အခန်း ၁၂၀
Vol. 12 Ch. 120
အခန်း (၁၂၀) - ယုန်ကလေးလား သို့မဟုတ် အမြောက်ဆံလား
ကျူးလင်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်ရင်း စိတ်ထဲမှ ရေရွတ်လိုက်မိပေသည်။
“ရှို့ဝူက တကယ်ပဲ မိစ္ဆာနတ်ဘုရားရဲ့ လူဝင်စား ဖြစ်နေတာလား...”
“ဒါပေမဲ့ သူ့လို ရှေးဟောင်းနတ်ဘုရားတစ်ပါးက ဘာဖြစ်လို့ လူသားတစ်ယောက်အနေနဲ့ လူဝင်စားဖို့ ရွေးချယ်ခဲ့ရတာလဲ...”
“သူ ဘာလုပ်ချင်နေတာလဲ... သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ...”
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ရှို့ဝူက နောက်ဆုံးတွင် မေးလိုက်လေသည်။
"ရှောင်လင်... မင်း... ကိုယ့်ကို စိတ်ဆိုးသွားတာလား..."
သူ၏မေးခွန်းကို ကြားလိုက်ရသဖြင့် ကျူးလင်က အတွေးကမ္ဘာထဲမှ နိုးထလာခဲ့သည်။ သူမက ခေါင်းခါယမ်းလိုက်ရင်း ပြောလိုက်ချေသည်။
"ကျွန်မ စိတ်မဆိုးပါဘူး..."
သူမ၏အဖြေကို ကြားလိုက်ရသည့်အခါ ရှို့ဝူတစ်ယောက် မည်သို့ခံစားရမည်ကို မသိတော့ချေ။
သူမကို နမ်းလိုက်စဉ်က စိတ်မဆိုးခဲ့သဖြင့် သူ ဝမ်းသာမိသော်လည်း သူမကို နမ်းခဲ့သူမှာ သူကိုယ်တိုင်မဟုတ်ဘဲ အခြားတစ်ယောက် ဖြစ်နေသဖြင့် ဒေါသထွက်ကာ မနာလိုလည်း ဖြစ်မိနေပြန်ချေသည်။
သူ၏မျက်နှာအမူအရာကို ကြည့်ရုံဖြင့် ကျူးလင်က သူ ယခုအချိန်တွင် ဘာတွေးနေသည်ကို ခန့်မှန်းမိလိုက်ပေသည်။
သူမက ပြုံးလိုက်ရင်း ပြောလိုက်လေသည်။
"ရှင် ခဏလောက် အိပ်ပျော်အောင် အိပ်လိုက်ပါဦး..."
ထိုသို့ပြောပြီးနောက် သူမက သူ့ကို ကုတင်ပေါ်တွင် လှဲလျောင်းစေရန် ကူညီပေးလိုက်ရင်း ပြောလိုက်ပြန်သည်။
"ကျွန်မ အပြင်ထွက်ပြီး သူတို့ ဘာလုပ်နေကြလဲဆိုတာ သွားကြည့်လိုက်ဦးမယ်..."
သူမ ကုတင်ပေါ်မှ မသွားခင်မှာပင် ရှို့ဝူက သူမ၏လက်ကို လှမ်းဆွဲလိုက်ရင်း မေးလိုက်ပြန်လေသည်။
"ကိုယ့်အနားမှာ နေပေးလို့ရမလား..."
ကျူးလင်က ဆုပ်ကိုင်ထားသော သူတို့၏လက်များကို ခဏမျှ ကြည့်လိုက်ပြီးနောက် သူ့ကို ကြည့်ကာ ပြောလိုက်တော့သည်။
"ကောင်းပါပြီ... ရှင် အိပ်ပျော်သွားတဲ့အထိ ကျွန်မ ဒီမှာပဲ နေပေးပါ့မယ်..."
ရှို့ဝူက အလွန်ကျေနပ်သွားကာ သူ၏မျက်လုံးများကို ပိတ်လိုက်လေသည်။
သူ၏စိတ်ကို လျှော့ချလိုက်သည်နှင့် ချက်ချင်းပင် အိပ်ပျော်သွားခဲ့ချေသည်။
ကုတင်ဘေးတွင် ထိုင်နေရင်း ကျူးလင်က သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေမိပေသည်။
ထို့နောက် အတင်းအကျပ် ပူးကပ်ခံလိုက်ရ၍ ထိခိုက်ဒဏ်ရာရသွားသော သူ၏ဝိညာဉ်ကို ကုသပေးရန်အတွက် သူမ၏ နတ်ဘုရားစွမ်းအင်ကို အသုံးပြု၍ ကုသပေးလိုက်တော့သည်။
ကျူးလင်က ရှို့ဝူ၏ ဒဏ်ရာရနေသော ဝိညာဉ်ကို ကုသပေးနေစဉ် အပြင်ဘက်တွင်မူ ကျီယန်၊ ထန်ဝေ့နှင့် ထူထူတို့က စကားစမြည် ပြောဆိုနေကြချေသည်။
ပွင့်ဟနေသော အိပ်ခန်းတံခါးကို လှမ်းကြည့်လိုက်ရင်း ထန်ဝေ့က ခေါင်းခါယမ်းကာ ပြောလိုက်လေသည်။
"ထူးဆန်းတဲ့အသံက ရှောင်လင်ကို နမ်းလိုက်တာကို သိသွားတော့ လောင်ရှို့တစ်ယောက် စိတ်အခြေအနေ တော်တော်ဆိုးနေမှာ သေချာတယ်..."
ထူထူက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်ပေသည်။
"ဒါပေမဲ့ ငါ့သခင်မကို နမ်းခဲ့တာက သူကိုယ်တိုင်ပဲလေ... သူက ဘာဖြစ်လို့ စိတ်အခြေအနေမကောင်းဖြစ်ရတာလဲ..."
ကျီယန်က ထူထူ၏ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ရင်း ပြောလိုက်ပြန်သည်။
“ထူထူလေးရယ်... ထူးဆန်းတဲ့အသံက လောင်ရှို့ရဲ့ ခန္ဓာကိုယ်ကို သုံးပြီး ရှောင်လင်ကို နမ်းခဲ့တာဆိုပေမဲ့ နောက်ဆုံးမှာတော့ နမ်းခဲ့တဲ့သူက လောင်ရှို့ကိုယ်တိုင် မဟုတ်ဘူးလေ..."
“ကိုယ်သဘောကျတဲ့ မိန်းကလေးကို တခြားအမျိုးသားတစ်ယောက်က အတင်းအကျပ် နမ်းတာကို ခံလိုက်ရတယ်ဆိုတာသိရင် ဘယ်သူမဆို စိတ်မကောင်းဖြစ်ပြီး မနာလိုဖြစ်မှာပဲ... ဒါက သဘာဝတုံ့ပြန်မှုတစ်ခုပါ..."
သူ၏စကားကို ကြားပြီးနောက် ထူထူက အလေးအနက် စဉ်းစားလိုက်ပေသည်။ ခဏအကြာတွင် ယုန်ကလေးက ခေါင်းညိတ်လိုက်ရင်း ပြောလိုက်လေသည်။
"ဪ... လူသားတွေက ကိုယ့်ကိုယ်ကိုယ်တောင် ပြန်ပြီး မနာလိုဖြစ်နိုင်ကြတာပဲကိုး..."
ထန်ဝေ့က ထူထူကို ကြည့်ကာ ပြောလိုက်ပြန်သည်။
"ထူထူ... ထူးဆန်းတဲ့အသံက လောင်ရှို့ မဟုတ်ဘူးလေ..."
ထူထူက ခေါင်းခါယမ်းလိုက်ပြီး ထန်ဝေ့ကို ကြည့်ကာ ပြောလိုက်ချေသည်။
"သူတို့က လူတစ်ယောက်တည်းပဲ... သူတို့မှာ တူညီတဲ့ ကမ္ဘာဦးဝိညာဉ် ရှိကြတယ်... ဒါကတော့ လုံးဝသေချာတယ်..."
ထူထူ၏ ယုံကြည်ချက်အပြည့်ရှိသော အမူအရာကို မြင်လိုက်ရသဖြင့် ကျီယန်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည်။
"မင်းပြောပုံအရဆိုရင် လောင်ရှို့နဲ့ ထူးဆန်းတဲ့အသံက လူတစ်ယောက်တည်းပေါ့...”
“ဒါဆိုရင် ဘာဖြစ်လို့ ထူးဆန်းတဲ့အသံက လူတစ်ယောက်တည်း မဟုတ်သလိုမျိုး အမြဲတမ်း ပြောနေရတာလဲ..."
စောစောက ရှို့ဝူ ဖြစ်ပျက်သွားခဲ့သည့် အခြေအနေကို ကြည့်ပြီး မိစ္ဆာနတ်ဘုရား ကွယ်ပျောက်သွားရခြင်းမှာ လူသားတစ်ဦးအဖြစ် လူဝင်စားသွားခဲ့သောကြောင့် ဖြစ်ကြောင်း ထူထူ ခန့်မှန်းမိလိုက်ပြီ ဖြစ်ပေသည်။
သို့သော် သူ ဤသို့ပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုမူ ထူထူ မသိသေးချေ။
မိစ္ဆာနတ်ဘုရား၏ အကြောင်းပြချက်ကို ထူထူ မသိသော်လည်း ကျီယန်၏ မေးခွန်းကိုမူ ဖြေကြားပေးနိုင်ဆဲပင် ဖြစ်ပေသည်။
ထူထူက ကျီယန်နှင့် ထန်ဝေ့ကို ကြည့်ကာ မေးလိုက်လေသည်။
"မင်းတို့နှစ်ယောက်က လူဝင်စားခြင်းကို ယုံကြည်ကြလား..."
ခေတ်သစ်လူ့အဖွဲ့အစည်းတွင် နေထိုင်ခဲ့ကြသူများ ဖြစ်သည့်အားလျော်စွာ ကျီယန်နှင့် ထန်ဝေ့တို့သည် လူဝင်စားခြင်းကို လုံးဝမယုံကြည်ကြချေ။
သို့သော် ကမ္ဘာပျက်ကပ်ကို ကြုံတွေ့ခဲ့ရပြီး ထူးခြားဆန်းပြားသော သဘာဝလွန်စွမ်းရည်များကို ပိုင်ဆိုင်ထားကြသဖြင့် လူဝင်စားခြင်းသည် အဓိပ္ပာယ်မရှိသော စကားဟုလည်း အလွယ်တကူ မပြောနိုင်ကြတော့ပေ။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကျီယန်က ပြောလိုက်လေသည်။
"ငါတော့ မယုံဘူး... ဒါပေမဲ့ လူသားတွေမှာ သဘာဝလွန်စွမ်းရည်တွေ ရှိနိုင်တယ်ဆိုရင် လူဝင်စားခြင်းကလည်း တကယ်ရှိနိုင်တာပဲလို့ ထင်တယ်..."
ကျီယန်၏အဖြေကို ကြားပြီးနောက် ထူထူက ခေါင်းညိတ်လိုက်ရင်း ပြောလိုက်ပြန်သည်။
"တကယ်လို့ ရှို့ဝူက ရှေးဟောင်းနတ်ဘုရားတစ်ပါးရဲ့ လူဝင်စားပါလို့ ပြောရင် မင်းတို့ ယုံမလား...”
“ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် ထူးဆန်းတဲ့အသံက အဲဒီရှေးဟောင်းနတ်ဘုရား လူမဝင်စားခင်က ချန်ထားခဲ့တဲ့ အသိစိတ်ဓာတ်လေး ဖြစ်ရမယ်...”
“အဲဒီအသိစိတ်ဓာတ်လေးရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကိုတော့ ငါလည်း မသိဘူး..."
ယခုတစ်ကြိမ်တွင်မူ တိတ်ဆိတ်မှုက ပို၍ ကြာမြင့်သွားခဲ့ပေသည်။
ထန်ဝေ့၊ ကျီယန်နှင့် ထူထူတို့က တစ်ဦးကိုတစ်ဦး တိတ်ဆိတ်စွာ ကြည့်နေကြစဉ် အိမ်အပြင်ဘက်တွင် ပုန်းအောင်းနေသော ဖုတ်ကောင်လေးက ပျက်စီးနေသော ပြတင်းပေါက်မှတစ်ဆင့် သူတို့ကို ချောင်းမြောင်းကြည့်ရှုနေလေသည်။
ပူပြင်းသောလေက ပြတင်းပေါက်အက်ကြောင်းမှတစ်ဆင့် တိုက်ခတ်လာသည်နှင့်တစ်ပြိုင်နက် ထူထူက လေထုထဲရှိ ပုပ်သိုးနေသော အနံ့ကို ရရှိသွားကာ ပြတင်းပေါက်ဆီသို့ ရုတ်တရက် ပြေးဝင်သွားတော့သည်။
ထူထူ၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် ထန်ဝေ့ လန့်ဖျပ်သွားကာ အလိုအလျောက် ယုန်ကလေးကို လှမ်းခေါ်လိုက်မိပေသည်။
"ထူထူ... မင်း ဘယ်သွားမလို့လဲ..."
ခွမ်း...
ထူထူက ထန်ဝေ့၏မေးခွန်းကို မဖြေကြားဘဲ ပြတင်းပေါက်ကို တိုက်ခွဲကာ ဖုတ်ကောင်လေးနောက်သို့ လိုက်လံဖမ်းဆီးတော့သည်။
မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အပိုင်းအစများကိုကြည့်ရင်း ထန်ဝေ့တစ်ယောက် ဆွံ့အသွားရလေသည်။
"..."
“ဒီယုန်အသေးလေးက ဘာဖြစ်လို့ ဒီလောက်တောင် ကြမ်းတမ်းနေရတာလဲ... သူက ယုန်ကလေးလား ဒါမှမဟုတ် အမြောက်ဆံလား...”
အိပ်ခန်းထဲတွင် ရှိနေသော ကျူးလင်က အပြင်ဘက်မှ လှုပ်ရှားမှုကို သတိပြုမိလိုက်ပေသည်။
ထူထူ၏ အငွေ့အသက်က ပို၍ ပို၍ ဝေးကွာသွားသည်ကို ခံစားလိုက်ရသည့်အခါ သူမက စိတ်ချင်းဆက်သွယ်ကာ မေးလိုက်လေသည်။
“ထူထူ... မင်း ဘယ်သွားမလို့လဲ...”
တစ်စက္ကန့်အကြာတွင် ထူထူ၏အသံ ထွက်ပေါ်လာခဲ့ပေသည်။
“သခင်မ... ဖုတ်ကောင်လေးက ကျွန်တော်တို့နောက်ကနေ အိမ်အထိ လိုက်လာတာ... အခု ကျွန်တော် သူ့ကို လိုက်ဖမ်းနေတယ်...”
ထူထူ၏စကားကို ကြားလိုက်ရသည့်အခါ ကျူးလင်က မိမိကိုယ်ကိုယ် ပေါ့ဆမိသွားသည်ဟု အပြစ်တင်လိုက်မိပေသည်။
သူမက မိစ္ဆာနတ်ဘုရားအကြောင်းကိုသာ စဉ်းစားနေမိသဖြင့် ဖုတ်ကောင်လေးက သူတို့နောက်သို့ လိုက်လာသည်ကိုပင် သတိမထားမိခဲ့ချေ။
ကျူးလင်က သက်ပြင်းချလိုက်ရင်း ပြောလိုက်လေသည်။
“ကောင်းပြီ... သတိထားဦးနော်... တကယ်လို့ တစ်ခုခု မှားယွင်းနေတာကို သတိထားမိရင် ချက်ချင်း ပြန်လာခဲ့...”
“ဟုတ်ကဲ့ပါ သခင်မ...”
ထူထူ၏အဖြေကို ကြားပြီးသည်နှင့်တစ်ပြိုင်နက် ထန်ဝေ့က အိပ်ခန်းထဲသို့ ပြေးဝင်လာခဲ့ပေသည်။ သူက ကျူးလင်ကို ကြည့်ကာ စိုးရိမ်တကြီး ပြောလိုက်လေသည်။
"ရှောင်လင်... ထူထူက ရုတ်တရက်ကြီး အိမ်ပေါ်က ဆင်းပြေးသွားပြီ..."
"..."
သူ၏စကားကို ကြားလိုက်ရသည့်အခါ ကျူးလင်တစ်ယောက် မည်သို့တုံ့ပြန်ရမည်ကို မသိဘဲ ဘာပြောရမှန်း မသိဖြစ်သွားရပေသည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကျူးလင်က တည်ငြိမ်စွာ ပြောလိုက်လေသည်။
"ထူထူက ဆော့ကစားပြီးရင် ပြန်လာလိမ့်မယ်..."
ကျူးလင်၏စကားကို ကြားပြီးနောက် ထန်ဝေ့က သူ၏ခေါင်းကို ကုတ်လိုက်ရင်း သံသယစိတ်ဖြင့် ပြောလိုက်ပြန်သည်။
"ဪ... အဲဒီလိုလား... ဒါဆိုရင်... ကျွန်တော် အရင်ထွက်သွားလိုက်ဦးမယ်..."