အခန်း ၁၁၈
Vol. 12 Ch. 118
အခန်း (၁၁၈) - ပြန်လည်ဆုံတွေ့ကြဦးမည်
ထိုသို့ပြောပြီးနောက် ရှို့ဝူက ကျူးလင်ကို တိတ်ဆိတ်စွာ ကြည့်လိုက်လေသည်။
သူက မိနစ်အနည်းငယ်မျှ စောင့်ဆိုင်းနေခဲ့သော်လည်း ကျူးလင်မှာ တိတ်ဆိတ်နေဆဲပင် ဖြစ်သည်။
သူမ၏ အမူအရာကို မြင်ရသည့်အခါ သူက ဝမ်းနည်းစွာ ပြုံးလိုက်ရင်း ပြောလိုက်သည်။
"လင်အာ... ကိုယ့်ကို ခွင့်မလွှတ်နိုင်ဘူးလား...”
“အရင်တုန်းက ကတိကို ကိုယ်မတည်နိုင်ခဲ့တာ သိပါတယ်...”
“ဒါပေမဲ့ အခု ကိုယ်လုပ်ခဲ့သမျှ အရာအားလုံးက ကိုယ်တို့နှစ်ယောက်ရဲ့ အနာဂတ်အတွက်ပဲ မဟုတ်လား...”
“မင်း ကိုယ့်အတွက်နဲ့ သေဆုံးသွားမှာကို ကိုယ်ဒီအတိုင်း ငေးကြည့်မနေနိုင်ဘူး...”
“မင်း ကိုယ့်ကို မုန်းတီးပြီး ဘယ်တော့မှ ခွင့်မလွှတ်နိုင်ရင်တောင် ကိုယ်ကတော့ မင်းကို အမြဲချစ်နေမှာပါ ဇနီးလေးရယ်...”
“တစ်နေ့ကျရင် မင်း ကိုယ့်ကို နားလည်ပြီး ခွင့်လွှတ်ပေးနိုင်လိမ့်မယ်လို့ ကိုယ်မျှော်လင့်ပါတယ်..."
ဘေးတွင် မတ်တပ်ရပ်နေကြသော ကျီယန်နှင့် ထန်ဝေ့တို့မှာ အံ့ဩသွားကြရလေသည်။
ယခု စကားပြောနေသူမှာ ၎င်းတို့၏ အချစ်ဆုံးသူငယ်ချင်း မဟုတ်ဘဲ ရှို့ဝူ၏ စိတ်ထဲတွင် ကိန်းအောင်းနေသော အသိစိတ်ဓာတ်လေး ဖြစ်ကြောင်း ၎င်းတို့နှစ်ဦးလုံး ရိပ်မိလိုက်ကြ၏။
၎င်းတို့နှစ်ဦး အချင်းချင်း ကြည့်လိုက်ကြစဉ်မှာပင် ရှို့ဝူသည် ပြင်းထန်သော ခေါင်းကိုက်ဝေဒနာကို ထပ်မံခံစားလိုက်ရပြန်သည်။
သူက အံကို တင်းတင်းကြိတ်ကာ နာကျင်မှုကို အောင့်အည်းသည်းခံရင်း ရေရွတ်လိုက်လေသည်။
"ငါက အားနည်းလွန်းနေသေးတယ်..."
ထိုသို့ရေရွတ်ပြီးနောက် သူက ကျူးလင်ကို ကြည့်ကာ ပြောလိုက်သည်။
"လင်အာ... ကိုယ့်ကို စောင့်နေပါ... ကိုယ်တို့ရဲ့ ကတိကို ကိုယ်မဖြစ်မနေ ဖြည့်ဆည်းပေးပါ့မယ်..."
ကျူးလင်၏ အဖြေကိုပင် မစောင့်တော့ဘဲ ရှို့ဝူက ရှေ့သို့ ကိုင်းညွတ်ကာ သူမ၏ နှုတ်ခမ်းများကို အသည်းယားဖွယ် နက်ရှိုင်းစွာ နမ်းရှိုက်လိုက်လေသည်။
ထိုနေရာတွင် မတ်တပ်ရပ်နေဆဲဖြစ်သော သူတို့သုံးဦးကို လုံးဝဂရုမစိုက်ဘဲ ရှို့ဝူက ကျူးလင်ကို နမ်းရှိုက်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် ကျီယန်၊ ထန်ဝေ့နှင့် ထူထူတို့မှာ ကြောင်အမ်းသွားကြရတော့သည်။
နှစ်မိနစ်ခန့် ကြာပြီးနောက်တွင်မူ ရှို့ဝူက သူမ၏ နှုတ်ခမ်းများဆီမှ ခွာလိုက်ပြီး ကျူးလင်၏ ဇဝေဇဝါဖြစ်နေသော မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။
သူမ၏ ပြတ်တောင်းပြတ်တောင်း အသက်ရှူသံနှင့် မြန်ဆန်နေသော နှလုံးခုန်သံတို့ကို ခံစားမိသည့်အခါ ရှို့ဝူက သူမ၏ နဖူး၊ နှာခေါင်း၊ မျက်ဝန်း၊ ပါးပြင်တို့ကို တစ်လှည့်စီ နမ်းရှိုက်လိုက်ပြီးနောက် နောက်ဆုံးတွင် သူမ၏ နှုတ်ခမ်းသားများပေါ်သို့ နူးညံ့သိမ်မွေ့သော အနမ်းတစ်ပွင့်ကို ထပ်မံပုံဖော်လိုက်ပြန်သည်။
ခေါင်းကိုက်ဝေဒနာ ပိုမိုပြင်းထန်လာသည့်အခါမှသာ ရှို့ဝူက သူမကို မပြတ်နိုင်သော သံယောဇဉ်များဖြင့် လွှတ်ပေးလိုက်ပြီး တိုးညင်းစွာ ပြောလိုက်လေသည်။
"လင်အာ... ကိုယ်တို့ မကြာခင် ပြန်ဆုံကြမယ်... အဲဒီအချိန်ကျရင် မင်းလည်း ကိုယ်တို့ရဲ့ အတိတ်ကို မှတ်မိလိမ့်မယ်လို့ ကိုယ်မျှော်လင့်ပါတယ်..."
ထိုစကားများ ပြောပြီးသည်နှင့် ရှို့ဝူသည် သတိလစ်မေ့မြောသွားတော့သည်။
ကျီယန်နှင့် ထန်ဝေ့တို့လည်း ချက်ချင်း သတိဝင်လာကာ ကျူးလင်၏ ရင်ခွင်ထဲသို့ လဲကျလုနီးပါး ဖြစ်သွားသော ရှို့ဝူ၏ ခန္ဓာကိုယ်ကို အမြန်လှမ်း၍ တွဲဖက်လိုက်ကြရသည်။
ထန်ဝေ့က ရှို့ဝူ၏ ပါးပြင်ကို ပုတ်ကာ စိုးရိမ်တကြီး မေးလိုက်သည်။
"လောင်ရှို့... လောင်ရှို့... ငါပြောတာ ကြားရလား..."
သူ့ထံမှ မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကို မြင်ရသဖြင့် ကျီယန်က ပြောလိုက်သည်။
"ဒီအတိုင်းတော့ မဖြစ်ဘူး... အရင်ဆုံး နားနားနေနေ နေလို့ရမယ့် နေရာတစ်ခု ရှာရအောင်..."
ထန်ဝေ့က ပြန်ပြောလိုက်သည်။
"ကောင်းပြီ..."
ထိုသို့ပြောပြီးနောက် ထန်ဝေ့က ရှို့ဝူကို ကျောပိုးကာ ရွာအဝင်ဝဆီသို့ အပြေးအလွှား ပြန်လှည့်ပြေးတော့သည်။
မထွက်ခွာမီ ကျီယန်က ကျူးလင်ကို လှည့်ကြည့်လိုက်ရာ သူမမှာ မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် ငေးငိုင်နေဆဲဖြစ်သည်ကို မြင်လိုက်ရသည်။
သူတို့အားလုံးထဲတွင် ကျူးလင်က စိတ်အထိခိုက်ဆုံး ဖြစ်လိမ့်မည်ကို ကျီယန် နားလည်ထားသဖြင့် သူက အမြန်ပြန်ပြေးသွားကာ သူမ၏ လက်ကောက်ဝတ်ကို ဆွဲကိုင်၍ အတူတူ ခေါ်ဆောင်သွားလေတော့သည်။
သူတို့ ရွာအဝင်ဝသို့ ပြန်ပြေးလာကြချိန်တွင် ဖုတ်ကောင်လေးသည် မြင့်မားသော ဓာတ်တိုင်ပေါ်မှ ရုတ်တရက် ခုန်ဆင်းလာခဲ့သည်။
ဖုတ်ကောင်လေးသည် သူတို့သွားရာ လမ်းကြောင်းဆီသို့ ခဏမျှ စိုက်ကြည့်နေပြီးနောက် ထိုဘက်သို့ လိုက်လံပြေးသွားလေတော့သည်။
မိနစ်သုံးဆယ်ခန့် ကြာပြီးနောက် ထန်ဝေ့က အိမ်တစ်အိမ်၏ တံခါးကို ကန်ဖွင့်လိုက်သည်။
သူ အထဲသို့ ဝင်သွားရာ အခန်းတစ်ခုထဲတွင် ခုတင်တစ်လုံးကို တွေ့လိုက်ရသဖြင့် ရှို့ဝူကို ခုတင်ပေါ်သို့ တင်လိုက်ရင်း အော်ပြောလိုက်သည်။
"လောင်ယန်... မြန်မြန်လုပ်ဦး..."
ကျီယန်က အမြန်ပြေးလာပြီး ရှို့ဝူ၏ သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။
သွေးခုန်နှုန်းကို မစမ်းမိသည့်အခါ သူက ရှို့ဝူ၏ ရင်ဘတ်ပေါ်သို့ နားကပ်၍ နားထောင်ကြည့်သော်လည်း မည်သည့်အသံမျှ မကြားရချေ။
အဆိုးရွားဆုံး အခြေအနေကို ပြင်ဆင်ထားရင်း သူက ရှို့ဝူ၏ နှာခေါင်းအောက်တွင် လက်ညှိုးတင်ကာ စစ်ဆေးကြည့်ပြီးနောက် ကျယ်လောင်စွာ ဆဲရေးလိုက်လေသည်။
"တောက်... ရှောင်ဝေ့... နှလုံးနှိုးဆွနည်း လုပ်ပေးစမ်း... မြန်မြန်..."
ထန်ဝေ့က ခုတင်ပေါ်သို့ အမြန်တက်ကာ နှလုံးနှိုးဆွနည်းကို စတင်ပြုလုပ်ပေးတော့သည်။
ထိုအချိန်တွင် ကျီယန်က သူ၏နေရာလွတ်ထဲမှ ရှေးဦးသူနာပြုသေတ္တာကို ထုတ်ယူလိုက်သည်။
သူက အသက်ရှူစက်ကို ထုတ်ယူကာ ရှို့ဝူ၏ မျက်နှာပေါ်တွင် တပ်ဆင်ပေးပြီးနောက် အဆုတ်ထဲသို့ အောက်ဆီဂျင်များ စတင်သွင်းပေးလေသည်။
ကျူးလင်တစ်ယောက် ထိတ်လန့်တုန်လှုပ်မှုများမှ နောက်ဆုံးတွင် သတိပြန်ဝင်လာချိန်၌ မြင်တွေ့လိုက်ရသည့် မြင်ကွင်းမှာ ဤအရာပင် ဖြစ်ချေသည်။
ထန်ဝေ့နှင့် ကျီယန်တို့၏ စိုးရိမ်ပူပန်နေသော မျက်နှာများပေါ်မှ ချွေးစက်များကို မြင်ရသည့်အခါ ကျူးလင်လည်း နောက်ဆုံးတွင် တုံ့ပြန်နိုင်စွမ်း ရှိလာခဲ့သည်။
သူမက ခုတင်အနီးသို့ အမြန်လျှောက်သွားလိုက်ရာ ရှို့ဝူမှာ မလှုပ်မယှက် လဲလျောင်းနေသည်ကို မြင်တွေ့လိုက်ရ၏။
သူမကို ဂရုမစိုက်နိုင်အားဘဲ ကျီယန်က ရှို့ဝူ၏ အသက်ရှူသံကို ထပ်မံစစ်ဆေးလိုက်ရင်း ပြောလိုက်သည်။
"ဆက်လုပ်... မရပ်နဲ့..."
ထန်ဝေ့က အံကို ကြိတ်ကာ အော်ဟစ်လိုက်သည်။
"လောင်ရှို့... ပြန်လာခဲ့စမ်းပါ..."
ကျူးလင်က ဘာဖြစ်သွားသည်ကို မသိသဖြင့် မေးလိုက်သည်။
"သူ... သူ ဘာဖြစ်သွားတာလဲ..."
သူမ၏ မေးခွန်းကို ကြားရသည့်အခါ ထန်ဝေ့က အသက်ကို ပြင်းပြင်းရှူရင်း ပြောလိုက်သည်။
"လောင်ရှို့က ရုတ်တရက် မြေပြင်ပေါ် လဲကျသွားပြီးတော့... အခု အသက်ရှူရပ်သွားပြီ..."
သူ၏ စကားကြောင့် ကျူးလင်မှာ အံ့အားသင့်သွားရပြီး ခဏမျှ ဘာလုပ်ရမှန်း မသိဖြစ်သွားရသည်။
ကျီယန်က သူမ၏ ဇဝေဇဝါဖြစ်နေသော အမူအရာကို မြင်သော်လည်း ဘာမှမပြောခဲ့ချေ။
ငါးမိနစ်ခန့် ကြာပြီးနောက်တွင်မူ ရှို့ဝူသည် ရုတ်တရက် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ပြင်းထန်စွာ ချောင်းဆိုးလာလေတော့သည်။
"အဟွတ်... အဟွတ်..."
သူ နိုးလာသည်ကို မြင်ရသည့်အခါ ထန်ဝေ့နှင့် ကျီယန်တို့မှာ အလွန်အမင်း ဝမ်းသာသွားကြသဖြင့် မျက်ရည်ပင် ဝဲလာကြရသည်။
ထန်ဝေ့က သူ၏စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်တော့ဘဲ ရှို့ဝူကို ဖက်လိုက်ရင်း ပြောလိုက်သည်။
"လောင်ရှို့... မင်း နောက်ဆုံးတော့ မျက်လုံးပွင့်လာပြီပဲ... ငါတို့ ဘယ်လောက်တောင် စိုးရိမ်သွားရလဲ သိရဲ့လား..."
စိတ်လှုပ်ရှားနေသော ထန်ဝေ့နှင့်မတူဘဲ ကျီယန်က သူ၏အင်္ကျီဖြင့် ချွေးများကို သုတ်လိုက်ပြီးနောက် ရှို့ဝူကို ပြုံးပြလိုက်သည်။
သူက ရှေးဦးသူနာပြုပစ္စည်းများကို သိမ်းဆည်းလိုက်ရင်း တည်ငြိမ်စွာ မေးလိုက်လေသည်။
"လောင်ရှို့... ဘယ်လိုနေသေးလဲ..."
ရှို့ဝူသည် သူ၏ဦးခေါင်းမှာ နောက်တစ်စက္ကန့်တွင် ပေါက်ကွဲထွက်သွားတော့မည့်အလား ပြင်းထန်စွာ နာကျင်နေသည်ကို ခံစားလိုက်ရသော်လည်း မျက်မှောင်ကိုသာ အနည်းငယ် ကြုတ်လိုက်မိသည်။
သူ၏ အချစ်ဆုံး သူငယ်ချင်းနှစ်ဦးကို ကြည့်ကာ မေးလိုက်သည်။
"ဘာဖြစ်သွားတာလဲ..."
သူ၏ မေးခွန်းကို ကြားရသည့်အခါ ထန်ဝေ့နှင့် ကျီယန်တို့မှာ ခဏမျှ အချင်းချင်း ကြည့်လိုက်ကြသည်။
ထန်ဝေ့က ခုတင်ပေါ်မှ ဆင်းလိုက်ရင်း မေးလိုက်သည်။
"မင်း ဘာမှမမှတ်မိတော့ဘူးလား..."
သူ၏ မေးခွန်းကြောင့် ရှို့ဝူက ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်စဉ်းစားရန် ကြိုးစားလိုက်သော်လည်း ခေါင်းကိုက်ဝေဒနာကြောင့် မျက်မှောင်ကို ပို၍သာ ကြုတ်လိုက်မိတော့သည်။
သူ့ကို ထိုသို့မြင်ရသည့်အခါ ကျီယန်က ပြောလိုက်သည်။
"ရှောင်လင်က လက်ကောက်ကို ချွတ်ပြီး စကားပြောလိုက်တဲ့အချိန်မှာ မင်းက ရုတ်တရက် မြေပြင်ပေါ် လဲကျသွားတာပဲ... ပြီးတော့..."
ရှို့ဝူက သူ့ကို ကြည့်လိုက်ရာ ကျူးလင်ဘက်သို့ လှမ်းကြည့်နေသည်ကို မြင်လိုက်ရသည်။
သူ၏ သူငယ်ချင်းနှစ်ဦးလုံးက ကျူးလင်ကို ကြည့်နေကြသည်ကို မြင်ရသဖြင့် ရှို့ဝူက မေးလိုက်သည်။
"ပြီးတော့ ဘာဖြစ်လဲ..."
ကျီယန်က ချောင်းတစ်ချက်ဆိုးလိုက်ပြီး တုံ့ဆိုင်းစွာ ပြောလိုက်လေသည်။
"ပြီးတော့... မင်းက ရှောင်လင်ကို အတင်းအကျပ် နမ်းလိုက်ပြီးတော့ ငါတို့နားမလည်တဲ့ ဘာသာစကားတစ်ခုနဲ့ စကားတွေ ပြောနေခဲ့တာ..."
ထိုစကားများ ထွက်လာသည်နှင့် ရှို့ဝူက မော့ကြည့်လိုက်ရာ ကျူးလင်သည် သူ့ကို ရှုပ်ထွေးလှသော စိတ်ခံစားချက်များ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
သူမထံမှ ဤကဲ့သို့သော စိတ်လှုပ်ရှားမှုမျိုးကို သူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင် ဖြစ်ချေသည်။
သူမကိုယ်တိုင်ပင် သတိမထားမိလိုက်သော ဝမ်းသာမှု၊ မျှော်လင့်ချက်နှင့် ချစ်ခြင်းမေတ္တာတို့ကိုပင် သူမ၏ မျက်ဝန်းများထဲတွင် သူ မြင်တွေ့လိုက်ရလေတော့သည်။