘူး..."
ရှို့ဝူက ခေါင်းခါယမ်းလိုက်ရင်း ပြောလိုက်သည်။
"မဖြစ်ဘူး... အဲဒါက အဆင့်မြင့်ဖုတ်ကောင်တစ်ကောင်ပဲ... အရမ်းအန္တရာယ်များတယ်..."
ကျူးလင်က သက်ပြင်းချရင်း ပြောလိုက်သည်။
"ကျွန်မ သူမနဲ့ စကားပြောကြည့်ချင်ရုံတင်ပါ..."
သူမ၏ စကားကို ကြားလိုက်ရသည့်အခါ ရှို့ဝူသာမက ကျီယန်နှင့် ထန်ဝေ့တို့ပါ သူမအား အကြောင်းပြချက်မရှိ ပြဿနာရှာနေသည့် ကလေးငယ်တစ်ဦးကဲ့သို့ ကြည့်လိုက်ကြလေသည်။
ရှို့ဝူအား လက်လွှတ်ပေးရန် ပြောဆို၍ မရနိုင်တော့မှန်း သိရှိသွားသဖြင့် ကျူးလင်သည် ဖုတ်ကောင်လေးထံသို့ လှည့်ကြည့်လိုက်၏။
ဖုတ်ကောင်လေးက သူမ၏စကားကို နားလည်နိုင်မလား မသိသော်လည်း သူမ စမ်းသပ်ကြည့်ချင်နေဆဲပင် ဖြစ်သည်။
စက္ကန့်အနည်းငယ်မျှ တွေးတောပြီးနောက် ကျူးလင်သည် နှုတ်ခမ်းကိုဖွင့်ကာ ဖုတ်ကောင်လေး ပြုလုပ်ခဲ့သည့် အသံနှင့် ဆင်တူသော အသံနိမ့်ဟိန်းဟောက်သံ အချို့ကို ထုတ်ဖော်လိုက်ရာ ရှို့ဝူနှင့် အခြားသူများကို အလွန်အမင်း တုန်လှုပ်သွားစေခဲ့သည်။
"ဂါး... ဂါး..."
'မင်းက ဘယ်သူလဲ... ငါပြောတာကို နားလည်ရဲ့လား...'
သူမ၏ ဟိန်းဟောက်သံ ဆုံးသွားသည်နှင့်တစ်ပြိုင်နက် ဖုတ်ကောင်လေးသည် ရုတ်တရက် ခေါင်းမော့လာပြီး ဖြူဆွတ်နေသော မျက်လုံးတစ်စုံဖြင့် ကျူးလင်ကို စူးစိုက်ကြည့်လိုက်သည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖုတ်ကောင်လေးသည် ပါးစပ်ကိုဖွင့်ကာ စိတ်လှုပ်ရှားစွာဖြင့် အသံပြုလိုက်လေသည်။
"ဂါး..."
'ငါပြောတာကို နားလည်တာလား...'
ကျူးလင်က ခေါင်းညိတ်ပြလိုက်ရင်း ပြောလိုက်သည်။
"ဂါး..."
'ဟုတ်တယ်... နားလည်တယ်...'
ဖုတ်ကောင်လေးသည် အလွန်အမင်း ဝမ်းသာအားရဖြစ်သွားပြီး အလိုလို ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာခဲ့သည်။
ကျူးလင် ထပ်မံစကားမပြောနိုင်မီမှာပင် ရှို့ဝူသည် ဖုတ်ကောင်ထံသို့ နေရာလွတ်ဓားသွား အနည်းငယ်ကို လှမ်းပစ်လိုက်ရာ သူမ၏ ခေါင်းပြတ်လုနီးပါး ဖြစ်သွားခဲ့ရ၏။
ဖုတ်ကောင်လေးသည် ရှို့ဝူ၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် လန့်ဖျပ်သွားပြီး နောက်သို့ ယိုင်တိုင်တိုင် ဆုတ်ခွာသွားရင်း ရှို့ဝူကို စူးစိုက်ကြည့်လိုက်လေသည်။
ရှို့ဝူကို စူးစိုက်ကြည့်လိုက်မိသည့် ထိုအခိုက်အတန့်မှာပင် ဖုတ်ကောင်လေးသည် ချက်ချင်း နောင်တရသွားခဲ့သည်။
သူမ ကြည့်နေမိသည်မှာ လူသားတစ်ဦး မဟုတ်ဘဲ နောက်တစ်စက္ကန့်တွင် သူမအား အမှုန့်ခြေဖျက်ပစ်တော့မည့် မည်းနက်သော အရိပ်မည်းကြီးတစ်ခုကဲ့သို့ ခံစားလိုက်ရသောကြောင့် ဖြစ်ချေသည်။
ဖုတ်ကောင်လေးသည် ထိုပြင်းထန်လှသော ဖိအားကို မခံနိုင်တော့ဘဲ လှည့်ပြန်ပြေးသွားခဲ့လေသည်။
စက္ကန့်အနည်းငယ်မျှ ပျောက်ကွယ်သွားပြီးနောက် ဖုတ်ကောင်လေးသည် ရုတ်တရက် ပြန်လည်ပြေးဝင်လာခဲ့သည်။
သူမသည် မြေပြင်ပေါ်ရှိ ပြတ်တောက်နေသော လက်မောင်းကို ကောက်ယူလိုက်ပြီး ဖြူဆွတ်နေသော မျက်လုံးများဖြင့် ကျူးလင်နှင့် ရှို့ဝူတို့ကို စိတ်ရှုပ်စွာ တစ်ချက်ကြည့်ကာ အမြန်ဆုံး ပြေးထွက်သွားခဲ့လေတော့သည်။
ဖုတ်ကောင်လေး ထွက်ခွာသွားပြီးနောက် ထန်ဝေ့သည် နဖူးမှ ချွေးစေးများကို သုတ်လိုက်ရင်း ပြောလိုက်သည်။
"အဲဒီဖုတ်ကောင်လေးက တကယ်ကို အစွမ်းထက်တာပဲ... စောစောက သူမရဲ့ အကြည့်တွေ ငါ့ဆီ ကျရောက်လာတုန်းက ဖိအားတွေကြောင့် တကယ်ပဲ အသက်ရှူကျပ်မတတ် ဖြစ်သွားရတယ်..."
ကျီယန်ကလည်း ဇဝေဇဝါဖြစ်စွာဖြင့် မေးလိုက်သည်။
"အဲဒီဖုတ်ကောင်လေးက တကယ်ကို သန်မာတာပဲ... ဒါပေမဲ့ ငါ နားမလည်တာက... သူမက ဘာလို့ လောင်ရှို့ကို တစ်ချက်ကြည့်ပြီးမှ ရုတ်တရက်ကြီး ထွက်ပြေးသွားရတာလဲ..."
သူ၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ ရှို့ဝူက တည်ငြိမ်စွာ ပြောလိုက်သည်။
"အဆင့်မြင့်ဖုတ်ကောင်တွေမှာ အသိဉာဏ်ရှိတာက မထူးဆန်းပါဘူး... ထူးဆန်းတာက..."
သူက ကျူးလင်ထံသို့ လှည့်ကြည့်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ရှောင်လင်က ဖုတ်ကောင်တွေရဲ့ ဘာသာစကားကို ပြောနိုင်နေတာပဲ..."
သူ့စကားအဆုံးတွင် ကျီယန်နှင့် ထန်ဝေ့တို့သည်လည်း သူမအား တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြလေသည်။
သူမ တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသည့်အခါ ရှို့ဝူက မျက်မှောင်ကြုတ်လိုက်ရင်း မေးလိုက်သည်။
"ရှောင်လင်... မင်း ကိုယ်တို့ကို ပြောပြချင်တဲ့အရာ ရှိလား..."