အခန်း ၁၁၇
Vol. 12 Ch. 117
အခန်း (၁၁၇) - မိစ္ဆာနတ်ဘုရား ပေါ်လာခြင်း
ကျူးလင်က ရှို့ဝူ၏ မျက်ဝန်းများကို ကြည့်ကာ စိတ်ထဲမှ မသိစိတ်အလျောက် တုန်လှုပ်သွားမိလေသည်။
ဤအခိုက်အတန့်တွင် ရှို့ဝူ၏ မျက်နှာအမူအရာမှာ ကျူးလင်က မိမိအပေါ် တစ်ခုခု ဖုံးကွယ်ထားကြောင်း မိစ္ဆာနတ်ဘုရား သိရှိသွားချိန်က အမူအရာနှင့် တစ်ထေရာတည်း တူညီနေချေသည်။
ထူထူက အတန်ကြာ တိတ်ဆိတ်နေပြီးနောက် စိတ်ချင်းဆက်သွယ်ကာ မေးလိုက်သည်။
'သခင်မလေး... သူတို့ကို နတ်ဘုရားအသုံးအဆောင်အကြောင်း ပြောပြမလို့လား...'
ထူထူ၏ မေးခွန်းကို ကြားလိုက်ရသဖြင့် ကျူးလင်သည် အတိတ်အမှတ်တရများထဲမှ နိုးထလာခဲ့လေသည်။
သူမသည် မိမိ၏ အဖြေကို တည်ငြိမ်စွာ စောင့်ဆိုင်းနေဆဲဖြစ်သော အမျိုးသားသုံးဦးကို ကြည့်လိုက်ရာ ၎င်းတို့၏ မျက်ဝန်းများထဲတွင် ယုံကြည်မှုများကို မြင်တွေ့လိုက်ရပေသည်။
သူမက ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ရှည်လျားကျယ်ပြန့်သော ဝတ်ရုံလက်အင်္ကျီကို ပင့်တင်လိုက်ရင်း ပြောလိုက်သည်။
"ဒီလက်ကောက်ကြောင့်ပဲ... စောစောက ဖုတ်ကောင်လေးပြောတာကို ကျွန်မ နားလည်နိုင်ခဲ့တာ..."
သူမက ၎င်းတို့အား ရေခဲပြာရောင် လက်ကောက်ကို ပြသလိုက်ရင်း ဆက်ပြောလိုက်သည်။
"ဒီလက်ကောက်က အခြားဘာသာစကားတွေကို နားလည်စေပြီးတော့ ဆက်သွယ်ပြောဆိုနိုင်တဲ့ နတ်ဘုရားအသုံးအဆောင်တစ်ခုပဲ...”
“ထူထူက ခရီးသွားရတာ ဝါသနာပါတော့ အဆင်ပြေအောင်လို့ ကျွန်မရဲ့ အစ်ကိုတော်က ထူထူကို လက်ကောက်တစ်စုံ ပေးခဲ့ဖူးတယ်...”
“ထူထူက ဒီလက်ကောက်တွေကို အခုထိ သိမ်းထားလို့ တော်သေးတာပေါ့...”
“မဟုတ်ရင် ကျွန်မတို့ ဒီကမ္ဘာရဲ့ ဘာသာစကားကို အစကနေ ပြန်သင်နေရမှာ… ဆက်သွယ်ပြောဆိုဖို့တောင် အခက်အခဲအကြီးကြီး ဖြစ်လာလိမ့်မယ်..."
ထိုသို့ပြောပြီးနောက် ကျူးလင်သည် လက်ကောက်ကို ချွတ်လိုက်ပြီး ရှေးဟောင်းနတ်ဘုရားဘာသာစကားဖြင့် မေးလိုက်သည်။
"အခု... ကျွန်မပြောတာကို ရှင်တို့ နားလည်ကြလား..."
သူမ လက်ကောက်ကို ချွတ်လိုက်သည့် အခိုက်အတန့်တွင် သူမ အသုံးပြုလိုက်သော ရှေးဟောင်းနတ်ဘုရားဘာသာစကားသည် ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်သွားလေသည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော စကားလုံးများကို ကြားလိုက်ရပြီးနောက် ကျီယန်နှင့် ထန်ဝေ့တို့သည် မိမိတို့ မသိသင့်သော အရာတစ်ခုခုကို သိမြင်သွားသကဲ့သို့ ခံစားလိုက်ရချေသည်။
ရှို့ဝူမှာမူ ကျူးလင်၏ စကားသံကို ကြားလိုက်ရချိန်တွင် ရုတ်တရက် ဦးခေါင်းတစ်ခုလုံး ကွဲအက်မတတ် ပြင်းထန်စွာ နာကျင်လာခဲ့လေသည်။
သူသည် ဒူးထောက်လျက် လဲကျသွားပြီး ဦးခေါင်းကို ဆုပ်ကိုင်ကာ နာကျင်စွာဖြင့် ညည်းတွားလိုက်မိသည်။
"အင့်..."
ရှို့ဝူ၏ ရုတ်တရက် နာကျင်စွာ ညည်းတွားသံကြောင့် ကျီယန်မှာ လန့်ဖျတ်သွားပြီး သူ၏ခန္ဓာကိုယ်ကို အမြန်ဖေးမကာ မေးလိုက်သည်။
"လောင်ရှို့... မင်း ဘာဖြစ်တာလဲ..."
ရှို့ဝူ၏ မျက်နှာ ပျက်ယွင်းကာ တစ်ကိုယ်လုံး ချွေးစေးများ ပြန်နေသည်ကို မြင်သောအခါ ကျူးလင်သည် လက်ကောက်ကို အမြန်ပြန်ဝတ်လိုက်ပြီး သူ၏ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်လေသည်။
သူမသည် သူ၏ ဘယ်ဘက်လက်ကောက်ဝတ်ပေါ်သို့ လက်ချောင်းများ တင်ကာ ခေတ္တမျှ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်ပြီးနောက် အံ့အားသင့်စွာဖြင့် မျက်ဝန်းများ ကျယ်ပြန့်သွားခဲ့သည်။
ကျူးလင်၏ အမူအရာကို မြင်လိုက်ရသောအခါ ကျီယန်နှင့် ထန်ဝေ့တို့၏ စိတ်နှလုံးများ လေးလံသွားကြချေသည်။
မှင်တက်နေသော ကျူးလင်ကို ကြည့်ကာ ထန်ဝေ့က သူမ၏ ပခုံးကို လှုပ်ခါပြီး အလောတကြီး မေးလိုက်သည်။
"ရှောင်လင်... လောင်ရှို့ ဘာဖြစ်လို့လဲ..."
သူမသည် သတိပြန်ဝင်လာပြီးနောက် ရေခဲပန်းပွင့်ဆွဲသီးထဲမှ ကျောက်စိမ်းပုလင်းလေးတစ်လုံးကို အမြန်ထုတ်ယူလိုက်လေသည်။
သူမသည် သက်တံရောင်အဆင်းများ ဖြာထွက်နေသော လုံးဝန်းသည့် ဆေးလုံးတစ်လုံးကို လောင်းထည့်လိုက်ပြီး ရှို့ဝူ၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
ဆေးလုံးသည် ရှို့ဝူ၏ လျှာနှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် ချက်ချင်း အရည်ပျော်သွားပြီး နွေးထွေးသော စွမ်းအင်များအဖြစ် ပြောင်းလဲကာ သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားချေသည်။
သူမက ရှို့ဝူအား ဆေးလုံးတစ်လုံး တိုက်ကျွေးလိုက်သည်ကို မြင်သောအခါ ကျီယန်က မေးလိုက်သည်။
"ရှောင်လင်... စောစောက လောင်ရှို့ကို ဘာဆေးတိုက်လိုက်တာလဲ..."
ကျူးလင်သည် ကျောက်စိမ်းပုလင်းလေးကို ရေခဲပန်းပွင့်ဆွဲသီးထဲသို့ ပြန်ထည့်လိုက်ရင်း ပြောလိုက်သည်။
"ဝိညာဉ်တည်ငြိမ်ဆေးလုံး..."
သူမ၏ အဖြေကို ကြားလိုက်ရသဖြင့် ကျီယန်နှင့် ထန်ဝေ့တို့မှာ ဆွံ့အသွားကြလေသည်။
ဆေးလုံး၏ အမည်ကို ကြားရုံမျှဖြင့် ၎င်း၏ အာနိသင်ကို သူတို့ ခန့်မှန်းနိုင်ကြပေသည်။
အကယ်၍ ရှို့ဝူ၏ ဝိညာဉ်သည် မတည်မငြိမ် ဖြစ်နေပါက ဤအခြေအနေအတွက် ရှင်းပြချက်တစ်ခုသာ ရှိပေလိမ့်မည်။
ကျီယန်နှင့် ထန်ဝေ့တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။
"လျှို့ဝှက်ဆန်းကြယ်တဲ့ အသံ..."
ထန်ဝေ့နှင့် ကျီယန်တို့သည် စိုးရိမ်တကြီးဖြင့် ခေတ္တမျှ စောင့်ဆိုင်းနေပြီးနောက်တွင်မှ ရှို့ဝူ၏ ဖြူလျော်နေသော မျက်နှာထက်၌ သွေးရောင် ပြန်လည်လွှမ်းမိုးလာလေသည်။
ကျီယန်သည် သက်ပြင်းတစ်ချက် ချလိုက်ရင်း မေးလိုက်သည်။
"လောင်ရှို့... မင်း အဆင်ပြေရဲ့လား..."
ရှို့ဝူသည် အတန်ကြာသည်အထိ ပြန်မဖြေသော်လည်း သူ့မျက်ဝန်းများထဲတွင် ဇဝေဇဝါဖြစ်နေမှုကို သူတို့ မြင်တွေ့နိုင်လေသည်။
သူတို့နှစ်ဦးသည် ဘာလုပ်ရမှန်းမသိဘဲ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင်မူ ရှို့ဝူ၏ မျက်ဝန်းများသည် ဖြည်းညင်းစွာ ပြန်လည်ကြည်လင်လာပြီး သူ၏ဦးခေါင်းကို မော့လိုက်ချေသည်။
သူသည် ကျူးလင်ကို မြင်လိုက်ရသောအခါ မှင်တက်သွားလေသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် သူသည် မျက်ရည်များ ဝိုင်းလာပြီး တုန်ရီသောအသံဖြင့် ပြောလိုက်သည်။
"လင်အာ... ကိုယ့်ရဲ့ လင်အာ... မင်းကို ကိုယ် အရမ်းလွမ်းနေခဲ့တာ..."
သူက ရှေးဟောင်းနတ်ဘုရားဘာသာစကားဖြင့် ပြောဆိုလိုက်သဖြင့် ဆွံ့အသွားကြသော ကျူးလင်နှင့် ထူထူတို့မှလွဲ၍ ကျန်ရှိသော ထန်ဝေ့နှင့် ကျီယန်တို့မှာမူ မျက်မှောင်ကြုတ်လျက် သူ့ကို စိုက်ကြည့်နေကြလေသည်။
ထန်ဝေ့က သူ၏ကျောပြင်ကို ညင်သာစွာ ပုတ်ပေးရင်း မေးလိုက်သည်။
"လောင်ရှို့... အဆင်ပြေရဲ့လား... စောစောက ဘာတွေပြောနေတာလဲ..."
ထန်ဝေ့က သူ၏ကျောကို ပုတ်လိုက်ချိန်တွင် ရှို့ဝူက သူ့ကို တစ်ချက်လှမ်းကြည့်လိုက်လေသည်။
ထိုအကြည့်တစ်ချက်ကြောင့် ထန်ဝေ့သည် ရေခဲရေကန်ထဲသို့ နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရချေသည်။
သူသည် ရှို့ဝူ၏ကျောပေါ်မှ လက်ကို မသိစိတ်အလျောက် ပြန်ရုပ်သိမ်းလိုက်ပြီး ကျီယန်ကိုဆွဲကာ အမြန်ဆုတ်ခွာလိုက်တော့သည်။
ကျီယန်သည် သူ၏ ဖြူဖျော့သွားသော မျက်နှာအမူအရာကို ကြည့်ကာ စိုးရိမ်တကြီး မေးလိုက်သည်။
"ရှောင်ဝေ့... မင်းလည်း နေမကောင်းဖြစ်လို့လား..."
ထန်ဝေ့သည် ကျီယန်၏ မေးခွန်းကို မဖြေနိုင်ဘဲ သူ၏အာရုံများအားလုံး ရှို့ဝူထံသို့သာ ရောက်ရှိနေသည်။
ကျီယန်နှင့် ထန်ဝေ့တို့ ဆုတ်ခွာသွားပြီးနောက် ရှို့ဝူသည် ကျူးလင်ဘက်သို့ ပြန်လှည့်ကြည့်လိုက်လေသည်။
သူသည် လက်လှမ်းကာ သူမ၏ နီရဲသော နှုတ်ခမ်းအစုံကို လက်မဖြင့် ပွတ်သပ်ရင်း ပြောလိုက်သည်။
"ကိုယ့်ရဲ့ ချစ်လှစွာသော လင်အာ... ကိုယ်တို့ နောက်ဆုံးတော့ ပြန်ဆုံကြပြီပဲ... မင်း ကိုယ့်ကို လွမ်းနေခဲ့လား... ကိုယ်ကတော့ မင်းကို အရမ်းလွမ်းလွန်းလို့ ရူးချင်နေပြီ..."
ထူထူသည် ကြားလိုက်ရသောအရာကို မယုံကြည်နိုင်ဘဲ ကျူးလင်၏ ပခုံးပေါ်မှ ခုန်ဆင်းလိုက်လေသည်။
ယုန်လေးသည် ရှို့ဝူ၏ ရှေ့တွင် ရပ်ကာ ရှေးဟောင်းနတ်ဘုရားဘာသာစကားဖြင့် မေးလိုက်သည်။
"မင်းက... တကယ်ပဲ မိစ္ဆာနတ်ဘုရားလား..."
ရှို့ဝူသည် မျက်လုံးဝိုင်းလေးများဖြင့် သူ့ကို စိုက်ကြည့်နေသော ယုန်ဖြူလေးကို ကြည့်ကာ ခပ်ဖွဖွ ပြုံးရင်း ပြောလိုက်သည်။
"ထူထူ... ငါ ထွက်ခွာသွားတာ နှစ်ပေါင်းတစ်ထောင်ပဲ ရှိသေးတာကို မင်းက ငါ့ကို မေ့သွားပြီလား... မင်းလည်း မင်းရဲ့ သခင်မလေးလိုပဲ နှလုံးသားမရှိတဲ့ ကောင်လေးပဲ..."
ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထူထူ၏ သေးငယ်သော ခန္ဓာကိုယ်လေးမှာ ကြောက်ရွံ့မှုနှင့် စိတ်လှုပ်ရှားမှုတို့ကြောင့် တုန်ရီသွားခဲ့လေသည်။
ရှို့ဝူသည် တကယ်ပဲ မိစ္ဆာနတ်ဘုရား ဖြစ်ပေသည်။
မိစ္ဆာနတ်ဘုရားကို ပြန်လည်တွေ့ရှိရသဖြင့် စိတ်လှုပ်ရှားနေသော ထူထူနှင့်မတူဘဲ ကျူးလင်သည် တစ်ကိုယ်လုံး တုန်ရီနေခဲ့လေသည်။
သူမသည် ရှို့ဝူကိုသာ စိုက်ကြည့်နေမိပြီး ထွက်ပြေးရန်ပင် မေ့လျော့နေခဲ့သည်။
ရှို့ဝူသည် ကျူးလင်ကို ပြန်လည်ကြည့်ရှုလိုက်ရာ သူမ၏ မျက်နှာထက်မှ ရင်းနှီးနေသော အမူအရာကို မြင်တွေ့လိုက်ရချေသည်။
သူသည် သက်ပြင်းတစ်ချက်ကို မတတ်သာသလို ချလိုက်ရင်း မေးလိုက်သည်။
"လင်အာ... မင်း ကိုယ့်ကို အခုထိ အဲဒီလောက်တောင် မုန်းနေတုန်းပဲလား..."
“ကိုယ် ဘာကြောင့် သံသရာအလှည့်အပြောင်းထဲကို သက်ဆင်းဖို့ လိုလိုလားလား ရွေးချယ်ခဲ့လဲဆိုတာ မင်း သိလား...”
“ကိုယ် ရှို့ဝူအဖြစ် ရှင်သန်ခဲ့တဲ့ ဘဝမှာ မင်းကို ဘယ်လောက်တောင် လွမ်းဆွတ်ခဲ့ရလဲဆိုတာ မင်း သိရဲ့လား..."