← Chapters

အရည်တစ်စက်

Vol. 014 Ch. 651

အရည်တစ်စက်

Vol. 014 Ch. 651

ကောင်းကင်ဘုံတက်ခြင်းသစ်သီးသည် ရှားပါးလွန်းလှသည်တော့ မဟုတ်ချေ။ယင်းသစ်သီးက ပေါများခြင်း မရှိသော်လည်း ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင်ပင် ရရှိနိုင်၏။

ထိုသစ်သီးများ၏ အရွယ်အစားသည် ကလေးလက်သီးစုပ်ခန့်၊အရောင်ကတော့ ခရမ်းရောင်ရှိ၍ ထူးဆန်းသောရနံ့ကို ပေးစွမ်းလို့နေသည်။လူတစ်ယောက်က ထိုသစ်သီးကို စားသုံးလျှင် စိတ်လှုပ်ရှားပြီး သာယာမှုကို အထွတ်အထိပ် ခံစားရပေလိမ့်မည်။သည့်အတွက်ကြောင့်လည်း ထိုသစ်သီးကို ကောင်းကင်ဘုံတက်ခြင်းဟု ခေါ်ဆိုရခြင်းပင်။

သေမျိုးတစ်ယောက်က ထိုသစ်သီးကို စားသောက်ခဲ့ပါက စွဲလန်းသွားနိုင်သည်။သို့သော် ကျင့်ကြံသူများအတွက်တော့ ထိုစွဲလန်းနိုင်မှုက အများကြီး သက်ရောက်မှု မရှိပေ။သို့ရာတွင် ကျင့်ကြံသူများက ထိုသစ်သီးကို စားသုံးနေစဉ်၌ ယစ်မူးသောခံစားချက်ကို ရရှိကာ ပျော်ရွှင်မှု ရနိုင်၏။

ဝမ်လင်းက လွင်ပြင်ကြီးသို့ ကြည့်နေ၏။သည်လွင်ပြင်က အနားသပ်မရှိသကဲ့သို့ ထင်ရကာ အာဏာတက်ခြင်းသစ်သီးများနှင့်လည်း ပြည့်နှက်လို့နေ၏။

ဝမ်လင်းက ထိုသစ်သီးများကို စိတ်ဝင်စွားခြင်း မရှိပေ။သည်အခိုက်၌ ချပ်ဝတ်အရိုးလက်မောင်းက အတားအဆီးများကို ဖြတ်ကျော်ပြီး သည်နေရာသို့ ရောက်ရှိလို့လာ၏။ထိုချပ်ဝတ်အရိုးလက်မောင်းထံမှ ထူထဲသောနတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်နေပြီး ပတ်ဝန်းကျင်ဧရိယာကို လွှမ်းခြုံထား၏။

ဝမ်လင်းက ထိုလက်မောင်းကို ကြည့်နေရင်း သူ့မျက်လုံးများက အေးစက်လာ၏။သည့်နောက် သူ့ညာလက်ဖြင့် သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ကောင်းကင်ဘုံဓား ပေါ်ထွက်လာ၏။

ရှုလီကောက ဟိန်းသံတစ်ချက် ပေးလိုက်၏။သူက ဝမ်းလင်းအား ပုန်ကန်မှု ကျရှုံးသွားကတည်းက အမြဲတမ်း သတိထားနေခဲ့လေ၏။ဝမ်လင်းက ကောင်းကင်ဘုံဓားကို ထုတ်ယူလိုက်သည်နှင့် သူက ယနေ့တွင် အောင်မြင်မှုတစ်ခုခု ရယူပေးရန် ဆုံးဖြတ်ချက် ချထားပြီး ဖြစ်နေသည်။

သူက ဝမ်လင်းနောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါခဲ့သူ ဖြစ်၍ ဝမ်လင်း၏ စိတ်ဓာတ်ကို ရင်းနှီးနေခဲ့လေပြီ။သူက သူ့ဟာသူ တွေးလိုက်၏။ ‘ငါက အကျိုးဆောင်မှုအချို့ ရှိတာနဲ့ ဒီမိစ္ဆာကောင်က အတိတ်တုန်းက ဖြစ်ခဲ့တဲ့ဟာကို ပြန်တွေးတော့မှာ မဟုတ်ဘူး…”

ကောင်းကင်ဘုံဓားထံမှ ဓားတေးသံများ ထွက်ပေါ်လာ၏။ဓားဟူသည့်လက်နက်က အခြားလက်နက်များကြား၌ မောကြွားသည့်လက်နက်တစ်မျိုးသာ။

အနက်ရောင်အရိုးလက်က ပေါ်လာပြီးသည်နှင့် ဝမ်လင်းထံသို့ လှမ်းဝှေ့ယမ်းလာ၏။ထိုအခါ ကောင်းကင်ဘုံနတ်ဆိုးလေက ဝမ်လင်းထံသို့ ညင်သာစွာ ရိုက်ခတ်လာတော့သည်။

ဝမ်လင်းက အသင့်ပြင်ဆင်ထားခဲ့ပြီး ဖြစ်ကာ သူ့နှလုံးသားထဲမှ သတ်ဖြတ်သူနှလုံးသား ပေါ်ထွက်လာတော့၏။သူက ကောင်းကင်ဘုံဓားကို ဝှေ့ယမ်းပြီး ဓားစွမ်းအင်တစ်ခုကို ထုတ်လွှတ်စေသည်။ဓားစွမ်းအင်က နဂါးဓားအသွင် ဖြစ်တည်၏။

ရှုလီကော၏ ထိန်းချုပ်မှုအောက်၌ ကောင်းကင်ဘုံဓားက အရိုးစုလက်မောင်းထံသို့ သိမ်းခုတ်ချလာသည်။

အရိုးစုလက်မောင်းက ကောင်းကင်ဘုံဓားကို အရေးမထားဟု ထင်ရကာ ထိုဓားအား လှမ်းဖမ်းဆွဲယူလိုက်၏။သို့ရာ၌ လက်မောင်းက ဓားနှင့် ထိဆုံသွားသည့်အခါ တစီစီအသံများ ထွက်ပေါ်လို့သွားသည်။

ရှုလီကောက ကျယ်လောင်စွာ စတင်ရယ်မောလေ၏။သူက အရိုးစုလက်မောင်းထံသို့ နောက်တစ်ကြိမ် ပိုင်းဖြတ်ရန် ဟန်ပြင်လိုက်၏။သို့ရာ၌ အရိုးစုလက်၏ လက်ကောက်ဝတ်ထံမှ ထူထဲသော နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် ထွက်ပေါ်လာကာ ကောင်းကင်ဘုံဓားထဲသို့ တိုးဝင်သွားလေသည်။

ရှုလီကောက မှင်သက်သွား၏။သူက ဓားအား လွတ်မြောက်ရန် ကြိုးစားလိုက်သော်လည်း ထိုအရိုးစုလက်က ဓားပေါ်၌ တင်းကျပ်စွာ စုပ်ကိုင်ထားပြီး ဖြစ်သွားသည်။

ဝမ်လင်းက သူ့ရှေ့ရှိ ဖြစ်ပျက်နေသည့်အရာအားလုံးကို အေးတိအေးစက် ကြည့်နေသည်။ထူထဲသောနတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်ထွက်ပေါ်လာသည့် အခါတွင် ဝမ်လင်းက သူ့ညာလက်ညှိုးကို မြှောက်၍ တိုးညှင်းစွာ ဆိုလိုက်၏။ “နတ်ဆိုးလက်ချောင်း…”

သည်တစ်ကြိမ်က သူ့ကိုယ်ပိုင် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ မဟုတ်ပေ။ သို့သော် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များ ဖြစ်၏။အာဏာတက်ခြင်းအဆင့်ကျင့်ကြံမှုကို အသုံးပြု၍ သူက ကောင်းကင်နှင့်မြေကြီးမှ အားများကို အသွင်ပြောင်းလာနိုင်ပေသည်။ထို့ကြောင့် အခုစွမ်းအင်သည် မရဏလက်ချောင်းမှ ထွက်ပေါ်လာသော အော်ရာနှင့် မတူကွဲပြား၏။

သည်အခိုက်အတန့်၌ ဝမ်လင်း၏ ညာလက်ညှိုးက ကြီးမားသည့်ဝဲကတော့ တစ်ခုနှင့် တင်စားနိုင်ကာ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက သူ့လက်ညှိုးထံသို့ တရောဟော တိုးဝင်လာတော့၏။သိပ်မကြာခင်တွင် အနက်ရောင်အလင်းတန်းတစ်ခုက ဝမ်လင်းလက်ချောင်းထိပ်၌ ပေါ်ထွက်လာ၏။

သည်အနက်ရောင်အလင်းက အလင်းများကို ဝါးမြိုနိုင်စွမ်းရှိသည်ဟု ထင်ရကာ ၎င်းပေါ်လာသည်နှင့် ၎င်းပတ်လည်တွင် ထူထဲသောနတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များ လွှမ်းခြုံထားပြီး ဖြစ်နေတော့သည်။ဆက်ခနဲ လက်ညှိုးတောက်ချက်နှင့်အတူ အနက်ရောင်အလင်းက အရိုးစုလက်ထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွား၏။

ချက်ခြင်းပင် ယင်းအနက်ရောင်အလင်းက အရိုးစုလက်ပေါ်သို့ ကျ‌ရောက်လို့သွားသည်။အက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီးသည့်နောက် အရိုးစိုလက်က ကွဲကြေလာကာ ရှုလီကောက ကောင်းကင်ဘုံဓားအား အဝေးသို့ အလျင်အမြန် လွတ်မြောက်စေလိုက်သည်။

အရိုးစုလက် ကွဲကြေသွားသည့်အခိုက်မှာပင် ၎င်းလက်ကောက်ဝတ်ပေါ်၌ သင်္ကေတတစ်ခု ဖျပ်ခနဲလင်းလက်သွား၏။သည့်နောက် ကွဲကြေနေသော အနက်ရောင်အရိုးက လျင်မြန်စွာ ပျံ့နှံသွားပြီး ပေတစ်သောင်းခန့်ကျယ်ပြောသည့် အနက်ရောင်စက်ဝန်းတစ်ခုကို ဖြစ်ပေါ်စေသည်။

ထိုပေတစ်သောင်းဧရိယာအတွင်း နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်တို့ ပြည့်နှက်ကာ အကျဉ်းထောင်တစ်ခုကို ဖန်တီး၏။

သည့်နောက် ပိုများပြားသောသင်္ကေတများက လက်ကောက်ဝတ်ပေါ်၌ ပေါ်လာကာ ခေါင်းလောင်းမြည်သံတစ်ခုကို စတင်ထုတ်လွှတ်လာချေသည်။သည်အသံက လက်ကောက်ဝတ်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်၏။သို့သော် ၎င်းက ကောင်းကင်ဘုံမှ ထွက်ပေါ်လာသလားဟု ထင်ရကာ ပေတစ်သောင်းဧရိယာအတွင်း ပဲ့တင့်ထပ်နေလေ၏။

သည်အရာများအားလုံးက ချက်ခြင်းလိုလို ဖြစ်ပွားသွားခြင်းပင်။သည်အသံက ကောင်းကင်ဘုံနတ်ဆိုးလေထက် အဆတစ်ရာခန့် ပိုအားကောင်းလေသည်။ထို့ကြောင့် ဝမ်လင်း ထိန်းသိမ်းထားသည့် သတ်ဖြတ်သူနှလုံးသားက ချက်ခြင်းပင် အားနည်းလာသည့် အရိပ်အယောင်များကို ပြသလာတော့သည်။

ဝမ်လင်းအသွင်က သုန်မှုန်သွား၏။ခြေတစ်လှမ်းဖြင့်ပင် သူက လေထဲသို့ တက်လှမ်းသွာ၏။သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ လက်ဝါးအသွင်သို့ ပြောင်း၍ လက်ကောက်ဝတ်ပေါ်သို့ ရိုက်ချလိုက်သည်။

ဝမ်လင်းလက်ဝါးက အရိုးစုလက်ကောက်ဝတ်နှင့် ထိသွားသည့်အခါ မွန်းစတားဆန်သော နတ်ဆိုးမီးတောက်တစ်ခုက လက်ကောက်ဝတ်ထံမှ ထိုးထွက်လာသည်။သည်နတ်ဆိုးမီးတောက်က လက်သီးစုပ်အရွယ်အရိပ်တစ်ခုကို ဖြစ်တည်၏။ထိုအရိပ်က ဦးချိုတစ်ချောင်းရှိကာ လုံးလုံးလျာလျာ နက်မှောင်နေ၏။၎င်းအရိပ်က ပေါ်ထွက်လာပြီးသည်နှင့် အထင်သေးသည့်အပြုံးကို ထုတ်ဖော်လာသည်။သည့်နောက် ထိုအရိပ်က ရုတ်တရက် ပါးစပ်ဟကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ဝမ်လင်း၏ မူလစိတ်ဝိညာဉ်က တုန်ခါလာသည်။သို့သော် သူ့မျက်လုံးက ပိုအေးစက်လာသည်။သူ့ညာလက်က ရပ်တန့်သွားခြင်းမရှိသည့်အပြင် လက်ကောက်ဝတ်ပေါ်သို့ ဖိနှိပ်ချလိုက်သည်။

ထိုအခိုက်၌ လက်ကောက်ဝတ်ထံမှ အနက်ရောင်အရိပ်သည် ရူးသွပ်ဖွယ် ရယ်မောလာသည်။သည်တစ်ကြိမ်ရယ်သံက အရင်ထက် အဆများစွာ ပိုသိပ်သည်းနေ၏။

သည်သိပ်သည်းသောအသံလှိုင်းက လေထုအသံပေါက်ကွဲမှုများပင် ဖြစ်စေကာ ဝမ်လင်းနှင့် လက်ကောက်ဝတ်တို့ကြား၌ ပဲ့တင်ထပ်သွားစေသည်။

အသံပေါက်ကွဲမှုများက ပဓာန မဟုတ်သေးချေ။အစစ်အမှန်တိုက်ခိုက်မှုက ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ထံသို့ ဦးတည်ထားခြင်းသာ။ နတ်ဆိုးဆန်သော ရယ်သံကြောင့် ဝမ်လင်းမူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲကနေ စတင်လွတ်ထွက်လာသည်။

သူ့သတ်ဖြတ်သူနှလုံးသားပင် ပြိုကျမတက် ဖြစ်သွားရ၏။

လက်ကောက်ဝတ်ပေါ်ရှိ အရိပ်က နက်မှောင်စွာ ညစ်ပြုံးပြုံးကာ နောက်တစ်ကြိမ် ရူးသွပ်သည့်အလား ရယ်မောပြန်သည်။

ဝမ်လင်းက သူ့လျှာထိပ်ကို အနည်းငယ် ကိုက်လိုက်၏။နောက်သို့ ဆုတ်ရမည့်အစား သူက ရှေ့သို့ တဟုန်ထိုးတိုးကာ ထိုလက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သည်။သည့်နောက် သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက လက်ကောက်ဝတ်ထံသို့ အရူးအမူး တိုးဝင်သွားသည်။

ဝမ်လင်း၏ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် လက်ကောက်ဝတ်ထဲသို့ ဝင်သွားသည့်အခိုက်တွင် နတ်ဆိုးရယ်သံသည် ပျောက်ကွယ်သွားသည်။သို့ရာ၌ အနက်ရောင်အရိပ်လည်း ပျောက်ကွယ်သွားကာ ဝမ်လင်းညာလက်ကို ဖြတ်၍ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လို့သွားပေသည်။၎င်းအရိပ်က နတ်ဆိုးစိတ်ဝိညာဉ်လှိုင်းများအဖြစ် ပြောင်းလဲကာ ဝမ်လင်းမူလစိတ်ဝိညာဉ်ထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားချေသည်။

ဝမ်လင်းက ညာလက်ဖြင့် လက်ကောက်ဝတ်ကို ဖမ်းကိုင်ရင်း ကောင်းကင်ထက်မှ မြန်ဆန်စွာ ကျဆင်းလာသည်။သည့်နောက် သူက မြေပြင်ပေါ်၌ ကြာပွင့်သဏ္ဌာန် ထိုင်ချလိုက်၏။နတ်ဆိုးစွမ်းအင်များက သူ့သွေးကြောများထဲသို့ ရွှေ့လျားသွားကာ ပုံရိပ်ယောင်ပေါက်ကွဲမှုများကို ဖန်တီးပြီး သူ့မူလစိတ်ဝိညာဉ်အား တိုက်ရိုက် တုန်ခါစေသည်။

ဝမ်လင်းမျက်လုံးထဲကနေ တစ္ဆေဆန်သောအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူ့ပတ်လည်ရှိ ကောင်းကင်ဘုံတက်ခြင်းသစ်သီးများကို ကြည့်လိုက်သည်။တုံ့ဆိုင်းခြင်းမရှိ သူက လက်ဝှေ့ယမ်းလိုက်ရာ ပေတစ်သောင်းအတွင်းရှိ ကောင်းကင်ဘုံတက်ခြင်းသစ်သီးများအားလုံးသည် အကိုင်းများမှ ကျွတ်၍ ကောင်းကင်ထက်သို့ ဝဲပျံသွားလေသည်။

သည်သစ်သီးအရေအတွက်က တစ်သောင်းထက် နည်းလိမ့်မည် မဟုတ်ပေ။ကောင်းကင်၏ အစိတ်အပိုင်းငယ်တစ်ခုက ထိုခရမ်းရောင်သစ်သီးများနှင့် ဖုံးလွှမ်းသွားချေသည်။

ထိုအခိုက်အတန့်၌ သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက သူ့မလစိတ်ဝိညာဉ်ကို ခန္ဓာကိုယ်မှ ပျံထွက်ရန် ဆွဲညှို့နေချေသည်။

ဝမ်လင်းက လက်သီးစုပ်လိုက်ရင်း သူ့မျက်နှာက လွန်စွာ သုန်မှုန်နေ၏။ရုတ်တရပ် ကောင်းကင်ထက်ရှိ သစ်သီးများအားလုံးသည် အရည်ညှစ်ထုတ်ခံလိုက်ရ၏။သည့်နောက် သည်သစ်သီးအရည်များက အတူစုစည်းကာ ထပ်ခါတစ်လဲလဲ သိပ်သည်းသထက် သိပ်သည်းလာလေသည်။

မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ဘုံတက်ခြင်း သစ်သီးပေါင်း တစ်သောာင်းကျော်၏ သစ်သီးအရည်က အစက်တစ်စက်တည်းအဖြစ်သို့ သိပ်သည်းသွားခဲ့၏။

သွေးနီရောင် အစက်တစ်စက်၊

သည်သွေးနီရောင်အစက်ကို ဝမ်လင်းက တုံ့ဆိုင်းခြင်းမရှိ ချက်ခြင်း ဖမ်းဆုပ်လိုက်၏။သည့်နောက် သူ့ပါးစပ်ထဲသို့ ပစ်သွင်းလိုက်သည်။

ထိုအရည်စက် သူ့ပါးစပ်ထဲသို့ ဝင်သွားသည့်အခါ၌ ဝမ်လင်းတစ်ကိုယ်လုံးက တုန်ခါသွား၏။ကောင်းကင်ဘုံတက်ခြင်းသစ်သီး၏ ထူးဆန်းသောခံစားချက်က သူ့စိတ်ထဲ၌ မရေမတွက်နိုင်လောက်အောင် မြင့်မား ထိုးတက်လာသည်။

သည်အားကောင်းသော စိတ်ဆန္ဒလှုံ့ဆော်မှုအောက်၌ ဝမ်လင်းစိတ်က စိတ်လှုပ်ရှားမှု အထွတ်အထိပ်သို့ ရောက်ရှိသွား၏။သူက သူ့စိတ်လှုပ်ရှားမှုကို ဖိနှပ်ကာ ၎င်းစွမ်းအားကို သူ့ခန္ဓာကိုယ်အတွက် အသုံးပြုလိုက်သည်။ထိုအခါ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်၏ ဆွဲငင်မှုကြောင့် လွတ်ထွက်တော့မည် သူ့မူလစိတ်ဝိညာဉ်သည် ရုတ်တရက် ရပ်တန့်သွား၏။

ဝမ်လင်းမျက်လုံးများက ရဲရဲနီနေကာ နှဖူးပေါ်ရှိ သွေးကြေများပင် အလွန်နာကျင်မှုကို ခံစားနေရသည့်အလား ဖောင်းကြွနေသည်။

“ထွက်သွားစမ်း…”

ဝမ်လင်းက မာန်သွင်း၏။သည်အသံက မိုးခြိမ်းသံအလား သည်ကုန်းမြေကို ဖြတ်ကာ ပဲ့တင်ထပ်သည်။သည့်နောက် သူ့ခန္ဓာကိုယ်ထဲရှိ အနက်ရောင်အရိပ်သည် ဝမ်လင်းညာလက်မှတစ်ဆင့် အတင်း စောင့်ထုတ်ခံလိုက်ရ၏။

သို့ရာ၌ သည်အနက်ရောင်အရိပ်က အဆုံးစွန် ခေါင်းမာပေ၏။၎င်းက တစ်ဝက်တိတိ အတင်း တွန်းထုတ်ခံရသည့် အခါတွင် ကျယ်လောင်စွာ စတင်ရယ်မောကာ ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်ရန် ရုန်းကန်တော့သည်။

ကောင်းကင်ဘုံတက်ခြင်းသစ်သီး၏ ထူးဆန်းသော ခံစားချက်က သူ့ခန္ဓာကိုယ်ထဲသို့ ပြည့်နှက်နေရင်း သူ့အသွင်ဟန်ပန်ကလည်း အလွန်ကြမ်းကြုတ်လာခဲ့သည်။ထိုခံစားချက် စွမ်းအားက သူ့ခန္ဓာကိုယ်အား အံ့မခန်းစွမ်းအားကို ပေးစွမ်းကာ သူက နာကျင်မှုကို တောင့်ခံရင်း ယင်းခံစားချက်က သူ့အား သိသည်းသောသာယာမှုကိုပါ ပေးစွမ်းနေပြန်သည်။

သာယာမှုနှင့်နာကျင်မှု ခံစားချက်နှစ်ခုလုံးကို ဝမ်လင်းက ဖိနှိပ်လိုက်၏။ ထိုအားကောင်းသော ခံစားချက်နှစ်ခုကို ဖိနှိပ်လိုက်ခြင်းက အံ့မခန်းပေါက်ကွဲမှုအားကို ဖန်တီးသွား၏။

“ထွက်သွားစမ်း…”

ဝမ်လင်းက ရုတ်တရက် ခေါင်းနှင့်လက်ကို ရုတ်တရက် ပင့်မြှောက်လိုက်၏။သည့်နောက် သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည့်အားကြောင့် အနက်ရောင်အရိပ်သည် သူ့ခန္ဓာကိုယ်ထဲကနေ လွင့်ထွက်သွားရသည်။

အနက်ရောင်အရိပ်က တွန်းထုတ်ခံလိုက်ရကာ လေထဲသို့ လွင့်ဝဲသွားချိန်၌ ဝမ်လင်းသည် သွေးဆာနေသည့်မျက်လုံးဖြင့် ယင်းအရိပ်ထံသို့ တဟုန်ထိုး တိုးဝင်သွားသည်။သူက အနက်ရောင်အရိပ်ကို ဖမ်းဆုပ်လိုက်၏။သည့်နောက် သူ့ခန္ဓာကိုယ်ထဲမှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ အရူးအမူး မြင့်တက်လာကာ ထိုအနက်ရောင်အရိပ်ထဲသို့ တိုးဝင်သွားချေသည်။

အနက်ရောင်အရိပ်က နာကျင်ထိတ်လန့်ဖွယ် ငြီးတွားလိုက်ရပြီး ပြိုကျပျက်စီးလာသည်။၎င်းက ဝမ်လင်းလက်ထဲကနေ ပါးလွှာသောပိုးသားမျှင်အဖြစ် ပြောင်းလဲ၍ လွတ်မြောက်သွားကာ ဝမ်လင်းနှင့် ပေတစ်ရာအကွာ၌ နဂိုအသွင် ပြန်ဖြစ်တည်သွား၏။သည့်နောက် ပြန်ဖြစ်တည်သွားသည့် အနက်ရောင်အရိပ်က ဝမ်လင်းအား ကြမ်းကြုတ်စွာ စူးစူးရဲရဲ ကြည့်နေလေသည်။

သို့သော် ဝမ်လင်းက ထိုအကြည့်ကို လုံးဝ လစ်လျူရှူထား၏။ထိုအခိုက်အတန့်၌ သစ်သီးများထံမှ ရရှိခဲ့သည် ခံစားချက်က ပေါက်ကွဲထွက်တော့မလို ဖြစ်လာ၏။သစ်သီး၏ လွှမ်းမိုးမှုအောက်တွင်ပင် ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့လက်ညှိုးကို အနက်ရောင်အရိပ်ထံသို့ ချက်ခြင်း ညွှန်လိုက်သည်။

“တစ္ဆေလောက လက်ချောင်း…”

သူက အာဏာတက်ခြင်းကျင့်ကြံမှုအဆင့်ကို အသုံးပြု၍ တစ္ဆေလောကလက်ချောင်းကို ထုတ်ဖော်လိုက်ခြင်းပင်။ ထိုတစ္ဆေလောကလက်ချောင်းက ဝမ်လင်းမူလစိတ်ဝိညာဉ်ထဲရှိ နယ်ပယ်ကို အသက်ဝင်စေသည်။သည်လက်ညှိုးတိုက်ချက်ထဲ၌ သူ့သေခြင်းရှင်ခြင်းနယ်ပယ် ပါဝင်ကာ ဝမ်လင်း၏ စိတ်ဆန္ဒအားလုံးကိုပါ ဆောင်ကြဉ်းနေ၏။

ကောင်းကင်ဘုံတက်ခြင်း သစ်သီး၏ အာနိသင် သက်ရောက်မှုအောက်၌ သည်လက်ချောင်းက ၎င်း၏ အထွတ်အထိပ်အနေထားသို့ ရောက်ရှိသွားချေတော့သည်။

သည်လက်ညှိုးတိုက်ချက်က ကမ္ဘာလောကအား အရောင်ပြောင်းသွားစေခဲ့သည်။

သည်တစ္ဆေလောက လက်ချောင်းက အဆင့်နိမ့်ကောင်းကင်ဘုံမန္တာန်နှင့် အလွန်စွာနီးကပ်သည့် အဆင့်အတန်းတွင် ရှိသော မန္တာန်တစ်ခု ဖြစ်၏။ထို့ကြောင့် ကောင်းကင်၏အစိတ်အပိုင်းပင် ပြိုကျကွဲကြေလာသလား ထင်မှတ်မှားရသည်။သည်လက်ညှိုးတစ်ချက်က သေခြင်းရှင်ခြင်း ဖြစ်၏။

ဦးချိုတစ်ချောင်းနှင့် အနက်ရောင်အရိပ်က မယုံကြည်နိုင်ဟန် အသွင်အပြင် ဖြစ်ပေါ်သွား၏။၎င်းက အော်သံပြုကာ အဝေးသို့ ထွက်ပြေးလိုသည်။သို့သော် လက်ညှိုးတိုက်ချက်က ရောက်ရှိလာခဲ့လေပြီ။

အနက်ရောင်အရိပ်၏ ခန္ဓာကိုယ်က တုန့်သွားကာ ချက်ခြင်း ပျက်စီးလာ၏။

သည်အဖြစ်အပျက်နှင့် တစ်ပြိုင်နက်တည်းမှာပင် ရှေးဟောင်းတိုက်ပွဲမြေရှိ အနက်ရောင်မျှော်စင်အပေါ်ဆုံးထပ်မှ ချပ်ဝတ်ထံကနေ ဒေါသတကြီးအော်သံ တစ်ခု ထွက်ပေါ်လာတော့သည်။သည့်နောက် ပြင်းထန်သော စိတ်ဆန္ဒတစ်ခုက ထိုးထွက်သွားပြီး လေဟာနယ်ထဲသို့ နစ်မြုပ်သွား၏။

သည်လက်ညှိုးတိုက်ချက်ကို ပြန်သိမ်းဆည်းလိုက်ပြီးနောက် ပေတစ်သောင်းအတွင်း နတ်ဆိုးစိတ်ဝိညာဉ်များနှင့် ဖန်တီးထားသည့် အတားအဆီးသည်လည်း ပျောက်ကွယ်သွားတော့သည်။

ဝမ်လင်းညာလက်ကတော့ ထိုအရိုးစုလက်ကောက်ဝတ်ကို ချုပ်ကိုင်ထားဆဲပင်။ထိုလက်ကောက်ဝတ်ထံမှ ရူးသွပ်ဖွယ် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်ပမာဏတစ်ခု ထွက်ပေါ်လာပြီး ဝမ်လင်းလက်မှ ရုန်းထွက်လာ၏။သို့သော် ဝမ်လင်းညာလက်က ပြုတ်တူအလား ခိုင်မြဲနေ၏။သူက ပါးစပ်အပြည့် မူလစွမ်းအင်ကို ထွေးထုတ်ကာ အရိုးစုလက်ကောက်ဝတ်ပေါ်သို့ ကျရောက်စေလိုက်၏။သည့်နောက် မူလစွမ်းအင်က ပင့်ကူအိမ်သဖွယ် ပြောင်းလဲ၍ လက်ကောက်ဝတ်အား ချိပ်ပိတ်ပစ်လေသည်။

ထို့နောက်မှာတော့ ဝမ်လင်းက ထိုအရိုးစုလက်ကောက်ဝတ်ကို သူ့သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။ဝမ်လင်းမျက်လုံးများက နီရဲနေဆဲ ဖြစ်ကာ ကောင်းကင်ဘုံတက်ခြင်းသစ်သီး၏ အာနိသင်သက်ရောက်မှုက ကုန်ဆုံးမသွားသေးပေ။ပြင်းထန်သော တိုက်ပွဲစိတ်ဆန္ဒက ဝမ်လင်းခန္ဓာကိုယ်ကနေ မွေးဖွားလာ၏။

သည်တိုက်ပွဲဆန္ဒက အလွန်အမင်း ပြင်းထန်ရကာ ဖော်ပြ၍ပင် မစွမ်းသာချေ။ဝမ်လင်းက သူ့ညာလက်ကို ဝှေ့ယ်းလိုက်ရာ ကောင်းကင်ဘုံဓားက ပျံဝဲလာပြီး သူ့လက်ထဲသို့ ရောက်ရှိလာ၏။ထိုအခိုက်အတန့်၌ ရှုလီကောက စကားပင် မဆိုဝံ့ချေ။ခုလက်ရှိ ဝမ်လင်းအသွင်က သူ့နှလုံးသားအား တုန်ယင်အောင် ပြုလုပ်နေသည် မဟုတ်လား။

***

All Chapters